အပိုင်း - ၁၀၁.၂
ယွမ်ရိ၏ကြေညာချက်ကို ယွမ်ချီကျီတစ်ယောက် နားမလည်လိုက်သဖြင့်
"ဘာပြောချင်တာလဲ"
ဟု ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ယွမ်ရိပြန်မဖြေခင်မှာဘဲ လင်းယောင်က
"တကယ်တော့ ယွမ်ရိနဲ့ကျွန်တော် ရည်ငံနေကြတာပါ"
ဟု လိုရင်းကို ပြောလိုက်တော့သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ကတော့ နဂိုကတည်းက ရိပ်မိနေသည့်အလား အံ့အားသင့်တာမျိုး မပြကြပေ။
ဒါပေမယ့် ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ လင်မယားနှစ်ယောက်ကတော့ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေကြ၏။
ခဏကြာမှ ရွယ်ဟောင်ဖန်းက
"ဒါက တကယ့်ကို သတင်းကောင်းပဲ"
ဟု ပြောရင်း တုံ့ပြန်လိုက်သည်။
ယွမ်ချီကျီကလည်း ဝမ်းသာအားရပြုံးလျက်
"ဟုတ်တာပေါ့။ ဒါက ပျော်ရွှင်ဝမ်းမြောက်စရာပါပဲ"
ဟု ဝင်ရောက် ထောက်ခံလိုက်သည်။
အစကတော့ သူမက သူမ၏တူမဖြစ်သူ၏ အိမ်ထောင်ရေးလက်တွဲဖော်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဝင်ခဲ့ရသည်။ လူဆိုတာမျိုးက သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရသည်။ ယွမ်ရိအတွက် အချိန်လွန်သွားမှာကို စိုးရိမ်ပြီး များပြားလှသော အောင်သွယ်တော်များနဲ့ပင် သူမက ဆက်သွယ်ခဲ့ဖူးသည်။
ဆက်လက်ပြီး သူမက
"ဒါနဲ့ နင်တို့ ဘယ်တော့လောက် ထိမ်းမြားကြမလဲ"
ဟု ယွမ်ရိကို မေးလိုက်သည်။
ယွမ်ရိက ပြုံးကာ
"လက်ထပ်ဖို့အတွက် အလျင်မလိုသေးပါဘူး။အချိန်တွေ ကျန်ပါသေးတယ်"
ဟု ပြန်ဖြေလိုက်၏။
"ဘာကိုအချိန်တွေ ကျန်သေးတယ် လုပ်နေတာလဲ"
ယွမ်ချီကျီက
"နင်တို့နှစ်ယောက်က ဟိုးးး ငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြတာလေ။တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းကြီး သိကြသလို၊ လူကြီးမိဘတွေချင်းကလည်း ရင်းနှီးနေကြတဲ့ဟာကို မြန်မြန်လက်ထပ်ကြတာမဟုတ်ဘူး*
ယွမ်ရိက အပြုံးလေးဖြင့်
"ဒေါ်လေးရယ်၊ အဲဒီအချိန်တွေတုန်းက သမီးရည်းစားတွေမှ မဖြစ်သေးတာ။ သမီးက ချစ်သူဘဝမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် အရင်ဆုံး အချိန်ယူလိုက်တာပါ။မဟုတ်လို့ရှိရင် အိမ်ထောင်ပြုပြီးမှ အဆင်မပြေဖြစ်တာတွေ ရှိလာမှာစိုးလို့"
ဟု ရှင်းပြလိုက်၏။
ဘေးမှာ ထိုင်နေသည့် လင်းယောင်က ယွမ်ရိ၏လက်ကို ကိုင်ကာ ပြုံးပြလိုက်သည်။
