အပိုင်း - ၁၀၉.၁
ယွမ်ရိ ဖုန်းချလိုက်ပြီးသည်အထိ မလှုပ်နိုင်သေးပေ။ သူမခေါင်းထဲ စကားတစ်ခွန်းသာ ရေရွတ်နေမိတော့သည်။
မိုးပေါ်ကနေ ငွေထုပ်ပြုတ်ကျလာတယ်ဆိုတာ ဒါမျိူးဟ။
သူမတွေးနေတုန်းမှာပင် အပြင်ကနေ လင်းယောင်ပြန်ဝင်လာတာကို တွေ့လိုက်ရလေသည်။ လင်းယောင်က တံခါးမကြီးကနေတစ်ဆင့် ဝင်လာနေကာ သူမက တံခါးဘောင်ကိုမှီပြီး လင်းယောင်ကို စောင့်နေလိုက်လေသည်။ "တနင်္ဂနွေကျ နယ်ဘက်ကို အတူတူလိုက်ခဲ့ပေးပါလားဟင်။"
"အိုခေ။ ဒါနဲ့ အဲ့ဘက်မှာ လုပ်စရာရှိလို့လား?"
လင်းယောင်က ပြန်မေးလိုက်၏။
"ငွေထုပ်သွားသယ်ကြမလို့လေ..."
တနင်္ဂနွေမနက်ခင်း နှစ်ယောက်သားရေမိုးချိုး မနက်စာစားပြီးကြတာနှင့် ယွမ်ချန်းရှန်လည်း ရောက်လာလေသည်။ သူကတော့ အိမ်မှာကတည်းက မနက်စာစားခဲ့ပြီမလို့ နှစ်ယောက်အားမသွားခင် မေးလာလေသည်၊ "သွားကြတော့မလို့လား?"
"ဟုတ်၊ အခုပဲသွားတော့မလို့။"
ရွာဘက်မှာတော့ ဒီကိစ္စအတွက် စိတ်ကျဉ်းကျပ်နေကြမှာပင်။ သူကတော့ အဲ့လောက် ဂရုမစိုက်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်ပြင်ဆင်လေးအတွက် လုပ်ရိုးလုပ်နည်းတွေအကုန် ပြီးပြတ်အောင်တော့ သွားလုပ်ပေးရဦးမယ်လေ။
သူမမှာလည်း တခြားစိတ်ပူစရာလေးတွေ ရှိသေးတာမလို့ Sundayလို အားလုံးအားသည့်နေ့အထိစောင့်ကာ လင်းယောင်နဲ့ယွမ်ချန်းရှန်တို့ကိုပါ တစ်ပါတည်း ခေါ်လာလိုက်လေသည်။
သူတို့အိမ်တွေကို ရောင်းမယ့်သူတွေကတော့ ငွေ ၈၉၀၀ ယွမ်လောက် ရမှာမလို့ပျော်နေကြကာ အိမ်ကိုဝယ်ပေးလို့လည်း ကျေးဇူးလည်း တင်နေကြလေသည်။
သို့သော်လည်း ဒီနေ့လိုနေ့မျိုး ရောက်လာတော့ သူတို့ဘာတွေ ထပ်တွေးနေမလဲ သူမ မမှန်းတတ်ပေ။
"ဒါနဲ့ ဒီနေ့လက်မှတ်ရော ထိုးနိုင်ပါ့မလား သိပ်မသေချာဘူး"
ယွမ်ချန်းရှန် အနောက်ခုံကနေ လှမ်းပြောလာလေသည်၊ "ဒါဒီအတိုင်း လက်မှတ်ထိုးတာပဲကို တူမရယ် ဘာမှမဖြစ်ပါဘူး?"
