အပိုင်း - ၉၆.၁
ပူပြင်းလှသော နေရောင်ခြည်များကာ ပြတင်းတံခါးမှတဆင့် ယွမ်ရိတို့အိပ်ပျော်နေသော အခန်းထဲကို ပျံ့လွင့်နေသည်။
အိပ်ပျော်နေသော ယွမ်ရိဟာလည်း အညောင်းအညာဆန့်လျက် ဖြည်းညင်းစွာဖြင့် နိုးထလာတော့သည်။
ယွမ်ရိနိုးပြီးတခဏမှာဘဲ သူမဘေးမှာအိပ်ပျော်နေသည့် ယွမ်ချူးရွယ်ပါ နိုးလာခဲ့၏။ ယွမ်ချူးရွယ်က အိပ်ချင်မူးတူးဖြစ်နေသော လေသံဖြင့်
"အမ၊ ဘယ်နှစ်နာရီရှိပြီလဲ"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း အချိန်ကို ပြန်ကြည့်လိုက်ပြီးမှ
"ကိုးနာရီထိုးနေပြီ"
ဟု ပြန်ဖြေလိုက်တော့သည်။
မနေ့တုန်းက တစ်နေကုန်လျှောက်လည်ပြီး ပင်ပန်းနေခဲ့ကြတာမို့ အိပ်ကောင်းကောင်းဖြင့် နေမြင့်သွားရခြင်းပင်။ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ကလည်း ယွမ်ရိတို့ ပင်ပန်းနေမှန်းသိသဖြင့် မနှိုးခဲ့ကြပေ။
ယွမ်ချူးရွယ်လည်း ကုတင်ပေါ်ကနေ ထကာ ပြတင်းပေါက်တွင် ကာဆီးထားသော လိုက်ကာစကို ဖယ်လိုက်၏။ ထိုအခါ နဂိုကထက် ပိုပြီးစူးရှပြင်းထန်သော နေရောင်ခြည်များဟာ အခန်းထဲသို့ ဝင်ရောက်လာတော့သည်။
စူးရှလွန်းသောနေရောင်ခြည်ကြောင့် ယွမ်ရိ၏ မျက်ဝန်းများ မှေးကျဉ်းသွားခဲ့ရ၏။
ထို့နောက် ညီအမနှစ်ယောက်ဟာ ရေချိုးခန်းထဲကိုဝင်လျက် မျက်နှစ်သစ်၊ သွားတိုက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြတော့သည်။
ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်းဘင်းတို့ကတော့ တစ်ဖက်ခန်းတွင် အိပ်ပျော်နေကြဆဲဖြစ်၏။
မျက်နှာသစ်ပြီးသည့်နောက် ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာ မီးဖိုချောင်ထဲဝင်လျက် မနက်စာကို ပြင်ဆင်ချက်ပြုတ်ကြတော့သည်။ သူမတို့က ကြက်သွန်နီ၊ကြက်သွန်ဖြူတွေကို လှီးလျက် ခေါက်ဆွဲပြုတ်စားရန် စီစဉ်လိုက်ကြသည်။
မကြာခင်မှာဘဲ အနံ့အရသာဖြင့် ပြီးပြည့်စုံသော ခေါက်ဆွဲပြုတ်ကို ရရှိလိုက်သည်။
မွှေးပျံ့လွန်းသည့် ခေါက်ဆွဲရနံ့များကြောင့် ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့လည်း အိပ်ရာမှ နိုးလာကြကာ မီးဖိုချောင်အတွင်းသို့ လျင်မြန်စွာရောက်လာကြသည်။
ယွမ်ချူးရွယ်က
"ဟေးး မျက်နှာအရင်သွားသစ်ကြ"
ဟု အော်လိုက်သည်။
ယွမ်ဟောင်ဂျန်နဲ့ ယွမ်ဟောင်ဘင်းတို့လည်း ချက်ချင်းဘဲ ရေချိုးခန်းထဲ ဝင်သွားကြတော့သည်။
မျက်နှာသစ်ပြီးတဲ့နောက် သူတို့မောင်နှမလေးယောက်ဟာ ခေါက်ဆွဲပြုတ်များကို စားသောက်ခဲ့ကြတော့သည်။
ယွမ်ရိဟာ သူမ ပန်းကန်အတွင်းမှ ခေါက်ဆွဲပြုတ်များအား ကုန်အောင် စားသောက်ပြီးသည့်နောက်
"နှစ်ရက်လုံး လျှောက်လည်ထားတာဆိုတော့ အကုန်လုံး ပင်ပန်းနေကြမှာဘဲ။ ဒါ့ကြောင့် ဒီမှာဘဲ နားနားနေနေ၊ နေခဲ့ကြဦး။ အမလုပ်စရာလေးရှိလို့ သွားလုပ်လိုက်ဦးမယ်။ နေ့ခင်းပိုင်းကျရင် လာခေါ်လှည့်မယ်နော်"
