Chapter 87.2

2K 204 0
                                    

အပိုင်း - ၈၇.၂

ယွမ်ရိဟာ အပ်ချုပ်ပစ္စည်းတွေနဲ့အခြားသော သူမဝယ်ယူလာသည့် ပစ္စည်းများကို သယ်ဆောင်လျက် အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူမ အိမ်ကိုရောက်သည့်အခါ မီးဖိုချောင်အတွက် ချက်ရင်းပြုတ်ရင်းဖြင့် အလုပ်များနေကြသည့် တတိယအဒေါ်နဲ့သူမ၏ယောက်ျားတို့အား တွေ့လိုက်သည်။

တကယ်တော့ ရွယ်ဟောင်ဖန်းသည်ဘဲ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေခြင်းဖြစ်ကာ ယွမ်ချီကျီကတော့ သူမ၏ကလေးနဲ့အတူ ချော့မြှူဆော့ကစားနေ၏။

ယွမ်ရိပြန်လာတာကို ယွမ်ချီကျီရော၊ ရွယ်ဟောင်ဖန်းပါ သတိထားမိသွားသည်။ ယွမ်ချီကျီလည်း ယွမ်ရွယ်လေးကိုပွေ့လျက် ယွမ်ရိအနီးကို ရောက်လာခဲ့သည်။

ရွယ်ဟောင်ဖန်းသည်လည်း မီးဖိုချောင်အတွင်းမှ ထွက်လာကာ ယွမ်ရိထံမှပစ္စည်းများကို ဝိုင်းကူသယ်ပေးလိုက်သည်။

ယွမ်ရိက သုံးဘီးစက်ဘီးပေါ်မှ အပ်ချုပ်စက်အား ညွှန်ပြလိုက်ပြီး
"ဒါက သမီးရဲ့အပ်ချုပ်စက်လေးလေ။လောလောဆယ် ဒီဟာလေးနဲ့ အရင်ချုပ်ရမှာ"
ဟု ယွမ်ချီကျီကို ပြောလိုက်သည်။

ထိုအခါ ယွမ်ချီကျီက အံ့အားသင့်ဟန်ဖြင့်
"ရှောင်ရိ၊ သမီးက အထည်ချုပ်တော့မလို့လား။ မနေ့ကမှရောက်တာကို သမီးဆီ အထည်လာအပ်တဲ့သူ ရှိနေတာပေါ့"
ဟု မေးလိုက်သည်။

ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်။ မြို့ထဲက အဖွားသုံးယောက်ပါ။ သူတို့က အထည်လေးတွေ ချုပ်ပေးပါဦးဆိုလို့။ ခါတိုင်းလည်း အဲ့အဖွားတွေက သမီးဆီမှာဘဲ လာချုပ်ကြတာလေ"
ဟု ပြန်ဖြေပေးလိုက်သည်။

ထိုအခါ ယွမ်ချီကျီက ပြုံးလိုက်ပြီး
"ငါ့တူမက ဘယ်ဆိုးလို့လဲဟ။ ဖောက်သည်တွေဘာတွေတောင် ရနေပြီနော်"
ဟု ချီးမွမ်းလိုက်သည်။

ရွယ်ဟောင်ဖန်းကတော့ သုံးဘီးစက်ဘီးပေါ်မှ ပစ္စည်းများကို ချကာ အိမ်ထဲသွင်းနေ၏။

ယွမ်ရိလည်း အိမ်ထဲကိုဝင်ကာ အမောပြေ ရေတစ်ခွက် ခပ်သောက်လိုက်သည်။ ပြီးနောက် ယွမ်ချီကျီကိုကြည့်ကာ
"ဒါနဲ့ ဦးလေးငါးတို့ လင်မယားရော မပြန်လာကြသေးဘူးလား"
ဟု မေးမြန်းလိုက်တော့သည်။

ယွမ်ချီကျီက ယွမ်ရွယ်လေးအား ပွေ့ချီလျက် အနီးရှိထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"သူတို့တွေ မပြန်လာကြသေးဘူးဟ။ သူတို့လင်မယားနဲ့အတူတူ ယွမ်ကျဲလည်း လိုက်သွားပေမယ့် သူတို့တွေ လမ်းမှာ အခက်အခဲတွေ့မှာကို ငါစိုးရိမ်နေတာ။ တော်ကြာ လမ်းတွေ ဘာတွေပျောက်နေမှဖြင့်"
ဟု ယွမ်ချီကျီက သူမ၏စိုးရိမ်မှုကို ယွမ်ရိအား ပြောလိုက်သည်။