ယွမ်ချီကျီလည်း ယွမ်ရိ၏စကားတွေကို ပြန်စဉ်းစားပြီးသည့်နောက် ခေါင်းတညိတ်ညိတ်ဖြင့်
"အင်း။ နင်ပြောတာလည်း မှန်နေတာပါဘဲလေ"
ထို့နောက် သူတို့ဟာ စကားတပြောပြောဖြင့် ညစာစားကြတော့သည်။
ညစာစားပြီးချိန်မှာတော့ အပြင်မှာ နှင်းကျဆင်းနေတာတွေလည်း ရပ်သွားပြီဖြစ်သည်။
ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့က မြို့စွန်က အိမ်ကိုပြန်သွားကြသည်။ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ကလည်း သူတို့အိမ်ကိုသူတို့ ပြန်လာကြ၏။
လမ်းတွင် ချန်းဝေ့တုန်းက သက်ပြင်းတစ်ခုချရင်းနဲ့
"ငါ့ကောင်ကြီး အတွက်တော့ စိတ်မကောင်းစရာဘဲ။ဖွင့်ပြောဆိုတာကို မပြောဘဲနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတာ။ အခုတော့ သူ့ဂေါ်ဖီထုပ်ကြီး အခြားဝက်စားသွားပြီ"
ဟု ညီးညူလိုက်သည်။
ယွမ်ကျဲက သူမယောက်ျားကို မျက်စောင်းအသာခဲကာ
"လင်းယောင်လည်း မဆိုးပါဘူး။ အမနဲ့ အဆင်ပြေပါတယ်"
ဟု ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ယွမ်ကျဲကတော့ သူမ၏အမကို လင်းယောင်နဲ့သဘောတူသည်။ ငယ်ပေါင်းကြီးဖော်တွေလည်း ဖြစ်တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ခင်မင်နေကြတာကြောင့်လည်း ပါ၏။
ချန်းဝေ့တုန်းကတော့ ဘာမှ မပြောရဲသည့်အလား တစ်လမ်းလုံး ပါးစပ်ပိတ်လိုက်ခဲ့တော့သည်။
အိမ်ကိုပြန်ရောက်တော့ ယွမ်ကျဲက ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းတွင်းဝင်သွားလိုက်သည်။
ချန်းဝေ့တုန်းကတော့ စာရွက်နဲ့ဘောပင်ကို ထုတ်လျက် တစ်စုံတစ်ခုအား ရေးသားတော့၏။
ယွမ်ကျဲ ရေချိုးခန်းထဲက ပြန်ထွက်လာသည့်အခါ ကုပ်ကုပ် ကုပ်ကုပ်ဖြင့်စာရေးနေသည့် ယောက်ျားဖြစ်သူကို မြင်လိုက်ရတာမို့ ဘေးမှာ အသာဝင်ထိုက်လျက် စာကို အသံထွက်ဖတ်လိုက်သည်။
"သို့/
ချစ်ရတဲ့ညီကို။
မင်းကို သတင်းဆိုးတစ်ခု ပြောပြစရာရှိတယ်။
ယွမ်ရိလေ။ မင်းချိန်နေတဲ့ ပန်းလေးး။
သူများ ခူးသွားပြီကွ..............."
အစက ချန်းဝေ့တုန်းဟာ သူ့အာရုံနဲ့သူမို့ ယွမ်ကျဲဘေးမှာ ရောက်နေတာကို သတိမထားမိလိုက်ချေ။
ယွမ်ကျဲ၏ စာဖတ်သံထွက်လာမှ သတိဝင်သွားပြီး ရေးလက်စစာကို အမြန်ဖုံးကွယ်လိုက်ရကာ ယွမ်ကျဲအား သနားစဖွယ်မျက်လုံးများဖြင့် ကြည့်လိုက်တော့၏။
ယွမ်ကျဲ : "................"
