အပိုင်း - ၇၉
ယွမ်ရိ၏သတိပေးစကားကြောင့် ရှဲ့တုန်းယန်ကလည်း ခေါင်းညိတ်လိုက်ကာ
"အဲ့တာတော့ စိတ်မပူပါနဲ့။ ငါလည်း ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူးရယ်။ ပင်လယ်တစ်ယောက်တည်း သောက်မကုန်ဘူးဆိုပေမယ့် ဒီပင်လယ်ကြီးက သောက်လို့ရကြောင်း ငါတို့က အချိန်ကုန်ခံပြီး စမ်းသပ်ထားရတာမဟုတ်လား"
ဟု ပြန်ပြောလိုက်တော့သည်။
ဒီအချိန်မှာ စတိုးဆိုင်တွေက နည်းပါးသေးသည့်အပြင် ဆိုင်တစ်ဆိုင်ချင်းဆီမှာလည်း ပစ္စည်းများက စုံစုံလင်လင်မရှိလှချေ။ ဒါ့ကြောင့် ပစ္စည်းစုံလင်ပြီး ဈေးနှုန်းချိုသာသည့် စတိုးဆိုင်တစ်ဆိုင် ဖွင့်လိုက်သည့်အခါ လူအများက လာရောက်ဝယ်ယူကြတာက ပုံမှန်ပင်ဖြစ်၏။
ပြီးမှ ရှဲ့တုန်းယန်လည်း သူ့မေးချင်နေသည့်အရာကို သတိရသွားပြီး
"ဒါနဲ့ ဒီနေ့က တနင်္ဂနွေလည်း မဟုတ်ဘဲနဲ့ နင်ကဘယ်လိုဖြစ်လို့ ရောက်လာရတာတုန်း"
ဟု ယွမ်ရိကို မေးလိုက်သည်။
ယွမ်ရိလည်း သူမ၏လွယ်အိတ်အတွင်းမှ ငွေတချို့ထုတ်ယူလိုက်ပြီး
"ငါက သုံးဘီးစက်ဘီးနဲ့အပ်ချုပ်စက်အတွက် လိုတဲ့ငွေ လာပေးတာ။ မနေ့တုန်းကတည်းက ပေးမလို့ကို မေ့သွားလို့"
ဟု ပြောလိုက်၏။
ရှဲ့တုန်းယန်လည်း ယွမ်ရိပေးသော ငွေကိုယူထားလိုက်သည်။
"အဲ့တာဆို ငါသွားတော့မယ်။ ပစ္စည်းတွေကို မပျောက်အောင်၊ မပျက်စီးအောင်လည်း သေချာဂရုစိုက်ဦးနော်"
ဟု မှာလျက် ယွမ်ရိဟာ ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်အတွင်းမှ ထွက်လာခဲ့တော့သည်။
ယွမ်ရိပြန်သွားပြီးသည့်နောက် ရှဲ့တုန်းယန်ဟာ တစ်နေ့တာရောင်းရငွေကို ပြန်လည်ရေတွက်ခဲ့ပြီး ပျော်ရွှင်လွန်းသဖြင့် ကခုန်နေမိတော့သည်။
ယွမ်ရိဟာ တက္ကသိုလ်ကိုလည်း တက်ရောက်နေရသေးသဖြင့် ရှဲ့တုန်းယန်ကဲ့သို့ နေ့တိုင်းမအားချေ။
သူမက တနင်္ဂနွေနေ့ကိုရောက်သည့်အခါ ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်သို့ စောစောစီးစီးထွက်လာခဲ့သည်။ ထို့နောက် ရှဲ့တုန်းယန်နဲ့အတူ လမ်းမကြီး၏ဘေးမှာ ပစ္စည်းတွေ ချရောင်းကြတော့သည်။
၁၉၇၉ ခုနှစ် ဝန်းကျင်မှာ လမ်းဘေးဈေးရောင်းချသူ သိပ်မရှိသေးချေ။ ဒါ့ကြောင့် ယွမ်ရိတို့ဟာ နေရာကောင်းတွေကို လုစရာမလိုဘဲ စိတ်အေးလက်အေးရောင်းချနိုင်ခဲ့ကြ၏။
