အပိုင်း - ၈၂
ရဲ့ချူးဝမ်က နားမလည်ဟန်လေးဖြင့်
"နင် ဘာတွေ လာမေးနေတာလဲ။ ငါဘာမှမသိဘူး"
ဟု ပြန်ပြောလိုက်သည်။
"လင်းယောင်ဆိုတဲ့နာမည်ကို သိလား"
ယွမ်ရိကတော့ တူညီသောမေးခွန်းကိုဘဲ ထပ်မေးလိုက်ပြန်သည်။
"ငါမသိဘူးလို့ ပြောနေတယ်လေ"
ရဲ့ချူးဝမ်က စိတ်ရှုပ်နေသည့်ပုံစံလေး ဟန်လုပ်လျက် ပြန်ဖြေလိုက်သည်။
'ဖြောင်းးးးးးးး'
ရဲ့ချူးဝမ်၏စကားဆုံးတာနဲ့ ယွမ်ရိဟာ ရဲ့ချူးဝမ်၏ကျန်နေသေးသည့် ပါးပြင်တစ်ဖက်အား လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ချက်ချင်းဘဲ ရဲ့ချူးဝမ်၏ပါးပြင်ဟာ ရောင်ကိုင်းလာတော့သည်။
ယွမ်ရိဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက တောင်ပေါ်ဒေသမှာ ကြီးပြင်းခဲ့ရသဖြင့် သူမ၏အရိုးအဆစ်တွေဟာ သန်မာလှပေသည်။ ဒါ့အပြင် ယွမ်ရိက ရဲ့ချူးဝမ်၏ပါးနှစ်ဖက်အား ရိုက်သည့်အကြိမ် နှစ်ကြိမ်လုံးတွင် သူမ၏အားအပြည့်ထည့်လျက် ရိုက်နှက်လိုက်ခြင်းဖြစ်သည်။
ဒါ့ကြောင့် ရဲ့ချူးဝမ်၏မျက်နှာဟာ ချက်ချင်းနီရဲရောင်ကိုင်းသွားခြင်းဖြစ်သည်။
လုယွမ်ကျန်းကတော့ ရူကျောင်း၏ဖမ်းချုပ်ထားမှုကနေ လွတ်အောင် ရုန်းကန်နေရင်းဖြင့်
"ယွမ်ရိ၊ ဘာလို့ ချူးဝမ်ကို ရိုက်ရတာတုန်း။ ချူးဝမ်က သူမ မလုပ်ပါဘူးလို့ အတန်တန်ပြောနေတာလေ။ နင်မှာ လူသားဆန်စိတ်လေး နည်းနည်းလေးတောင် မရှိတော့ဘူးလား"
ဟု အော်ဟစ်သောင်းကျန်းနေသည်။
ဒါပေမဲ့ လုယွမ်ကျန်းအနေနဲ့ ဘယ်လောက်ဘဲ အော်ဟစ်သောင်းကျန်းနေပါစေ ရူကျောင်း၏ဖမ်းဆီးချုပ်နှောင်မှုအတွင်းကနေတော့ လွတ်မြောက်နိုင်ခြင်းအလျဉ်းမရှိခဲ့ပေ။
ယွမ်ရိက ရဲ့ချူးဝမ်အား ပါးရိုက်ပြီးသည့်နောက်မှာ အေးစက်စက်မျက်နှာထားဖြင့်
"အခု မှတ်မိသွားပြီလား"
ဟု မေးလိုက်သည်။
ရဲ့ချူးဝမ်ကတော့ ခေါင်းမာစွာဖြင့်ပင်
"နင် ဘာတွေပြောနေတာလဲ။ ငါတစ်ခုမှ နားမလည်ဘူး"
ဟု ပြောရင် 'ဘူး'တစ်လုံးဆောင်ရင်း ငြင်းဆန်နေလျက်ပင်။
'ဖြောင်းးးးးးးးးးးးးး'
ယွမ်ရိက ရဲ့ချူးဝမ်စကားဆုံးတာနဲ့ လက်ကိုအားပြင်းပြင်းလွှဲလျက် ထပ်ရိုက်ချလိုက်ပြန်သည်။
ဒီတစ်ကြိမ်မှာတော့ အရင်တစ်ကြိမ်ကထက်ပိုပြီး ပြင်းထန်ပေသည်။
ရဲ့ချူးဝမ်သည်လည်း ပါးစပ်အတွင်းမှ ချိုမြမြအရသာကို ခံစားမိလိုက်သည်။ သူမ ပါးကွဲသွားချေပြီ။
ဒါ့ကြောင့် ရဲ့ချူးဝမ်လည်း ဒေါသထွက်လာပြီး ယွမ်ရိကို ပြန်ရိုက်ဖို့ပြင်လိုက်သည်။
"နင်...."
