Chapter 68.2

2.4K 272 0
                                    

အပိုင်း - ၆၈.၂

ယွမ်ကျဲ၏စာမေးပွဲရလဒ်များကိုကြည့်ကာ ယွမ်ရိက အောက်ပါအတိုင်းတွေးလိုက်မိ၏။

'အင်း။ ဒီခေတ်ဒီကာလရဲ့ပညာရေးအခြေအနေကိုမှန်းဆပြီး တွက်ကြည့်ရင် ယွမ်ကျဲအတွက် ကောလိပ်ဝင်ခွင့်က ထင်သလောက်တော့ မခက်ခဲလောက်တော့ဘူး'
ကောလိပ်ဝင်ခွင့်စာမေးပွဲဟာလည်း မကြာခင်မှာဘဲ စတော့မှာဖြစ်သည်။ ထိုစာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း လူပေါင်းများစွာဝင်ဖြေလေ့ရှိကြသည်။

ထိုလူပေါင်းများစွာထဲမှ ပညာရေးအား အမှန်တကယ်စိတ်ဝင်စားသူကတော့ လက်တစ်ဆုပ်စာခန့်လောက်သာ ပါဝင်ပေသည်။

အများစုကတော့ အပေါ်ယံလောက်သာ စိတ်ဝင်စားကြခြင်းပင်။ ထိုကဲ့သို့လူအများစုကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အိမ်ဖြေသဘောမျိုးသာ ဝင်ဖြေကြခြင်းဖြစ်သည်။

ဒါ့ကြောင့် ကောလိပ်စာမေးပွဲဖြေဆိုသူပေါင်းများစွာရှိပေမယ့် အနည်းစုကသာ ကောလိပ်တက်ခွင့် ရရှိကြခြင်းဖြစ်သည်။

တကယ်တော့ ဒီခေတ်ဒီ‌ကာလ၏အခြေအနေများအရ ကောလိပ်စာမေးပွဲမှာမေးသည့် မေးခွန်းတွေဟာ အလွန်ရိုးရှင်းကြောင်းယွမ်ရိသိပေသည်။ ဒိီကာလမှာ ပညာရေးက အရမ်းအရေးမပါ၍ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေကလည်း ခက်ခဲတာမျိုး မရှိသေးချေ။

ခက်ခဲတာမျိုး မရှိဘူးဆိုတာက ယွမ်ရိနဲ့ယွမ်ကျဲတို့ကဲ့သို့ နေ့တိုင်းစာအုပ်ထဲခေါင်းစိုက်နေတဲ့သူတွေအတွက်ဘဲပြောတာဖြစ်သည်။ စာကိုအာရုံမစိုက်၊ အလေးမထားဘဲ လုပ်ချင်သလိုလုပ်နေတဲ့သူတွေအတွက်တော့ ကောလိပ်စာမေးပွဲဟာ အောင်မြင်ဖို့မဖြစ်နိုင်သည့် အရာကြီးတစ်ခုပင်။

ယွမ်ရိကိုပိုပြီး အားရဝမ်းသာဖြစ်စေတာက ယွမ်ကျဲဟာ စာပေါ်မှာ စိတ်ရောကိုယ်ပါစိတ်ဝင်စားလာခြင်းဘဲဖြစ်သည်။ ယခင်ကဆိုလျှင် ယွမ်ကျဲဟာ သူမ၏ခိုင်းစေမှုကြောင့်သာ စာကိုလေ့လာလိုက်စားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်မှာတော့ ယွမ်ကျဲဟာ သူမ၏ပင်ကိုယ်အသိစိတ်ဖြင့်ပင် ကျောင်းစာအပေါ်မှာ လုံးဝစိတ်ဝင်စားသွားခဲ့ပြီဖြစ်သည်။

ညနေကျောင်းဆင်းချိန်ရောက်လာသည့်အခါမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ခါတိုင်းကဲ့သို့ အိမ်ကိုတန်းပြန်မသွားကြပေ။ သူမတို့က အနီးမှာရှိသည့်မုန့်ဆိုင်သို့ဝင်လိုက်ကြသေးကာ နို့သကြားလုံးတချို့အား ဝယ်ယူခဲ့ကြသည်။

