အပိုင်း - ၃
နေမြင့်လာပြီ ဖြစ်တဲ့အတွက် လင်းယောင်လည်းအိမ်ပြန်ဖို့ ပြင်တော့သည်။ နိုး သကြားလုံးတွေ၊ကြက်ဥပြုတ်တွေနဲ့ စာအုပ်တချို့ကို သူ့ရဲ့ အဝါရောင်လွယ်အိတ်လေး အတွင်း သပ်သက်ရပ်ရပ်ထည့်လိုက်၏။ ဘယ်ဘက်လက်မှာလည်းတောင်စောင်းများအတွင်းမှ ခူးယူထားသည့်ကြက်သွန်မြိတ်များကို ကိုင်ထားကာ ညာဘက်လက်မှာတော့ ဝက်များကို ခြောက်လှန့်ဖို့အတွက်တုတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၏။
ဝက်များကို မိုးပျံ မျှော်စင်အတွင်းမှ ဝက်ခြံအတွင်းမှာ သေချာ သော့ခတ်ထားခဲ့လိုက်၏။
ဖန်းမင်းတောင်ပေါ်သို့ စပြောင်းလာကာစတွင် သူတို့ မိသားစု သုံးယောက်အတွက် နေရေး ထိုင်ရေးအခက်အခဲ အများကြီး တွေ့ခဲ့ရ၏။ ပတ်ဝန်းကျင်ကလည်း ဝက်များ၏ အညစ်အကြေးနံ့များဖြင့် ပြည့်နှက်နေကာ လုံးဝ သန့်ရှင်းမှု မရှိပေ။ ဒါပေမယ့် အချိန် အတော်ကြာပြီးတဲ့နောက်မှာ သူတို့မိသားစုအတွက် တဖြည်းဖြည်း အသားကျလာတော့သည်။
ဒါ့အပြင် နွားတင်းကုတ်တွေထဲမှာ နေရတဲ့ သူတွေထက်စာရင် သူတို့မိသားစုရဲ့ အခြေအနေကကောင်းမွန်တယ်လို့ သတ်မှတ်နိုင်ပါသည်။
ဖန်းမင်းတောင်ပေါ်မှာ တည်ဆောက်ထားသည့် မိုးပျံ မျှော်စင်ကြီးသည် တကယ်တော့ လူနေထိုင်ဖို့ဆောက်လုပ်ထားခြင်း မဟုတ်ပေ။ ထိုမျှော်စင်အားတိရိစ္ဆာန်များကို မွေးမြူရန်၊ ရိက္ခာများ သိုလှောင်ရန်နှင့် လယ်ယာသုံး ပစ္စည်းများ သိမ်းဆည်းရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်၏။
သူတို့ မိသားစု သုံးယောက်အတွက် ချွင်းချက်အနေဖြင့် မိုးပျံ မျှော်စင်အတွင်းမှာ အခန်း တစ်ခန်းကို ဖန်းမင်း စစ်တပ်၏ အရာရှိမှ ပေးထားခြင်းဖြစ်၏။
အခန်း တစ်ခန်းဟာ လူဦးရေ သုံးယောက်သာ ရှိသည့် သူတို့မိသားစုအတွက် လုံလောက်ခဲ့ပေသည်။
အခန်းအတွင်းကို ပြန်ရောက်တာနဲ့ လင်းယောင်ဟာသူ့ရဲ့ အဝါရောင် လွယ်အိတ်လေးအား နေရာတကျ ပြန်ထားလိုက်၏။ ထို့နောက် ဆန်အိုးအတွင်းမှ ဆန်တချို့ကို ထုတ်ယူလိုက်ကာ ရေစင်အောင်ဆေးလိုက်သည်။ ပြီးသည့်နောက် ထမင်းအိုအတွင်း သေချာထည့်ကာ မီးဖိုပေါ် တင်ထားလိုက်တော့သည်။
မြို့ပေါ်မှာ နေစဉ်အခါက လင်ယောင်အတွက်အလုပ်ဆိုတာ ချိုနဲ့လားဟု မေးရသကဲ့သို့ ဘာမှ လုပ်စရာ မလိုခဲ့ပေ။ ဖန်းမင်းတောင်ပေါ်ကို ရောက်ပြီးနောက်မှသာ မိဘများအား တစ်ဖက်တစ်လှမ်းမှကူညီပေးဖို့ တဖြည်းဖြည်း လေ့လာသင်ယူခဲ့ခြင်းဖြစ်သည်။ အခုချိန်မှာတော့ အဝတ်လျှော်၊ ထမင်းချက်၊ ဝက်နဲ့ ကြက်များကို ထိန်းကျောင်းရင်းဖြင့် မိဘများကို တတ်စွမ်းသလောက် ကူညီနိုင်ပြီ ဖြစ်ပေသည်။