ဒါပေမယ့် ယွမ်ရိက ရဲ့ချူးဝမ်၏လက်ကို ဖမ်းဆွဲလိုက်ပြီး
"အခုရော မှတ်မိပြီလား'
ဟု တူညီသော မေးခွန်းကိုဘဲ ထပ်မေးလိုက်သည်။
ရဲ့ချူးဝမ်လည်း သူမ၏လက်ကို ဖမ်းဆွဲထားသည့် ယွမ်ရိအား မော့ကြည့်လိုက်သည်။ ထိုအခါ ယွမ်ရိ၏အေးစက်စက်မျက်ဝန်းများနဲ့ အကြည့်စုံသွားကာ သူမတစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
ထို့နောက် စတင် ရယ်မောတော့သည်။သူမ၏ရယ်မောသံဟာ တဖြည်းဖြည်းဖြင့် ကျယ်လောင်လာခဲ့သည်။ ရဲ့ချူးဝမ်တစ်ယောက် စိတ်အခြေအနေ မူမမှန်တော့ချေ။
ထိုအချိန်မှာဘဲ ရူကျောင်းက
"လင်းယောင်ဆိုတာ ဘယ်သူလဲ"
ဟု ဝင်မေးလိုက်သည်။
ယွမ်ရိလည်း ရူကျောင်းကို လှည့်ကြည့်လိုက်သည်။ဒါပေမယ့် သူမက ရူကျောင်း၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ရူကျောင်းက စိတ်မသက်မသာ ဖြစ်နေသောလေသံဖြင့် ယွမ်ရိအား
"ရှောင်ရိ၊ နင်က ငါပို့လိုက်တဲ့စာတွေကို ကြားဖြတ်ယူထားလားဆိုတာကို ရဲ့ချူးဝမ်ကို မေးရမှာလေ။ ဘာလို့ မဆိုင်တဲ့ ဘယ်ကမှန်းမသိ လင်းယောင်အကြောင်းကို မေးနေရတာတုန်း။ မဟုတ်မှ အဲ့ဒီလင်းယောင်က မင်း ရည်းစားလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်တာတွေ၊ လင်းယောင်းဆိုတာ မိန်းကလေးဟဲ့"
ဟု ပြောရင်း ရူကျောင်းအား လိမ်လိုက်သည်။ သူမစိတ်ထဲမှာတော့ အပြစ်ရှိစိတ်လေး နည်းနည်းဖြစ်ပေါ်လာ၏။
"တကယ်ပြောတာလား"
ရူကျောင်းက မသေချာသောလေသံဖြင့် ပြန်မေးလိုက်သည်။
ရူကျောင်း၏များပြားလှသည့် မေးခွန်းတွေကြောင့် ယွမ်ရိ ဒေါသထွက်သွားတော့သည်။ ဒါ့ကြောင့် သူမက ဒေါသတကြီးဖြင့်
"ငါက ဒီမှာ ရဲ့ချူးဝမ်ကို စစ်မေးနေတာလေ။ အဲ့တာကို နင်ကနောက်ကနေ အရေးမပါတာကို ဘာလို့လိုက်မေးနေရတာလေ။ လင်းယောင်ဆိုတာ မိန်းကလေးလို့ ငါပြောပြီးပြီလေ"
ဟု အော်ပြောလိုက်တော့သည်။
ရူကျောင်းလည်း ထိုအခါမှ ခပ်ပြာပြာဖြင့်
"အေးပါ၊ အေးပါ။ ဒေါသမထွက်ပါနဲ့။ လင်းယောင်က မိန်းကလေးဆိုတာ ငါယုံပါပြီဟာ"
ဟု ပြောရင်း ယွမ်ရိကို အလျော့ပေးလိုက်ရသည်။
ထိုအချိန်တွင် ရဲ့ချူးဝမ်က အကြောင်းမဲ့ ရယ်မောနေရာကနေ ရပ်တန့်သွားသည်။ သူမက ရူကျောင်းကိုကြည့်ပြီး လှောင်ပြုံးလေးဖြင့်
"ဟားးး ဟားး ရူကျောင်း၊ နင်တော့ ယွမ်ရိဆီကနေ တကယ်ကြီး အရူးလုပ်ခံလိုက်ရတာဘဲ။ မသိရင် မှတ်ထား လင်းယောင်ဆိုတာက ယောက်ျားလေးဟဲ့၊ ယောက်ျားလေး။ ယွမ်ရိဆိုတဲ့ဟာမကလေ နင့်ကို ကြိုးရှည်ရှည်နဲ့လှန်ထားတာ။ သူမက နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတာဟဲ့"