ယွမ်ရိဟာ ရှဲ့တုန်းယန်နဲ့အတူတူ တစ်ဆိုင်ထဲ မရောင်းခဲ့ချေ။ သူမက ရှဲ့တုန်းယန်ဆိုင်ရဲ့ဘေးမှာ ကပ်လျက် ရောင်းချမည့်ပစ္စည်းများအား ခင်းကျင်းခဲ့သည်။
ဒါ့အပြင် ယွမ်ရိက သူမဖွင့်ထားသည့်ဆိုင်၏ရှေ့တွင် အဝတ်အစားတွေ ချုပ်နိုင်ကြောင်း၊ ပြုပြင်နိုင်ကြောင်းအား အသိပေးထားသည့် ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲထားသေးသည်။
တစ်ဖက်မှာ ရှဲ့တုန်းယန်သည်လည်း သူရောင်းချမည့်ပစ္စည်းများအား ခင်ကျင်းပြီးသည့်နောက် ယွမ်ရိ၏ဆိုင်ဘက်ကို လှည့်ကြည့်လိုက်ရာ ဆိုင်းဘုတ်ပေါ်မှာ ရေးထားသည့် စာတွေကို မြင်သွား၏။
ဒါ့ကြောင့် သူက ယွမ်ရိအား
"ဟေးး နင့်ကြည့်ရတာ မလုပ်တတ်တာ ဘာမှမရှိသလိုဘဲနော်"
ဟု ပြောလျက် အရွှန်းဖောက်လိုက်တော့သည်။
ယွမ်ရိလည်း ရှဲ့တုန်းယန်အား တစ်ခုခုပြန်ပြောရန် ပြင်လိုက်ချိန်မှာဘဲ သူမဆိုင်ရှေ့သို့ ဈေးဝယ်သူတစ်ယောက် ရောက်လာတော့သည်။
သူမတို့၏ဆိုင်နှစ်ဆိုင်ဟာ အခြားသောဆိုင်တွေထက်စာလျှင် ပိုပြီးတော့ ဈေးသက်သာနေ၏။
ဒါ့အပြင် ဒီနေ့ကလည်း တနင်္ဂနွေနေ့ဖြစ်ကာ လူအများစု၏အားလပ်ရက်ဖြစ်တာကြောင့် လမ်းမကြီးပေါ်မှာ လူတွေအတော်စည်နေကြသည်။ ဒါ့ကြောင့်မကြာခင်မှာဘဲ ယွမ်ရိရော ရှဲ့တုန်းယန်၏ဆိုင်မှာပါ ဈေးဝယ်သူတွေစဉ်ဆက်မပြက် လာရောက်ဝယ်ယူကြတော့သည်။
တစ်ခါတစ်လေ ယွမ်ရိအား ဝတ်စုံတွေပြုပြင်ရန် လာအပ်တာမျိုးတွေပါ ရှိလာသည်။
ဒါ့ကြောင့် ငွေတွေဟာ ယွမ်ရိနဲ့ရှဲ့တုန်းယန်၏အိတ်ကပ်ထဲသို့ ဝင်လာမစဲတသဲသဲဖြစ်နေတော့သည်။
နေ့လယ်ခင်းကိုရောက်တော့ နေကလည်း ပူသဖြင့် လူသွားလူလာ ကျဲပါးသွားသည်။ သူတို့၏ဆိုင်တွေကိုလည်း ဈေးဝယ်သူတွေ သိပ်မလာကြတော့ချေ။
ဒါ့ကြောင့် ယွမ်ရိနဲ့ရှဲ့တုန်းယန်လည်း နေ့လယ်စာ စားဖို့အတွက် ပြင်ဆင်လိုက်ကြတော့သည်။
ယွမ်ရိဟာ သူမကြိုတင်ပြင်ဆင်လာသည့် ပေါင်မုန့်ထုပ်နဲ့ရေဗူးအား သူမ၏လွယ်အိတ်အတွင်းမှ ထုတ်ယူလိုက်သည်။
ထိုအရာကိုမြင်လိုက်ရ၍ ရှဲ့တုန်းယန်က ယွမ်ရိအား တားဆီးလိုက်သည်။ ပြီးသည့်နှင့် အနီးနားမှာရှိသည့် ခေါင်းဆွဲဆိုင်သို့သွားကာ ခေါက်ဆွဲ နှစ်ပွဲအား ဝယ်ယူလာတော့သည်။
