အပိုင်း - ၁၁၇.၂
ရထားက တစ်ဘူတာပြီးတစ်ဘူတာ ရပ်ရင်း ညနေမှာတော့ ထျန်းဖုန်းမြို့ကို ရောက်သွားလေသည်။
ရထားစီးလာရတာ ပင်ပန်းတာမလို့ နှစ်ယောက်သား တောင်ပေါ်ကို တန်းမသွားဖြစ်ကြပေ။ အရင်ဆုံး တည်းခိုခန်းကိုပဲ သွားလိုက်ပြီး ရေမိုးချိုးလိုက်ကြကာ ပြီးတာနှင့် သူတို့မှတ်ဉာဏ်ထဲက မြို့ငယ်လေးကို အမှတ်ရအောင် လျှောက်ကြည့်လိုက်ကြလေသည်။
အရင်ဆယ်စုနှစ်နဲ့ယှဉ်ရင် ထျန်းဖုန်းမြို့လေးက ဘာမှတော့ ပြောင်းလဲသွားတယ်ရယ်လို့ မရှိပေ။ သို့သော် မြို့လေးက နည်းနည်းအိုလာကာ လူတွေနည်းသွားသည် ဆိုတာလောက်ပင်။
ဒီနှစ်တွေထဲမှာ မွေးရပ်မြေကနေထွက်ပြီး မြို့ကိုသွားအလုပ်လုပ်တာက ခေတ်စားလာလို့လည်း ပါမည်။ လူငယ်တွေက နယ်ဘက်တွေမှာ အလုပ်မဖြစ်တာကြောင့် မြို့တက်ကာ ပိုက်ဆံရှာကြပြီး တချို့ကတော့ ဒီမှာပဲ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနှင့် နေဖို့ကျန်ခဲ့တာကြလည်း ရှိသည်။
မြို့ကသိပ်မကြီးလှတာကြောင့် လမ်းလျှောက်ရင်းသွားဖို့ မကြာလိုက်ပေ။
လျှောက်ပတ်ပြီးတဲ့အခါမှာတော့ ယွမ်ရိနဲ့လင်းယောင်တို့ ခေါက်ဆွဲဆိုင်လေးမှာ ဝင်နားလိုက်ကာ ဒန်ဒန်ခေါက်ဆွဲနှစ်ပွဲ မှာလိုက်လေသည်။
ခေါက်ဆွဲဆိုင်ပိုင်ရှင်ကို စောင့်နေရင်း ယွမ်ရိကပြုံးကာ ပြောလာလေသည်။ "မှတ်မိသေးလား? 'မ' တို့တွေ တတိယအဒေါ်ကို လာတွေ့တုန်းကလည်း ဒီမှာပဲဒန်ဒန်ခေါက်ဆွဲ စားခဲ့ကြတာလေ။ 'မ'မှတ်မိသလောက်ဆို ရှင်ပဲ အစပ်တွေမစားနိုင်ဘူးဆိုပြီး ပြောခဲ့တာလေ။"
သူမ မှတ်မိတာထက် ပိုမှတ်မိတဲ့ လင်းယောင်ကတော့ သူ့ပါးလေးကိုဖျစ်လိုက်ကာ အဲ့တုန်းက သူကငယ်သေးလို့ပါဆိုပြီး ပြောလာလေသည်။
ထိုအချိန်တုန်းက သူ့မှာအခွင့်အရေးရရင် သူမကို သူ့အိမ်ကို ခေါ်သွားမယ်လို့လည်း ပြောခဲ့သေးသည်လေ။
အခုပြန်တွေးကြည့်ရင် ဒါတွေက နောက်ထပ် ကမ္ဘာတစ်ခုလိုပင်။ အဲ့အချိန်တုန်းက သူတွေးတာက သူ ဒီဖုန်းမင်တောင်ကနေ ထွက်သွားပြီး မြို့ကိုတက်တော့မယ်ဆိုတာပင်၊ မဟုတ်ရင် သူ တကယ် ယွမ်ရိကို သူ့အိမ်လိုက်ကြည့်ဖို့ ခေါ်သွားလောက်သည်။
ယွမ်ရိကို ပြန်ဖြေလိုက်ကာ "အခုတော့ တကယ်ကြီးစပ်လာပြီ။"