ထိုသို့ဝယ်ယူရသည့်အကြောင်းကတော့ ယွမ်ကျဲ၏စာမေးပွဲရလဒ်ကောင်းမွန်မှုကို ဂုဏ်ပြုကြသည့်သဘောပင်ဖြစ်သည်။ ယွမ်ရိက ယွမ်ဟောင်ဂျန်တို့အတွက်လည်း ရည်ရွယ်လိုက်ပြီး နောက်ထပ်နို့သကြားလုံး အနည်းငယ်အား ထပ်ဝယ်ယူခဲ့လိုက်သေးသည်။

ယွမ်ကျဲက ယွမ်ရိထံကနေ နို့သကြားလုံးများအား ဂုဏ်ပြုလက်ဆောင်ရလိုက်တာမို့ အလွန်ဝမ်းသာသွားပြီး
"နောက်ခါကျရင် အမှတ်ပြည့်ရအောင် လုပ်ပါ့မယ်"
ဟု ကတိပေးလိုက်တော့သည်။

ထို့နောက် သူမတို့နှစ်ယောက်ဟာ အိမ်ကိုတန်းပြန်လာခဲ့ကြတော့သည်။ ဒါပေမယ့် သူမတို့အိမ်ထဲမဝင်ရသေးခင်မှာဘဲ အိမ်ရှေ့မှ ယွမ်ဟောင်ဂျန်၏တားဆီးခြင်းအား ခံလိုက်ရတော့သည်။

ယွမ်ဟောင်ဂျန်က ယွမ်ချန်းဖူက စစ်ဝတ်စုံအဟောင်းကြီးအား ဝတ်ဆင်ထားသည်။ စစ်ဦးထုပ်အဟောင်းတစ်လုံးကိုလည်း ဆောင်းထားကာ စစ်ဖိနပ်ကိုလည်း စီးထားသေးသည်။ သူက အိမ်ရှေ့မှာ ခြေချိတ်၍ ဂုဏ်သရေရှိ စစ်သားတစ်ဦးနှယ်အကျအနထိုင်ကာ ယွမ်ရိတို့၏လမ်းအား ပိတ်ထားခဲ့သည်။

ပြီးတာနဲ့သူက သူ့လက်ထဲက စာရွက်တစ်ရွက်အား ယွမ်ရိထံကမ်းပေးကာ
"ဘယ်လိုလည်း ကျွန်တော်ကတိတည်တယ်နော်"
ဟု ပြောလိုက်တော့သည်။

ဒါကိုကြားတော့ ယွမ်ရိမျက်လုံးတွေ တောက်ပသွားကာ
"တကယ်ကြီးလား"
ဟု ပြန်မေးရင်းဖြင့် ယွမ်ဟောင်ဂျန်လက်ထဲက စာရွက်အား ယူကာကြည့်လိုက်သည်။

စာရွက်ပေါ်မှာတော့ ယွမ်ဟောင်ဂျန်၏စာမေးပွဲရလဒ်များအား ဖော်ပြထား၏။ ရလဒ်အကုန်လုံးက အမှတ်ခြောက်ဆယ် စွန်းစွန်းလေးတွေဆိုပေမယ့် ယွမ်ဟောင်ဂျန်အတွက်တော့ အခြေအနေတော်တော်ကောင်းလာပြီဖြစ်သည်။

ထို့နောက် ယွမ်ရိက ယွမ်ဟောင်ဂျန်အား နို့သကြားလုံးထုပ်‌ကို‌ပေးလိုက်သည်။
"ရော့၊ ဒါက စာမေးပွဲရလဒ်တွေ ကောင်းလို့ဆုချတာ။ နောက်စာမေးပွဲတွေမှာ ရလဒ်တွေ ပိုကောင်းလာရင် ဆုကိုလည်း ပိုကောင်းတာပေးမယ်"

ယွမ်ဟောင်ဂျန်ဟာ နို့သကြားလုံးထုပ်အား တောက်ပနေသော မျက်ဝန်းများဖြင့်ကြည့်ကာ ယွမ်ရိလက်ထဲကနေ ယူလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့လည်း ကျောင်းကနေ ပြန်လာကြသည်။ သူမတို့က ယွမ်ရိတို့အား ကျော်၍အိမ်ထဲဝင်ဖို့ပြင်ကြသည်။