ထို့နောက် နှစ်ယောက်သား ခေါက်ဆွဲအား နေ့လယ်စာအဖြစ် သုံးဆောင်ကြတော့သည်။
ဗိုက်တွေ ဆာနေသည့်အချိန်မှာ ယခုကဲ့သို့ ခေါက်ဆွဲတစ်ပန်းကန်လေးက အရမ်းဘဲ အရသာရှိလို့နေတော့သည်။
ယွမ်ရိဟာလည်း ခေါက်ဆွဲအား မြိန်ရေရှက်ရေဖြင့် စားသောက်နေသည်။
ခေါက်ဆွဲကုန်ခါနီးမှာဘဲ
"တဆိတ်လောက်ရှင့်။ ဒီပုဝါလေးက ဘယ်လိုရောင်းတာလဲ"
ဆိုသည့် အမျိုးတစ်မီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။
ယွမ်ရိလည်း စားလက်စခေါက်ဆွဲအား လျင်မြန်စွာမျိုချလိုက်ပြီး ခေါက်ဆွဲပန်းပန်ကို ဘေးမှာ ချထားလိုက်သည်။
ထို့နောက် ဈေးဝယ်သူအား ဈေးရောင်းရန်အတွက် ဆိုင်ရှေ့ကိုကြည့်လိုက်သည့်အခါ ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရပြီး ထိုကောင်မလေးအား မြင်လိုက်တာနဲ့ ယွမ်ရိ အလွန်အံ့အားသင့်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော သူမဆိုင်ရှေ့တွင် ဈေးလာဝယ်နေသည့် မိန်းကလေးက ရဲ့ချူးဝမ်ဖြစ်နေ၍ပင်။
ဒါ့အပြင် ရဲ့ချူးဝမ်၏ဘေးမှာလည်း ကောင်လေးတစ်ယောက် ပါနေသေးသည်။ ထုံးစံအတိုင်း ထိုကောင်းလေးဟာ ရဲ့ချူးဝမ်၏ရည်းစား လုယွမ်ကျန်းပင်ဖြစ်၏။
ရန်သူတော်ကြီးကို မြင်လိုက်ရသကဲ့သို့ ယွမ်ရိ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။ ဒါပေမယ့် သူမက ရဲ့ချူးဝမ်တို့ကို မသိချင်ယောင်ဆောင်၍
"အဲ့တာလေးက တစ်ယွမ်ပါ"
ဟု ပြောလိုက်သည်။
သူမကသာ မသိချင်ယောင်ဆောင်ခဲ့ပေမယ့် ရဲ့ချူးဝမ်ကတော့ ယွမ်ရိကိုကြည့်၍ ခနဲ့ပြုံးတစ်ခုပြုံးကာ
"ဝါးး နင်ဒီလိုမျိုး လမ်းဘေးမှာ ဈေးရောင်းနေတာကို အဖေနဲ့အမေတို့ သိကြလား"
ဟု မေးလိုက်သည်။
သူမစိတ်ထဲမှာတော့ ယွမ်ရိအား ပို၍ပင် အထင်သေးသွားပြီဖြစ်သည်။
'လမ်းဘေးမှာ ဆိုင်ထောင်ပြီးတော့တောင် ဈေးရောင်းနေလိုက်သေးတယ်။ အရမ်းရှက်စရာကောင်းတာဘဲ'
ရဲ့ချူးဝမ်၏စကားကြောင့် ယွမ်ရိ၏မျက်ဝန်းတွေ မှေးကျဉ်းသွားရသည်။
ပြီးမှ သူမက ရဲ့ချူးဝမ်ကို ပြုံးပြလိုက်ပြီး
"ဒါနဲ့ နင်ကောလိပ်စာမေးပွဲကို ဒုတိယအကြိမ်ထပ်ဖြေသေးတယ်ဆို။ ဒါပေမယ့် မအောင်ဘူးတဲ့ ဟုတ်သလား။ ဪ၊ ပြီးတော့ အဖေတို့က နင့်ကို ကျေးလက်ဒေသတစ်ခုက ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အတွေ့အကြုံယူဖို့အတွက် လွှတ်ထားတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာတုန်း"