ထမင်းအိုး တည်ပြီးသွားသည်နှင့် တောင်းစောင်းမှ ခူးလာသည့် ကြက်သွန်မြိတ်များကို ရွံ့များ ပြောင်အောင် ရေဆေးလိုက်သည်။ အမြစ်ပိုင်းကို ဖြတ်တောက်လိုက်ကာ သေးငယ်သော အစိတ်အပိုင်းလေးများ ဖြစ်သည်အထိ ပိုင်းဖြတ်လိုက်၏။ထို့နောက် ကြက်သွန်မြိတ် အပေါ်ကနေ အချဉ်ရည်တချို့ လောင်းထည့်လိုက်၏။
အခြားသော ဟင်းအနည်းငယ် ချက်ပြုတ်ပြီးသည့်အထိ သူ့အဖေ လင်းကျီးယွန်နဲ့ ကျောင်းရွယ်ယန်တို့နှစ်ယောက်ဟာ သူတို့ရဲ့အလုပ်များကို မပြီးစီးသေးပေ။
မိဘနှစ်ပါးရဲ့ အလုပ်များပြီးသွားသည့်နောက်မှာတော့ မိသားစု သုံးယောက်လုံး ထမင်းစာပွဲမှာ နေရာယူကာ စားဖို့ သောက်ဖို့ ပြင်ကြတော့၏။
လင်းကျီယွမ်နဲ့ ကျောင်းရွယ်ယန်တို့ နှစ်ယောက်ဟာလက်များကို စင်ကြယ်အောင် ဆေးကြောပြီး စားပွဲမှာ နေရာ ယူလိုက်ကြ၏။
လင်ယောင်ကတော့ ထမင်းစား စားပွဲမှာ မထိုင်သေးဘဲ အရင်ဆုံး အဝါရောင် လွယ်အိတ်လေးကို သွားယူလိုက်သည်။ ထို့နောက် အထဲမှ ကြက်ဥပြုတ် နှစ်လုံးနဲ့ နို့သကြားလုံး အချို့ကို ထုတ်ယူကာထမင်းစား စာပွဲပေါ် တင်လိုက်သည်။
ထိုအရာများကို မြင်တော့ ကျောင်းရွယ်ယန်ဟာအံ့အား သင့်သွားပြီး လင်းယောင်အား ...
"ဒါတွေ ဘယ်က ရခဲ့တာလဲ"
လင်ယောင်က ...
"မနေ့တုန်းက ကယ်ခဲ့တဲ့ ကောင်မလေးက ကျေးဇူးတင်တဲ့ အနေနဲ့ လာပေးသွားခဲ့တာ"
ကျောင်းရွယ်ယန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ...
"အင်းပါ။ အဲ့တာဆိုလည်း မင်း စားလိုက်လေ"
လင်းယောင်က ခေါင်းယမ်းလျက် ကြုက်ဥပြုတ်နှစ်လုံးကို သူ့မိဘ နှစ်ယောက်ရှေ့ အသီးသီး ပို့လိုက်ကာ ...
"အဖေနဲ့ အမေအတွက်" လို့ ပြောလိုက်သည်။
လင်းကျီယွမ်က သူ့ရှေ့မှ ကြုက်ဥပြုတ်အား သူ့သားထံ ပြန်ပေးလိုက်ကာ ...
"မင်းသာ စားစမ်းပါကွာ"
ကျောင်းရွယ်ယန်ကလည်း သူမ၏ ကြက်ဥပြုတ်ကို သူမ သားထံ ပေးကာ ...
"မင်း ကြိုက်တယ် မဟုတ်ဘူးလား။ ဝအောင် စား"
လင်းယောင်က ခေါင်းယမ်းလိုက်ပြီး ...
"ကျွန်တော်က နိုးသကြားလုံး စားမလို့ အဖေနဲ့ အမေသာ စားလိုက်ကြပါ"
သားအမိ သားအဖ သုံးယောက်၏ ကြုက်ဥပြုတ် ဘောလီဘော ပုတ်ပွဲဟာ အချိန်တစ်ခု ကြာတဲ့နောက်မှသာ ပြီးဆုံးသွားတော့သည်။
လင်းကျီယွမ်ရော၊ ကျောင်းရွယ်ယန်ပါ လင်းယောင်းအား အရှုံးပေးလိုက်ရတော့သည်။ ဒါကြောင့် သူတို့နှစ်ယောက်က ကြက်ဥပြုတ်ကို စားဖို့ဆုံးဖြတ်ခဲ့ပြီး လင်းယောင်ကတော့ နို့သကြားလုံးကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ကြတော့သည်။
ကျောင်းရွယ်ယန်ဟာ ကြက်ဥုပြုတ်ကို အခွံသင်နေရင်းဖြင့် ...