ယွမ်ဟောင်ဂျန်လည်း မသိမသာဖြင့် ဘေးဆုတ်သွားကာ ယွမ်ချူးယန်အား ခြေကန့်လန့်ခံလိုက်သည်။ ဒါ့ကြောင့်ယွမ်ချူးယန်တစ်ယောက် ခလုတ်တိုက်မိသလိုဖြစ်သွားကာ ရှေ့သို့ လဲကျသွားတော့သည်။

ယွမ်ချူးယန်လည်း လဲကျနေရာက အမြန်ပြန်ထကာ ဒေါသတကြီးဖြင့်
"ယွမ်ဟောင်ဂျန်၊ နင်သေချင်နေတာလား"
ဟု အော်လိုက်၏။

ပြီးတာနဲ့ယွမ်ဟောင်ဂျန်အား ခြေဆုံးခေါင်းဆုံးကြည့်ကာ
"ဟမ့်၊ နင်က အဖေ့အဝတ်တွေကိုယူဝတ်ပြန်ပြီ။ အဖေကသူ့အဝတ်တွေ မဝတ်ဖို့နင့်ကိုပြောထားတယ်မလား။ အဖေလာမှ နင့်ကိုငါတိုင်ပြောမယ်"
ဟု ပြောလိုက်၏။

ယွမ်ဟောင်ဂျန်က ယွမ်ချူးယန်အား မျက်လုံးလှန်ကြည့်ကာ
"တိုင်ရုံမကလို့ နင်ကြိုက်သလိုသာလုပ်။ ငါကြောက်မယ်များထင်နေလား"
ဟု ပြန်အော်လိုက်သည်။

နှစ်ယောက်သား ရန်ဖြစ်တော့မှာကို သတိထားမိလိုက်၍ ရဲ့ချူးဝမ်ဟာ ယွမ်ချူးယန်အား ဆွဲခေါ်ကာ ထိန်းလိုက်ရ၏။ ပြီးတာနဲ့ နှစ်ယောက်သား အိမ်ထဲဝင်သွားတော့သည်။

ယွမ်ရိလည်း သူမလက်ထဲက ယွမ်ဟောင်ဂျန်၏ စာမေးပွဲရလဒ်စာရွက်အား ယွမ်သောင်ဂျန်ထံပြန်ပေးကာ
"နောက်ဆို ရလဒ်ပိုကောင်းအောင်ကြိုးစားနော်"
ဟု အားပေးလိုက်သည်။

ပြီးတာနဲ့သူတို့သုံးယောက်လည်း အိမ်ထဲကိုဝင်လာခဲ့ကြတော့သည်။

ယွမ်ဟောင်ဂျန်က သူ၏စာမေးပွဲရလဒ်အား ယွမ်ရိမှ လွဲ၍ အခြားမည်သူ့ကိုမှ မပြောခဲ့ချေ။ ဒါ့ကြောင့် သူ့ရဲ့စာမေးပွဲရလဒ်အကြောင်းအား ယွမ်ရိတစ်ယောက်ဘဲ သိကာ ကျန်သောသူများ ဘာမှမသိကြချေ။

ယွမ်ချန်းဖူတစ်ယောက် အလုပ်ကိစ္စဖြင့် ခရီးထွက်သွားတာ ငါးလကျော်နေပါပြီ။ ဖန်းရှုံးယန်ကတော့ သူမ၏ယောက်ျားအား အိမ်ကိုအမြန်ပြန်လာစေချင်နေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏သားသမီးများအား သူမတစ်ယောက်တည်း ထိန်းမနိုင်လို့ဘဲဖြစ်သည်။ သူမတစ်ယောက်တည်းဖြင့် အိမ်မှာရှိသည့် တာဝန်တွေအကုန် လိုက်လုပ်နေရတာက အရမ်းပင်ပန်းလွန်းလှပေသည်။

အထူးသဖြင့် ယွမ်ဟောင်ဂျန်၊ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့က သူမအား လေကဲ့သို့သဘောထားပြီး လျစ်လျူရှုဆက်ဆံကြတာက အရမ်း ခံရ‌ခက်ပေသည်။ သူတို့လေးယောက်က သူမရဲ့ပြောစကားဆိုစကားတွေကိုလည်း ပြန်မပြောနားမထောင်တွေဖြစ်သည်။ ဒါ့ကြောင့် ထိုလေးယောက်နဲ့ပတ်သက်ပြီး ဖန်းရှုံးယန်စိတ်ညစ်နေ၏။