ဟု မေးလိုက်၏။
ဆက်လက်ပြီး သူမက ရဲ့ချူးဝမ်၏ဘေးက လုယွမ်ကျန်းကို အခုမှ မြင်သွားသည့်ပုံဖြင့်
"မဟုတ်မှ နင့်ရည်းစားနဲ့အလည်ထွက်လာကြတဲ့ သဘောများလား"
ဟု အံ့အားသင့်နေသည့်ဟန်ပန်ဖြင့် မေးလိုက်တော့သည်။
ယွမ်ရိ၏တန်ပြန်တိုက်စစ်ဆန်သည့် စကားများကြောင့် ရဲ့ချူးဝမ်၏မျက်နှာထားဟာ အလွန်အမင်းပျက်ယွင်းသွားကာ
"အဲ့တာ နင့်အပူပါလို့လား"
ဟု ယွမ်ရိကို အော်ပြောလိုက်တော့သည်။
"ယွမ်ရိ၊ ဒီနှစ်ယောက်က ဘယ်သူတွေတုန်း"
အခြေအနေက အနည်းငယ်တင်းမာလာ၍ ရှဲ့တုန်းယန်က ဝင်ထိန်းသည့် သဘောဖြင့် ယွမ်ရိကိုမေးလိုက်သည်။
ယွမ်ရိက ခေါင်းအသာ ယမ်းကာ
"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ငတုံးငအ နှစ်ယောက်တင်ပါ"
ဟု ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေပေးလိုက်၏။
ယွမ်ရိ၏စကားများကြောင့် လုယွမ်ကျန်း၏မျက်ခုံးများ တွန့်ကွေးသွားကာ
"ဘာစကားပြောတာလဲ"
ဟု မာထန်စွာဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း သူမ၏အကြည့်အား လုယွမ်ကျန်းထံပြောင်းလိုက်ကာ
"ဘာလဲ? ခုနကငါပြောတာကို သေချာမကြားလိုက်ရလို့လား။ ကြည့်ရတာ နင်တို့က ငတုံးငအတင်မကဘဲ နားကန်းတွေပါ ဖြစ်နေတဲ့ပုံဘဲ"
ဟု ပြောကာထပ်ပြီး ဖဲ့လိုက်ပြန်သည်။
လုယွမ်ကျန်း၏မျက်နှာဟာ ဒေါသကြောင့် နီရဲလာသည်။
"ဟမ့်၊ နင့်ရဲ့ရိုင်းစိုင်းတဲ့အမူအကျင့်တွေအကြောင်း ငါကြားဖူးထားပေမယ့် အစကသိပ်မယုံခဲ့ဘူး။ အခုလို ကိုယ်တွေ့ ကြုံလိုက်ရမှ နင်က ငါကြားထားတတာထက်ပိုပြီး ရိုင်းစိုင်းမှန်း ငါသိလိုက်ရပြီ"
ယွမ်ရိလည်း မဲ့ပြုံးလေးပြုံးကာ
"အဲ့တာကရော နင့်ကိစ္စလား။ ငါ့ဘာသာငါ ဘယ်လိုဘဲနေနေ နင်နဲ့လုံးဝမဆိုင်ဘူး။ ကိုယ့်ရည်းစားရဲ့အကြောင်းကိုသာ သေချာ အရင်သိအောင် လုပ်စမ်းပါ"
ဟု ပြန်ပြောလိုက်၏။
ပြီးတာနဲ့ သူမက ရဲ့ချူးဝမ်ကိုရော၊ လုယွမ်ကျန်းကိုပါ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး
"နင်တို့ ဘာမှမဝယ်ဘူးဆိုရင်လည်း ကျေးဇူးပြုပြီး ငါဆိုင်ရှေ့ကနေ ဖယ်ပေးပါ"
