Chapter 67

2.2K 252 0
                                    

အပိုင်း - ၆၇

ညစာစားပြီးတာနဲ့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ အပေါ်ထပ်သို့တန်းတက်လာခဲ့ကြတော့သည်။

ယွမ်ချူးရွယ်က ယွမ်ရိတို့အခန်းထဲထိအောင် လိုက်လာခဲ့ပြီးနောက် အခန်းတံခါးကိုပိတ်လိုက်၏။

ပြီးတာနဲ့ ယွမ်ရိအနားကို တိုးကပ်သွားပြီး
"အမ မနေ့တုန်းက ပြဇာတ်သွားကြည့်တော့ ပြဇာတ်ရုံမှာ ရဲ့ချူးဝမ်ကိုတွေ့ခဲ့တာလား။ သူမနဲ့အတူတူပါလာတာကရော မိန်းကလေးသူငယ်ချင်းမဟုတ်ဘူးမလား။ အိမ်ပြန်နောက်ကျရတာကလည်း အဖွားတစ်ယောက်ကို ကူညီပေးနေလို့မဟုတ်ဘဲ တခြားအကြောင်းပြချက်ကြောင့်မလား။ ဒါတွေအကုန်လုံးကို အမတို့အမှန်အတိုင်းသိကြတယ်မလား"
ဟု မေးခွန်းတွေ တသီကြီးအား တရစပ်မေးမြန်းလိုက်တော့သည်။

"အဲ့တာတော့ ငါလည်း မသိဘူးလေ"
ယွမ်ရိက ခပ်ပြုံးပြုံးလေးဖြင့် ယွမ်ချူးရွယ်၏မေးခွန်းများကို ပိတ်ချပစ်လိုက်‌၏။

ယွမ်ချူးရွယ်လည်း ယွမ်ရိ၏လက်မောင်းအား ကလေးတစ်ယောက်ကဲ့သို့ လှုပ်ခါလျက်
"အမရယ်။ ညီအအချင်းချင်းကြားမှာ လျှို့ဝှက်ချက်တွေ ထားစရာလိုလို့လား။ တကယ်‌လို့ ရှိလာခဲ့လို့ရှိရင်လည်း ညီမမေးထားတာလေးတွေကိုတော့ ဖြေပေးနော်"
ဟု ကပ်ချွဲရင်းတောင်းဆိုလိုက်သည်။

နောက်ဆုံးမှာတော့ ယွမ်ရိလည်း ယွမ်ချူးရွယ်အား ပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဒါပေမယ့် သူမက ဘာမှမပြောခင် ယွမ်ချူးရွယ်၏မျက်ဝန်းထဲကိုစိုက်ကြည့်ကာ
"ချူးရွယ်၊ အမပြောမယ်စကားတွေကို နောက်ထပ်ဘယ်သူ့ကိုမှ လျှောက်မပြောရဘူးနော်။ ဘာလို့လည်းဆိုတော့ အမတို့မှာ တိကျခိုင်မာတဲ့အထောက်အထားရှိမနေလို့ဘဲ"
ဟု အရင်ဆုံးသတိပေးလိုက်သည်။

ယွမ်ချူးရွယ်ကလည်း ခါးဆန့်လျက် သူ့၏ရင်ဘတ်ကိုပုတ်ကာ
"အမရယ်။ ညီမအကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့။ ညီမက ဘယ်တုန်းကများ ခိုင်မာတိကျတဲ့သက်သေမရှိဘဲ ရဲ့ချူးဝမ်အကြောင်းဖော်ထုတ်ဖူးလို့လဲ။ သက်သေမရှိဘဲ သွားပြောရင်ရော အဖေနဲ့အမေတို့က ယုံမှာကျလို့"
ဟု ပြန်ပြောလိုက်သည်။

အဲ့တာကတော့ အမှန်ပင်။ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ဟာ ရဲ့ချူးဝမ်အပေါ်မှာ အလိုလိုက်ကြပေသည်။ယခင်တုန်းက လိမ်ထားသောအကြောင်းအရာများကို မိထားပေမယ့်လည်း ရဲ့ချူးဝမ်၏ထူးချွန်ထက်မြက်မှုတွေအောက်မှ အကုန်လုံးက မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဖြစ်သည်။