ဟု အော်ဟစ် ပြောဆိုလိုက်သည်။
'ဖြောင်းးးးးးးး'
သူမစကားဆုံးတာနဲ့ ယွမ်ရိထံကနေ နောက်တစ်ချက် ထပ်ရိုက်ခံလိုက်ရပြန်သည်။
ယွမ်ရိက ရဲ့ချူးဝမ်၏အင်္ကျီကော်လံစကို
ဆွဲကိုင်လိုက်ပြီး
"နင့်ပါးစပ်က မဟုတ်တာတွေ ထပ်ထွက်လာရင် နင့်ပါးစပ်ကို ငါဆွဲဖြဲပစ်မယ်"
ဟု အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ရဲ့ချူးဝမ်ကတော့ ခနဲ့ပြုံးလေး ပြုံးလိုက်ပြီး
"ဘာလဲ ငါအမှန်တရားတွေ ပြောပြနေတာကို မကြိုက်ဘူးလား။ ငါဘယ်လောက်ဘဲ လိမ်ပြီးပြော,ပြော လင်းယောင်က ယောက်ျားလေးဆိုတဲ့အမှန်တရားက ပျောက်ကွယ်သွားမှာ မဟုတ်ဘူးနော်"
ဟု ပြန်ပြောလိုက်တော့သည်။
"သူ့အိမ်လိပ်စာက ဘာလဲ"
ယွမ်ရိက ရဲ့ချူးဝမ်နဲ့ စကားအများကြီး မပြောချင်တော့သည့်အတွက် သူမသိချင်နေသည့်အရာကိုဘဲ ထုတ်မေးလိုက်သည်။
ထိုအခါ ရဲ့ချူးဝမ်က ရူကျောင်းကိုလှည့်ကြည့်လိုက်ပြီး ပြုံးကာ
"မြင်လား၊ ရူကျောင်း။ သူမရဲ့စိတ်ထဲမှာ လင်းယောင်ရဲ့အနေအထားက နင့်ထက်သာတယ်"
ဟု ပြောကာ ယွမ်ရိနဲ့ရူကျောင်းကြား သွေးခွဲပြန်သည်။
ဆက်လက်ပြီး သူမက ခေါင်းတယမ်းယမ်းဖြင့်
"ကံမကောင်းတာက အဲ့အကောင်ရဲ့လိပ်စာကို ငါမသိဘူး။ စာတွေကိုလည်း ငါက မီးရှို့ပစ်လိုက်ပြီ"
ဟု ယွမ်ရိအား ပြန်ဖြေလိုက်သည်။
သူမစကားဆုံးတာနဲ့ ရူကျောင်းက ယွမ်ရိကို ပြဿနာရှာလိမ့်မည်ဟု သူမစိတ်ထဲ မျှော်လင့်ထားခဲ့သည်။
ဒါပေမယ့် သူမမျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။
ယွမ်ရိက ရဲ့ချူးဝမ်၏အင်္ကျီကော်လံအား ဆွဲထားတာကို လွှတ်ပေးလိုက်သည်။ ရူကျောင်းကလည်း လုယွမ်ကျန်းအား ဖမ်းချုပ်ထားခြင်းမှ ပြန်လွှတ်ပေးလိုက်၏။
"စာတွေ ဘယ်နှစ်စောင်ကို မီးရှို့လိုက်တာလဲ"
ယွမ်ရိ၏ နောက်ထပ်မေးခွန်းတစ်ခုကို ပြောင်းမေးလိုက်သည်။
"အိုးးး ဘယ်နှစ်စောင်ပါလိမ့်"
ရဲ့ချူးဝမ်က ယွမ်ရိအား ခနဲ့ချင်ဇောတွေများပြီး လုယွမ်ကျန်းပါရှိနေသေးတာကို မေ့သွားကာ
"ရူကျောင်းဆီက နှစ်စောင်၊ ချန်းဝေ့တုန်းဆီက နှစ်စောင်နဲ့ လင်းယောင်ဆီကတော့ သုံးစောင်လား၊လေးစောင်လားပဲ။ နင် သိတဲ့အတိုင်း ငါကမှတ်ဉာဏ် သိပ်မကောင်းဘူးလေ"
ဟု ပြောချလိုက်သည်။
စကားလွန်သွားပြီးမှ အခန်းထဲမှာ လုယွမ်ကျန်းပါရှိနေတာကို သူမသတိရသွားသည်။ ဒါ့ကြောင့် အထိတ်တလန့်ဖြင့် လုယွမ်ကျန်းကို ကြည့်လိုက်မိသည်။
ထိုအခါ သူမအား မယုံကြည်နိုင်ခြင်းများစွာ ဖြစ်နေသာမျက်ဝန်းများဖြင့် ပြန်ကြည့်နေသည့် လုယွမ်ကျန်းနဲ့ အကြည့်ချင်းစုံသွားတော့သည်။