ဟု တောင်းဆိုလိုက်တော့သည်။
သူမစကားအား ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့က လုံးဝအဖက်မလုပ်ဘဲ ဆိုင်ရှေ့မှာဘဲ ရပ်နေခဲ့ကြ၏။
အဓိက,ကတော့ ရဲ့ချူးဝမ်က သူမ၏ဘေးမှာ သူမရည်းစား လုယွမ်ကျန်းပါနေ၍ ဇောင်းကြွနေခြင်းပင်။
သူမက ယွမ်ရိဘေးမှ ရှဲ့တုန်းယန်ကိုကြည့်လျက်
"ဒါက နင့်ရည်းစားလား"
ဟု ယွမ်ရိကို မေးလိုက်သည်။
"လူတိုင်းကို နင့်လိုများ ထင်နေတာလား"
ယွမ်ရိက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
ထိုအခါ ရဲ့ချူးဝမ်က ခနဲ့ပြုံးလေး ပြုံးလိုက်ပြီး
"ယွမ်ရိ၊ ယွမ်ရိ။ အစကတော့ လူချမ်းသာရဲ့ သားဖြစ်တဲ့ ရူကျောင်းကို အမိဖမ်းမလို့ လုပ်ထားတာမဟုတ်ဘူးလား။ ဒါပေမယ့် ရူကျောင်းက နင့်ကိုပစ်ပြီလေ။ ဒါ့ကြောင့်မို့ ဒီလို အနေစုတ်စုတ်တစ်ယောက်ကို ပစ်မှတ် ပြောင်းလိုက်တာလား"
ဟု ထပ်ပြီး မေးခွန်းထုတ်လိုက်ပြန်သည်။
ယွမ်ရိလည်း တစ်ခုခုပြန်ပြောရန် ပြင်လိုက်ချိန်မှာဘဲ ဘေးက ရှဲ့တုန်းယန်က ရဲ့ချူးဝမ်အား မျက်မှောင်ကြုတ်လျက်ကြည့်ကာ
"ဘယ်သူ့ကို အနေစုတ်စုတ်လို့ ပြောလိုက်တာလဲ။ငါက ပေကျင်းမြို့ရဲ့ တရားဝင်မြို့သားတစ်ယောက်ကွ။ ပြီးတော့ ငါ့မှာ အိမ်လည်းရှိတယ်။ ငွေလည်း ရှိတယ်။ အလုပ်အကိုင်လည်း ရှိတယ်ကွ။ နင့်ရဲ့စကားတွေကို ဆင်ဆင်ခြင်ခြင်ပြောပါ"
ဟု ဝင်ပြောလိုက်သည်။
ထိုအခါ ရဲ့ချူးဝမ်က ရှဲ့တုန်းယန်အား ကြည့်ကာ အထင်အမြင်သေးသော ဟန်ပန်ဖြင့်
"ဪ၊ အလုပ်အကိုင်ဆိုတာက ဒီလိုလမ်းဘေးမှာ ဈေးရောင်းတာကို ပြောတာလား။ ဒီလိုအလုပ်အကိုင်မျိုးနဲ့ နင့်မှာ ငွေဘယ်လောက် ရှိနေမှာမို့လို့လဲ"
ဟု ထပ်ပြောလိုက်၏။
ထိုစကားတွေကြောင့် ရှဲ့တုန်းယန်၏မျက်နှာထားဟာ အေးစက်သွားခဲ့ပြီး လူသတ်ချင်သည့်ရနံ့များပင် တလူလူထွက်လာသလိုပင်။
ဒီခေတ်ဒီအခါမှာ လမ်းဘေးဈေးသည်များအပေါ် အထင်အမြင်သေးမှုတွေက တော်တော်လေးဆိုးဝါး၏။
"အဟမ်း၊ အဟမ်း"
ထိုအချိန်မှာဘဲ သူတို့လေးယောက်လုံး ချောင်းဟန့်သံကို ကြားလိုက်ရသည်။
ယွမ်ရိလည်း ချောင်းဟန့်သံလာရာကို ကြည့်လိုက်သည့်အခါ လူတစ်ယောက်ကို မြင်လိုက်ရပြီး နှုတ်ကနေ
"ရူကျောင်း"
ဟု အံ့အားသင့်သွားသော လေသံဖြင့် ရေရွတ်မိလိုက်တော့သည်။