ဟု ပြောလိုက်သည်။
ယွမ်ချူးရွယ်က
"အမက ဟိုနေ့က ဝယ်ထားတဲ့အဖွားကို ငွေသွားချေမလို့မလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ညီမ"
ဟု ပြန်ဖြေလိုက်၏။
ယွမ်ရိက
"အပြင်မှာက နေပူတယ်နော်။ တကယ်လိုက်မှာလား"
ဟု ယွမ်ကျဲအား ထပ်မေးလိုက်သည်။
ယွမ်ကျဲက ခေါင်းညိတ်ကာ
"ညီမ လိုက်ချင်တယ်"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိလည်း
"ကောင်းပြီလေ။ ဒါဆိုရင်လည်း လိုက်ခဲ့ပေါ့"
ဟု ယွမ်ကျဲအား ပြောလိုက်သည်။
တစ်ဖန်သူမက ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ဘက်ကို လှည့်ကာ
"နင်တို့နှစ်ယောက် မနက်စာစားပြီးရင် ခွက်တွေပန်းကန်တွေကို ပြောင်အောင်ဆေးထားလိုက်ကြနော်။ နေ့လယ်ကျရင်တော့ အပြင်မှာဘဲ ဝယ်စားနှင့်ကြ။ ငါငွေပေးထားခဲ့မယ်"
ဟု မှာထားခဲ့သည်။
"ဟုတ်ကဲ့၊ အမ"
ယွမ်ဟောင်ဂျန်က ခေါင်းညိတ်ရင်း ယွမ်ရိ၏စကားကို နားလည်ကြောင်း ပြန်ဖြေလိုက်သည်။
ထို့နောက် ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာ ယွမ်ကျဲ၏အိမ်ကနေ စက်ဘီးတစ်စီးဖြင့် ထွက်လာခဲ့ကြ၏။
ဤတစ်ခေါက်တွင်တော့ စက်ဘီးအား ယွမ်ရိက နောက်ကနေ လိုက်စီးကာ ယွမ်ချူးရွယ်က နင်းခဲ့သည်။
သူမတို့နှစ်ယောက်ဟာ ဘဏ်ကို အရင်ဦးတည်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ယွမ်ရိက သူမ၏ငွေအများစုကို ဘဏ်တွင် အပ်နှံထားခြင်းကြောင့်ပင်။ ဘဏ်မှ ယွမ် ၁၂၀၀၀ ကို ထုတ်ပြီးပြီးသည့်အခါ သူမတို့ညီအမနှစ်ယောက်က ယွမ်ကျဲထံ ထွက်လာကြပြန်သည်။
ယွမ်ကျဲထံသို့ ရောက်သောအခါ ယွမ်ရိက ယွမ်ကျဲအား အိမ်ဝယ်သည့်ကိစ္စနဲ့ပတ်သက်သည့် စာချုပ်စာတမ်းတချို့အား ပြင်ဆင်ပေးဖို့ အကူအညီတောင်းလိုက်သည်။
ယွမ်ကျဲက ယွမ်ရိလိုချင်သော စာချုပ်စာတမ်းများကို ပြင်ဆင်ပေးလိုက်ပြီးနောက်
"အမ၊ မြို့အတွင်းပိုင်းထဲက အိမ်ကိုဝယ်လိုက်တာလည်း မဆိုးပါဘူး။ ဒါမှ ညီမလည်း ခဏခဏလာလည်နိုင်မှာ။ မဟုတ်ရင် ညီမလည်း မြို့စွန်ပိုင်းက ဝေးတော့ ခဏခဏမလာဖြစ်ဘူး"
ဟု ပြောလိုက်သည်။
ယွမ်ရိမှာလည်း အစီအစဉ်ရှိပေသည်။ သူမက အဖွားကျောင်း၏အိမ်ကိုဝယ်ယူပြီးသည့်နောက်မှာ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့အား နေခိုင်းဖို့ စိတ်ကူးထား၏။ ဒါမှ မြို့အတွင်းပိုင်းမှာ ဖွင့်ထားသည့်ဆိုင်နဲ့လည်း နီးကာ သွားလာရတာလည်း ပိုပြီးတော့ လွယ်ကူသွားမှာပင်။
ဒါ့အပြင် ယွမ်တပေါက်လေးဟာလည်း ကျောင်းတက်ရတော့မည်ဖြစ်၍ မြို့အတွင်းပိုင်းကို ပြောင်းလာလိုက်ခြင်းက မှန်ကန်သော စီစဉ်မှုပင်ဖြစ်သည်။
မြို့စွန်က အိမ်ကိုတော့ ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ဖြင့် ထားခဲ့ရဦးမှာပင်။ ယွမ်ရွယ်လေးကလည်း ကျောင်းတက်ရမည့်အရွယ် မရောက်သေးသဖြင့် ထိုသို့စီစဉ်ထားခြင်းဖြစ်သည်။