ဒီလိုနဲ့ နှစ်သစ်ကူးပြီးသွားပြီဖြစ်ကာ ရက်အနည်းငယ်အတွင်းမှာပဲ နွေဦးပွဲတော်နဲ့ နီးကပ်လာသည်။
ယွမ်ရိတို့တတွေလည်း တောင်ပေါ်ကို ပြန်ရန်ပြင်ဆင်ကြတော့၏။
သူမတို့က သူမတို့၏အလုပ်တွေ အားလုံးကို နွေဦးပွဲတော်အတွင်း ပိတ်ထားလိုက်ကြ၏။
အလုပ်သမများကိုလည်း နားရက်ပေးထားသည်။ ဒါပေမယ့် ထိုအလုပ်သမလေးများထဲမှ တစ်ယောက်ကိုတော့ အိမ်သော့ပေးထားခဲ့ကာ အိမ်ထဲက ကြက်တွေကို ကြက်စာလာကျွေးပေးဖို့ အကူအညီတောင်းထားခဲ့ကြ၏။
ကံမကောင်းစွာနဲ့ လင်းယောင်၊ ယွမ်ကျဲနဲ့ ချန်းဝေ့တုန်းတို့ကတော့ တောင်ပေါ်ကို ပြန်လိုက်ကြမှာ မဟုတ်ပေ။ လင်းယောင်က အလုပ်မအားလို့ဖြစ်ပြီး ချန်းဝေ့တုန်းနဲ့ယွမ်ကျဲတို့ လင်မယားကတော့ ချန်းဝေ့တုန်း၏ဇာတိမြို့ကို သွားကြမှာမို့လို့ပဲ ဖြစ်သည်။
ယွမ်ရိတို့ ပြန်မည့်နေ့မှာပဲ လင်းယောင်က ယွမ်ရိအား စကားခနပြောမည်ဟုဆိုကာ အခန်းထဲ ခေါ်သွားသည်။ သူမပြန်ထွက်လာချိန်မှာတော့ သူမ၏လည်ပင်းပေါ်တွင် စတော်ဘယ်ရီသီးကြီး သုံးလေးလုံးလောက် သီးပွင့်နေ၏။
ယွမ်ရိလည်း ရှက်ရှက်ဖြင့်ပင် မာဖလာလေးတစ်ထည်အား လည်ပင်းတွင် ကောက်ပတ်ခဲ့သည်။
ယွမ်ရိတို့ဟာ နွေဦးပွဲတော်အမှီလေးမှာဘဲ ဖန်းမင်းတောင်ပေါ်ပြန်ရောက်ခဲ့ကြ၏။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကတော့ သူတို့၏သားမြေးတွေ ပြန်လာလို့ တပြုံးပြုံးတပျော်ပျော် ဖြစ်နေကြတော့သည်။
မြေးတွေကြားထဲ ယွမ်ကျဲကို မတွေ့ရတာကြောင့် လျူရှင်းဟွာက
"ရှောင်ကျဲက လိုက်မလာဘူးလား။ သူက ချန်းအာတို့ဆီ လိုက်သွားတာလား"
ဟု မေးလိုက်၏။
ယွမ်ချီကျီက
"ဟုတ်တယ် အမေ။ သူတို့က အဲ့ဒီကို သွားကြပြီ။ အမေတို့ကလည်းနော် ရှောင်ကျဲရဲ့ မဂ်လာပွဲတုန်းက ပေကျင်းကို လာပါဦးလို့ ဆိုတာကို မလာကြဘူး။"
ဟု အပြစ်တင်နေသော လေသံလေးဖြင့် စကားဆိုလိုက်သည်။
လျူရှင်းဟွာနဲ့ ယွမ်ကျီကောင်းတို့လည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ခပ်ပြုံးပြုံးလေးဖြင့် တိတ်နေကြတော့၏။
သူတို့တွေဟာ အသက်အရွယ်လည်း ရနေပြီဖြစ်တာမို့ သူတို့မွေးရပ်မြေ ရပ်ရွာလေးမှတပါး အခြားသောဘယ်အရပ်ကိုမှ ခရီးမထွက်ချင်ကြတော့ပေ။
ဒါ့ကြောင့် သူတို့က စကားလမ်းကြောင်း ပြောင်းရန်အတွက် ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ ရှောင်ကျဲတောင် အိမ်ထောင်ပြုပြီးတာ တစ်နှစ်ကြာပြီနော်။ နင်က သူ့ထက် အသက်တစ်နှစ်ပိုကြီးရဲ့သားနဲ့ မစွံသေးဘူးလား"
ဟု မေးလိုက်သည်။
ယွမ်ရိက သူ့အဖိုးအဖွားတွေကို ဖုံးကွယ်မထားဘဲ
"သမီးက စွံသွားပါပြီနော်"
ဟု ပြန်ပြောလိုက်၏။
ယွမ်ရိစကားကြောင့်
လျူရှင်းဟွာတစ်ယောက် ဝမ်းသာအားရဖြစ်သွားပြီး
"ဟုတ်လား။ အဲ့တာဆိုရင် ဒီကိုခေါ်ခဲ့လေ။ အဖွားတို့ ကြည့်ရအောင်"
ဟု အလောတကြီးဝင်ပြောလိုက်သည်။
ယွမ်ရိလည်း ခပ်ပြုံးပြုံးဖြင့်
"အဖွားတို့ ပေကျင်းကို လိုက်ခဲ့ရင် တွေ့ရမှာပေါ့"
ဟု ပြန်ပြောလိုက်၏။
ယွမ်ကျီကောင်း၊ လျူရှင်းဟွာ : "............."