ရဲ့ချူးဝမ်သည်လည်း ရူကျောင်းကို မြင်တာနဲ့ မျက်နှာပျက်သွားတော့သည်။
'သေစမ်း။ လောကကြီးက တစ်ခုခု မှားနေတာဘဲဖြစ်ရမယ်။ အခုလေးတင်ဘဲ ရူကျောင်းက ယွမ်ရိကို ပစ်သွားတာလို့ ငါပြောလိုက်တာလေ။ ငါပြောပြီးတာနဲ့ အခုလိုမျိုး မျက််နှာကို ချက်ချင်းဖြတ်ရိုက်စရာ လိုလို့လား'
စစ်တပ်ထဲမှာ နှစ်နှစ်နီးပါးလောက် နေခဲ့ရတာမို့ ရူကျောင်း၏ခန္ဓာကိုယ်ဟာ တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်နေကာ လူကောင်ကလည်း ပိုထွားလာသည်။
ရူကျောင်းက ယွမ်ရိဆိုင်အနားကို လျှောက်လာခဲ့ပြီး
"တိုက်ဆိုင်လိုက်တာ"
ဟု ပြောလိုက်သည်။
ရူကျောင်းနဲ့ယွမ်ရိ မတွေ့ရတာလည်း နှစ်,နှစ်နီးပါးရှိပြီဖြစ်ကာ တပ်ထဲဝင်သွားပြီး ကတည်းကပင်။
ယွမ်ရိကလည်း ရူကျောင်းအား ခေါင်းညိတ်ပြကာ
"အင်း။ ဒါနဲ့ ဒီကို ဘယ်လိုလုပ်ပြီးတော့ ရောက်လာခဲ့တာလဲ"
ဟု မေးလိုက်သည်။
"ငါတို့စစ်တပ်ထဲမှာ အဆင့်မြင့်သင်တန်းတစ်ခု ကျင်းပမှာလေ။ အဲ့သင်တန်းမှာ ပါဝင်ဖို့ကလည်း ပညာနဲ့ပတ်သက်တဲ့ နောက်ထပ် သင်တန်းတစ်ခုအရင်တက်ထားရမှာ။ အဲ့တာကြောင့် ဒီမှာသင်တန်းလာတက်တာ"
ဟု ယွမ်ရိအား ပြန်ဖြေပေးလိုက်သည်။
ပြီးသည့်နောက် သူက လုယွမ်ကျန်းဘက်ကို လှည့်ကာ
"ဒါနဲ့ မင်းကရော ဒီကိုဘယ်အချိန်တုန်းက ရောက်တာလဲ"
ဟု မေးလိုက်၏။
လုယွမ်ကျန်းက
"သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းကမှ ငါလည်း ဒီမြို့ကို ရောက်တာရယ်"
ဟု ပြန်ဖြေလိုက်သည်။
ဆက်လက်ပြီးသူက ရူကျောင်းအား
"ဒီလိုတစ်စုတည်း စုံရတာ ရှားတယ်
ဒါ့ကြောင့် ညနေကျရင် အတူတူ ညစာ သွားစားကြမယ်လေ။ ဘယ်လိုလဲ"
ဟု အကြံပေးလိုက်သည်။
ရူကျောင်းက ချက်ချင်းပြန်မဖြေဘဲ ယွမ်ရိကိုကြည့်ကာ
"နင်သွားမှာလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"ငါမအားဘူး။ ဒါ့ကြောင့်မို့ မသွားဘူး"
ဟု ပြန်ဖြေလိုက်သည်။
ဒါ့ကြောင့် ရူကျောင်းလည်း လုယွမ်ကျန်းဘက်ကိုလှည့်ကာ
"ငါလည်း ညနေပိုင်းကျ ကိစ္စလေးရှိလို့ မအားဘူးဟ။ ဒါ့ကြောင့် ညစာ လာမစားတော့ဘူးကွာ နောက်အခွင့်ကြုံမှ စားကြတာပေါ့"
ဟု အဖြေပြန်ပေးလိုက်သည်။
လုယွမ်ကျန်း : "........"