တကယ်ကို စပ်လာတာပင်။
နှစ်ယောက်သား စကားအတန်ကြာ ပြောနေလိုက်ကာ အနားယူရန် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြလေသည်။ ပြန်နေရင်းမှ ထျန်းဖုန်းအလယ်တန်းကျောင်း ကစားကွင်းမှာ ဒီနေ့ည ရုပ်ရှင်ပြမယ်ဆိုတာ သိလိုက်ရပြီးနောက်မှာတော့ နှစ်ယောက်လုံး သွားဖို့နေရာ ပြန်ပြောင်းလိုက်ကြလေတော့သည်။
အခုခေတ်မှာ လူတိုင်းလိုလိုက ရုပ်ရှင်တွေကြည့်ရတာကို ၁၉၇၀ ခုနှစ်လောက်ကလောက် စိတ်သိပ်ဝင်မစားကြတော့ပေ။
၁၄ နှစ်တောင် ကြာသွားပြီမလို့ အချိန်တွေ ကုန်လာတာနဲ့အမျှ မြို့ထဲက အိမ်တိုင်းလိုလို တီဗီတွေ ရှိလာတာကြောင့်လည်း ပါမည်။
ယွမ်ရိနဲ့လင်းယောင်ကိုယ်တိုင်လည်း ရုပ်ရှင်ကြည့်ဖို့ကို အဲ့လောက် စိတ်အားမထက်သန်ပေမဲ့ အရင်အချိန်တွေကို သတိရတာမလို့ လူအုပ်နောက်မှာနေကာ အတူတူကြည့်နေလိုက်ကြလေသည်။
ရုပ်ရှင်ကြည့်တာက ဦးစားပေးမဟုတ်ပေမဲ့ အတိတ်တုန်းက အချိန်တွေကို ပြန်တမ်းတရင်း ရုပ်ရှင်ကြည့်ရတာက အဓိကပင်။
ပြောကာမှ အရင်တုန်းကလည်း သူတို့နှစ်ယောက် မြို့ကိုသွားတဲ့အချိန်ပဲ ရုပ်ရှင်အတူတူကြည့်ဖြစ်ခဲ့ကြကာ ကျိုင်းပင်ကြီးနောက်မှာ နောက်ကျသွားတာမလို့ အနားယူရင်း အိပ်ပါပျော်သွားခဲ့ဖူးသည်ပင်။
အခုလည်း နှစ်ယောက်သား အိမ်ကိုအပြန်မှာ ယွမ်ရိလင်းယောင်ကိုကြည့်ကာ မေးလာလေသည်။ "အဲ့ညတုန်းကလည်း 'မ' ကို အိပ်နေတုန်းပြုတ်မကျသွားအောင် ရှင်ပဲထိန်းပေးထားတာမလား? မျက်နှာအောက်မှာ လက်ကိုခံထားပြီးတော့လေ?"
လင်းယောင် သံယောင်တိုးတိုးလေး လိုက်ကာ ခေါင်းညိတ်ပြီး ပြောလာလေသည်။
"အင်း။"
"ဝိုး။ ငယ်ငယ်လေးနဲ့ နွေးထွေးလိုက်တာ ဒီကောင်လေးက။ ဒီမမက အဲ့ဒါကြောင့်လည်း ထိခိုက်အောင် မလုပ်ရက်ခဲ့ပါဘူးနော်။"
လင်းယောင် ပြုံးလိုက်ကာ "အဲ့အချိန်ကတည်းက ချစ်ပေးခဲ့လို့ ကျေးဇူးပါ မမခင်ဗျား။"
ထိုစကားကြားကြားချင်း ယွမ်ရိအရယ်ကို မရပ်တော့ဘူး။
"နေပါဦး အဲ့တုန်းကဖြင့် အမလို့ကို တစ်ရက်လောက်တွေးပြီးမနေခဲ့ပဲနဲ့။ ဒီမယ်မောင်လေး ဒီအစ်မကြီးအပေါ် အဲ့တုန်းက ဖြူဖြူစင်စင်အတွေးတွေရော တွေးခဲ့လို့လား ဟမ်?"