'ဘာလို့ သူတို့ကို တောင်ပေါ်ကနေချည်း ခေါ်ထုတ်ချင်နေကြရတာလဲ???'
လင်မယားနှစ်ယောက် ပေကျင်းကို လိုက်ရန်အတွက် ယွမ်ရိ၊ ယွမ်ချန်းရှန်နဲ့ယွမ်ချီကျီတို့သုံးယောက်ခမျာ ရေကုန်ရေခန်းကြိုးစားကြရသည်။
နောက်ဆုံးမှာတော့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့လည်း သားမြေးတွေ၏ အလိုဆန္ဒကို လိုက်လျောကာ ပေကျင်းသို့ လိုက်ဖို့ သဘောတူလိုက်ရတော့သည်။
တကယ်တော့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ထံကနေ ထိုကဲ့သို့ သဘောတူညီချက်ရဖို့အတွက် ယွမ်ရိတို့ သုံးယောက်တင်မကဘဲ တစ်ရွာလုံးမှာ ရှိတဲ့ လူတွေကပါ ဝိုင်းဝန်းဖျောင်းဖျခဲ့ရသည်။
ယွမ်ကျီကောင်းတို့က မြို့ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီမို့ ယွမ်ရိတို့လည်း အဖိုးအဖွားတို့အတွက် အဝတ်အစားတွေကို ထုပ်ပိုးပြင်ဆင်ပေးကြတော့သည်။
ယွမ်ရိတို့ အဝတ်အစားတွေ ထုပ်ပိုးနေချိန်မှာ ယွမ်ကျီကောင်းက ယွမ်ချန်းကွေ့တို့ အိမ်ဘက်ကို ထွက်လာပြီး
"ချန့်ကွေ့၊ မင်းအမေနဲ့ငါက မြို့ပေါ်ကို သွားတော့မယ်။ ဒီမှာ ကျန်ခဲ့တဲ့ လယ်ကွက်တွေနဲ့ အိမ်တွေကို မင်းယူလိုက်တော့။ ရွှေသရဖူကျေးရွာက အဖိုးဆောင်းရဲ့ အိမ်တော့ မပါဘူးနော်။ ကျန်တာတွေတော့ မင်းအဆင်ပြေသလို ကြည့်စီစဉ်လိုက်"
ဟု ပြောလိုက်သည်။
ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့လည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြသည်။ယွမ်ချန်းကွေ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အဖေအား
"အဖေတို့ အကုန်လုံးက မြို့ကိုသွားတော့မှာလား။ ဒါဆို ကျွန်တော်တို့ကရော"
ဟု ပြန်မေးလိုက်သည်။
"ဟေ့ကောင်"
ယွမ်ကျီကောင်းက
"မြို့ပေါ်မှာ နေရတာ လွယ်တယ်များ ထင်နေလားကွ။ ရှောင်ရိ၊ ချီကျီ၊ ရွယ်ဖန်း၊ ချန်ခွန်းနဲ့ချန်းရှန်တို့ အကုန်လုံးက သူတို့ အလုပ်နဲ့သူတို့ ရှိတယ်ကွ။ ဟိုမှာ အလကား သွားနေလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ"
ဟု ရှင်းပြလိုက်၏။
ဆန်းရှောင်ဟိုင်ကတော့ လက်မခံချင်သေးဘဲ
"ကျွန်မတို့လည်း ဟိုမှာ အလုပ်လုပ်မှာပါ"
ဟု ပြန်ပြောလိုက်သည်။
"အဲ့ဒီမှာ မိုင်းတွင်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ မရှိဘူး။ ရှောင်ရိတို့ကလည်း ဝတ်စုံလုပ်ငန်းကို လုပ်တာဆိုတော့ မင်းတို့ မလုပ်တတ်လောက်ဘူးနော်"