ယွမ်ရိက သူမအဒေါ်၏စကားကြောင့် ပြုံးမိသွားပြီး
"အဒေါ်ရယ်၊ ယွမ်ကျဲပါသွားမှာတော့ လမ်းပျောက်တာမျိုး မဖြစ်ပါဘူး။ ယွမ်ကျဲလည်း ဒီပတ်ဝန်းကျင်က လမ်းတွေနဲ့ ရင်းနှီးနေပြီလေ"
ဟု ပြောလိုက်ကာ သူမအဒေါ်၏စိုးရိမ်မှုကို ဖြေသိမ့်ပေးလိုက်သည်။

ထိုအခါမှ ယွမ်ချီကျီလည်း စိတ်သက်သာရာရသွားပြီး
"ဒီကောင်မလေး ဒီလိုကျတော့လည်း အားကိုးနေရပြီဘဲ။ ရှောင်ကျဲက အရင်တုန်းကထက် စာရင် အများကြီး ပြောင်းလဲသွားတယ်နော်။ အရင်ကဆို သူမက ခပ်ကုပ်ကုပ်လေးနေတာရယ်။ အခုလိုတက်တက်ကြွကြွသိပ်မရှိဘူး။ ဒါတွေအားလုံးက ကျောင်းတက်ပြီးမှ ပြောင်းလဲသွားတာဆိုတော့ ကျောင်းတက်ရတာက တကယ့်ကို ကောင်းတာဘဲ"

ယွမ်ရိလည်း သူမအဒေါ်၏ရင်ခွင်ထဲမှ ယွမ်ရွယ်လေး၏ခေါင်းကို ပွတ်ကာ
"ရှောင်ရွယ်လေးကရော အသက်ကြီးလာရင် ကျောင်းတက်မှာလား"
ဟု စနောက်ကာ မေးလိုက်သည်။

ယွမ်ချီကျီကလည်း သူမကလေး၏ပါးလေးကို ပွတ်သပ်လိုက်ပြီး
"တက်ရမှာပေါ့။ ဒေါ်လေးက ရှောင်ရွယ်ကို သေချာပေါက် ကျောင်းတက်ခိုင်းမှာ။ ဒါမှ ငါ့တူမတို့နှစ်ယောက်လို ရှေ့ရေးကောင်းစားမှာ"
ဟု ပြောလိုက်တော့သည်။

တစ်ဖက်မှာတော့ ရွယ်ဟောင်ဖန်းဟာ သုံးဘီးစက်ဘီးပေါ်မှာ ပစ္စည်းများကို အိမ်ထဲသွင်းပြီးသွားသည့်နောက် မီးဖိုချောင်အတွင်းပြန်ဝင်လျက် ပြန်လည်ချက်ပြုတ်နေခဲ့သည်။

သိပ်မကြာခင်မှာဘဲ ယွမ်ချန်းရှန်တို့မိသားစုနဲ့ယွမ်ကျဲတို့သည်လည်း အိမ်ကိုပြန်ရောက်လာခဲ့ကြ၏။

ထို့နောက် သူတို့တွေဟာ ညစာ စားကြတော့သည်။ညစာ စားနေချိန်အတွင်း ယွမ်ချန်းရှန်၊ ချန်ခွန်းနဲ့ယွမ်ကျဲတို့ဟာ သူမတို့တွေ့ခဲ့ရသည့် ပတ်ဝန်းကျင်အသစ်အကြောင်းအား ပြန်လည်ဖောက်သည်ချကြတော့သည်။

ယွမ်ရိဟာ ညစာ စားပြီးသည့်နောက် ဘာမှမလုပ်တော့ဘဲ အိပ်ရာ တန်းဝင်ခဲ့သည်။ ဒီနေ့တစ်နေကုန် မြို့ထဲသွားလိုက်ရသဖြင့် တစ်ကိုယ်လုံးညောင်းညာကိုက်ခဲကာ ပင်ပန်းနေသောကြောင့် ဖြစ်ပေသည်။

နောက်ရက်မနက်ကိုရောက်သည့်အခါမှာတော့ ယွမ်ရိဟာ အိပ်ရာမှစောစောထကာ ရေချိုးမျက်နှာသစ်လိုက်သည်။ ပြီးနောက် ပိတ်စတွေကို တိုင်းထွာကိုက်ဖြတ်ကာ ဝတ်စုံချုပ်ဖို့အတွက် ပြင်ဆင်တော့သည်။

သူမ၏တတိယအဒေါ် ယွမ်ချီကျီကတော့ ယွမ်ရိဘေးမှာ ရပ်ကာ ယွမ်ရိလိုအပ်တာတွေကို ကူညီပေးနေခဲ့၏။