"သမီးစိတ်ပူတာက တစ်ယောက်ယောက်က လက်မှတ်မထိုးခိုင်းဖို့ လုပ်ရင်ရော။"
ယွမ်ချန်းရှန်ကတော့ ပြန်လည်ပြင်ဆင်ခြင်း၏ အဓိပ္ပာယ်ကို သေချာမသိတာမလို့ အဲ့လောက်မတွေးမိပေ။ သူဆက်တော့ မမေးတော့ပေ။ ယွမ်ရိကသူ့ကိုပါ လိုက်ခိုင်းမှတော့ လိုက်လာရုံပင်။
လင်းယောင်က ရွာကော်မတီနားက ဂိတ်မှာပဲကားကိုရပ်ကာ ထားခဲ့လိုက်လေသည်။
ယွမ်ရိကားထဲက ထွက်ထွက်ချင်း ဘေးဘီကို ကြည့်နေလေသည်။ ဂိတ်နားမှာရော အပြင်မှာရော လူတွေမတွေ့ကာမှ စိတ်သက်သာရာရသွားတော့သည်။ ပြီးကာမှ အိတ်ကိုယူကာ ယွမ်ချန်းရှန်နဲ့ လင်းယောင်တို့ကိုခေါ်၍ ရွာကော်မတီထဲ ဝင်လာခဲ့လိုက်လေသည်။
ရွာ၏အတွင်းရေးမှူးလီနှင့် ဒါရိုက်တာလျို့တို့ကိုရှာရန် တံခါးကိုခေါက်လိုက်ကာ ယဉ်ကျေးစွာ ပြောလိုက်လေသည်၊ "အတွင်းရေးမှူးလီနှင့် ဒါရိုက်တာလျို့၊ အရင်နှစ်ရက်ကတည်းက လာရမှာ ကျွန်မမအားလို့ တောင်းပန်ပါတယ်ရှင်။ အခု ကျွန်မတို့တွေ လက်မှတ်ထိုးကျတာပေါ့။"
"အေး အေး လာလာသမီး မြန်မြန်ဝင်ခဲ့။"
"သမီးတို့လို မြို့ကိုကျတော့ ဦးတို့တွေအကြောင်းကြားဖို့ ခက်နေတာ။ တို့ရွာထဲက လူတွေတော့ ထိုးပြီးသွားကြပြီ။ သမီးတို့မပြီးသေးလို့ စောင့်နေကြတာ။"
"တကယ် တောင်းပန်ပါတယ် ဦးလေးရယ်။ ခုတလော နည်းနည်းအလုပ်လည်း ရှုပ်နေလို့ပါ။"
အတွင်းရေးမှူးလီက သဘောတူညီချက်စာချုပ်နှင့် တခြားဥပဒေပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေယူလာကာ ယွမ်ရိဆီယူလာပြီး ပြောလာလေသည်။
"ဒီဘက်မှာ မြေနေရာတွေ အများကြီးပိုင်တယ်ဆိုပေမဲ့ တစ်ခုဆီက မတူတဲ့ပြန်လည်ပြင်ဆင်ရေး တာဝန်ကျကုမ္ပဏီတွေနဲ့ သွားကျတော့ ကျွန်တော်တို့ပြန်လည်ပြင်ဆင်ရေးဥပဒေအရ အကုန်စုစုပေါင်းကျတဲ့ ငွေတွေတွက်ပေးထားပါတယ်။ တကယ်လို့ စာချုပ်မှာ ပြဿနာမရှိဘူးဆိုရင် တစ်ခါတည်းလက်မှတ်ထိုးသွားကြပြီး ကျွန်တော်တို့နောက်ထပ် လုပ်ထုံးလုပ်နည်းတွေ တစ်ခါတည်း လုပ်လိုက်ကြတာပေါ့။ နောက်ထပ် တစ်လကျော်လောက်ကြာရင် ပြန်လည်ပြင်ဆင်ရေးအတွက် လျှော်ကြေးငွေ ဘဏ်အကောင့်ထဲ ရောက်လာပါလိမ့်မယ်။"
ယွမ်ရိအရင်ဆုံး လျှော်ကြေးငွေနှင့်ဆိုင်သည့် ဥပဒေတွေကို ဖတ်လိုက်ကာ သဘောတူစာချုပ်ကို ဖတ်ကြည့်လိုက်လေသည်။
ယွမ်ချန်းရှန်နဲ့လင်းယောင်တို့လည်း အနောက်မှာအတူထိုင်နေကြတာမလို့ သူတို့ပါ သဘောတူစာချုပ်က ငွေကြေးပမာဏကိုကြည့်ပြီး ယွမ်ချန်းရှန်ဆို မျက်လုံးကြီးက ပြူးကျယ်နေတော့သည်။
သူမယုံနိုင်စွာ မျက်လုံးတွေကိုပါ ပွတ်ကြည့်လာလေသည်။
သူ့ကိုယ်သူပင် မထိန်းနိုင်တော့ပေ။ သဘောတူစာချုပ်ကို လက်ညှိုးထိုးကာ ယွမ်ရိကိုတိုးတိုးပြောလာလေသည်၊ "တကယ်....တကယ်ကြီးလား?"