ကံကောင်းစွာဖြင့် နောက်ထပ်တစ်လခွဲခန့်ကြာပြီးသည့်နောက်မှ သူမျှော်လင့်နေသည့်သူမယောက်ျားဟာ အလုပ်ခရီးထွက်နေရာမှ အိမ်ကိုပြန်ရောက်လာတော့သည်။

ယွမ်ချန်းဖူဟာ ညနေသုံးနာရီ၊ လေးနာရီဝန်းကျင်လောက်မှာအိမ်ပြန်ရောက်ခဲ့သည်။ ဖန်းရှုံးယန်က သူမယောက်ျားအား အိမ်ရှေ့ထိထွက်ကြိုကာ အိမ်ထဲသို့ခေါ်ခဲ့၏။ ပြီးတာနဲ့ ငါးဝယ်ဖို့အတွက် အပြင်ကို ထွက်လာခဲ့သည်။

ဒီနေ့ သူမ၏ယောက်ျားပြန်လာပြီဖြစ်သည့်အတွက် သူမယောက်ျားကြိုက်သည့် ငါးဟင်းလေးချက်ကျွေးမလို့ပင်။

မူလက ယွမ်ဟောင်ဂျန်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် အိမ်ကိုပြန်လာခဲ့ပေမယ့် အိမ်မှာ သူ့‌အဖေပြန်ရောက်နေတာကိုမြင်တွေ့လိုက်ရသည့်အခါ လေလျော့သွားသောပူပေါင်းတစ်လုံးနှယ် ညှိုးနွမ်းသွားတော့သည်။

ယွမ်ချန်းဖူက အားလျော့သွားသည့်ပုံဖြစ်သွားသည့် သူ့သားကိုစိုက်ကြည့်ကာ
"အဲ့တာဘာဖြစ်တာလဲ။ ကိုယ့်အဖေတစ်ယောက်လုံးပြန်လာတာကို မကြိုဆိုဘူးလား"
ဟု မေးလိုက်၏။

ထိုမေးခွန်းကြောင့် ယွမ်ဟောင်ဂျန်လည်း အလျင်အမြန်ပြုံးလိုက်ပြီး
"မဟုတ်ပါဘူး။ အဖေ ပြန်လာလို့ပျော်ပါတယ်။ သားဖြင့် အဖေ့ကိုနေ့တိုင်းမျှော်နေတာ။ အမေ့ကိုတောင်မှ အဖေဘယ်နေ့ပြန်လာမလဲလို့ နေ့တိုင်းမေး,မေးနေတာ"
ဟု ပြန်ဖြေလိုက်သည်။

ယွမ်ချန်းဖူက
"ငါ့ပုံက ငတုံးပုံပေါက်နေလို့ လာလိမ်နေတာလား"
ဟု ထပ်မေးလိုက်၏။

ယွမ်ဟောင်ဂျန်လည်း လက်တခါခါဖြင့်
"မထင်ပါဘူး၊ မထင်ပါဘူး"
ဟု အမြန်ပြန်ပြောလိုက်ရသည်။

ဒီလိုနဲ့ညနေရောက်သွားကာ တစ်မိသားစုလုံး ညစာ စားကြတော့သည်။

ညစာစားဝိုင်းမှာ ယွမ်ချန်းဖူက သူ့သားသမီးတွေအကုန်လုံးကိုကြည့်လျက်
"ငါမရှိတဲ့အတောအတွင်း မင်းတို့တွေ မင်းတို့အမေကိုဒုက္ခပေးကြသေးလား"
ဟု မေးလိုက်သည်။

ထိုအချိန်မှာဘဲ ယွမ်ချူးယန်က ယွမ်ဟောင်ဂျန်ကိုလက်ညိုးထိုးကာ
"သူက အဖေမရှိတဲ့အတောအတွင်း ရန်ဖြစ်တာကြောင့် နဖူးကွဲသွားသေးတယ်"
ဟု တိုင်လိုက်သည်။