"ငါတို့ မိသားစုမှာ ဂုဏ်သတင်းက လူတွေ ကြားမှာသိပ်မကောင်းဘူး။ ဘယ်နေရာ သွားသွား နှိမ့်တဲ့အကြည့်တွေနဲ့ ကြည့်ခံရတယ်။ ဒါကြောင့် လူတွေနဲ့ တတ်နိုင်သမျှ ဆက်ဆံရေး မလုပ်ဘဲ နေကြရအောင်။ လူ အများကြီးနဲ့ ဆက်ဆံမိရင် ကိုယ့်အပေါ် မကောင်း ကြံစည်တတ်တဲ့သူတွေနဲ့ပါ တွေ့မိလိမ့်မယ်"
သူ့အဖေက အလုပ်မှာ အကြောင်းအရင်း မသိရသည့် အမှားအယွင်း တစ်ခုကို ကျူးလွန်မိသည့်အတွက် သည်လိုမျိုး ခေါင်လှသည့် နေရာမှာ အပြစ်ပေး ခံထားရခြင်း ဖြစ်ကြောင်း လင်းယောင် သဘောပေါက်ပါသည်။
သူ့အဖေဟာ အသက်အရွယ် ကောင်းမွန်သည့်အရွယ်မှာ ဖြစ်၍ တက်တက်ကြွကြွ ရှိခဲ့ဖူးသော်လည်း ဖန်းမင်းတောင်ပေါ်ကို ရောက်ပြီးကတည်းက စကား သိပ်မပြောတော့ချေ။
လင်းယောင်လည်း အတွေးများအား တောင်ရောက် မြောက်ရောက် မရောက်စေတော့ဘဲ ထမင်းပန်းကန်အတွင်းမှ ထမင်းကိုသာ ငုံ့စားလိုက်တော့သည်။
...…....................
ယွမ်မိသားစု အိမ်အတွင်း မျိုးဆက် သုံးဆက်မှ လူကိုးဦးဟာ ထမင်းစားပွဲကို ဝိုင်း၍ ထိုင်ကာ စားသောက်နေကြ၏။ တစ်ရက်နဲ့ တစ်ည ကြာပြီးတဲ့နောက်မှာ ယွမ်ရိဟာ ပတ်ဝန်းကျင် အသစ်မှာ လိုက်လျောညီထွေ ဖြစ်လုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဒါ့ကြောင့် သူမရဲ့ အစီအစဉ်ကို အကောင်းအထည် ဖော်ဖို့ ဆုံးဖြတ်လိုက်တော့၏။ ညစာ စားပြီးတဲ့နောက် အဖွား လျူရှင်းဟွာအား ...
"အဖွား၊ ဖန်းမင်းတောင်ပေါ်မှာ အထည်ချုပ်တတ်တဲ့သူ ရှိလား" လို့ မေးမြန်းလိုက်၏။
ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်က ယွမ်ရိ၏ စကားဆုံးတာနဲ့ ...
"ရှောင်ရိ၊ နင်က အထည် ချုပ်ချင်လို့လား။အဲ့အထည်ချုပ်သူကို ပေးရမယ့် အထည်ချုပ်ခက အရမ်း ဈေးကြီးတယ်နော်။ အိမ်မှာက အဲ့လောက်အများကြီး ရှိပါ့မလား မသိဘူး" လို့ အဖွား လျူရှင်းဟွားအား မထိတထိ ပြောလိုက်သည်။
ယွမ်ရိက ဒုတိယ အဒေါ်၏ စကားကြောင့် ခေါင်းယမ်းလိုက်ကာ ...
"အထည်ချုပ်ချင်လို့ မဟုတ်ပါဘူး။ အထည်ချုပ်တတ်အောင် သင်ချင်လို့ပါ"
ဒါကိုကြားတော့ ထမင်းစားပွဲမှာရှိသည့် ယွမ်မိသားစုဝင် အကုန်လုံး ယွမ်ရိအား အံ့အားတကြီး လှည့်ကြည့်လာကြတော့သည်။
အဘိုးယွမ်ကျီးကောင်းက ယွမ်ရိအား သံသယမျက်လုံးများဖြင့် ကြည့်ကာ ...