ယွမ်ရိလည်း ယွမ်ချူးရွယ်အား ပြဇာတ်ရုံအတွက်မှာ ရဲ့ချူးဝမ်ကို လုယွမ်ကျန်းနဲ့နှစ်ယောက်တည်းတွဲလျက် မြင်ခဲ့ရကြောင်းပြောပြလိုက်တော့သည်။ သူမက ဘာအပိုစာသားကိုမှ မထည့်ဘဲ အရှိကို အရှိအတိုင်းသူမတို့မြင်ခဲ့ရသလောက် ပြန်ပြောပြလိုက်၏။

ယွမ်ရိ၏စကားတွေကို ဆုံးအောင်နားထောင်ပြီးသွားတာနဲ့ ယွမ်ချူးရွယ်က အနီးမှ ရှိသည့် စားပွဲအား လက်ဖြင့်ပုတ်ကာ
"ညီမသိသားဘဲ။ ရဲ့ချူးဝမ်က တကယ်ကြီး လိမ်ပြောခဲ့တာဘဲ"
ဟု ပြောလိုက်သည်။

ထို့နောက် သူမက ယွမ်ရိကိုကြည့်ကာ
"အမ။ အဖေရော ဒါတွေသိသွားရင် ယုံကြည်မယ်ထင်လား"
ဟု မေးကြည့်လိုက်သည်။

"ဘယ်သူသိမှာလဲ"
ယွမ်ရိက ပုခုံးတွန့်ရင်း ပြန်ဖြေလိုက်တော့သည်။

အောက်ထပ်ကအခန်းတစ်ခုအတွင်းမှာတော့ ဖန်းရှုံးယန်ဟာ ယွမ်ချန်းဖူအတွက် အဝတ်အစားတွေကို ထုပ်ပိုးပေးနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ချန်းဖူက တာဝန်ဖြင့် ညအိပ်ခရီးတစ်ခုထွက်ရတော့မှာဖြစ်၍ပင်။

ယွမ်ချန်းဖူက ကုတင်ပေါ်မှာလဲလျောင်းနေရင်းဖြင့် အဝတ်တွေထုပ်ပိုးနေသည့် သူ့မိန်းမကိုကြည့်ကာ
"ခုနကတုန်းက ချူးဝမ်ရဲ့အမူအရာတွေ တော်တော်ပျက်နေတယ်နော်။ မင်းသတိထားမိလား"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က
"အဲ့တော့ ဘာဖြစ်သလဲ"
ဟု ပြန်မေးလိုက်သည်။

"ဪ၊ မင်းကလည်းကွာ။ ချူးဝမ်က ယွမ်ရိရဲ့စကားတွေနားထောင်ပြီးတဲ့နောက်မှ အမူအရာက တော်တော်လေးပျက်သွားတယ်လေ။ ဒါ့ကြောင့် သူမနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီလို့ ငါတွေးနေတာ"
ဟု ယွမ်ချန်းဖူက သူ့စိတ်ထဲက သံသယကို သူ့မိန်းမသိအောင် ပြောပြလိုက်တော့သည်။

ဖန်းရှုံးယန်က အဝတ်တွေကို ခေါက်ထည့်နေရင်းဖြင့်
"ရှင်အတွေးလွန်နေတာနေမှာပေါ့"
ဟု ပေါ့ပေါ့လေးပြောလိုက်၏။

ဒါ့ကြောင့် ယွမ်ချန်းဖူက
"အေး။ ငါ့ဘက်ကအတွေးတွေလွန်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့်လည်း ရဲ့ချူးဝမ်ကိုလွှတ်ထားလို့မဖြစ်ဘဲ သေချာစောင့်ကြည့်ရတော့မယ်။ မနှစ်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို မင်းမသိတာလည်း မဟုတ်ဘဲနဲ့"