ထိုသို့ကူညီပေးနေရင်း ယွမ်ချီကျီက ယွမ်ရိ၏ပုံဆွဲစာအုပ်လေးကို မြင်သွားကာ ဖွင့်ကြည့်လိုက်သည်။ဖွင့်ကြည့်ပြီးနောက် ယွမ်ရိအား အံ့ဩတကြီးဖြင့်ကြည့်ကာ
"ရှောင်ရိ၊ ဒီစာအုပ်ထဲက ပုံတွေက နင်ဆွဲထားတာလား"
ဟု မေးမြန်းလိုက်သည်။

ယွမ်ရိက ပိတ်စကို ကိုက်ဖြတ်နေရင်းဖြင့်
"ဟုတ်တယ်။ အဲ့တာတွေကို မနှစ်တုန်းက ကျောင်းတက်နေရင်းနဲ့ ဆွဲလိုက်တာ။ ပြီးတော့ ဝတ်စုံတစ်စုံချင်းဆီရဲ့ ချုပ်ပုံနဲ့အတိုင်းအတာတွေကိုပါ အသေးစိတ်သေချာဆွဲထားတာ။ ဒါ့ကြောင့် အလုပ်သင်တွေရှိလာတဲ့အခါကျရင် အဒေါ်က သူတို့ကို အခြေခံစက်ချုပ်နည်းလောက်ဘဲ သင်ပေးလိုက်ရင်တောင် သမီးရဲ့ပုံဆွဲစာအုပ်ထဲက အချက်အလက်တွေကိုကြည့်ပြီး ဝတ်စုံချုပ်လို့ရတယ်"
ဟု ရှင်းပြလိုက်သည်။

ယွမ်ချီကျီလည်း သက်ပြင်းအသာချလိုက်ပြီး
"ဝါးးးရှောင်ရိ၊ သမီးရဲ့ဦးနှောက်ကိုတော့ တကယ့်ကိုရွှေချထားရမယ်။ မဟုတ်သေးဘူး၊ ရွှေချရုံနဲ့တင် ဘယ်ရမလဲ။ စိန်စီထားရမယ်"
ဟု ယွမ်ရိ၏အရည်အချင်းများအား ချီးမွမ်းလိုက်တော့သည်။

ဝတ်စုံချုပ်သည့်အခါ အခက်အခဲဆုံးအပိုင်းက အတိုင်းအထွာဖြင့် ချုပ်‌သည့်အပိုင်းပင်ဖြစ်သည်။ထိုပုံဆွဲစာအုပ်ထဲမှာတော့ အတိုင်းအထွာတွေက တစ်ခါတည်း ပါဝင်ပြီးသားဖြစ်၍ ပိတ်စကိုကိုက်ဖြတ်သည့်အခါ ထိုအတိုင်းအထွာများအတိုင်း အလွယ်တကူ ကိုက်ဖြတ်လိုက်ရုံပင်။
ပြီးနောက် ထိုကိုက်ဖြတ်ထားသည့် ပိတ်စများအား အပ်ချုပ်စက်မှာ တစ်ခုနဲ့တစ်ခုတွဲစပ်ချုပ်ပေးရုံဖြင့် ဝတ်စုံတစ်စုံပြီးစီးသွားမှာပင်။

ထိုကဲ့သို့ ဖြစ်အောင် ကြံစည်လုပ်ဆောင်နိုင်သည့် ယွမ်ရိ၏အရည်အချင်းတွေကြောင့် ယွမ်ချီကျီတစ်ယောက် သူမ၏တူမအား ဩချနေရတော့သည်။

ယွမ်ချီကျီပါ ဝိုင်းဝန်းကူညီတာကြောင့် အဖွားကျောင်းတို့၏ဝတ်စုံသုံးစုံအား လျင်မြန်စွာဖြင့်ပင် ပြီးစီးသွားခဲ့သည်။ ထို့နောက် အဖွားကျောင်းအိမ်ကိုသွားကာ ချုပ်ပြီးသွားသည့် ဝတ်စုံတွေကို ပေးလိုက်သည်။

အဖွားကျောင်းအား ဝတ်စုံတွေပေးပြီးသည့်နောက် အဖွားကျောင်းကလည်း ယွမ်ရိအား ချုပ်ခကျသင့်ငွေကို ပေးချေလိုက်သည်။

ယွမ်ရိဟာ အဖွားကျောင်းအိမ်ကနေထွက်လာပြီးသည့်နောက် ပိတ်စတွေရောင်းချသည့်ဆိုင်ကို သွားကာ ပိတ်စအနည်းငယ်ဝယ်ယူခဲ့ပြန်သည်။