"မင်းက အထည့်ချုပ်တာကို သင်ယူချင်တယ်၊ ဟုတ်လား"
သူ မှတ်မိသလောက် ဆိုရင် သူရဲ့မြွေမလေးဟာချည်မျှင်များကိုပင် သေချာ ပိုင်နိုင်စွာ မကိုင်တွယ်နိုင်သေးပေ။
ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး ...
"ကျွန်မ အထည်ချုပ်တာကို တကယ် သင်ချင်တယ်"
ယွမ်ကျီကောင်းက ...
"ဘာလို အထည်ချုပ်တာကို သင်နေမှာလဲ။ အိမ်မှာပဲ နေပြီး အပေါက် အပြဲလေးတွေ အရင် ချုပ်တတ်အောင် လုပ်စမ်းပါဦး။ ပြီးတော့ အိမ်အတွက် လိုအပ်တဲ့ ငွေကို နင် ရှာပေးစရာ မလိုပါဘူး။ နင်လိုအပ်တာက နောက်ထပ် နှစ်နည်းနည်းလောက် နေရင် ကောင်းမွန်တဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်သွားဖို့ပဲ"
ယွမ်ရိဟာ အဘိုး ယွမ်ကျီကောင်း၏ စကားကြောင့်သူမ စိတ်ထဲ အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။ ဒါကလည်း အဘိုး ယွမ်ကျီကောင်းကိုအပြစ်တင်လို့ မရပေ။ 1970 ခုနှစ်တွေတုန်းကအမျိုးသမီးတွေရဲ့ ဘဝက လင်ယူ သားမွေးတာတွေပဲ လုပ်ဆောင်ရတာ ဖြစ်နေလို့ပင်။
ယွမ်ရိလည်း သူမ ပန်းကန်အတွင်းမှ ထမင်းကိုအပြီး သတ်လိုက်ကာ ...
"ဒါပေမယ့် ကျွန်မက တကယ့်ကို အထည်ချုပ်တာကို စိတ်ဝင်စားပြီး သင်ယူချင်နေတာပါ"
ယွမ်ရိ၏ စကားကြောင့် အဘိုး ယွမ်ကျီကောင်းဟာသူမကို စေ့စေ့ကြည့်လျက် ...
"ဘာလဲ။ နင်က အတောင်အလတ် စုံခါနီးတော့ ဒီအဘိုးကြီးရဲ့ စကားကို နားမထောင်ချင်တော့ဘူးပေါ့၊ ဟုတ်လား"
ယွမ်ရိက ခေါင်းယမ်းလျက် ...
"အဘိုး စကားကို နားမထောင်တာ မဟုတ်ပါဘူး။သမီး တကယ့်ကို အထည် ချုပ်တတ်ချင်လို့ပါ"
ယွမ်ကျီကောင်းလည်း သက်ပြင်းကို အသာချလျက် ...
"တကယ်သင်ချင်သပ ဆိုရင်တော့ ငါလည်း မတားပါဘူး။ ဒါပေမယ့် ဟိုက မင်းကို သင်ပေးမလား၊ မသင်ပေးဘူးလား ဆိုတာကိုတော့ ငါလည်း မသိဘူးနော်"
ဖန်းမင်းတောင်ပေါ်မှာ ရှိသည့် အထည်ချုပ်သူအကြောင်း ပြောရမယ်ဆိုရင် ပြောစရာ အချက်တွေ အများကြီး ရှိနေပါ၏။ ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်က ...
"ရှောင်ရိ၊ စက်ချုပ် သမားနဲ့ ပတ်သတ်ပြီး ပြောရရင် သူက တကယ့်ကို ထူးဆန်းတဲ့ လူပဲ။ သူကအသက်အရွယ် အတော်လေး ကြီးနေပေမယ့်လက်ထပ်ထားခြင်း လုံးဝ မရှိဘူးတဲ့။ အဲ့တာ ဘာကြောင့်လို့ နင် ထင်လဲ"
ယွမ်ရိလည်း သူမ မှတ်ဉာဏ်များ အတွင်း ပြန်လည်ရှာဖွေ ကြည့်လိုက်သော်လည်း ထိုအကြောင်းအရာများကို မတွေ့ခဲ့ရပေ။ ဒါကြောင့်ခေ ါင်းယမ်းလျက် ...
"ဘာကြောင့်လဲ"
ဆန်းရှောင်ဟိုင်က ...