"ရှင်ကလည်း ဘာလို့မနှစ်က အဖြစ်အပျက်တွေကို ပြန်ပြောနေရတာတုန်း။ ချူးဝမ်က မိန်းကလေးလေ။ ဒီတော့ သူမအနေနဲ့ ကိုယ်ပိုင်အခန်းနဲ့ကိုယ်ပိုင်မိတ်ကပ်ဗူးကို ရချင်ခဲ့တာက ပုံမှန်ဘဲမဟုတ်ဘူးလား။ ဒီအချက်တွေကို လိမ်ထားတာက သေးသေးမွှားမွှားလေးဘဲရှိတာပါ။ သူမက ငယ်စဉ်ကတည်းက အခြားသူတွေထက်၊ ထက်ထက်မြက်မြက်ထူးထူးချွန်ချွန်ဖြစ်နေတဲ့ဟာကို တစ်ကြိမ်နှစ်ကြိမ်လောက် လိမ်ရုံလေးနဲ့ သူမအပေါ် သံသယလွန်ကဲနေတာတော့ မဖြစ်သင့်ပါဘူးရှင်"
ဖန်းရှုံးယန်က ယွမ်ချန်းဖူက စကားများကို အလေးအနက်မထားဘဲ ဖြစ်သလိုသာ တုံ့ပြန်လိုက်၏။

ဒါ့ကြောင့် ယွမ်ချန်းဖူလည်း သက်ပြင်းမောကြီးတစ်ခုကိုသာ လေးလံစွာချလိုက်မိတော့သည်။

ထို့နောက် သူက ဖန်းရှုံးယန်ကို တည်တည်ငြိမ်ငြိမ်စိုက်ကြည့်ကာ
"ဘာပဲဖြစ်ဖြစ်ပါ။ ငါ့စကားကိုလည်း အလေးအနက်ထားဦး။ မနေတုန်းက ချူးဝမ်က သူမရဲ့သူငယ်ချင်းနဲ့အပြင်ကိုသွားလည်ခဲ့ပြီး အဖွားတစ်ယောက်ကိုလည်း ကူညီခဲ့တယ်တဲ့။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးစုံစမ်းကြည့်ဦး"
ဟု ပြောလိုက်တော့သည်။

ဖန်းရှုံးယန်လည်း ခေါင်းညိတ်ပြလိုက်ပြီး
"အင်းပါ။ ကျွန်မသိပါပြီ"
ဟု ပြန်ပြောလိုက်တော့၏။

ယွမ်ချန်းဖူအတွက် အိမ်မှာနေပြီး ကလေးတွေကို ဂရု‌စိုက်ပေးဖို့ အချိန်သိပ်မရှိပေ။ ဒါ့ကြောင့် ဖန်းရှုးယန်အား သေချာမှာနေရခြင်းဖြစ်သည်။

အခုတစ်ခေါက်ထွက်ရမည့်ခရီးကလည်း အနည်းဆုံးသုံးလမှ အများဆုံး တစ်နှစ်ခွဲထိကြာနိုင်ပေသည်။

သူက ခရီးမထွက်ခင်မှာဘဲ သူ့ရဲ့သားသမီးတွေအားလုံးကို ခေါ်လိုက်ပြီး
"ငါ့သားငါ့သမီးတို့။ အဖေအခု ခရီးသွားစရာရှိလို့။ ခရီးက ခရီးဝေးဆိုတော့ တော်တော်ကြာမှာ အဖေမရှိတုန်း မင်းတို့အမေရဲ့စကားကိုသေချာနားထောင်ကြ ဟုတ်ပြီလား။ လိမ်လိမ်မာမာလေးနေကြ။အထူးသဖြင့် ဟိုကောင်၊ ယွမ်ဟောင်ဂျန်။ ငါပြန်လာတဲ့အခါ မင်းပြဿနာရှာထားတယ်ဆိုတဲ့ ဘာသတင်းကိုမှ ငါမကြားချင်ဘူးနော်။ ကျောင်းစည်းကမ်းတွေကိုလည်း မချိုးဖောက်ဘဲ သေချာလိုက်နာကြ။ဒါမှ လူတော်‌လူကောင်းတွေ ဖြစ်လာကြမှာကွ"
ဟု ဆိုဆုံးမလိုက်တော့သည်။