အိမ်ပြန်ရောက်သည့်အခါ ယွမ်ရိက ထိုပိတ်စများကို အသုံးပြုလျက် သူမ၏ပုံဆွဲစာအုပ်အတွင်းမှ ဝတ်စုံတချို့အား ချုပ်လိုက်သည်။ ယွမ်ချီကျီသည်လည်း ယွမ်ရိချုပ်နေသည်ကိုဘေူကနေ ကြည့်ကာ လေ့လာမှတ်သားနေ၏။

ယွမ်ရိသည်လည်း သူမ၏ချုပ်ပုံချုပ်နည်းတွေကို သူမ၏အဒေါ် နားလည်စေရန် ဖြည်းဖြည်းချင်း ချုပ်ပြခဲ့သည်။

ဝတ်စုံတွေချုပ်ပြီးသည့်နောက် ယွမ်ရိက သူမ၏ဦးလေးယွမ်ချန်းရှန်အား အိမ်ရှေ့မှာ ကြိုးတန်းတစ်ခုတန်းပေးဖို့ တောင်းဆိုလိုက်သည်။ထို့နောက် ချုပ်ပြီးသွားသောဝတ်စုံများအား ထိုကြိုးတန်းပေါ်တွင် ချိတ်ထားလိုက်တော့သည်။

ဆောင်းတွင်းကုန်ခါနီးမှာဘဲ ယွမ်ရိဟာ ရှဲ့တုန်းယန်၏ အကူအညီဖြင့် တစ်ပတ်ရစ်အပ်ချုပ်စက်ခြောက်လုံးအား ဝယ်ယူနိုင်ခဲ့သည်။

ဒါ့‌အပြင်သူမက တစ်ပတ်ရစ်စက်ဘီးနှစ်စီးကိုပါ ရှဲ့တုန်းယန်ထံကနေ ဝယ်ယူခဲ့၏။ ထိုစက်ဘီးနှစ်စီးမှာ  သူမ၏ဦးလေးနဲ့ဒေါ်လေးတို့ သွားရလာရ လွယ်ကူစေရန်အတွက်ပင်ဖြစ်သည်။

ပေကျင်းကိုရောက်လာကြတာ ရက်အနည်းငယ်ကြာလာပြီဖြစ်၍ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ ပတ်ဝန်းကျင်နဲ့ ရင်းနှီးနေကြပြီဖြစ်သည်။ သူတို့လင်မယားနှစ်၏ လူမှုရေးကောင်းမွန်မှုကြောင့် အနီးအနားမှ အမျိုးသမီးငယ်လေးများကို အိမ်သို့အလည်ခေါ်လာနိုင်ခဲ့ကြသည်။

ထိုမိန်းကလေးများဟာ ယွမ်ရိတို့အိမ်ကို ရောက်လာကြပြီးသည့်နောက် ယွမ်ရိချုပ်ထားသည့် ဝတ်စုံများကိုမြင်ကာ အကြည့်များတောက်ပသွားခဲ့ကြသည်။

ယွမ်ချန်းရှန်တို့သည်လည်း သံကိုပူနေတုန်း နာနာရိုက်ရမည့်အချက်ကို သဘောပေါက်ကာ ထိုမိန်းမငယ်လေးများအား "စက်ချုပ်သင်ချင်ကြလား"
ဟု မေးမြန်းကာ မဲဆွယ်ကြတော့၏။

ထိုမိန်းမ‌ငယ်လေးတွေလည်း ချက်ချင်းဘဲ တက်ကြွသွားပြီး သူမတို့၏မိသားစုထံ စက်ချုပ်သင်ချင်ကြကြောင်း အမြန်သွားပြောကြတော့သည်။

ဒီလိုနဲ့ ယွမ်ရိတို့မှာ အလုပ်သင်မိန်းကလေးများ ရှိလာကြတော့သည်။ ထိုအလုပ်သင် မိန်းကလေးများကို ပညာသင်ကြားပေးဖို့ကတော့ ယွမ်ချီကျီ၏ တာဝန်ပင်ဖြစ်လာ၏။

ထိုနောက်ပိုင်းမှာတော့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လင်မယားဟာ အလုပ်သင်မိန်းကလေးများကို ထပ်မရှာတော့သည့်အပြင်၊ အိမ်အပြင်ကိုတောင်မှ သိပ်မထွက်ကြတော့ပေ။

မဟုတ်ပါက ပတ်ဝန်းကျင်မှ လူများအမြင်တွင် သူတို့လင်မယားနှစ်ယောက်အား မိန်းကလေးများကို လှည့်စားပြီး လူကုန်ကူးကြသူများဟု ထင်မြင်သွားမှာ စိုးရိမ်ကြလို့ပင်။