"သူက ငယ်ရွယ်တဲ့ အချိန်မှာ ကတည်းက အထည်ချုပ်တတ်ပြီး ရုပ်ရည် ချောမောတာကြောင့် ငါတို့ဒေသမှာ ရှိတဲ့ မိန်းကလေး အများစုရဲ့ ရင်ထဲကနှင်းဆီခိုင် ဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ လက်မထပ်ခဲ့ဘဲ အခုချိန်အထိ လူပျိုကြီးလုပ်နေခဲ့တာ။ လူပျိုကြီးဆိုတော့ နင်လည်း သိတဲ့အတိုင်း အနည်းငယ်တော့ ဇီဇာ ကြောင်တတ်ကြတာ မလား။ ဒါ့ကြောင့် သူ့ဆီမှာ အထည်ချုပ်တာ သွားသင်ရင် နင် အခက် တွေ့နိုင်တယ်နော်"
အဖွား လျူရှင်းဟွာကလည်း ထပ်ပြောလိုက်သည်။
"တကယ်တော့ အထည်ချုပ်တဲ့သူ လက်မထပ်တာက အကြောင်းအရင်း ရှိတယ် ဟဲ့။ သူက သူ့အတွက် သင့်တော်မယ့် မိန်းကလေး တစ်ယောက် ရှာဖွေခဲ့သေးတယ်လို့ အဲ့တုန်းက ကြားမိလိုက်သေးတယ်။ ဒါပေမယ့် သူ မတွေ့ခဲ့ဘူးလေ။ ဒါ့ကြောင့် လူပျိုကြီး ဖြစ်နေတာ"
ဒါကိုကြားတော့ ယွမ်ရိက ထောက်ခံသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ ...
"ဒီကိစ္စမှာ အဲ့လူ မမှားဘူး။ ကိုယ့်အတွက် သင့်တော်တဲ့ သူကို ရှာဖွေခဲ့ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူးလေ။ ဒီတော့ လက်မထပ်တော့ဘူးပေါ့။ ဒါက တွေးတတ်ရင် တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါဘဲ"
ထိုစကားကြောင့် လျူရှင်းဟွာက ယွမ်ရိအား ...
"အိုး၊ နင် စကားတွေ တော်တော်တတ်လာတာဘဲ"
လို့ စနောက်လိုက်တော့သည်။
ဒုတိယမြောက် ဦးလေး ယွမ်ချန်းကွေ့က သူ့ရဲ့ ပန်းကန်းနဲ့ တူကို စားပွဲပေါ် ချလိုက်ပြီး ...
"ဖန်းမန်းတောင်ပေါ်မှာ ရှိတဲ့ လူအများအပြားက သူ့ဆီမှာ သွားပြီး အထည်ချုပ်တာ သင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် တစ်ယောက်မှ ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်း မလာခဲ့ကြဘူး။ ရှောင်ရိ၊ နင်ကတကယ် သင် ဖို့ဆုံးဖြတ်ထားရင် သေသေချာချာလေ့လာ သင်ယူမှ ဖြစ်မယ်နော်"
ယွမ်ရိက ယွမ်ချန်းကွေ့အား ယုံကြည်မှု အပြည့်ဖြင့်
"စိတ်ချပါ ဒုတိယ ဦးလေး။ သမီး သေသေချာချာ သင်ယူပါ့မယ်"
အဖိုး ယွမ်ကျီကောင်းက ...
"အပြောကတော့ ရွှေမန်းဘဲနော်။ နောက်မှ ခက်လှပါချည်ရဲ့ မလုပ်နဲ့"
"စိတ်ချပါ အဖိုးကလည်း။ သမီးက သေသေချာချာ သင်ယူမှာလို့ ပြောပြီးပြီဘဲကို"
ညစာ စားပြီးတဲ့နောက် ယွမ်ရိဟာ စားသောက်ပြီးသား ပန်းကန်းများကို ဝိုင်းဝန် းဆေးကြောပေးခဲ့၏။
ဖန်းမင်းတောင်မှာ ရှိသည့် အထည်ချုပ်သူထံမှပညာများ သင်ကြားလိုလျှင် အရင်ဆုံး လက်ဆောင်အချို့ဖြင့် ဂါရဝ သွားပြုတာက ထိုလူထံမှ အကောင်းမြင်စိတ် တချို့ ရရှိနိုင်ပေသည်။သူမတို့ အိမ်၌ ကြက်မများ ရှိ၍ ကြက်ဥများ အတော်အသင့် ရှိတာမို့ အထည်ချုပ်သူထံ ကြက်ဥများအား လက်ဆောင်အဖြစ် ပေးတာ ပိုသင့်တော်မည်ဟု ယွမ်ရိ တွေးမိလိုက်၏။ ဒါ့ကြောင့် အဖွားလျူရှင်းဟွာ အနားသို့ တိုးကာ ...