လုယွမ်ကျန်းဟာ ရဲ့ချူးဝမ်ထံကနေ မမျှော်လင့်ထားတာတွေကြားလိုက်ရတာမို့ စိတ်ပျက်သွားရသည်။ထို့နောက် သူက သက်ပြင်းမောကြီးတစ်ခုကို ချလိုက်၏။ ပြီးတာနဲ့ ရူကျောင်းကို တွန်းဖယ်ကာ အခန်းအတွင်းမှ ထွက်သွားတော့သည်။
"အဲ့လိုမဟုတ်ဘူး"
ရဲ့ချူးဝမ်ဟာ အထိတ်တလန့်ဖြင့် လုယွမ်ကျန်း၏နောက်ကိုပြေးလိုက်ရန်ပြင်ပေမယ့် ယွမ်ရိက နောက်ကနေဆွဲထားကာ
"လင်းယောင်ရဲ့လိပ်စာကို ပြောစမ်း"
ဟု စစ်မေးလိုက်သည်။
အခုချိန်မှာ ရဲ့ချူးဝမ်၏စိတ်ထဲ လုယွမ်ကျန်းအထင်လွဲမသွားစေရန် ပြန်ရှင်းပြဖို့သာ စိတ်စောနေသည်။ ဒါ့ကြောင့် သူမက အလောတကြီး ဖြစ်နေသောလေသံဖြင့်
"ငါ့ကိုလွှတ်စမ်း။ နင့်အကောင်ရဲ့လိပ်စာကို ငါက ဘယ်လိုဖြစ်ပြီးတော့ မှတ်မိမှာတုန်း။ သူနေတာ ရှန်ဟိုင်းမြို့ကလွဲပြီး ကျန်တာဘာမှမသိဘူး"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိက ရဲ့ချူးဝမ်ကို ငုံ့ကြည့်ကာ
"နင်က စာထဲမှ ပါတဲ့ဟာတွေကိုကျ မှတ်မိပြီး လိပ်စာကိုမမှတ်မိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"
ရဲ့ချူးဝမ်တစ်ယောက် ယွမ်ရိ၏စစ်ဆေးမေးမြန်းမှုအောက်မှာ ငိုသံတွေပါ ထွက်လာကာ
"သူ့ရဲ့လိပ်စာကို ငါတကယ်မမှတ်မိဘူး။ အဲ့တာမှ မယုံရင်လည်း နင်လုပ်ချင်သလိုသာ လုပ်တော့ဟာ"
ဟု စိတ်လျော့လိုက်ဟန်ဖြင့် အဖြေပြန်ပေးလိုက်သည်။
ယွမ်ရိလည်း ဒီအခြေအနေမှာ ဘယ်လိုမှ စစ်ဆေးလို့ရမှာမဟုတ်တော့မှန်း သတိထားမိလိုက်သည်။ မူလက ပါးနှစ်ချက်လောက် ထပ်ရိုက်ချင်သေးပေမယ့် ရောင်ကိုင်းဖောရောင်နေသည့် ရဲ့ချူးဝမ်၏မျက်နှာကြောင့် မရိုက်ဘဲ အလျော့ပေးလိုက်ခြင်းပင်။
ထို့နောက် သူမက သက်ပြင်းချလိုက်ပြီး ရဲ့ချူးဝမ်အား လွှတ်ပေးလိုက်တော့သည်။
ယွမ်ရိ၏လက်ကလွတ်တာနဲ့ ရဲ့ချူးဝမ်ဟာ သီးသန့်ခန်းအတွင်းမှ လှစ်ခနဲ ပြေးထွက်သွားတော့၏။
ပြီးတာနဲ့ စားသောက်ဆိုင်အတွင်းကနေပါ ခပ်သွက်သွက်လေး ထွက်လာခဲ့တော့သည်။
စားသောက်ဆိုင်အပြင်ကိုရောက်တော့ ခပ်လှမ်းလှမ်းမှာ ဖြည်းဖြည်းချင်း လျှောက်နေသည့် လုယွမ်ကျန်းကို သူမတွေ့လိုက်ရသည်။
ဒါ့ကြောင့်သူမက လုယွမ်ကျန်းအနားသို့ မြန်မြန်ပြေးသွားပြီး
"ယွမ်ကျန်း၊ ငါတောင်းပန်ပါတယ်ဟာ။ ငါနင့်ကို မလိမ်သင့်ခဲ့ဘူး။ အဲ့ဒါတွေအကုန်လုံးက ယွမ်ရိကြောင့် ဖြစ်တာတွေချည်းဘဲ။ ယွမ်ရိကို ကြည့်မရဖြစ်လွန်းလို့ သူမရဲ့စာတွေကို ကြားဖြတ်ယူပြီး မီးရှို့ခဲ့မိတာပါ။ ငါ့ကို စိတ်မဆိုးပါနဲ့နော်"