ထိုအချိန်တုန်းက လင်းယောင်က ကောင်ငယ်လေးတစ်ယောက်လိုပင်ဖြစ်ကာ သူကိုယ်တိုင်လည်း မောင်လေးတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုပင် ပခုံးဖက်ပေါင်းခဲ့တာပင်၊ သူကိုယ်တိုင်ကလည်း ဒါ ကလေးတွေအတွက်တော့ ပုံမှန်လို့ပဲ တွေးခဲ့တာလည်းပါမည်။
အခုမှ ပြန်တွေးကြည့်တော့ ၁၃ နှစ် ၁၄ နှစ်ကလေးတွေဆိုတာလည်း အဲ့လိုအတွေးတွေရှိတတ်ကြတာပဲလေ။
လင်းယောင် သူမကို တစ်ချက်ကြည့်လိုက်ကာ၊ "အင်း ပြောရမယ်ဆိုရင် ရှိခဲ့တာပေါ့။"
ယွမ်ရိ အတန်ကြာပင် ရယ်မောနေလိုက်ကာ လင်းယောင်လက်မောင်းကို ကိုင်ပြီးပြောလာလေသည်။ "သိသားပဲ! အပေါ်ယံကြည့်ရင်တော့ ဒီကောင်လေးက လူတော်လေး၊ သိတတ် ချစ်ဖို့ကောင်းတဲ့ ကလေးလေးပေါ့။ တကယ်တော့ ဒီလိုကိုး။"
လင်းယောင်ပါးကို လာဖျစ်သည့် ထိုလက်ကလေးကို ပြန်ဆွဲကိုင်လိုက်ပြီး ပြောလာလေသည်။ "အဲ့တုန်းက အဲ့လောက် အတွေးတွေ မများပါဘူး။ ဒီအတိုင်း 'မ'ကိုသဘောကျတယ်၊ နေ့တိုင်း တွေ့ချင်တယ်၊ တွေ့နေရရင်ကို ပျော်တယ် ဒါပါပဲ။"
အချိန်အကြာကြီး အတူရှိလာလို့ထင်သည်။ လင်းယောင် ထိုစကားမျိုး ပြောလာသည်ကို ကြားရတာ နှလုံးသားထဲ နွေးထွေးလို့နေတော့သည်။ လင်းယောင်အတွက် ဒီလိုစကားမျိုးက နှလုံးသားရဲ့ အောက်ခြေထဲကကို ပြောလာမှန်း သူမ သိထားလို့ပင်။
နှစ်ဦးသား လက်တွဲကာလျှောက်ရင်း မြို့ငယ်လေးထဲက လေပြည်လေးကို ခံစားနေရင်း ညကောင်းကောင်က ကြယ်တွေကိုသာ ကြည့်နေလိုက်ကြလေသည်။
ယွမ်ရိနဲ့လင်းယောင်တို့ ထိုမြို့လေးမှာ တစ်ညအိပ်လိုက်ကာ နောက်တစ်နေ့မနက်ခင်းမှာတော့ မနက်စာစားပြီးတာနှင့် တောင်ပေါ်သို့ ထွက်လာခဲ့ကြလေသည်။ တောင်ပေါ်ကိုသွားတဲ့ လမ်းလေးကလည်း သူတို့မှတ်ဉာဏ်ထဲမှာ အမှတ်တရတွေ များလှကာ တစ်ပါတည်း ရွှေသရဖူရွာလေးကိုပါ အမှတ်ရလာကြသည်။
နှစ်အတော်ကြာ ရုံးခန်းထဲမှာပဲထိုင်ကာ အလုပ်လုပ်လိုက်၊ စာလုပ်လိုက်နှင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတာကြောင့် အခုလို တောင်လည်းတက်ရရော ယွမ်ရိအတွက် အရင်က အေးဆေးတက်လို့ရခဲ့တဲ့တောင်က ယခုချိန်မှာ တက်ရတာပင်ပန်းနေတော့သည်။
"အရင်က တက်ခဲ့ဖူးတဲ့ တောင်ရောဟုတ်ရဲ့လား မဟုတ်ရင် 'မ'ပဲ အသက်ကြီးလာတာများလား?"
"ကိုယ်ပြန်မှတ်မိအောင် ပြောပြပေးရမလား?"