ဆုံးမစရာရှိတာတွေ ဆုံးမပြီးတာနဲ့ ခရီးဆောင်အိတ်ကိုမလျက် အိမ်အပြင်ကို ထွက်သွားတော့သည်။

ယွမ်ချန်းဖူထွက်သွားပြီးတာနဲ့ ယွမ်ဟောင်ဂျန်ဟာ သူ့ကျောင်းလွတ်အိတ်ကို လေပေါ်မြှောက်ကာ
"ရေးးး လွတ်လပ်ပြီကွ"
ဟု ကြွေးကြော်လိုက်တော့သည်။

ဘာလို့လည်းဆိုတော့ သူ့အဖေကလွဲပြီး အိမ်မှာ သူ့ကို ဆူမယ့်သူမရှိလို့ပင်။ ဒါ့ကြောင့် ပျော်ရွှင်စွာဖြင့်ဟစ်ကြွေးလိုက်ရခြင်းဖြစ်သည်။

ဖန်းရှုံးယန်ဟာ သူမသား၏ပုံစံကြောင့် စိတ်ပျက်သလိုမျိုး သက်ပြင်းတစ်ခုအသာချလိုက်၏။

ရဲ့ဖန်ကဝော့ ယွမ်ဟောင်ဂျန်အား ခြေထောက်ဖြင့် အသာကန်ကာ လွယ်အိတ်အား ပြန်ကောက်ခိုင်းလိုက်သည်။

ယွမ်ဟောင်ဂျန်လည်း သူ့လွယ်အိတ်သူပြန်ကောက်ကာ ပေကျံသွားသော ဖုန်မှုန့်များကို သုတ်စင်လိုက်ပြီး ယွမ်ရိတို့နဲ့အတူတူ စာသင်ကျောင်းသို့ထွက်ခွာလာခဲ့ကြတော့သည်။

ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့က သပ်သပ်ကျောင်းသွားကြပြီး ကျန်သောသူများကတစ်ဖွဲ့ ကျောင်းသွားကြသည်။ သို့‌ဖြစ်၍ ယွမ်ရိတို့ဟာ နှစ်ဖွဲ့ကွဲနေကြတော့သည်။


ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ရှိနေ၍ ယွမ်ချူးရွယ်က ရဲ့ချူးဝမ်တို့၏အကြောင်းများအား ဘာမျှမပြောခဲ့ပေ။

ညနေကျောင်းဆင်း၍ အိမ်ပြန်‌လာခဲ့ကြပြီး ညစာစားခဲ့ကြသည်။ ပြီးတာနဲ့ အပေါ်ထပ်သို့တန်းတက်လာခဲ့ကြတော့၏။

အပေါ်ထပ်၊ အခန်းအတွင်းရောက်တာနဲ့ ယွမ်ချူးရွယ်က
"အဖေကတော့ ခရီးထွက်သွားပြီ။ အိမ်မှာ ဘယ်လိုတွေ ဖြစ်ကုန်တော့မလဲဆိုတာက စိတ်ဝင်စားစရာဘဲ"
ဟု ရေရွတ်လိုက်သည်။

ယွမ်ရိက
"ဘာပဲဖြစ်ဖြစ် အဓိက,က ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ဖို့ဘဲအရေးကြီးတယ်"
ဟု ပြောလိုက်တော့သည်။

တစ်ဖက်မှာတော့ ဖန်းရှုံးယန်ဟာ ရဲ့ချူးဝမ်အား သူမအခန်းထဲသို့ အသာလက်တို့လျက် ခေါ်သွား၏။အခန်းထဲရောက်တာနဲ့ ဟိုစပ်စပ်ဒီစပ်စပ်၊ စပ်မိစပ်ရာများအား အရင်ပြောနေခဲ့သည်။