လေထုက အနည်းငယ် ကသိကအောက် ဖြစ်သွား၏။ ဒါ့ကြောင့် လုယွမ်ကျန်းလည်း ရူကျောင်းအား
"အေးပါကွာ။ နောက်အခွင့်ကြုံမှ ထပ်စုံကြတာပေါ့။ အခုတော့ ငါလည်း ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်"
ဟု ပြောကာ နှုတ်ဆက်လိုက်သည်။ ပြီးတာနဲ့ ရဲ့ချူးဝမ်၏လက်ကိုဆွဲလျက် ထိုနေရာက ထွက်လာခဲ့လိုက်သည်။
ရဲ့ချူးဝမ်ကတော့ အပြင်ကို ရောက်တာတောင်မှ မျက်နှာကမကောင်းတော့ချေ။ သူမအနီးမှာ လုယွမ်ကျန်းရှိနေတာတောင်မှ မျက်နှာအမူအရာအား ထိန်းမထားနိုင်ခဲ့ချေ။
တစ်ဖက်မှာတော့ ယွမ်ရိဟာ အဝေးမှာ ပျောက်ကွယ်သွားသည့် ရဲ့ချုးဝမ်နဲ့လုယွမ်ကျန်းတို့အား ကြည့်နေခဲ့သည်။ ထိုလူနှစ်ယောက် သူမ၏မြင်ကွင်းထဲက ပျောက်သွားမှ သူမ၏အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်တော့သည်။
ထိုအချိန်မှာဘဲ ရှဲ့တုန်းယန်က ယွမ်ရိအား
"ရှောင်ရိ၊ ငါ ခေါက်ဆွဲပန်းကန်တွေ သွားပို့လိုက်ဦးမယ်။ နင်တို့ အေးအေးဆေးဆေးစကားပြောခဲ့ကြ"
ဟု ပြောကာ ရှောင်ထွက်ပေးလိုက်သည်။
ရှဲ့တုန်းယန် ထွက်သွားပြီးသည့်နောက် ယွမ်ရိက ရူကျောင်းကို ကြည့်ကာ
"ထိုင်ပါဦး"
ဟု လောကွတ်ပြုလိုက်သည်။
ရူကျောင်းလည်း ယွမ်ရိရှေ့မှာ ဝင်ထိုင်လိုက်ပြီး ယွမ်ရိဖွင့်ထားသည့် ဆိုင်လေးအား ကြည့်ကာ
"ဘာလို့ အခုလို ဈေးရောင်းနေတာလဲ။ အိမ်က ပေးတဲ့ငွေက မလောက်လို့လား"
ဟု မေးလိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်ပါဘူး။ ငါ့မှာ ငွေလည်း အလုံအလောက်ရှိပါတယ်ဟာ။ ဒါပေမယ့် အားလပ်ချိန်ကျတော့ ဒီတိုင်းကြီးနေရတာ ပျင်းလာလို့ တစ်ခုခုလုပ်မယ် စိတ်ကူးပြီး ဒီဆိုင်လေး ဖွင့်လိုက်တာ"
ဟု ပြန်ဖြေပေးလိုက်သည်။
ရူကျောင်းက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်လိုက်ပြီးမှ
"ဒါနဲ့ နင်က ဘယ်တက္ကသိုလ်မှာ တက်တာလဲ"