"ရတယ် ရတယ် မပြောနဲ့တော့။"
သူမပင်ပန်းလွန်းလို့ မပြောနဲ့သာ ပြောခဲ့ပေမဲ့ လင်းယောင်ဘေးကနေ သူမကိုစကားတွေ ပြန်ပြောပေးလာ၏။
ခဏနားနေကြတုန်း ယွမ်ရိ ကျောက်တုံးပေါ်ထိုင်ကာ ပြောလာလေသည်။ "တကယ်ပြောတာ 'မ' လေ့ကျင့်ခန်းလုပ်ရတော့မယ်။"
တက်စရာတောင် မရှိရင်တောင်မှ သူမပြန်ရောက်တာနှင့် ညဘက်တွေ ပြေးတာဖြစ်ဖြစ် လုပ်ကြည့်ရမည်။
ဘယ်လိုပဲဖြစ်ဖြစ် အခု သူမောနေရင်တောင်မှ အရှိန်ကိုတော့ မလျှော့သေးပေ။
ရွာလေးကို စောစောရောက်အောင် နှစ်ယောက်သားတက်နေကြရင်း ညလယ်မှာတော့ ခဏနားကာ ညဘက်ကောင်းကင်ယံက ကြယ်တွေကိုကြည့်ရင်း တစ်ပါတည်း ဘေးက တည်ငြိမ်လွန်းလှတဲ့လမင်းကြီးကိုကြည့်ကာ လင်းယောင် ပြောလာလေသည်။ "ကိုယ်မှတ်မိသလောက်ဆို ဒီနားမှာ သဘာဝအလျောက်ဖြစ်နေတဲ့ ရေပူစမ်းရှိသလားလို့။"
ကြားကြားချင်း ယွမ်ရိရဲ့အပေါ်ဘက်ငေးကြည့်နေတဲ့မျက်လုံးတွေက ဘေးဘီကို ရှာကြည့်လိုက်လေသည်။
သူမလည်း မှတ်မိသည်။ "ဟုတ်တယ် ဒီနားလောက်မှာပဲလားလို့။"
ပြီးတာနှင့် နှစ်ယောက်သား အထုတ်တွေကိုဆွဲကာ ပြိုင်တူပင် ရေပူစမ်းကို လိုက်ရှာကြလေတော့သည်။
ရေကျသံတွေနှင့်အတူ နောက်ဆုံးတော့ ရေပူစမ်းလေးကို တွေ့သွားကြသည်နှင့် ယွမ်ရိတစ်ယောက် တံတွေးမျိုချကာ ပြောလာလေသည်။ "'မ'တော့ အောက်ဆင်းပြီး ရေချိုးဦးမယ်။"
သူမဝတ်ထားသည့် ကုတ်အရှည်ကြီးကို ချွတ်ကာ ဖိနပ်တွေခြေအိတ်တွေပါ တစ်ပါတည်းချွတ်ထားခဲ့ပြီး ရေထဲသို့ စကတ်နှင့်ပြေးသွားတော့သည်။
ဆံပင်တွေက တချို့တစ်ဝက် စိုနေကြကာ လင်းယောက်ကိုကြည့်ပြီး အတူတူဆင်းဖို့ လှမ်းခေါ်လာလေသည်။
လင်းယောင် ကျောက်တုံးပေါ်ထိုင်ကာ ယွမ်ရိကိုကြည့်ပြီး မေးလာလေသည်။ "ကိုယ့်ကိုပါ အတူတူချိုးစေချင်တာ သေချာလို့လား?"
ယွမ်ရိ အပိုပြောနေတာ မဟုတ်ပေ။ အနားကပ်ကာ သူ့ကိုပါ ဆွဲခေါ်လိုက်လေတော့သည်။
သူ့မျက်လုံးလေးတွေပေါ်က ရေစက်တွေကို သပ်ပေးလိုက်ကာ ပြောလာလေသည်။ "ဒီတောင်ကို ဒီလောက်အကြာကြီး တက်လာပြီး ပင်ပန်းနေတာ ရှင်တစ်ခုခုလုပ်နိုင်မယ်လို့လည်း မထင်ပါဘူးနော်။"
သူမရှေ့မှ လင်းယောင်ကတော့ သူမဆံပင်ပေါ်က ရေစက်တွေ တစ်ကိုယ်လုံးပေါ်စီးကျနေပြီး ရေစိုနေတဲ့ သူမကို စိုက်ကြည့်နေလိုက်လေသည်။ နှစ်ယောက်သား အတန်ကြာကြည့်နေလိုက်ကြကာ နောက် ဘာမှပြောမနေတော့ပဲ ခါးကိုဆွဲယူလိုက်ပြီး ခေါင်းကိုငုံ့ပြီး သူမပါးစပ်တွေကို ပိတ်ထားလိုက်လေတော့သည်။
ယွမ်ရိ : "!!"