ပြီးမှ သူမက ရဲ့ချူးဝမ်အား
"သမီး၊ အမေတစ်ခုလောက်မေးချင်လို့။တကယ်တော့ နင့်အဖေက အမေ့ကိုသူ့ကိုယ်စားမေးခိုင်းလိုက်တာ။ မနေ့ကတုန်းကလေ သမီးရဲ့ပုံစံက မူမမှန်ဖြစ်ပြီး ရှက်ရွံ့တဲ့ပုံစံပေါ်နေလို့။ အဲ့တာ ဘာဖြစ်တာတုန်း"
ဟု မေးမြန်းလိုက်တော့သည်။

ရဲ့ချူးဝမ်လည်း ထိုမေးခွန်းအမေးခံလိုက်ရ၍ ရုတ်တရက် ကြောင်အသွားခဲ့ရသည်။ ဦးနှောက်ထဲမှာလည်း ဘယ်လိုပြန်ဖြေရမလဲဆိုသည်အား အလျင်အမြန်တွက်ချက်နေခဲ့၏။ တစ်ခဏကြာမှ
"အာ၊ တကယ်တော့ မနေညတုန်းက သမီးတကယ်ရှက်နေခဲ့တာ။ ဘာလို့လည်းဆိုတော့ အဖေက အသေးအမွှားကိစ္စလေးကို ပုံကြီးချဲ့ပြီး ချီးကျူးနေရကြောင့်သမီးစိတ်ထဲ ရှက်ရွံ့နေလို့ပါ"
ဟု လိမ်ဖြေလိုက်တော့သည်။

ဒီတော့မှ ဖန်းရှုံးယန်လည်း ပြုံးပျော်သွားပြီး
"သမီးရယ်။ လူတစ်ယောက်ကို ချီးကျူးတဲ့နေရာမှာ  သေးမွှားတဲ့ကိစ္စကြောင့်၊ ကြီးမားတဲ့ကိစ္စကြောင့် ရယ်လို့ မရှိပါဘူးကွယ်။ အဓိက,က ကောင်းတာလုပ်ထားဖို့ဘဲမဟုတ်ဘူးလား"
ဟု ပြန်ပြောလိုက်သည်။

ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ အမေ"
ဟု ပြန်ပြောလိုက်တော့သည်။

ဖန်းရှုံးယန်က
"ဒါနဲ့သမီးကို အမေနောက်တစ်ခုထပ်မေးဦးမယ်။သမီးနဲ့အပြင်ကိုလျှောက်လည်ကြတာက တကယ်ဘဲ မိန်းကလေးလား။ ပြီးတော့ အဖွားတစ်ဦးကို ကူညီခဲ့တယ်ဆိုတာကရော အမှန်ဘဲလား"
ဟု ထပ်မေးလိုက်၏။

ထိုမေးခွန်းကြောင့် ရဲ့ချူးဝမ်လည်း စိတ်မကောင်းဖြစ်သွားဟန်ဖြင့် မျက်မှောင်ကြုတ်ကာ
"အမေ၊ အမေက သမီးလိမ်ပြောတာလို့ ထင်နေတာလား။ မနှစ်တုန်းက သမီးလိမ်ပြောခဲ့တာတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း လိမ်မပြောဘဲနေ,နေတာပါ"
ဟု ပြန်ပြောလိုက်သည်။

ရဲ့ချူးဝမ်၏စိတ်မကောင်းဖြစ်သွားဟန်ကိုမြင်လိုက်ရ၍ ဖန်းရှုံးယန်က ပြာပြာလဲလဲဖြင့်
"သမီးရယ်။ စိတ်‌မကောင်းဖြစ်မသွားပါနဲ့ အမေက ဒီတိုင်းဘဲ သိချင်လို့ မေးကြည့်လိုက်တာပါကွယ်။
အမေက သမီးလိမ်မပြောဘူးဆိုတာကို သေချာပေါက်သိတာတာပေါ့"
ဟု ချော့ပြောလိုက်ရသည်။

ရဲ့ချူးဝမ်လည်း ခေါင်းငုံ့နေရာမှ သူမ၏အမေကိုကြည့်ကာ
"ဒါဆိုရင် အဖေကသမီးကိုလိမ်ပြောနေတယ်လို့ ထင်နေတာလား"
ဟု ကောက်မေးလိုက်တော့သည်။