ယွမ်ရိကတော့ ပြုံးကာတည်တည်ငြိမ်ငြိမ်ပြောလာလေသည်, "အစိုးရဘက်ကတော့ လိမ်ပါ့မလားဦးလေးရယ်။"
ယွမ်ချန်းရှန်ကတော့ ဘယ်လိုပြောပြော မယုံနိုင်သေးပေ။ မျက်လုံးတွေက ပြုတ်ထွက်မတတ် ပြူးနေကြတော့သည်။ နေပါဦး ဒါကြီးကမိုးပေါ်က ပိုက်ဆံထုပ်ပြုတ်ကျလာတယ် ဆိုတာမျိုးလား?
ငွေနည်းနည်းလေးတောင် မဟုတ်ပေ။ မထင်မှတ်ထားစွာ ငွေအများကြီးတဲ့။
သူထင်ထားတာက နဂိုရှိတဲ့ အိမ်တွေနေရာပြန်လျှော်ပေးတာလောက်ပင်။ ဘယ်သူကသိမှာတုန်း ဒီလောက်ထိပေးလာမယ်လို့။
ဘာလဲ? ညတွင်းချင်းကြီး ချမ်းသာလာတော့မှာလား?
ဘုရားရေ နှလုံးက ခုန်လွန်းလို့ ရင်ထဲကပါ ခုန်ထွက်လာတော့မယ်လို့။
ဒါဆိုဒီရွာထဲက လူတွေလည်း ပျော်နေကြမှာပဲ?
သူ့တစ်ဘဝလုံး အိပ်လိုက်စားလိုက် လုပ်နေရင်ကို အဆင်ပြေနေပြီပဲ။
သဘောတူညီချက်စာချုပ်ကို သူမဖတ်ပြီးတာနဲ့ လင်းယောင်ဆီပေးလိုက်ကာ၊ "ချစ်ကိုယ့်ဘာသာတော့ အမှားမတွေ့ပေမဲ့ သင်္ချာကသိပ်မကောင်းလို့ စစ်ကြည့်ပေးပါဦးနော်။"
လင်းယောင်လည်း ဒီလောက်ရှိတဲ့ ငွေပမာဏ မမြင်ဖူးတာမလို့ အံ့အားသင့်နေပေသည်။ သူ့ကို ယွမ်ရိက နယ်ဘက်သွားပြီး ငွေထုပ်သွားသယ်ရအောင် ပြောတုန်းက သူကဒါနောက်နေတာလို့သာ ထင်ခဲ့တာဖြစ်လေသည်။
သို့သော် သူ ယွမ်ချန်းရှန်လောက်တော့ မဆိုးသေးပေ။ ပုံမှန်မျက်နှာအနေအထားသာရှိသေးကာ ယွမ်ရိကမ်းလာပေးတဲ့ လျှော်ကြေးငွေစာချုပ်ကို သေချာဖတ်လိုက်ပြီး သူမကို ကူပေးလိုက်လေသည်။
"အင်း ပြဿနာမရှိပါဘူး။"
လင်းယောင်ကိုယ်တိုင်က ပြဿနာမရှိဘူး ပြောလာတာမလို့ ယွမ်ရိ လက်မှတ်ထိုးပေးဖို့ အိတ်ထဲကဘောပင်ကို ထုတ်လိုက်လေသည်။ သို့သော် ထိုအချိန်မှာ ယောက်ျားတစ်ယောက်က ယွမ်ရိလက်ထဲက ဘောပင်ကိုဆွဲယူကာ ဟောဟဲလိုက်ပြီး ပြောလာလေသည်၊ "ဒီစာချုပ်ကို လက်မှတ်မထိုးနဲ့။"
ယွမ်ရိ လှည့်ကြည့်လိုက်တော့ အနောက်မှာလူအုပ်ကြီးကို တွေ့လိုက်ရလေသည်။
ပြောစရာပင်မလိုချေ ထိုလူတွေက သူတို့အိမ်တွေရောင်းပြီး ပိုက်ဆံယူထားကြသူချည်းသာ။
ထိုလူတွေ မကောင်းမှန်းသိတာနှင့် လင်းယောင်နဲ့ယွမ်ချန်းရှန်တို့ ယွမ်ရိနားတိုးသွားလိုက်ကြလေသည်။
ယွမ်ချန်းရှန်က ဒေါသတကြီး လှမ်းမေးကာ၊ "ဘာလို့လက်မှတ်ထိုးလို့ မရတာလဲ?"
သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ပြောလာလေသည်၊ "ဒီအိမ်က ငါတို့ဘိုးဘွားပိုင်အိမ်လေ။ အဲ့ဒါကို သူက ဘာလို့ လက်မှတ်ထိုးမှာလဲ?"
ယွမ်ချန်းရှန်နဲ့ လင်းယောင်တို့ ကာပေးထားတာမလို့ ယွမ်ရိလည်း အတွင်းရေးမှူးလီစားပွဲပေါ်က ဘောပင်ပဲ လှမ်းယူလိုက်ကာ သဘောတူစာချုပ်ပေါ် လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပြီး တစ်ခါတည်းအတွင်းရေးမှူးလီဆီ ကမ်းပေးလိုက်ပြီး ကျန်သေးသည့် ကော်ပီပါ သူမအိတ်ထဲထည့်ကာ သိမ်းလိုက်လေသည်။
ယွမ်ရိလုပ်နေတာကြည့်ပြီး အနောက်ကလူအုပ်ကြီးကတော့ ရူးမတတ်ဖြစ်နေကြကာ လက်ထဲကစာချုပ်ကို လာလုချင်နေကြပုံ ပေါက်နေကြလေသည်။
ဒါရိုက်တာလျို့ပါ အတူထလာပြီး ထိုလူတွေကို ကာထားလိုက်ကာ၊ "ဘာတွေဖြစ်နေကြတာလဲ? ငါ ဒီအိမ်ရောင်းတုန်းက မင်းတို့ ဘာအသံထွက်ခဲ့လို့တုန်း? ဒီအိမ်ကရောင်းပြီးတာဖြင့် ကြာလှနေပြီလေ ဒါ သူတို့အပိုင်ပေါ့။"
မိန်းမတစ်ယောက်က အော်ပြောလာလေသည်။ "ငါတို့ မရောင်းဘူးလေ။"
အတွင်းရေးမှူးလီက စာချုပ်ကို အံဆွဲထဲထည့်ကာ သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လာပြီး၊ "ကျွန်တော့်ရောင်းတုန်းကတော့ ပျော်နေကြပြီး ဈေးပေါတယ် ဈေးကြီးတယ်လို့တောင် မမေးမိခဲ့ဘူး။ အခုကျ ပြန်လည်ပြင်ဆင်ရေး လျှော်ကြေးအစီအစဉ်လည်း ရှိလာရော မရောင်းတော့ဘူးဆိုတာတော့ မဟုတ်ဘူးလေ။"
"အတွင်းရေးမှူးလီ၊ ဒါရိုက်တာလျို့တို့က ဘာလို့ဒီလိုအပြင်လူတွေကို ကူညီပေးနေတာလဲ? ဒီအိမ်တွေက ကျွန်တော်တို့ဘိုးဘေးတွေ မျိုးဆက်ပေါင်းများစွာ နေလာခဲ့ကြတာလေ၊ အဲ့တော့ ဒါ ကျွန်တော်တို့အိမ်ပေါ့။"
အတွင်းရေးမှူးလီ : "ကျွန်တော် ဘယ်အပြင်လူကိုမှ မကူညီရပါဘူး။ ဒါ ဒီအတိုင်း ဒီအိမ်ပိုင်တဲ့လူကို ပြန် လျှော်ကြေးပေးရုံပါပဲ။ သူတို့ဒီအိမ်ကို ဝယ်ခဲ့တာ ၇ နှစ် ၈ နှစ် မကတော့ဘူးလေ။ အဲ့ဒါတောင် ဒီအိမ်ကို ခင်ဗျားတို့ပိုင်တယ်လို့ ဘယ်လိုများပြောရက်တာတုန်း?"