ယွမ်ဟောင်ဂျန်လည်း မျောက်မီးခဲကိုင်မိသလို စပ်စပ်လူးသွားပြီး ယွမ်ချူးယန်အား
"ဟေးးး အဲ့တာကလွန်ခဲ့တဲ့နှစ်လ၊ သုံးလတုန်းက ဖြစ်ခဲ့တာ‌လေ။ အခုချိနိမှာ ငါက လိမ္မာနေပြီဘဲမဟုတ်ဘူးလား"

ယွမ်ချန်းဖူက
"ဟုတ်လား။ မင်းက ဘယ်လိုတွေများ လိမ္မာခဲ့တာတုန်း"
ဟု မေးလိုက်သည်။

ယွမ်ဟောင်ဂျန်က ခါးဆန့်လျက် ရင်ကော့ခေါင်းမော့ကာ
"အိမ်အပြင်ထွက်ပြီး လျှောက်မလည်တော့ဘဲ အိမ်မှာဘဲ နေပြီး စာလုပ်နေတယ်။ အရင်တစ်ခါစာမေးပွဲမှာတုန်းကလည်း ရလဒ်ကောင်းတွေ ထွက်ခဲ့တယ်။ မယုံရင် အကိုရဲ့ဖန်ကိုမေးကြည့်ကြပါလား"
ဟု ပြောလိုက်သည်။

ယွမ်ချန်းဖူက ယွမ်ဟောင်ဂျန်အား မယုံသလိုကြည့်လိုက်၏။ ပြီးမှ ရဲ့ဖန်ဘက်ကိုလှည့်ကာ
"သူပြောတာတွေက အမှန်ဘဲလား"
ဟု မေးလိုက်သည်။

ရဲ့ဖန်လည်း ခေါင်းညိတ်ကာ
"ဟုတ်ပါတယ်။ ယွမ်ဟောင်ဂျန် ပြောသွားတာတွေက အကုန်အမှန်တွေချည်းပါဘဲ"
ဟု ပြန်ပြောလိုက်တော့သည်။

ယွမ်ဟောင်ဂျန်ဟာ စကားတွေအများကြီးထပ်မပြောချင်တော့ဘဲ လွန်ခဲ့တဲ့လတွေအတွင်းသူလိမ်လိမ်မာမာနဲ့ကြိုးစားထားတဲ့အကြောင်းသက်သေပြရန်အတွက် စာမေးပွဲရလဒ်စာရွက်အား အမြန်သွားယူလိုက်သည်။ ပြီးတာနဲ့ သူ့အဖေလက်ထဲသို့ စာမေးပွဲရလဒ်စာရွက်အား ထိုးထည့်ပေးလိုက်ကာ
"ဒီမယ်ကြည့်။ အဲ့တာ ကျွန်တော့်ရဲ့ကြိုးစားမှုရလဒ်တွေဘဲ"
ဟု ပြောလိုက်သည်။

ယွမ်ချန်းဖူလည်း သံသယဖြင့် စာမေးပွဲရလဒ်စာရွက်အား ဖြည်းညင်းစွာ ဖွင့်ဖတ်ကြည့်လိုက်သည်။ ပြီးတာနဲ့ သူ့မျက်လုံးထဲ အံ့အားသင့်မှုတွေ ဖြတ်ပြေးသွားသည်။

သူက ယွမ်ဟောင်ဂျန်ကို ကြည့်ကာ ချီးကျူးသောလေသံဖြင့်
"အရမ်းကောင်းတယ်။ ဘယ်လိုဖြစ်ပြီး မင်းမှာစာကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာလည်းဆိုတာကို ငါမသိပေမယ့် ဒီပုံစံလေးကို ထိန်းထားနော်။ အရင်ကလိုမျိုး ဖောက်မသွားနဲ့"
ဟု ဆုံးမလိုက်သည်။

ယွမ်ဟောင်ဂျန်ဟာ ဂုဏ်ဆာနေသော မျက်နှာပေးဖြင့် ယွမ်ချူးယန်အား မျက်စောင်းထိုးကြည့်လိုက်သည်။

ယွမ်ချူးယန်သည်လည်း ထိုအရာကိုမြင်လိုက်ရတာမို့ နှုတ်ခမ်းဆူကာ မကျေမနပ်ဖြင့်
"အဲ့တာက ဘာလုပ်စားလို့ရမှာလဲ"
ဟု တီးတိုးရေရွတ်လိုက်သည်။