ဒီလိုနဲ့ ယွမ်ချန်းရှန်နဲ့ချန်းခွန်းတို့က ကလေးပေါက်စနှစ်ယောက်အား တစ်လှည့် ပြန်ထိန်းနေရကာ ယွမ်ချီကျီကတော့ ပညာသင်မိန်းကလေးများအား စက်ချုပ်သင်ပေးရင်းဖြင့် အလုပ်ရှုပ်သွားကြတော့သည်။

ဒီလိုနဲ့ အချိန်တွေလည်း တဖြည်းဖြည်းကုန်ဆုံးသွားကာ ကျောင်းပိတ်ရာသီလည်း ကုန်ဆုံးသွားခဲ့ပြီး ကျောင်းတွေ ပြန်ဖွင့်ချိန်ရောက်လာသည်။ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း ‌သူမတို့၏တက္ကသိုလ်အသီးသီးကို သွားရောက် ပညာသင်ကြားကြတော့သည်။

ယွမ်ရိဟာ အိမ်မှာ သူမ၏ဦးလေးတွေ ဒေါ်လေးတွေ ရှိနေသဖြင့် ဘာမှစိတ်ပူစရာမလိုတော့ဘဲ နောက်ဆံအေးအေးဖြင့် ကျောင်းမှာ ပညာသင်ကြားနိုင်ခဲ့သည်။ သူမဟာ တစ်ပတ်ခုနှစ်ရက်တွင် တနင်္ဂနွေနေ့မှတပါး ကျန်သည့်ရက်များကို ကျောင်းမှာဘဲ အေးအေးဆေးဆေး စာလေ့လာခဲ့သည်။

တနင်္ဂနွေနေ့ အားလပ်ရက်ကိုရောက်လာလျှင်တော့ သူမဟာ မြို့စွန်မှ အိမ်ကိုပြန်လာခဲ့တော့သည်။

မနက်ခင်း၏ဝေလီဝေလင်းအချိန်မှာ ယွမ်ရိဟာ အဆောင်ကနေ ခပ်စောစောလေးထွက်လာခဲ့သည်။ဒါ့ကြောင့် ခပ်အေးအေးလေနုကလေးက ယွမ်ရိမျက်နှာပြင်အား မထိတထိဖြင့် ကျီစယ်လို့နေတော့သည်။

မနက်ဝေလီဝေလင်း အချိန်ကတည်းက အဆောင်ကနေ ထွက်လာခဲ့သဖြင့် မြို့စွန်ကအိမ်သို့ နေထွက်လာချိန်မှာ ရောက်ရှိသွားတော့သည်။

ကံကောင်းစွာဖြင့် သူမစောစောထွက်လာခဲ့ခြင်းကြောင့် မိသားစုနဲ့အတူတူ မနက်စာ စားဖို့ မှီသွားသည်။

ယွမ်ချီကျီနဲ့ချန်ခွန်းတို့ဟာလည်း သူမရောက်လာတာကိုမြင်တော့ ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
"ရှောင်ရိ၊ အချိန်မှီ ရောက်လာတာဘဲ။ မနက်စာ စားကြစို့"

ယွမ်ရိလည်း မီးဖိုချောင်ထဲ အမြန်ဝင်လိုက်ပြီး သူမ၏ဒေါ်လေးနှစ်ယောက်အား ဝိုင်းဝန်းချက်ပြုတ်ကူညီပေးခဲ့သည်။


မနက်စာ စားကြချိန်တွင် ယွမ်ချန်းရှန်က ယွမ်ရိကိုကြည့်ကာ
"ရှောင်ကျဲကရော"
ဟု မေးလိုက်သည်။

ယွမ်ရိက သူမ၏မနက်စာကိုစားနေရင်းဖြင့်
"ရှောင်ကျဲက စာကြိုးစားနေရတယ်လေ။ သူမအတွက် တက္ကသိုလ်ကစာတွေက အရမ်းများနေတယ်။ ဒါ့ကြောင့် အချိန်ရရင်ရသလို သူမက ကုတ်ကတ်ပြီးတော့ ကြိုးစားနေတာ။ ဒါ့ကြောင့်မို့ ဒီလို‌မျိုး အားလပ်ရက်မျိုးမှာတော့ အဆောင်ထဲမှာဘဲ စာလေ့လာနေပြီး အပြင်မထွက်ဘူး"
ဟု ရှင်းပြလိုက်သည်။