ယွမ်ကျီကောင်းက သေသေချာချာ ရှင်းပြပြန်သည်။
"အဖေရယ်၊ ကျွန်မတို့ သင်ယူပါ့မယ်။ ကျွန်မတို့ရဲ့သားနှစ်ယောက်နဲ့ချွေးမတွေလည်း တတ်အောင် သင်ပါ့မယ်"
ဆန်းရှောင်ဟိုင်က ခေါင်းမာစွာဖြင့် ထပ်မံတောင်းဆိုလိုက်ပြန်သည်။
ယွမ်ရဲဟွာနဲ့ယွမ်ရွယ်ဂျင်းတို့ ညီအကိုနှစ်ယောက်ဟာ လွန်ခဲ့သော နှစ်အနည်းကတည်းက အိမ်ထောင်ကျခဲ့ကြပြီဖြစ်သည်။
ဆန်းရှောင်ဟိုင်ဟာ ယွမ်ကျီကောင်းအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့သည်။
သူမ၏ယောက္ခမတွေဟာ ဤတစ်ကြိမ်ထွက်သွားပြီးတာနဲ့ ပြန်လာဖို့ မသေချာတော့ချေ။ သူမတို့အနေနဲ့ကလည်း ဒီလို တောချုံတောင်ကြားမှာပဲ ပင်ပင်ပန်းပန်းဖြင့် တစ်သက်လုံး အလုပ် မလုပ်လိုချေ။ဒါ့ကြောင့် သူမတို့ကိုပါ မြို့ကိုအတူတူခေါ်သွားဖို့ မျှော်လင့်နေခဲ့၏။
ထိုအချိန်မှာဘဲ ယွမ်ချန်းကွေ့က ဒေါသထွက်နေသော လေသံဖြင့်
"အဖေတို့က မမိုက်ပါဘူးဗျာ။ ကျွန်တော်တို့ မိသားစုကိုပဲ ဒီတောချုံတောင်ကြားမှာ ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ထားကြတာဘဲ။ ကျွန်တော်ကလည်း အဖေ့သားပါဗျ။ ရဲဟွာတို့ကလည်း အဖေ့ရဲ့ မြေးတွေဘဲဟာကို။ ဘာလို့များ ကျွန်တော်တို့ကို ဂရုမစိုက်ဘဲ နေနိုင်ရတာလဲ"
ဟု အော်ဟစ်လိုက်သည်။
ယွမ်ချန်းကွေ့ရဲ့စကားတွေအဆုံးမှာ ယွမ်ကျီကောင်းသည်လည်း ဒေါသတွေ အတောင့်လိုက်ထွက်လာပြီး
"မင်းတို့ကို ဂရုမစိုက်ဘူးဟုတ်လား။ မင်းတို့ကို ဂရုစိုက်လို့ပဲ ဒီအိမ်အပါအဝင် ငါပိုင်ဆိုင်သမျှလယ်ယာတွေ အကုန်လုံးကို မင်းတို့ကို ပေးခဲ့တာပေါ့ကွ။ ပြီးတော့ ငါတို့က မြို့ကိုသွားရင် ရှောင်ရိရဲ့အိမ်မှာ နေမှာလေ။ မင်းတို့က ရှောင်ရိငယ်ငယ်တုန်းက သူမအပေါ် ဘယ်လိုဆက်ဆံခဲ့ကြလဲဆိုတာကို မေ့နေကြပြီလား။ ကိုယ့်ဘာသာ ရှက်တတ်ရင် လဲသေလို့ရနေပြီကွ"
ဟု ပြန်အော်လိုက်သည်။
ပြီးတာနဲ့ ယွမ်ချန်းကွေ့တို့အိမ်ဘက်ကနေ လှည့်ထွက်လာခဲ့တော့သည်။
ယွမ်ကျီကောင်းတစ်ယောက် ယွမ်အိမ်ဘက်ကိုပြန်ရောက်ပြီး မကြာခင်မှာဘဲ ဆန်းရှောင်ဟိုင်ရောက်လာသည်။
ဆန်းရှောင်ဟိုင်က
"အဖေ၊ အမေ။ ကျွန်မတို့ မလိုက်ရဘူးဆိုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရဲဟွာနဲ့ရွယ်ဂျင်းတို့တတွေကိုတော့ ခေါ်သွားပေးပါနော်"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ကျီကောင်းက တစ်ခုခုပြောရန်ပြင်လိုက်ချိန်မှာဘဲ ယွမ်ရိက