ဟု သနားစဖွယ်အသံလေးဖြင့် ပြောလိုက်သည်။
လုယွမ်ကျန်းကတော့ ရဲ့ချူးဝမ်ကို မျက်နှာသေကြီးဖြင့်ကြည့်ကာ
"ရူကျောင်းရဲ့စာကိုရော ဘာလို့ကြားကနေ ဖြတ်ယူထားရတာတုန်း"
ဟု မေးလိုက်သည်။
ထိုအခါ ရဲ့ချူးဝမ်၏မျက်ဝန်းထဲမှ မျက်ရည်များစီးကျလာပြီး
"ငါက ယွမ်ရိနဲ့ရူကျောင်းကို အဆက်အသွယ်မလုပ်စေချင်ဘူး။ ဘာလို့လည်းဆိုတော့ ယွမ်ရိက ငါ့ရှေ့မှာ ရူကျောင်းနဲ့ခင်ပါတယ်ဆိုပြီး လာဂုဏ်ဆာပြလွန်းလို့ပါ"
ဟု ပလီပလာဖြင့်ရှင်းပြလိုက်သည်။
"ဒါဆိုရင် နင်က ရူကျောင်းကို သဘောကျနေတာလား"
လုယွမ်ကျန်းဟာ ဘယ်လိုမှ ထိန်းမထားနိုင်တော့သဖြင့် သူသိချင်တာကို တန်းမေးလိုက်တော့သည်။
"နင် ငါ့ကို ဘယ်လိုမိန်းမစားမျိုး ထင်နေတာလဲ။ရူကျောင်းရဲ့စာကို မီးရှို့ရုံနဲ့ ရူကျောင်းကို ငါက သဘောကျနေတယ်လို့ နင်ကသတ်မှတ်လိုက်တာလား။ ဒီမှာ။ နင်သိထားဖို့က ငါမရှို့လိုက်တဲ့စာထဲမှာ ချန်းဝေ့တုန်းနဲ့လင်းယောင်ရဲ့စာတွေလည်း ပါတယ်နော်။ ဒီလိုဆိုရင် ငါက ချန်းဝေ့တုန်းနဲ့လင်းယောင်ကိုပါ သဘောကျနေပါတယ်လို့ နင်သတ်မှတ်ဦးမှာဘဲလား။ ငါတကယ် သဘောကျတာက နင့်တစ်ယောက်တည်းကိုပါဟာ"
ရဲ့ချူးဝမ်က သူမမှန်တယ်ဆိုတဲ့အသွင်ကို ချက်ချင်းပြောင်းသွားကာ လုယွမ်ကျန်းက ဒေါသလေးစွက်နေသောအသံဖြင့် အော်လိုက်၏။
ရဲ့ချူးဝမ်၏စကားဆုံးတာနဲ့ လုယွမ်ကျန်းဟာ သက်ပြင်းချလိုက်ပြီး
"ရုတ်တရက်ကြီး နင်က ငါမသိတဲ့သူစိမ်းတစ်ယောက်ပုံစံ ဖြစ်သွားသလိုဘဲ"
ဟု ရေရွတ်လိုက်သည်။
ထိုရေရွတ်သံကြောင့် ရဲ့ချူးဝမ် အထိတ်ထိတ်အပြာပြာဖြစ်သွားပြီး
"ယွမ်ကျန်း၊ ဒါတွေအားလုံးက ယွမ်ရိအပေါ် အနိုင်လိုချင်လို့ ငါလုပ်ခဲ့မိတာပါဟာ။ ဒီအချက်လေးကြောင့်နဲ့ ငါတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကြားမှာ အဖုအထစ်တွေ ရှိလာလိမ့်မယ်လို့ ငါလုံးဝမျှော်လင့်မထားခဲ့ဘူး"
ဟု ရှင်းပြလိုက်၏။
"ယွမ်ရိက မင်းကိုအရင်အနိုင်ကျင့် ရန်စလို့အခုလို ပြန်လုပ်ရတယ်ဆိုတာကရော သေချာရဲ့လား"
လုယွမ်ကျန်းက ရဲ့ချူးဝမ်အား နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
ရဲ့ချူးဝမ်က တစ်ချက်ရှိုက်လိုက်ပြီးမှ
"သေချာပါတယ်ဟာ။ သူအိမ်ကိုရောက်လာကတည်းက ငါ့အပေါ်မှာ ရန်ငြိုးဖွဲ့ပြီး လိုက်တိုက်ခိုက်နေတာ။ သူရောက်လာတဲ့နေ့ကစပြီး ငါ့ဘဝကြီး စပျက်စီးတာဘဲ။ အကယ်၍ သူသာ ရောက်မလာခဲ့ရင် ငါ့ဘဝက သာသာယာယာလေးဖြစ်နေမှာ"
ဟု ပြန်ဖြေပေးလိုက်သည်။