"ဒါဆိုရက် နင်ကကော"
ယွမ်ချန်းရှန်က နောက်ထပ်မေးခွန်းတစ်ခု ထပ်ထုတ်လိုက်၏။

"အဟမ်း"
ယွမ်ရိက လည်ချောင်း အရင် ရှင်းလိုက်သည်။ထို့နောက် ခါးဆန့်လိုက်ပြီး
"သမီးက အခြားသူတွေနဲ့မတူဘူး။ မွေးရာပါ ဉာဏ်ရည်ထက်မြက်ပြီးသား။ ဒါ့ကြောင့် အခြားသူတွေလို စာလေ့လာတဲ့နေရာမှာဘဲ အချိန်အများကြီး သုံးစရာမလိုဘူး"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိစကားကြောင့် ယွမ်ချန်းရှန်တို့အကုန်လုံး တဟားဟားဖြင့် ပွဲကျသွားတော့သည်။

ယွမ်ချီကျီက ယွမ်ရိ၏ခေါင်းအား ပွတ်သပ်ပေးလိုက်ပြီး
"ဟုတ်တယ်။ ငါတို့ရဲ့ရှောင်ရိလေးက အတော်ဆုံးနဲ့ ဉာဏ်အကောင်းဆုံးဘဲ"
ဟု ချီးမွမ်းလိုက်တော့သည်။

ယွမ်ရိလည်း ချီးမွမ်းခံလိုက်ရတာကြောင့် ပျော်ရွှင်သွားတော့သည်။ သူမက ပြုံးလိုက်ပြီးနောက် မနက်စာကို အရင်ကုန်အောင် စားလိုက်၏။

ပြီးမှ ယွမ်ချီကျီကိုကြည့်ကာ
"ဒေါ်လေး၊ ပညာသင်တွေကို သင်ပေးတာကရော အဆင်ပြေရဲ့လား"
ဟု မေးမြန်းလိုက်သည်။

ယွမ်ချီကျီလည်း ပြုံးလိုက်ပြီး
"အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မပူပါနဲ့။ သူတို့ကိုငါ တစ်ပတ်လောက်ဘဲ သင်ရသေးပေမယ့် သူတို့ကိုယ်တိုင်က ကြိုးစားသူလေးတွေမို့ အတတ်မြန်ကြတယ်။ တစ်ပတ်ပဲရှိသေး‌တယ် စက်ကိုပိုင်ပိုင်နိုင်နိုင် နင်းနိုင်နေကြပြီ။ ချုပ်ရိုးကို တန်းတန်းမတ်မတ်ချုပ်တာတွေ၊ လှိုင်းတွန့်ချုပ်တာတွေ၊ ထောင့်ချိုးချုပ်တာတွေကိုပါ ချုပ်တတ်နေကြပြီ။ ဒါပေမယ့် ဒေါ်လေးက သူတို့ကို ပိတ်စအကောင်းတွေနဲ့တော့ မချုပ်ခိုင်းသေးဘူး။ သမီးသုံးပြီး ကျန်ခဲ့တဲ့ ပိတ်စအသေးလေးတွေနဲ့ဘဲ စမ်းချုပ်ခိုင်းနေတာရယ်"

ထိုအချိန်မှာဘဲ အိမ်ထဲကို မိန်းကလေးငါးယောက် ဝင်ရောက်လာ၏။ ထိုမိန်းကလေးငါးယောက်ဟာ ယွမ်ရိတို့ လက်ခံထားသည့် ပညာသင်ငါးယောက်ဘဲဖြစ်၏။

ဒါ့ကြောင့် ယွမ်ချီကျီနဲ့ယွမ်ရိတို့လည်း မနက်စာကို မြန်မြန်စားလိုက်ကြပြီး အလုပ်သင်ငါးယောက်ကို သင်ပေးဖို့ ပြင်ဆင်ကြတော့သည်။

ယွမ်ချီကျီဟာ အလုပ်သင်ငါးယောက်ကို ဦးဆောင်လျက် အိမ်ထဲမှ အခန်းတစ်ခန်းကိုခေါ်သွားခဲ့သည်။ ထိုအခန်းထဲမှာတော့ အပ်ချုပ်စက်များရှိကာ စက်ချုပ်ခန်းအဖြစ် ယွမ်ရိက အသုံးပြုထားသည်။

ယွမ်ရိသည်လည်း ထိုအခန်းထဲကိုလိုက်ဝင်ခဲ့ကာ ပညာသင်မိန်းကလေးငါးဦးအား သေချာအကဲခတ်လိုက်သည်။

ထိုမိန်းကလေးငါးဦးဟာ ငယ်ရွယ်တက်ကြွနေကြပြီး စက်ချုပ်သည့်နေရာမှာလည်း အတတ်မြန်ကြသည်။ဒါက ယွမ်ရိအား အလွန်အမင်း ကျေနပ်စေ၏။