ဖန်းရှုံးယန်လည်း ကိုးရိုးကားရားပြုံးလိုက်ပြီး
"မဟုတ်ပါဘူးကွယ်။ သမီးအဖေလည်း သမီးကို ယုံပါတယ်ကွယ်။ အမေကသာ စိုးရိမ်လို့မေးကြည့်တာပါ"

ရဲ့ချူးဝမ်က မျက်မှောင်ထပ်ကြုတ်လျက်
"သမီးလေ အမေတို့ကိုနောက်ဆုံးအကြိမ်လိမ်ပြီးကတည်းက ကိုယ့်ကိုယ်ကိုယ့်အပြစ်ရှိစိတ်ခံစားနေရတာပါ။ အမေတို့က အခုလိုကောက်မေးတာထောက်ရင် တစ်ယောက်ယောက်ကများ တစ်ခုခုပြောခဲ့လို့လား"
ဟု မေးလိုက်၏။

ဖန်းရှုံးယန်က ခေါင်းယမ်းလျက်
"ဘယ်သူမှ ဘာမှမပြောပါဘူးကွယ်။ အမေ၊ နေ့လယ်စာစားပြီးကတည်းက အခန်းထဲမှာ သမီးအဖေရဲ့အဝတ်အစားတွေကိုထုပ်ပိုးပေးနေတာကိုသမီးလည်း မြင်ရဲ့သားနဲ့"
ဟု ရှင်းပြလိုက်သည်။

ရဲ့ချူးဝမ်က သူမအမေ၏မျက်ဝန်းများကိုသေချာစိုက်ကြည့်ကာ
"အမေ၊ ရူကျောင်းဆိုတဲ့တစ်ယောက်ကို သိတယ်မလား သူကကျောင်းမှာ ဆေးလိပ်သောက်၊ ရန်ဖြစ်၊ ကျောင်းပြေးတာကလွဲရင် ဘာမှအဖြစ်မရှိဘူး။ယွမ်ရိနဲ့ယွမ်ကျဲက အဲ့ဒီရူကျောင်းဆိုတဲ့သူနဲ့ဘဲ အဖွဲ့ကျနေကျတယ်လေ။ သမီးစိုးရိမ်တာက ရှောင်ရိနဲ့ရှောင်ကျဲတို့ပါ ရူကျောင်းရဲ့အကျင့်တွေ ကူးသွားမှာကိုဘဲ"
ဟု ပြောလိုက်သည်။

ဖန်းရှုံးယန်လည်း ရဲ့ချူးဝမ်၏စကားများကြောင့် သက်ပြင်းမောကြီးတစ်ခုချလိုက်တော့သည်။

ရဲ့ချူးဝမ်က
"အမေက အခုနောက်ပိုင်း ယွမ်ရိနဲ့ယွမ်ကျဲကိုဂရုမစိုက်တာမဟုတ်ဘဲ၊ မနိုင်တော့လို့ လွှတ်ထားလိုက်တာမဟုတ်လား။ သမီးကိုတော့ အမေက ဂရုစိုက်လို့ အခုလိုမျိုး ခေါ်မေးတာပေါ့"
ဟု ထပ်ပြောလိုက်သည်။

ဖန်းရှုံးယန်လည်း ထိုအခါမှ ပျော်ရွှင်စွာဖြင့် ပြုံးကာ
"ချူးဝမ်။ သမီးအမေရဲ့စိတ်ကို သမီးတစ်ယောက်ဘဲ နားလည်အပေးနိုင်ဆုံးဘဲ"
ဟု ချီးမွမ်းလိုက်သည်။

သူမ၏သမီးလိုမျိုး ထက်မြက်ပြီးလိမ္မာသည့်ကလေးအား လိမ်ပြောသည်ဟု သံသယဝင်မိသည့်အတွက် သူမကိုယ်သူမပင် မယုံကြည်နိုင်တော့ချေ။