"ပေကျင်းမှာ နေရတာ လွယ်တာမဟုတ်ဘူး။ အလုပ်ကလည်း ရှားသေးတယ်။ တော်ရုံတန်ရုံ ရဖို့က မလွယ်ဘူးရှင့်"
ဟု ဝင်ပြောလိုက်သည်။
"ရှောင်ရိရယ်၊ နင့်အလုပ်က အဆင်ပြေနေတာဘဲ မဟုတ်ဘူးလား။ သူတို့တွေကို နင့်အလုပ်မှာဘဲ နေရာပေးလို့မရဘူးလား"
ဆန်းရှောင်ဟိုင်က ယွမ်ရိကို တောင်းဆိုလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"ကျွန်မရဲ့အလုပ်က အိမ်တွင်းလုပ်ငန်း အသေးစားလေးပါ။ လူကလည်း လုံလောက်နေပြီ။ ထပ်မလိုတော့ဘူး"
ဟု အပြတ်ငြင်းပစ်လိုက်၏။
ဆန်းရှောင်ဟိုင်လည်း အံ့တကြိတ်ကြိတ်ဖြင့်သာ ယွမ်အိမ်အတွင်းမှ ပြန်ထွက်လာရတော့၏။
ယွမ်ရိတို့ဟာ တောင်ပေါ်မှာ လေးရက်သာနေခဲ့ပြီး ပြန်ခဲ့ကြ၏။
အပြန်တောင်ဆင်းလမ်းတွင် လူကြီးများဖြစ်သည့် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကို ယွမ်ချန်းရှန်နဲ့ရွယ်ဟောင်ဖန်းတို့က ကျောပိုးသယ်ဆောင်ခဲ့ကြသည်။ ဒါ့ကြောင့် အလာတုန်းကထက် အချိန်ပိုကြာသွားခဲ့သည်။
တောင်ခြေက တုန်းဖန်မြို့ကိုရောက်တော့ ချန်ခွန်း၏မိဘအိမ်မှာဘဲ တစ်ညတာ အနားယူခဲ့ကြသည်။ နောက်ရက် မနက်အစောကြီးမှာ ချန်ခွန်း၏ဖခင်ဖြစ်သူက သူတို့ကို ရထားဘူတာရုံထိ ထော်လာဂျီဖြင့် လိုက်ပို့ပေးခဲ့သည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ အဖိုးအဖွား နှစ်ယောက်ကတော့ ရထားဘူတာရုံအတွင်း ဝင်လာပြီးကတည်းက စိတ်လှုပ်ရှားကာ အနည်းငယ် စိုးထိတ်နေကြ၏။
ယွမ်ကျီကောင်းဟာလည်း သူကိုယ်တိုင်က စိုးရိမ်မှုတွေရှိနေပေမယ့် သူ့ဇနီး လျူရှင်းဟွာ၏လက်ကိုတွဲကာ ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးခဲ့သည်။
သူတို့နှစ်ယောက်ဟာ ယွမ်ချန်းရှန်၏စီမံမှုအောက်မှာ ဘဲ ရထားပေါ်သို့တက်လျက် လက်မှတ်ဖြတ်ထားသော ခုံတွင် ဝင်ထိုင်လိုက်ကြတော့သည်။
စိတ်လှုပ်ရှားစိုးရိမ်နေသည့် ဇနီးသည်၏လက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ရင်းဖြင့် ဇနီးသည်အား လုံခြုံနွေးထွေးမှုခံစားရစေရန် ယွမ်ကျီကောင်းက ပြုလုပ်ပေးခဲ့သည်။
သူတို့အနေနဲ့ တစ်သက်လုံး တောင်ပေါ်မှာဘဲ နေကာ ခေါင်းချတော့မည်ဟု ဆုံးဖြတ်ထားပြီးမှ တောင်ပေါ်ကနေ ထွက်လာခဲ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
တော်သေးသည်က သားတွေ၊ သမီးတွေ၊ မြေးတွေနဲ့မို့ စိတ်ပေါ့ပါးသွားကာ သက်သောင့်သက်သာဖြင့် ခရီးထွက်နိုင်ခဲ့ပေတော့သည်။