ထိုမိန်းကလေးငါးဦးဟာ ဝတ်စုံတစ်စုံအား ကိုယ်တိုင် တိုင်းထွာပြီး ကိုယ်တိုင်ချုပ်တာမျိုးကို မလုပ်နိုင်သေးပေမယ့် အတိုင်းအထွာသိပြီးသာ ဝတ်စုံကိုတော့ ‌ချုပ်တတ်နေကြပြီဖြစ်သည်။

ဒါ့ကြောင့် ယွမ်ရိ၏ရည်မှန်းချက်ဟာ ပြည့်စုံလုနီးပါးဖြစ်နေပြီဖြစ်သည်။ အပ်ချုပ်စက်တွေလည်း ရှိနေပြီဖြစ်သလို၊ အပ်ချုပ်သမတွေလည်း ရှိနေပြီဖြစ်သည်။ ဒါပေမယ့် သူမမှာ အဓိက အခက်အခဲကြီးတစ်ခု ရှိနေပါသေးသည်။

ထိုအရာကတော့ ချုပ်စရာအထည် မရှိသေးခြင်းဖြစ်သည်။

ထိုအရာအတွက်ကိုတော့ ရွယ်ဟောင်ဖန်းက တာဝန်ယူထားသည်။ သူက ပေကျင်းမြို့မှာရှိသည့် ပိတ်စစက်ရုံတွေကိုတစ်ခုပြီးတစ်ခုသွားကာ ပိတ်စဈေးများကို လေ့လာခဲ့သည်။ ထို့အတူ စက်ရုံများမှ တာဝန်ရှိသူများနဲ့လည်း စကားပြောဆွေးနွေးခဲ့ကြသေးသည်။

ဒါ့ကြောင့် ယွမ်ရိဟာ ပညာသင်မိန်းကလေးငါးယောက်အား လေ့လာအကဲခတ်ပြီးသည့်နှင့် ဦးလေးရွယ်ဟောင်ဖန်းနားကပ်ကာ
"ဦးလေး၊ ပိတ်စ စက်ရုံတွေက အဆင်ပြေရဲ့လား"
ဟု မေးလိုက်၏။

ရွယ်ဟောင်ဖန်းက
"အခုတော့ အခြေအနေစောင့်ကြည့်တုန်းဘဲ။ ငါ့တူမ ပြောထားသလိုဘဲ။ ဈေးလည်း အဆင်ပြေရမယ်၊ပိတ်သားလည်းကောင်းရမယ်။ အဲ့လို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့စက်ရုံတွေကို ဦးလေးရှာနေတုန်းဘဲ။ အချို့စက်ရုံတွေကိုတော့ ဦးလေးလိုချင်တဲ့အနေအထားကိုပြောပြထားပေမယ့် ထုတ်လုပ်
စရိတ်ကျတော့ များသွားတယ်လေ။ ဒါ့ကြောင့် ခဏလောက်စောင့်ကြည့်ဖို့ဆုံးဖြတ်ထားတယ်"
ဟု ပြန်ဖြေလိုက်သည်။

ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"ဒါဆိုရင်လည်း ဆက် စောင့်ကြည့်ကြတာပေါ့"
ဟု ပြောလိုက်တော့သည်။

နောက်ရက်အနည်းငယ်ခန့် ကြာသည့်အခါမှာ ယွမ်ချန်းဖူ‌ ပို့လိုက်သည့် အထည်ဖြတ်စက်သည်လည်း ယွမ်ရိထံသို့ရောက်ရှိလာခဲ့တော့သည်။

နောက်တစ်ပတ် တနင်္ဂနွေနေ့ကို ပြန်ရောက်သည့်အခါမှာ ယွမ်ရိက လိုအပ်သည့်အရာတချို့ကို ဝယ်ယူရန် လမ်းဘေးဈေးဆိုင်တန်းရှိရာသို့ ထွက်လာခဲ့သည်။

သူမလိုအပ်သည့် ပစ္စည်းများကို ဝယ်ယူပြီးသည့်နောက်မှာ ယွမ်ရိက ရှဲ့တုန်းယန်၏ဆိုင်သို့ ဦးတည်လိုက်၏။

ရှဲ့တုန်းယန်တစ်ယောက် ဒီရက်ပိုင်း ဈေးရောင်းရတာ အရမ်းပါးနေ၏။ အဓိက အကြောင်းအရင်းကတော့ ဈေးဆိုင်တွေ အရမ်းပေါများလာခြင်းကြောင့်ပင်။

ယွမ်ရိလည်း ရှဲ့တုန်းယန်၏ဆိုင်ကိုရောက်တော့ ရှဲ့တုန်းယန်ကိုကြည့်ကာ
"ဒီရက်ပိုင်း ရောင်းကောင်းရဲ့လား"
ဟု မေးမြန်းလိုက်သည်။