တီးတိုးရေရွတ်တယ်ဆိုပေမယ့် ယွမ်ချန်းဖူက ကြားသွားပြီး ယွမ်ချူးယန်အား မျက်မှောင်ကြုတ်လျက်ကြည့်ကာ
"အနည်း‌ဆုံးတော့ ယွမ်ဟောင်ဂျန်က အပြင်မထွက်ဘဲ ကျောင်းစာထဲမှာဘဲ အာရုံစိုက်လုပ်နေခဲ့တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားတာပေါ့။ ဒါနဲ့ နင်ကရော နောက်ဆုံးတစ်ခေါက်စာမေးပွဲမှာ ရလဒ်က ဘယ်လိုလဲ"
ဟု မေးလိုက်သည်။

ယွမ်ချူးယန်တစ်ယောက် ခေါင်းငုံ့သွားကာ ဘာစကားသံမှထွက်မလာတော့ချေ။

ဒီအချိန်မှာဘဲ အခွင့်ကောင်းကိုစောင့်နေသည့် ယွမ်ဟောင်ဂျန်က
"အဖေကလည်း အမချူးယန်ကအရမ်းတော်တဲ့ဟာကို။ စာမေးပွဲမှာဆယ်မှတ်ကျော်လေးဘဲ ရခဲ့ပေမယ့် ဒီတစ်ခေါက်စာမေးပွဲမှာ အမက မတော်တဆဂရုမစိုက်မိဘဲဖြစ်သွားလို့ပါ။ ဆယ်မှတ်ကျော်လေးဆိုပေမယ့် အမက ကောင်းကောင်းဖြေခဲ့တာပါဗျ။ ဒီတစ်ခေါက်မေးခွန်းတွေကလည်း ခက်ခဲတယ်လေ။ဒီတော့ ဆယ်မှတ်ကျော်လေးဘဲ ရတာကို မဆိုးဘူးပြောရမှာ"
ဟု ဝင်ပြောလိုက်သည်။

ယွမ်ဟောင်ဂျန်ဟာ သူ့စကားထဲမှာ 'ဆယ်မှတ်ကျော်' ဆိုသည့်စကားလုံးအား ခဏခဏသုံးကာ ထိုစကားလုံးအား ပြောတိုင်း လေသံအား ဖိပြောလိုက်သည်။

ယွမ်ချူးယန်လည်း ယွမ်ဟောင်ဂျန်၏စကား‌များကြောင့် မျက်နှာကြီးနီရဲလာသည်အထိ ဒေါသတွေထွက်လာကာ
"ခွေးကောင် နင့်ပါးစပ်ကို ပိတ်ထား"
ဟု အော်‌ဟစ်လိုက်၏။

ယွမ်ဟောင်ဂျန်က
"မပိတ်နိုင်ပါဘူး။ သတ္တိရှိရင် နင့်ဘာသာနင်လာပိတ်ပေးလှည့်"

"တော်ကြတော့"
ယွမ်ချန်းဖူ၏ခပ်မာမာလေသံထွက်လာခဲ့သည်။

ဒါ့ကြောင့် ယွမ်ချူးယန်ရော၊ ယွမ်ဟောင်ဂျန်ရောပါ စကားများနေရာမှ ရပ်သွားကြတော့သည်။

ယွမ်ချန်းဖူဟာ ခရီးဝေးကနေပြန်လာရတာဖြစ်သည့်အတွက် ခရီးပမ်းနေပြီဖြစ်သည်။ ဒါ့ကြောင့် ညစာစားပြီးတာနဲ့ အိပ်စက်အနားယူဖို့အတွက် အခန်းထဲကိုတန်းဝင်သွားတော့သည်။

နောက်ရက်ရောက်သည့်အခါ တနင်္ဂနွေနေ့ဖြစ်ပေမယ့် အလုပ်သွားဖို့အတွက် အိပ်ရာမှ စောစောစီးစီးထခဲ့၏။