ယွမ်ရိ ထိုလူကို မှတ်မိသည်။ သူမထံ မိသားစုပါတစ်ပါတည်းမကာ အိမ်အရင်လာရောင်းသူပင်။ အခုတော့ လျှော်ကြေးသတင်းကြားပြီး နောင်တရနေကြပုံပင်။
ပိုက်ဆံအတွက် သူမစကားအများကြီး ပြောမနေချင်တော့ပေ။ ယွမ်ချန်းရှန်နဲ့ လင်းယောင်တို့ကိုလည်း ဒီလူတွေနှင့်ဖက်ပြီး ရန်ဖြစ်ခိုင်းမနေချင်ပေ။ ဒီလူတွေက ဒီအခြေအနေအတွက် အထောက်အပံ့တစ်ခုမျှသာ။
ယွမ်ရိ ဘာမှဆက်ပြောမနေတော့ပဲ အတွင်းရေးမှူးလီ စားပွဲပေါ်က ဖုန်းကိုယူကာ ရဲကိုသာခေါ်လိုက်လေသည်။
ယွမ်ရိ ရဲလှမ်းခေါ်တာမြင်တော့ လူအုပ်ကိုဦးဆောင်လာသည့်ဦးလေးကြီး မျက်လုံးတွေက နွားမျက်လုံးကြီးလို ပြူးလာကာ၊ "ငါတို့ဘာမှ မပြောရသေးဘူးလေ။ အဲ့ဒါကို ရဲတောင်ခေါ်လိုက်သေးတယ်လား? ဘယ်သူ့ကို ဖမ်းစေချင်နေတာလဲ နင်က?"
ပြောပြီးတာနဲ့ ယွမ်ရိနား ကပ်လာမယ်လုပ်တာကြောင့် ယွမ်ချန်းရှန်က ထိုလူကို ခေါင်းကနေကိုင်ကာ နောက်တွန်းလိုက်ပြီး ပါးချတော့မလို ဖြစ်နေတုန်း သူ့ကို အတွင်းရေးမှူးလီက လာတားလိုက်လေသည်။
နောက်ထပ် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ရုံးလေးက စစ်တလင်းအလားပင်။
အတွင်းရေးမှူးလီနဲ့ ဒါရိုက်တာလျို့တို့လည်း အဆင်ပြေမနေပေ။ အတွင်းရေးမှူးလီက ပြောလာလေသည်၊ "ခင်ဗျားတို့ အသက်မရှင်ချင်ကြတော့ဘူးလား ဟမ်? အခုလှုပ်ရဲတဲ့လူ လှုပ်ကြည့်။ ရဲလာတာနဲ့ ခင်ဗျားတို့အရင်ဆုံး ထိပ်တိုက်တွေ့ရမယ်။"
"ပြဿနာဖြစ်တော့ရော ဘာကောင်းလို့လဲဟမ်? မင်းတို့ ဘာရသွားလဲ?" ဒါရိုက်တာလျို့ကပါ ပြောလာလေသည်။
မီးစာငြိမ်းလိုက်သူက ဒါရိုက်တာလျို့နဲ့အတွင်းရေးမှူးလီတို့ဖြစ်ကာ သူတို့ဆိုလည်း အခုမျက်နှာတွေက အေးစက်ကာ နှစ်ဖက်လုံးအခြေအနေက တင်းမာနေကြလေသည်။ နောက်ထပ်နာရီဝက်ခန့်အကြာမှာတော့ ရဲတွေရောက်လာကြတော့သည်။
"ဘာတွေဖြစ်နေကြတာလဲ?"