ဒီလိုနဲ့ဖန်းရှုံးယန်ဟာ ရဲ့ချူးဝမ်အား လိမ်ပြောသလား၊ မလိမ်ပြောဘူးလားဆိုတာကို ထပ်မမေးမြန်းတော့ဘဲ ပြီးဆုံးသွားတော့သည်။

အိမ်မှာယွမ်ချန်းဖူမရှိသည့်အတွက် အိမ်က ကလေးတွေအားလုံးကတော့ အခါတိုင်းထက်ပိုပြီး လွတ်လပ်နေကြတော့သည်။

ပုံမှန်အားဖြင့်လည်း ယွမ်ချန်းဖူက အိမ်မှာမရှိတတ်ဘူးဆိုပေမယ့် အချိန်မရွေးပြန်ရောက်လာနိုင်သေးပေသည်။ ဒါ့ကြောင့် အိမ်က ကလေးတွေဟာ ကိုယ့်ဘာသာကိုယ် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြသည်။

ဒါပေမယ့် အခုကတော့မတူပေ။ ယွမ်ချန်းဖူက ခရီးဝေးကိုအချိန်အကြာကြီးထွက်သွားတာဖြစ်သည်။ ဒါ့ကြောင့် အိမ်ကကလေးတွေအကုန်လုံး ဗရမ်းဗတာတွေ ဖြစ်ကုန်ကြတော့သည်။

ယွမ်ဟောင်ဂျန်ကထိုအထဲမှ အကဲဆုံး၊ အဆိုးဆုံးဖြစ်ပြီး ရဲ့ဖန်ကထိန်းပေးထားလို့သာ တော်ပေတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲကတော့ အခန်းအတွင်းအောင်းလျက် ကျောင်းစာကိုဘဲ မဲလုပ်ခဲ့ကြသည်။ သူမတို့က ကျန်သည့်အရာများအား သူမတို့ဖြင့်မသက်ဆိုင်သည့်အလား လေကဲ့သို့လျစ်လျူရှုထားခဲ့ကြသည်။

ရာသီဥတုကလည်း တဖြည်းဖြည်းပိုပြီးပူလာပြီဖြစ်သလို စာသင်နှစ်တစ်နှစ်ကလည်း ကုန်ဆုံးပေတော့မည်။

စာသင်နှစ်ကုန်ပြီဆိုတာနဲ့ စာမေးပွဲဆိုသည့်အရာကြီးကလည်း နီးကပ်လာပြီဖြစ်သည်။

ဒါပေမယ့် ဒီခေတ်ဒီကာလမှာ စာမေးပွဲရမှတ်တွေကအရေးမကြီး၍ ကျောင်းသားကျောင်းသူတွေဖြစ်စေ၊ ကျောင်းသားမိဘတွေဖြစ်စေ စာမေးပွဲအား အရေးတယူပြုကြတာမျိုးတော့‌မရှိချေ။

ကျောင်းသားတော်တော်များများကလည်း ကျောင်းစာအုပ်တွေအစုံမရှိကြတော့ချေ။

တချို့ကလည်း စုတ်ပြဲတာတွေ၊ ပျောက်တာတွေဖြစ်ကုန်ကြပြီဖြစ်ကာ တချို့ကတော့ ရောင်းစားလိုက်ကြပြီဖြစ်သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ကဲ့သို့ ကျောင်းစာကိုအမှန်တကယ်အလေးထားပြီးလုပ်သည့်သူတွေက ရှားပါးလှပေသည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ နွေရာသီကျောင်းပိတ်ရက်မရောက်ခင်အထိ ကျောင်းကို‌ရက်မပျက်စေဘဲ တက်ရောက်ခဲ့ကြတော့သည်။

နွေရာသီကျောင်းပိတ်ရက်ရောက်သွားသည့်အခါမှာဝောာ့ သူမတို့ဟာ အိမ်တွင်းအောင်းလေးများဖြစ်သွားကြတော့သည်။

ဒါပေမယ့် တစ်ခါတလေသူမတို့ဟာ အပြင်ကိုထွက်၍ အအေးဝယ်သောက်၊ မုန့်ဝယ်စားတာမျိုးတော့လုပ်လေ့ရှိကြသည်။