ယွမ်ရိလည်း ယွမ်ကျဲပေးသော စာချုပ်ကိုယူလိုက်ပြီးနောက် လွယ်အိတ်ထဲသိမ်းလိုက်ပြီး
"အဲ့တာဆို အမတို့သွားတော့မယ်။ နင်လည်း အထဲကို ပြန်ဝင်တော့လေ"
ဟု ပြောကာ ယွမ်ကျဲကို နှုတ်ဆက်လိုက်သည်။
ယွမ်ကျဲလည်း ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့အား တဖန်ပြန်နှုတ်ဆက်လိုက်ပြီး ပညာရေးဌာနအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့လည်း ပညာရေးဌာနရှေ့ကနေ ထွက်လာခဲ့ကြ၏။
သူမတို့ညီအမနှစ်ယောက်ဟာ ယွမ်ကျဲထံကနေ ထွက်လာပြီးသည့်နောက် အဖွားကျောင်းထံ တန်းမသွားကြဘဲ နေ့လယ်စာ စားရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်အတွင်း ဝင်ထိုင်လိုက်ကြသည်။
သူမတို့နှစ်ယောက်ဟာ ပဲခေါက်ဆွဲ တစ်ယောက်တစ်ပွဲစီ မှာစားလိုက်ကြသည်။
ခေါက်ဆွဲစားနေစဉ်မှာ ယွမ်ရိက ယွမ်ချူးရွယ်ကို ကြည့်လျက်
"ချူးရွယ်၊ အဖေက ဘယ်အချိန်ပြန်မှာလဲ သိလား"
ဟု မေးလိုက်သည်။
ယွမ်ချူးရွယ်လည်း ခဏမျှစဉ်းစားပြီးမှ
"မနက်ဖြန်ညနေခင်းလောက်မှာ ရထားနဲ့ပြန်ကြမယ်ထင်တယ်"
ဟု သိပ်မသေချာသော လေသံဖြင့် ပြန်ဖြေပေးလိုက်သည်။
ယွမ်ရိက
"မြန်လှချည်လားဟယ်။ ဒါဆိုရင် အချိန်ရှိတုန်းလေး နင်တို့ကို ပေကျင်းမြို့က လည်ပတ်လို့ကောင်းတဲ့နေရာတွေ ပို့ပေးရမယ်။ ပေကျင်းမှာ တားမြစ်မြို့တော်တို့၊ ပြောင်းလဲခြင်း အဆောက်အဦးတို့ ပြီးတော့ နွေဦးနန်းဆောင်တို့တွေရှိတယ်။ နင်ကြိုက်တဲ့နေရာရွေးလိုက် အမ လိုက်ပို့ပေးမယ်"
ဟု ပြောလိုက်၏။
ယွမ်ရိ၏စကားလုံးများကြောင့် ယွမ်ချူးရွယ်၏ အကြည့်တွေ တောက်ပသွားကာ
"တကယ်ပြောတာလား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ နင်တို့တွေလည်း တစ်ခေါက်တစ်ခေါက် ဒီကိုလာဖို့က လွယ်တာမဟုတ်ဘူး။ ဒါ့ကြောင့် ရောက်တုန်းရောက်ခိုက် ပျော်စရာကောင်းတဲ့နေရာတွေကို လိုက်ပို့ပေးရမှာပေါ့"
"ရေးးးးး"
ယွမ်ချူးရွယ်လည်း ယွမ်ရိ၏စကားများကြောင့် ပျော်ရွှင်သွားပြီး
"ဒါမို့လည်း အမကိုချစ်နေရတာ"
ဟု အော််ဟစ်လိုက်တော့သည်။
ခေါက်ဆွဲပြုတ်စားပြီးသည့်နောက်မှာ သူတို့ နှစ်ယောက်ဟာ အဖွားကျောင်း၏အိမ်ကိုတန်းတန်းမတ်မတ် ထွက်လာခဲ့ကြ၏။
ဒါပေမယ့် အဖွားကျောင်း၏အိမ်ကို ရောက်တော့ အဖွားကျောင်းက သူမ၏အိမ်မှာ ရှိမနေချေ။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ ညီအမလည်း အဖွားကျောင်း၏အိမ်ရှေ့တွင် အဖွားကျောင်းပြန်လာမည့်အချိန်အား ထိုင်စောင့်နေခဲ့ကြသည်။
သူမတို့စောင့်နေသည့်နေရာနဲ့ မနီးမဝေးမှာတော့ ကလေးသုံးလေးငါးယောက်ခန့်ဟာ သံကွင်းပစ်တမ်း ဆော့ကစားနေကြ၏။ တစ်ယောက်၏သံကွင်းကို တစ်ယောက်က မှန်အောင် လိုက်ပစ်ကြရင်းဖြင့် ရယ်မောသံလေးများက တညံညံပင်။
ယွမ်ချူးရွယ်က ထိုကလေးများ ကစားနေသည်ကို ကြည့်၍ ပြုံးကာ