"အဖွား ကြက်ဥခြင်း နှစ်ခြင်းလောက် ခဏ ငှားလို့ ရမလား။ အထည်ချုပ်တတ်သွားရင် ပြန်ပေးပါ့မယ်"
လျူရှင်းဟွာက သူမကို စေ့စေ့ကြည့်ကာ ...
"မင်း တကယ် လေ့လာချင်နေတာလား"
ထိုစကားကြောင့် ယွမ်ရိ သုံးမိနစ်လောက် ငြိမ်သက်သွားခဲ့သည်။ သူမအနေနဲ့ အထည်ချုပ်သမားဆီကနေ တကယ်ကြီး သွားသင်မလို့ မဟုတ်ပေ။ အမှန်တကယ်က ထိုအထည်ချုပ်သမားကို ကာဗာအဖြစ်လိုချင်ရုံ သက်သက်။
'ဟာသဘဲ။ သူမလို ခေတ်သစ်ရဲ့ဖက်ရှင် ဒီဇိုင်းနာတစ်ယောက်အနေနဲ့ ကိုယ်ချုပ်ချင်တဲ့ ပုံစံကိုအလွယ်တကူ ချုပ်တတ်တာပေါ့။ သင်စရာ လိုသေးလို့လား'
ဒါပေမယ့် အပြင်မှာတော့ အမြန်ခေါင်းညိတ်လိုက်ကာ ...
"တကယ် သင်ချင်တာပါ အဖွား"
လျူရှင်းဟွာက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ...
"ကောင်းပါပြီ ကွယ်။ ငါ့ မြေး သဘောအတိုင်းပေါ့"
လို့ ပြောရင်း ခွင့်ပြုပေးလိုက်တော့သည်။
ယွမ်ရိအား အထည်ချုပ်လုပ်ခြင်း သင်ယူရာမှာတတ်မြောက်နိုင်မယ်လို့ သူမ ထင်မှတ်ထားခြင်း မရှိပေမယ့် ယွမ်ရိ စိတ်ချမ်းသာအောင် ခွင့်ပြုပေးခဲ့သည်။ ယွမ်ရိ၏ မိဘတွေဟာ စစ်တပ်ထဲမှာ ဖြစ်ပြီးမိဘနဲ့ ဝေးကွာနေရတာကြောင့် ယွမ်ရိ စိတ်ချမ်းသာအောင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပေသည်။
သူမတို့ နှစ်ယောက်၏ရစကားများအား ဒုတိယ အဒေါ် ချောင်းနားထောင်နေကြောင်း သူမတို့ မြေးအဖွား နှစ်ယောက်လုံး မသိခဲ့ကြပေ။ ဒုတိယ အဒေါ်ဆန်းရှောင်ဟိုင်လည်း သူမတို့ အခန်းထဲ ပြန်ရောက်တာနဲ့ သူမ ယောက်ျားအနား သွားကာ ...
"ရှင့် တူမကို အထည်ချုပ်တာ သင်ပေးဖို့အတွက်အိမ်က တော်တောလေး စိုက်ထုတ်ထားတာပဲ။ ဟိုက သင်ပေးမယ်လို့တောင် မပြောရသေးဘူး၊ အိမ်က ကြက်ဥခြင်း နှစ်ခြင်းတောင် လက်ဆောင် အဖြစ် ပေးတော့မယ်။ ဒါတွေကို ရှင် သိရော သိရဲ့လား"
ယွမ်ချန်းကွေ့ကတော့ ကုတင်ပေါ်မှာ မှိန်းလျက် သူ့မိန်းမပြောသည့် စကားများကို ကြားတစ်ချက်၊ မကြားတစ်ချက်ဖြင့် နားထောင်နေခဲ့၏။
သည်ရက်တွေ အတွင်း ဆန်းရှောင်ဟိုင်ဟာ စိတ်ဆင်းရဲနေခဲ့သည်။ သူမဟာ ယောက္ခမ၏ ဆယ်နှစ်ကျော် ဖိနှိပ်မှုတွေကို မြိုသိပ်ခံစားခဲ့ရပြီး အခုအချိန်မှပေါက်ကွဲခါနီး မီးတောင်ကြီးကဲ့သို့ ဖြစ်နေ၏။
ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ယွမ်ချန်းကွေ့အား စကား ဆက်ပြောလိုက်သည်။
"ရှင်လည်း သိမှာပဲ။ ဒီရက်ပိုင်းအတွင်း အိမ်ကထမင်းစားပွဲပေါ်မှာ ရှိတဲ့ ဟင်းခွက်အရေအတွက် နည်းနည်းသွားတာကို။ ဒီလိုမျိုးသာ ဆက်ဖြစ်နေရင် နောက်ဆုံးမှာ ထမင်းကို ရေနဲ့ မျှောချရလိမ့်မယ်ရှင့်"
သူမ စကားဆုံးတာနဲ့ ယွမ်ချန်းကွေ့၏ မှေးနေသောမျက်လုံးများ ပွင့်လာကာ ...