ထိုကဲ့သို့သောအချိန်မျိုးတွင် ရူကျောင်း၊ ချန်းဝေ့တုန်းတို့နဲ့လည်း တွေ့ဆုံကာ စကားခဏမျှပြောလေ့ရှိကြသည်။

ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့က ယွမ်ရိတို့အား သူတို့နဲ့အတူလျှောက်လည်ကြဖို့အဖော်စပ်‌ကြသေးသည်။ဒါပေမယ့်ယွမ်ရိကတော့ ငြင်းခဲ့သည်။ သူမက အချိန်ရှိသရွေ့ ကျောင်းစာကိုဘဲ အာရုံစိုက်လုပ်ကာ ဘဝကိုတိုးတက်အောင်လုပ်ဖို့ အစီအစဉ်များကိုဘဲ အမြဲတွေးနေလေ့ရှိသည်။ ဒါ့ကြောင့် သူမက အပြင်ထွက်ပြီး အချိန်မဖြုန်းချင်ခဲ့ပေ။

ယွမ်ကျဲသည်လည်း ယွမ်ရိထံမှ လွှမ်းမိုးမှုများကိုခံလိုက်ရပြီဖြစ်တာကြောင့် ကျောင်းစာထဲမှာဘဲ အာရုံဝင်နေကာ အပြင်ထွက်လည်ပြီး အချိန်ဖြုန်းခြင်းအား စိတ်ဝင်စားမှုသိပ်မရှိခဲ့ချေ။

တစ်ဖက်မှာတော့ ယွမ်ချူးရွယ်၏နွေရာသီကျောင်းပိတ်ရက်များဟာလည်း ပျင်းစရာမကောင်းခဲ့ပေ။ သူမက ယွမ်ဟောင်ဂျန်ကဲ့သို့ သူငယ်ချင်းတွေနဲ့အပြင်ထွက်လည်တာမျိုးမရှိပေမယ့် သူမက အိမ်ထဲမှာနေပြီး ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့အား စောင့်ကြည့်ရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။

နေ့ရက်တွေဟာလည်း ရပ်တန့်မနေဘဲ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွား၏။

တစ်နေ့မှာတော့ ယွမ်ချူးရွယ်ဟာ ယွမ်ရိအနားကိုကပ်လာပြီး
"အမ၊ ဒီရက်တွေထဲ ရဲ့ချူးဝမ်အပြင်ထွက်တာ စိပ်,စိပ်လာတယ်။ ပြီးတော့ အိမ်ပြန်လည်းနောက်ကျတယ်။ သူမက အပြင်သွားရင်လည်း ယွမ်ချူးယန်ကိုမခေါ်ဘဲ တစ်ယောက်တည်းဘဲ သွားတာကိုညီမ တွေ့,တွေ့နေရတယ်"

ယွမ်ရိက
"အွန်းပါ၊ အဖေလည်းအခုချိန် ဒီမှာမရှိတော့ ဘာပဲဖြစ်လာဖြစ်လာ အားလုံးက အမေ့ခေါင်းပေါ်ရောက်မှာဘဲ။ အဓိက,က အမေ့ခေါင်းပေါ်ရောက်မယ့်ပြဿနာက ငါတို့ကြောင့်မဖြစ်စေရဖို့ဘဲ"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ချူးရွယ်လည်း သင်ပြင်းအသာချလိုက်ပြီး
"အမေ့ကိုလေ ညီမတကယ်သနားတယ်သိလား။ သူ့အချစ်ဆုံးသမီးက သူ့ကိုလိမ်စဉ်တွေနဲ့လှည့်စားထားတာကိုတောင် လုံးဝသံသယမဝင်ဘဲ ယုံကြည်နေတာလေ။ တစ်နေ့ ရဲ့ချူးဝမ်ရဲ့လိမ်ထားသမျှကို အမေသိသွားရင် ဘယ်လိုဖြစ်သွားမလဲမသိဘူး"
ဟု ရေရွတ်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Tempat cerita menjadi hidup. Temukan sekarang