ဆက်လက်ပြီး သူမက လုယွမ်ကျန်းအား သနားစဖွယ် အမူအရာလေးဖြင့် ကြည့်ကာ
"ပြီးတော့ ယွမ်ကျန်း၊ ငါ့အပေါ်မှာ သံသယဝင်တာမျိုးတွေ မဖြစ်ပါနဲ့လားဟာ။ ငါမခံစားနိုင်လို့ပါ။ ငါက နင့်အတွက်နဲ့ ငါ့မိဘတွေကို စွန့်လွှတ်ပြီး ဒီကိုလိုက်လာခဲ့ရတာနော်။ ငါ့မှာ နင့်တစ်ယောက်တည်းဘဲ ရှိတော့တာ။ နင်မရှိရင် ဒီလောကမှာ ငါရှိနေရတဲ့အကြောင်းပြချက်လေး ပျောက်ကွယ်သွားနိုင်တယ်"
ဟု ငိုမဲ့မဲ့လေသံလေးဖြင့် ပြောလိုက်သည်။
လုယွမ်ကျန်းတစ်ယောက် များပြားလှတဲ့အဖြစ်အပျက်တွေကြောင့် ခေါင်းရှုပ်လို့လာပြီဖြစ်သည်။ ဒါ့ကြောင့် သူက ရဲ့ချူးဝမ်အား
"ချူးဝမ်၊ ဒီရက်ပိုင်း ငါနင့်ဆီမလာတော့ဘူး။ ငါ ရက်အနည်းငယ်လောက် ခေါင်းအေးအေးထားပြီး စဉ်းစားဦးမယ်။ တစ်ယောက်တည်းဆိုပြီး နေချင်သလိုမနေနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော်"
ဟု ပြောလိုက်တော့သည်။
ထိုစကားတွေကို ပြောပြီးတာနဲ့ ရဲ့ချူးဝမ်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အဝေးကို ခပ်သွက်သွက်လေး လျှောက်သွားတော့၏။
"ယွမ်ကျန်းးးးး"
ရဲ့ချူးဝမ်က နောက်ကနေ လှမ်းခေါ်လိုက်သည်။
ဒါပေမယ့် လုယွမ်ကျန်းကတော့ လုံးဝ လှည့်မကြည့်ခဲ့ပေ။
ဒါ့ကြောင့် ရဲ့ချူးဝမ်ဟာ ရောက်ရာနေရာလေးမှာဘဲ ဒူးဆစ်တုတ်လျက် ထိုင်ချလိုက်ပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် စီးကျလာတော့သည်။
သူမ၏နှုတ်မှနေလည်း စကားတစ်ခွန်းတည်းအား တတွတ်တွတ် ရေရွတ်လို့နေသည်။
"ငါ့ကို မထားခဲ့ပါနဲ့"
"ငါ့ကိုမထားခဲ့ပါနဲ့"
"ငါ့ကိုမထားခဲ့ပါနဲ့"
ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့နှစ်ယောက်ကြားမှာ ကမ္ဘာပျက်တော့မတတ် ဖြစ်နေပေမယ့် ယွမ်ရိနဲ့ရူကျောင်းတို့ဘက်မှာတော့ စားကောင်းသောက်ကောင်း ဖြစ်နေခဲ့သည်။
သူမတို့နှစ်ယောက်က ရဲ့ချူးဝမ်တို့ ထွက်သွားပြီးသည့်နောက်မှာ စားပွဲထိုးအားခေါ်လျက် စားစရာသောက်စရာများ မှာယူခဲ့သည်။
ထို့နောက် ညစာ စားသောက်ခဲ့ကြ၏။
ညစာစားပြီးသည့်နောက်မှာ သူတို့ဟာ စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြ၏။ အပြင်မှာလည်း တအားကြီး မမှောင်သေးတာမို့ သူတို့နှစ်ယောက်ဟာ ပန်းခြံဘက်မှာ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။
တဖြည်းဖြည်းဖြင့် လမင်းကြီးဟာ ညအမှောင်ကောင်းကင်မှာ တဖြည်းဖြည်းချင်းဖြင့် ပြူထွက်လာ၏။
ယွမ်ရိနဲ့ရူကျောင်းတို့ဟာ ပန်းခြံအတွင်းမှ ခုံတန်းတစ်ခုမှာ ထိုင်နေရင်းဖြင့် ငွေသော်တာလမင်းကြီး၏ အလှတရားများကို ရှုစားနေခဲ့ကြသည်။