"ဘာလို့ ဒီလိုတွေ လျှောက်တွေးနေရတာလဲ။ ဘာမှ လျှောက်တွေးမနေနဲ့၊ အရာရာ အဆင်ပြေသွားပါလိမ့်မယ်"
သူမ ယောက်ျား၏ စကားကြောင့် ဆန်းရှောင်ဟိုင် ဒေါသတွေ ထွက်လာကာ ...
"အဆင်ပြေသွားလိမ့်မယ်၊ ဟုတ်လား။ ဒီမယ်၊ ယွမ်မိသားစုထဲမှာ အစ်ကိုကြီးကို စစ်တပ်ထဲ ပို့ပြီး ရှင့်ကို တောင်ပေါ်မှာ သတ္တုတွင်း တူးခိုင်းတယ်။ ရှင်တို့ဆီကရတဲ့ ငွေတွေကို အရင်တုန်းက မျှမျှတတ သုံးစွဲခဲ့တာမို့ ကျွန်မ သည်းခံပြီးတော့ နေခဲ့တယ်။ ဒါပေမယ့် အခု ရှင့်အမေက ရှင်တို့ဆီက ရတဲ့ ငွေတွေကို သူ့ရဲ့ ပြဿနာကောင် ယွမ်ချန်ရှန်း မင်္ဂလာ ဆောင်ရာမှာ သုံးဖို့အတွက် စုဆောင်းနေခဲ့တာ။ ပြီးတော့ ရှင့် တူမ ရှောင်ရိအတွက် ကြက်ဥ နှစ်ခြင်းကြီးတောင် ဆိုတော့ မများလွန်းဘူးလား ရှင်။ ရှင့်မှာသာ ဦးနှောက် ရှိတယ်ဆိုရင် သေချာ စဉ်းစားကြည့်စမ်းပါ"
အမေ ပြောတော့ တစ်ဘဝ၊ မယားပြောတော့ တစ်ည၊ဆိုသလို၊ယွမ်ချန်းကွေ့လည်း သူမိန်းမ လေသံထဲတစ်ဖြည်းဖြည်း မျောပါလာတော့သည်။
ဒါကို မိန်းမလည် သိန်းကြွယ် ဆန်းရှောင်ဟိုင်ကသတိထားမိလိုက်ပြီး သူမရဲ့ စကားကို ဆက်ပြောတော့သည်။
"ဒီလိုမျိုးချည်း ဆက်ဖြစ်နေမယ် ဆိုရင် ကျွန်မတို့ရဲ့စာဝတ် နေရေးတွေ ခက်ခဲကုန်လိမ့်မယ်။ ရှင့်အမေက မိသားစု ငွေတွေ အကုန်လုံးကို လူနှစ်ယောက်အတွက်နဲ့ အကုန် အသုံးပြုတော့မယ်။ ကျွန်မတို့အတွက် ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ရှင့်ညီကလည်း အိမ်ထောင်ပြုပြီး၊ ကလေးတွေ ရလာတဲ့အခါ မိသားစုအတွင်း လူဦးရေ တိုးလားမယ်၊ အဲ့လူတွေ အကုန်လုံး ထောက်ပံ့နိုင်ဖို့က ရှင်နဲ့ရှင့် အကိုကြီးအတွက် တတ်နိုင်ပါတော့မလား၊ စဉ်းစားလေ"
ယွမ်ချန်းကွေ့က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပြီးနောက် ...
"အဲ့တာဆိုရင် ငါတို့တွေ ဘာဆက်လုပ်ကြမလဲ"
ထိုမေးခွန်းကြောင့် ဆန်းရှောင်ဟိုင်က ယွမ်ချန်းကွေ့အား မျက်ဒေါင့်နီဖြင့် ကြည့်လျက် ...