ဟု ထပ်မေးလိုက်ပြန်သည်။
"ပီကင်းတက္ကသိုလ်မှာလေ"
ယွမ်ရိက ပြန်ဖြေလိုက်၏။
ထိုအဖြေကြောင့် ရူကျောင်း၏မျက်ဝန်းများဟာ အံ့အားသင့်ဟန်ဖြင့် ပြူးကျယ်သွားပြီး
"ယွမ်ရိရယ်။ နေနိုင်လိုက်တာ။ ဒီလိုမျိုး နာမည်ကြီး တက္ကသိုလ်မှာ တက်ရောက်ခွင့်ရတာကိုတောင်မှ ငါ့ကိုအသိမပေးဘူး"
အပြစ်တင်စကားလေး ဆိုလိုက်သည်။
ယွမ်ရိက မျက်မှောင်အနည်းငယ်ကြုတ်ကာ
"ငါက နင် စစ်တပ်ထဲဝင်သွားတယ်ဆိုတာဘဲ သိတာလေ။ နင့်ရဲ့တပ်ထဲက လိပ်စာကိုမှ မသိတာ။ ဒီတော့ ဘယ်လိုလုပ်ပြီး စာပို့ အကြောင်းကြားလို့ရမှာလဲ"
ဟု ရှင်းပြလိုက်သည်။
ဆက်လက်ပြီး သူမက
"ဪ၊ ပြီးတော့ ရှောင်ကျဲလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ပြီး ဒီမြို့မှာဘဲ တက္ကသိုလ်တက်နေတယ်"
ဟု ပြောပြလိုက်သည်။
ယွမ်ရိ၏စကားတွေကို နားထောင်ပြီးသည့်နောက် ရူကျောင်းက မျက်မှောင်ပိုကြုတ်သွားကာ
"ဒါဆိုရင် တစ်ခုလောက် ရှင်းပြဦး။ ငါရော၊ ချန်းဝေ့တုန်းရော နင်နဲ့ယွမ်ကျဲဆီ စာတွေပို့ကြတယ်။ ဘာလို့များ ငါတို့ဆီ စာပြန်မရေးရတာလဲ"
ဟု ထပ်မေးလိုက်ပြန်သည်။
"နင်က ဘယ်တုန်းက စာရေးလိုက်လို့လဲ။ ငါဖြင့် နင့်ဆီကစာကို တစ်ခါမှ မရဖူးဘူးနော်"
ယွမ်ရိက ရူကျောင်းကို မယုံသလိုကြည့်ကာ
"တကယ်လို့ နင်တို့ရဲ့စာက ရှောင်ကျဲဆီ ရောက်သွားရင်တောင် ငါ သိမှာဘဲ။အခုတော့ နင်တို့စာတွေမှ ငါတို့ဆီ ရောက်မလာတာ"
ဟု ပြန်ပြောလိုက်သည်။
"နင်တို့ စာမရတာ သေချာလို့လားဟာ"
ရူကျောင်းက တွန့်ကွေးနေသော မျက်ဝန်းများဖြင့်
"ငါတို့တွေ နင်တို့ဆီကို စာရေးတာ တစ်ကြိမ်နှစ်ကြိမ် မကဘူးနော်။ ဒါတောင် တစ်ကြိမ်မှ နင်တို့စာမရဘူးဆိုတာတော့ တော်တော်လေး ထူးဆန်းနေပြီ"
ဟု ရေရွတ်လိုက်သည်။
ယွမ်ရိသည်လည်း တွေးလေတွေးလေ မျက်ခုံးတွေ တွန့်ကွေးလာရလေပင် ဖြစ်လာတော့သည်။