"ရဲသားကြီး လာပါဗျ။ ဒီကိစ္စက ဒီဘက်ကမိသားစုတွေက ယွမ်ရိဆီကိုသူတို့ အိမ်တွေရောင်းပြီးတာ ၇ နှစ်ကျော် ၈ နှစ်လောက်ရှိပြီဟာကို ခုမှ ပြန်လည်ပြင်ဆင်တဲ့ လျှော်ကြေးငွေသတင်းလည်း ကြားရော အခုလို ရောက်လာကြပြီး ဒါသူတို့အပိုင်ပါ ငွေကိုယွမ်ရိယူလို့မရဘူးဆိုပြီး လုပ်ကြတော့တာပါပဲ။"
"ဘာဖြစ်ကြတာလဲ ခင်ဗျားတို့က? အစကတည်းက ရောင်းတုန်းကရော တစ်ယောက်ယောက်က ခင်ဗျားတို့ကို အတင်းရောင်းခိုင်းခဲ့လို့လား?"
တစ်ဖက်ကလူတစ်စုခမျာ မေးခွန်းကြောင့် ဘာမှကိုထွက်မလာတော့ပေ။
ယွမ်ရိ : "အဲ့တုန်းက ကျွန်မတို့ဘက်က ဘယ်သူမှတွန်းအားမပေးခဲ့သလို အိမ်ရောင်းထွက်လို့ သူတို့ဆိုပျော်တောင်ပျော်နေတာပါ။ ကျွန်မဒီအိမ်ကို ငွေသေချာချေပြီး ဝယ်ခဲ့တာပါ။ လုပ်ထုံးလုပ်နည်းအကုန်လည်း ပြီး,ပြီးသားပါရှင့်။ ဒါ ကျွန်မအပိုင်အိမ်ပါ ရဲသားကြီးတို့။"
"နင့်အပိုင်ပေါ့ ဟုတ်လား? နင့်အပိုင်? ဒါ ဒီအိမ်ကငါတို့အပိုင်လေ။"
ယွမ်ရိ သူ့ကို ဂရုကိုမစိုက်ပေ။ သူမအိတ်ထဲကနေ အိမ်ရောင်းစာချုပ်ကို ထုတ်ကာ တစ်ပါတည်း ပိုင်ရှင်ဘက်က သုံးပိုင်ခွင့်တွေပါ ပါသည့် လက်မှတ်ပါ ထုတ်ပြလာလိုက်လေသည်။
ပြီးနောက် ရဲကိုပြလိုက်ကာ၊ "ကျွန်မသေချာပြပါမယ် ရဲသားကြီးတို့။ ဒီမှာ သူတို့ကိုယ်တိုင် စာချုပ်မှာ လက်မှတ်ပါထိုးထားပြီး လက်ဗွေပါ နှိပ်ထားတဲ့ သက်သေပါ။ အဲ့တော့ ဒီအိမ်က ကျွန်မအိမ်ဆိုတာလည်း ဟုတ်သလို ဒီအိမ်ရဲ့ရပိုင်ခွင့်တွေကလည်း ကျွန်မအပိုင်ပါပဲမလားရှင့်။ တခြား လုပ်ထုံးလုပ်နည်းတွေကိုလည်း ဥပဒေဘောင်ထဲကအတိုင်း လုပ်ဆောင်ထားပါတယ်ရှင့်။"
ဦးဆောင်လာတဲ့ ဦးလေးကြီးက ထိုစာချုပ်ကို လှမ်းဆွဲဖို့လုပ်တာမလို့ ယွမ်ရိလည်းပြန်ယူကာ အိတ်ထဲထည့်လိုက်ရလေသည်။ ဒါတောင် တစ်ဖက်က လှုပ်လာတာမလို့ ရဲတွေလည်း လျင်မြန်စွာပင် ရဲရိုက်တုတ်တံကို ဆွဲထုတ်လိုက်ကာ ပြောလာလေသည်။ "မလှုပ်နဲ့။"
စကားပြောစရာရှိတာ စကားနဲ့မပြောပဲ ခုလိုလုပ်စရာကို မလိုပေ။