"မကောင်းဘူး"
ရှဲ့တုန်းယန်က သက်ပြင်းချလိုက်ပြီး
"နောက်တစ်ကြိမ် နင်လာတဲ့အခါကျရင် ငါ့ကို ဒီလမ်းဘေးဈေးဆိုင်တန်းထဲမှာ ရှာတွေ့မှာမဟုတ်တော့ဘူး။ ငါဆိုင်ပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ပြီးတော့ ငါက ဒီမြို့ကနေ အခြား အလုပ်အကိုင်အခွင့်အလမ်း ကောင်းတဲ့ဒေသကို အလုပ်သွားလုပ်တော့မှာ"

ယွမ်ရိက
"တကယ် ဆုံးဖြတ်လိုက်ပြီပေါ့"
ဟု ရှဲ့တုန်းယန်အား သေချာအောင် မေးမြန်းလိုက်၏။

ရှဲ့တုန်းယန်က ခေါင်းညိတ်ပြလိုက်ပြီး
"အတည် ဆုံးဖြတ်လိုက်တာပါ"
ဟု ပြန်ဖြေပေးလိုက်သည်။

ပြီးနောက် သူက ယွမ်ရိကိုကြည့်ကာ
"ဒါနဲ့ နင်ရဲ့အထည်ချုပ်မယ်ဆိုတဲ့ လုပ်ငန်းရော အဆင်ပြေရဲ့လား။ ပိတ်စတွေကိုရော စက်ရုံကနေ ဝယ်လို့ရရဲ့လား"
ဟု ပြန်မေးလိုက်သည်။

ယွမ်ရိလည်း သက်ပြင်းချလိုက်ပြီး
"စက်ရုံတွေကနေ ငါလိုချင်တဲ့ပိတ်စတွေရဖို့ ခဏစောင့်ရဦးမှာဟ။ ဒါ့ကြောင့် လုပ်ငန်း မစရသေးဘူး"
ဟု ပြန်ပြောလိုက်သည်။

ရှဲ့တုန်းယန်လည်း ခေါင်းညိတ်လိုက်ပြီး
"အင်းပါ။ ဒါက ဖြစ်တတ်ပါတယ်ဟာ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့နိုင်ငံရဲ့စီးပွားရေးတွေအရမ်းကြပ်ခဲ့တာကြောင့် အဝတ်အစားတွေကို လူချမ်းသာတွေဘဲ ကောင်းကောင်းမွန်မွန် ဝယ်ဝတ်နိုင်ကြတာလေ။ ဒါတွေကြောင့် အထည်စက်ရုံတွေ နှစ်ရှည်ပိတ်ထားလိုက်ရပြီး အခုပြန်ဖွင့်တဲ့အချိန်‌ကျတော့လည်း လူထုရဲ့လိုအပ်ချက်ကို အမှီမလိုက်နိုင်ဖြစ်နေတာပေါ့။ နင်သာ စက်ရုံတွေကနေ ပိတ်စတွေ ဝယ်လို့ရပြီး ဝတ်စုံတွေ ချုပ်ရောင်းလိုက်တာနဲ့ လုံးဝကိုဝက်ဝက်ကွဲ ကြီးပွားသွားမှာ"
ဟု ပြောလိုက်သည်။

ယွမ်ရိက ရင်ကော့လိုက်ပြီး
"သေချာပေါက် အောင်မြင်ကြီးပွားမှာပါ ဘာလို့လည်းဆိုတော့ ငါ့လက်အောက်ကနေ ထွက်လာမယ့် အဝတ်အစားတွေဘဲဟာကို"
ဟု မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုရှိစွာဖြင့် ဂုဏ်ယူဝံ့ကြွားလိုက်တော့သည်။၊

ရှဲ့တုန်းယန်က မနိုင်ဘူးဟူသည့်သဘောမျိုးဖြင့် ခေါင်းလေးတယမ်းယမ်း လုပ်လိုက်ပြီးမှ ရယ်လိုက်ပြီး
"ရှောင်ရိ၊ ငါ့ကိုစောင့်နေနော်။ ငါပြန်လာတဲ့အခါကျရင် အတူတူထပ်ပြီး အလုပ်တွဲလုပ်ကြသေးတာပေါ့"
ဟု ပြောလိုက်သည်။

ယွမ်ရိကလည်း ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီ။ နင်ပြန်လာတဲ့အခါကျရင် ထပ်ပြီးအလုပ်အတူတူတွဲလုပ်ဖို့ ငါစောင့်နေမှာ"
ဟု ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now