"လင်းယောင်ဆိုတာက ဘယ်သူလဲ"
ရူကျောင်းက ယွမ်ရိကို ထပ်မေးလိုက်ပန်ြသည်။
ယွမ်ရ်ိလည်း သက်ပြင်းချလိုက်ပြီးမှ
"လင်းယောင်ဆိုတာ ဖန်းမင်းတောင်ပေါ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူ့အဖေက အပြစ်တစ်ခုကြောင့် ငါတို့တောင်ပေါ်ကို ပြောင်းရွေ့ခံထားရတာလေ။ တောင်ပေါ်မှာ ရှိတဲ့တစ်လျှောက်လုံး လင်းယောင်က ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းနေတာ။ ငါက သူ့ဆီသွားဆော့ကစားရင်းနဲ့ သူငယ်ချင်းဖြစ်သွားကြတာ။အခုတော့ သူတို့လည်း ရှန်ဟိုင်းမြို့ကို ပြန်ပြောင်းသွားကြပြီ"
ဟု ပြန်ဖြေပေးလိုက်သည်။
"သာမန်သူငယ်ချင်းဘဲလား"
ရူကျောင်းက သေချာအောင် ထပ်မေးလိုက်ပြန်သည်။
"အင်းလေ"
ယွမ်ရိက အမှန်အတိုင်း ဖြေလိုက်သည်။
ထိုအဖြေကြောင့် ရူကျောင်းလည်း စိတ်သက်သာရာရသွားပြီး
"အဲ့တာဆို အရမ်းကောင်းတယ်"
ဟု ရေရွတ်လိုက်၏။
ယွမ်ရိက ရူကျောင်း၏ရေရွတ်သံကြောင့် ပြုံးမိသွားကာ
"ဘာတွေကောင်းနေတာတုန်း။ သူနဲ့ကလည်း နင့်လိုမျိုး ခင်တာပါ"
ဟု ပြောပြလိုက်သည်။
"အေးပါ၊ အေးပါ။"
ယွမ်ရိ၏နောက်ဆုံးစကားကြောင့် ရူကျောင်းခဗျာ အားလျော့သွားရသည်။
ပြီးမှ သူက
"ဒါနဲ့ အခု လင်းယောင်ဆိုတဲ့တစ်ယောက်နဲ့က အဆက်အသွယ်ပျက်သလို ဖြစ်နေတာပေါ့ ဟုတ်လား။ သူနဲ့ရော အဆက်အသွယ် ပြန်ရချင်သေးလား"
ဟု မေးလိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ
"တော်ပါပြီဟာ။ သူလည်း အခုချိန်မှာ ပတ်ဝန်းကျင်အသစ် သူငယ်ချင်းအသစ်တွေ ရနေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် သူနဲ့ကလည်း ပြန်တွေ့ဖို့က မလွယ်တော့ဘူးလေ။ တကယ်လို့ ပြန်တွေ့ဖြစ်ခဲ့ရင်တော့ အရင်လို ပြန်ရင်းနှီးတာမျိုးလည်း ဖြစ်နိုင်သလို။ သူစိမ်းတွေအဖြစ် ပြန်တွေ့ရတာလည်း ဖြစ်နိုင်တာဘဲ။ အရာရာဟာ ကံတရားအတိုင်းဘဲပေါ့"
ဟု ပြောပြလိုက်သည်။
ထို့နောက် သူမက
"တော်တော်လေး မှောင်လာပြီ။ ငါတို့လည်း ပြန်ကြစို့"
ဟု ရူကျောင်းကို ပြောလိုက်တော့သည်။
ထို့နောက် နှစ်ယောက်သား ပြန်လာခဲ့ကြတော့သည်။
လမ်းမှာ ရူကျောင်းက
"ဒါနဲ့ နင်က ဘယ်လိုမျိုး ယောက်ျားလေးတွေကို သဘောကျတတ်လဲ"
ဟု မေးလိုက်၏။
ယွမ်ရိက ခဏမျှစဉ်းစားပြီးမှ
"မပြောတတ်ဘူး။ အဆင်လေးတွေဆိုရင် အကုန် ကြိုက်တယ်ထင်တယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
ရူကျောင်း : "............."