"ဟောင်ဂျန်တို့ ငယ်ငယ်တုန်းကလည်း ဒီကလေးတွေလိုမျိုး တအားဆော့တာ။ သူတင်မကပါဘူး ညီမသိသမျှကလေးတွေအကုန်လုံး သံကွင်းပစ်ဆော့တာကို တအားကြိုက်ကြတာ"
ဟု ပြောလိုက်သည်။
ယွမ်ရိဟာလည်း ထိုကလေးများ သံကွင်းပစ်တမ်းကစားနေကြတာကို ကြည့်လိုက်ပြီးမှ
"ငါတို့တောင်ပေါ်ကျေးလက်မှာတော့ အဲ့လို သံကွင်းပစ်တာမျိုး ဘယ်သူမှ မဆော့ကြဘူး"
ဟု ယွမ်ချူးရွယ်အား ပြောပြလိုက်သည်။
တောင်ပေါ်ဒေသဟာ ခေါင်ခိုက်လွန်းလှပေသည်။ ဒါ့ကြောင့် ထိုဒေသတွင် ကြီးပြင်းခဲ့သည့် ကလေးများ၏ ဆော့ကစားသည့်အရုပ်တွေဟာ မြို့ကြီးပြကြီးများတွင် ကြီးပြင်းခဲ့သောကလေးများနဲ့ မယှဉ်နိုင်တော့ချေ။
ဒါပေမယ့် သူ့ဟာနဲ့သူတော့ အကုန်ပျော်စရာများချည်းသာ။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အဖွားကျောင်းအား စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့ကြသည်။ မကြာခင်မှာဘဲ အဝေးတစ်နေရာမှ ခပ်ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသည့် အဖွားကျောင်းကို သူမတို့နှစ်ယောက် မြင်တွေ့လိုက်ရသည်။
ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ချူးရွယ်လည်း အဖွားကျောင်း၏အနီးကို ခပ်သွက်သွက်လေး သွားလျက် ဝိုင်းတွဲကူပေးလိုက်ကြသည်။
အဖွားကျောင်းက ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ကို မြင်တော့ အံ့အားသင့်သွားပြီးမှ
"ဟယ်။ သမီးတို့က ရောက်လာကြပြီကိုး။ အေးကွယ် အဖွားကလည်း အလည်လွန်နေမိတာကွယ်။သမီးတို့နှစ်ယောက် စောင့်နေရတာကြာပြီလား"
ဟု မေးလိုက်၏။
ယွမ်ရိလည်း ခေါင်းယမ်းကာ
"သမီးတို့ ရောက်တာလည်း မကြာသေးဘူးရယ်အဖွား။ ဒါ့ကြောင့် အကြာကြီး မစောင့်လိုက်ရဘူးရယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
ဒီလိုနဲ့ အဖွားကျောင်းကို တွဲကူရင်းဖြင့် အဖွားကျောင်း၏အိမ်နားကို ပြန်ရောက်လာကြသည်။
အဖွားကျောင်းဟု သူမ၏အင်္ကျီအိတ်ကပ်အတွင်းမှ သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပိတ်ထားသော ခြံတံခါးကို ဖွင့်လိုက်၏။
ထို့နောက် သုံးယောက်သား အိမ်ထဲကိုဝင်ခဲ့ကြသည်။
အိမ်ထဲကိုရောက်တာနဲ့ အဖွားကျောင်းက ထိုင်ခုံအတွင်း ဝင်ထိုင်လိုက်သည်။ ပြီးမှ ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ အိမ်ကိုဝယ်ဖို့အတွက် ရောက်လာတာမလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း အဖွားကျောင်း၏ရှေ့တွင် ဝင်ထိုင်လိုက်ပြီး ခေါင်းညိတ်ကာ
"ဟုတ်တယ် အဖွား။ အဖွားရဲ့အိမ်ကို တစ်ခါတည်းငွေချေဖို့အတွက် ငွေတောင်မှ သမီးယူလာခဲ့ပြီ။ ကျန်တဲ့လိုအပ်တာမှန်သမျှလည်း သမီးဆီမှာ ပါလာခဲ့တယ်အဖွား။ အခု အဖွားသာ ရောင်းမယ်ဆိုတာ သေချာတာနဲ့ တစ်ခါတည်း စာချုပ်ချုပ်ပြီး ငွေချေလိုက်ရုံလေးဘဲ"
ဟု ပြန်ဖြေပေးလိုက်တော့သည်။