"ယွမ်ချန်းကွေ၊ ရှင်ဟာလေ၊ ကျွန်မ, မပါရင် ဘာမှကို မပြီးတော့ဘူး။ ကျွန်မတို့ အိမ်ခွဲနေမှ အဆင်ပြေတော့မှာပေါ့ရှင့်"
ထိုစကားကြောင့် ယွမ်ချမ်းကွေ့ရဲ့ မျက်နှာပေါ်မှာတွေဝေမှုတချို့ ဖြစ်ပေါ်လာကာ ...
"အဲ့လိုမျိုးကျ ကောင်းပါ့မလား ဟာ။ တကယ့်လို့ ငါသာ အိမ်ခွဲသွားခဲ့ရင် ငါ့ မိသားစုက အစ်ကိုကြီးရဲ့ ဝင်ငွေ တစ်ခုတည်းနဲ့ရ ပ်တည်နိုင်မယ် မထင်ဘူးနော်"
ဆန်းရှောင်ဟိုင်က ...
"ရှင့်မလည်းနော်၊ အဲ့တာတွေကို တွေးပူမနေနဲ့။ ရှင့်စကားနဲ့ ပြန်ပြောရရင် သူတို့လည်း အဆင်ပြေသွားမှာပေါ့။ ကျွန်မ အခု ပြောနေတာက ကျွန်မတို့ ကလေးတွေရဲ့အနာဂတ် အတွက်နော်" လို့ စကား အကုန် ပြောလိုက်တော့သည်။
ယခုလိုမျိုး စကား အကုန် ပြောပြီးသည့်အထိတိတ်ဆိတ်နေသည့် ယွမ်ချန်းကွေ့ကြောင့် ချန်းရှောင်းဟိုင် ဒေါသတွေ ပိုထွက်လာကာ ...
"ကောင်းပြီ။ ကျွန်မ အခု အကောင်အထည် ဖော်တော့မယ်။ ရှင်က နောက်ကနေ ကျွန်မကို အဖော်ပြုပေး"
ထိုသို့ ပြောပြီးသည့်နောက် ဆန်းရှောင်ဟိုင် သူမရဲ့ဆံပင်များကို လက်ဖြင့် ဖွလိုက်ပြီး ဒေါသတကြီးဖြစ်နေသော အသံဖြင့် ...
"ယွမ်ချန်ကွေ့၊ ငါ အခု ချက်ချင်း အမေ့အိမ် ပြန်မယ်။ ငါ လုံးဝ နင့်ဆီ ပြန်မလာတော့ဘူး။ အခုချက်ချင်း ဒီအိမ်ပေါ်က ဆင်းမယ်။ နင် ငါ့ရှေ့က အခု ချက်ချင်းဖယ်" လို့ ပြောရင်း အခန်းထဲကနေပြေးထွက်သွားတော့သည်။
အခန်းထဲမှာ ယွမ်ချန်းကွေ့က ခဏမျှ ကြောင်အ သွားခဲ့သော်လည်း သူ့ မိန်းမ၏ အစီအစဉ်ကိုနားလည်သွားကာ မီးစင် ကြည့်ကဖို့ ဆုံးဖြတ်လိုက်တော့သည်။
ဆန်းရှောင်ဟိုင်၏ ကျယ်လောင်လှသော အသံကြောင့် လျူရှင်းဟွာနဲ့ ယွမ်ရိတို့ မီးဖိုချောင်အတွင်းကနေ ထွက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်ဟာအခန်းအတွင်းမှ ငိုယိုပြီး အပြင်ကို ပြေးထွက်သွားသည့် ဆန်းရှောင်ဟိုင်ကိုလည်း မြင်တွေ့လိုက်ရ၏။
ယွမ်ချန်းကွေ့ကလည်း အခန်းထဲကနေ ထွက်လာတာကို မြင်တာနဲ့ လျူရှင်းဟွာက ...
"ဘာတွေ ဖြစ်နေကြတာလဲ"
ယွမ်ချန်းကွေ့ဟာ မျက်နှာကြီး မဲမှောင်နေကာ အမှန်တကယ် ဒေါသထွက်နေသကဲ့သို့ ဟန်ဆောင်လျက် ...
"မိသားစုကနေ ခွဲထွက်ဖို့ ရုတ်တရက်ကြီး လာပြောနေတယ်လေ။ ဒီလောက် ခွဲထွက်ချင်တဲ့ ဟာမ၊ သူ့ဘာသာ တစ်ယောက်တည်း ထွက်သွားပါလေ့စေ။ ဟမ့်"