"ဟီးးဟီးး စတာ၊ စတာ"
ယွမ်ရိက ရယ်လိုက်ပြီးမှ
"လောလောဆယ် ဘယ်သူ့မှ မကြိုက်ချင်သေးပါဘူးဟယ်။ တစ်ပတ်မှာ ခုနှစ်ရက်ရှိတာ ခြောက်ရက်က တက္ကသိုလ်မှာဘဲ ကုန်ဆုံးပြီး ကျန်တဲ့တစ်ရက်တောင်မှ ဈေးဆိုင်လေးနဲ့ လုံးပန်းနေရတဲ့ဟာကို။ ရည်းစားထားဖို့ အချိန်မရှိသေးပါဘူးဟယ်"
ဟု ရှင်းပြလိုက်၏။
ယွမ်ရိရဲ့စကားတွေကြောင့် ရူကျောင်းက နားမလည်ဟန်ဖြင့်
"နင့်အိမ်က နင့်ကို ထောက်ပံ့တယ် မဟုတ်ဘူးလား။ဘာလို့အဲ့လောက်တောင် ငွေရှာနေရတာတုန်း"
ဟု မေးလိုက်သည်။
"ဪ၊ နင်ကလည်း အိမ်က ထောက်ပံ့တာတော့ထောက်ပံ့တာပေါ့"
ယွမ်ရိက စကားအစချီလိုက်ပြီးမှ
"ဘယ်လောက်ပဲ အိမ်ကထောက်ပံ့ပေးနေပါစေ။ငါက ငါကိုယ်တိုင်ရှာထားတဲ့ ငွေကိုလည်း သုံးချင်စွဲချင်သေးတာကိုး။ ဒါ့ကြောင့်မို့ ငါကိုယ်တိုင် ငွေရှာနေတာ"
ထိုအခါ ရူကျောင်းက
"နင်တို့မိန်းကလေးတွေရဲ့စိတ်ကို ငါလုံးဝနားမလည်နိုင်တော့ဘူးဟာ"
ဟု သက်ပြင်းချရင်း ပြောလိုက်တော့သည်။
ယွမ်ရိက အပြုံလေးဖြင့်
"တကယ်တော့ အခုလို ဈေးဆိုင်ဖွင့်လိုက်တာကလည်း မဆိုးဘူးဟ။ တော်တော်လေး အလုပ်ဖြစ်တယ်။ လူတွေကလည်း ဒီလိုဆိုင်လေးတွေ ဘယ်လောက်အလုပ်ဖြစ်လည်း မသိကြသေးလို့သာ ငြိမ်နေကြတာ။ သိများသိသွားကြည့်ပါလား တစ်နိုင်ငံလုံး ကုန်စုံဆိုင်တွေချည်း ဖြစ်သွားလိမ့်မယ်"
ဟု ဟာသဖောက်ရင်းပြောလိုက်၏။
သူမဟာသလုပ်လည်း လုပ်ချင်စရာပေ။ သူမတို့ဆိုင်လေး၏ တစ်နေ့တာရှာနိုင်သည့်ငွေက တချို့အခြေခံလုပ်သားများ၏ တစ်လစာ ဝင်ငွေထက် အပုံကြီးသာနေလို့ပင်။
ဒီလိုနဲ့ ယွမ်ရိဟာ သူမအဆောင်ထဲ ဝင်ခါနီးမှာ ရူကျောင်းအား နှုတ်ဆက်လိုက်၏။
"ကောင်းကောင်းသွားနော်"
"အေးပါ"
ရူကျောင်းက ပြန်ပြောလိုက်သည်။
ထို့နောက် ယွမ်ရိက ရူကျောင်း၏မျက်စိရှေ့မှာဘဲ အဆောင်ထဲကို ဝင်သွားတော့သည်။