'ရှင်လုပ်တယ်ပေါ့၊ လုပ်ရဲတယ်ပေါ့လေ'
မနက်စောစော နှစ်ယောက်သား ရေချိုးပြီးတာနှင့် ရွာလေးဆီ ထွက်လာကြလေတော့သည်။
အချိန်မရှိတာကြောင့် နှစ်ယောက်သား ရွာလေးဆီ ညနေခင်း ၄ နာရီလောက်မှသာ ရောက်လာကြတော့သည်။ အရင်တုန်းက ဒီရွာလေးမှာနေခဲ့တဲ့အချိန်တွေက ပျော်ဖို့အရမ်းကောင်းခဲ့ပေမဲ့ အခုတော့ အကုန်လုံးက လွမ်းဆွတ်စရာပင်။
သူတို့သတိရတဲ့ လူတွေက မရှိတော့ပေမဲ့ သူတို့အတူတူရှိခဲ့တဲ့ပုံရိပ်တွေကတော့ ရှိနေသေးသလိုပင်။
ယွမ်ရိက ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့ကို အထူးတလည်လုပ်ပြီး သွားမတွေ့နေတော့ပဲ ရွာထဲမှာသာ နေ,နေလိုက်လေသည်။
ပထမဆုံး ရွာ၏အုပ်ချုပ်ရေးမှူးဝမ်ကို သွားရှာကာ ပြန်လည်ပြင်ဆင်ရေးအကြောင်း သေချာဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြလေသည်။
ပြန်လည်ပြင်ဆင်စရိတ်က နည်းလှသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာလေးက တောတွေတောင်တွေကြားထဲရှိကာ ပြန်ဆောက်ဖို့အစီအစဉ် မရှိတော့တာကြောင့်လည်း ပါပေမည်။
နောက်တစ်နေ့မှာတော့ နှစ်ယောက်သား တစ်နေ့လုံး တောင်နားမှာပဲ နေကြလေသည်။ သူတို့အသိတွေနှင့် ဆုံကာ နှုတ်ဆက်စကားတွေပြောကြပြီးနောက် သိလာရတာက လူတချို့က ဒီ တောင်နားကနေ ရွှေ့သွားကြပြီး လူငယ်တွေဆိုရင်လည်း မြို့ကိုတက်ကာ အလုပ်လုပ်ဖို့သွားကြတာကြောင့် ရွာလေးထဲ လူသိပ်မရှိတော့ဘူးဆိုတာပင်။
ယွမ်ရိနဲ့လင်းယောင်လည်း သူတို့အတူတူရှိခဲ့တဲ့ နေရာလေးတွေ၊ ဖုန်တွေ မှိုင်းတွေတက်နေတဲ့ အိမ်အိုလေးတွေ၊ ကျွဲအိုကြီးနဲ့ သူ့အမြီးတွေ၊ တောင်ခြေက ဝက်ကလေးတွေ၊ မြက်တွေနှင့်အတူ အိုဟောင်းနေတဲ့ အိမ်တွေကိုပါ ဓာတ်ပုံရိုက်ယူခဲ့ကြလေသည်။
အချိန်ကသိပ်မရှိတာမလို့ နှစ်ယောက်သားတစ်ရက်လောက်သာနေပြီး စက်ချုပ်သမားအိုကြီး၏ အုတ်ဂူလေးဆီ ထွက်လာခဲ့ကြလေသည်။
နောက်တစ်နေ့မှာတော့ သူတို့အထုတ်တွေသယ်ဖို့ လူနှစ်ယောက်ကို ခေါ်လိုက်ပြီး တောင်အောက်ကို ဆင်းလာခဲ့ကြလေသည်။
သူမတို့က အပ်ချုပ်ဆိုင်အိုလေးကနေ အပ်ချုပ်စက်အဟောင်းလေးတစ်ခုကို ယူခဲ့လေသည်။ ၎င်းမှာ စက်ချုပ်သမားအိုကြီး၏ အပ်ချုပ်စက် အဟောင်းလေးဖြစ်လေသည်။
အပ်ချုပ်စက်အဟောင်းလေးကို သေချာဆေးမှုတ်လိုက်ကာ အပြန်လမ်းမှာ သေချာထုပ်ပိုး၍ သယ်လာခဲ့လိုက်သည်။
အကယ်၍ ထိုစက်ဟောင်းလေးသာ စကားပြောနိုင်စွမ်းရှိလျှင် အဖိုးဆောင်း၏အုတ်ဂူလေးကို ငေးရင်းဖြင့်
"မိတ်ဆွေကြီးရေ၊ နေခဲ့ပေဦးတော့။ ငါတော့ မင်းတပည့်နောက်ကို လိုက်ပြီး သစ်ဆန်းတဲ့ဝတ်စုံတွေ ချုပ်ချေတော့မယ်။ တစ်နေ့နေ့တစ်ချိန်ချိန် ငါ ယိုယွင်းပျက်စီးလာခဲ့ရင်တော့ တမလွန်မှာ မင်းရဲ့အပ်ချုပ်စက်လေး ထပ်ဖြစ်ချင်ပါသေးတယ်"
ဟု ပြောနေမည်လော။