ဖန်းရှုံးယန်က အလုပ်သွားဖို့ပြင်ဆင်နေသည့် သူမယောက်ျားကိုကြည့်ကာ
"ယောက်ျားရယ်။ ရှင်က မနေ့ကမှ ခရီးဝေးကပြန်လာတာလေ။ ပြီးတော့ ဒီနေ့ကလည်း တနင်္ဂနွေနေ့ဟာကို။ ဘာလို့များ အလုပ်သွားဖို့ပြင်ဆင်နေရတာတုန်း"
ဟု ညီးညူသောလေသံဖြင့် မေးမြန်းလိုက်သည်။

ယွမ်ချန်းဖူက
"အလုပ်က အရေးကြီးကိစ္စလေး ပေါ်လာလို့ပါကွာ"
ဟု ပြောလိုက်သည်။

ပြီးတာနဲ့ သူက စကားထပ်မပြောတော့ဘဲ ခပ်သွက်သွက်လေး ပြင်ဆင်ကာ အိမ်အပြင်ထွက်သွားတော့သည်။

အလုပ်ကိစ္စကတော်တော်လေးအရေးကြီးပုံရသည်။ဒါ့ကြောင့် နေ့လည်ရောက်သွားသော်လည်း ယွမ်ချန်းဖူက ထမင်းစားပြန်မလာခဲ့ပေ။

နေ့လယ်စာ စားပြီးသည့်နောက်မှာ ယွမ်ချူးရွယ်က ယွမ်ရိနဲ့ယွမ်ကျဲတို့၏အခန်းသို့ အလည်သွားခဲ့သည်။ သူမက ယွမ်ရိတို့၏အခန်းပြတင်းပေါက်ကနေပြီး အပြင်သို့ ငေးကြည့်လိုက်၏။

ခြံဝန်းထဲမှာ လေ့ကျင့်ခန်းလုပ်နေသည့် ယွမ်ချူးယန်ကိုလည်း သူမမြင်လိုက်ရသည်။ ထိုအချိန်မှာဘဲ တစ်ဖက်အိမ်တံခါးကနေ အပြင်သို့ထွက်ဖို့ပြင်နေသည့် ရဲ့ချူးဝမ်အား သူမ မြင်လိုက်ရသည်။

ဒါ့ကြောင့် သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့ဘက်ခေါင်းလှည့်ကာ
"အမ ရဲ့ချူးဝမ်တစ်ယောက်တည်း အပြင်သွားပြန်ပြီ"
ဟု လှမ်းပြောလိုက်သည်။

ဘာလို့ အပြင်သွားတာကို တစ်ယောက်တည်း သွားတယ်ဟု ပြောနိုင်ရလဲဆိုရင် ပုံမှန်အားဖြင့် ရဲ့ချူးဝမ်က အပြင်သွားသည့်အခါ ယွမ်ချူးယန်အား အဖော်ခေါ်သွားလေ့ရှိသည်။ ပုံမှန်နဲ့မတူဘဲ ထူးထူးခြားခြားလှလှပပဝတ်ဆင်ထားသည့်အခါမျိုးမှာတော့ ယွမ်ချူးယန်အား မခေါ်တော့ဘဲ တစ်ယောက်တည်းသွားလေ့ရှိတာကို အရင်တည်းက ယွမ်ချူးရွယ် သတိပြုမိထားတာကြောင့်ပင်။

ဒီနေ့မြင်လိုက်ရသည့် ရဲ့ချူးဝမ်ဟာလည်း လှလှပပဝတ်ဆင်ထား၏။ ဒါ့ကြောင့်လည်း အပြင်သို့တစ်ယောက်တည်းသွားကြောင့် ယွမ်ချူးရွယ်ကပြောလိုက်ခြင်းပင်။

ယွမ်ကျဲက အံ့အားသင့်ဟန်ဖြင့်
"ဦးလေးပြန်ရောက်တာကိုတောင်မှ သူက အပြင်လျှောက်သွားနေတုန်းဘဲနော်"
ဟု ရေရွတ်လိုက်သည်။

ယွမ်ရိက ခေါင်းယမ်းကာ
"အဖေက အပြင်မှာ ငါးလကျော်တောင် ခရီးထွက်နေတာလေ။ ဒီငါးလအတွင်း အပြင်လျှောက်လည်တာက ရဲ့ချူးဝမ်အတွက် အကျင့်ဖြစ်ပြီးစွဲနေပြီ။ဒီရက်ပိုင်းအဖေအိမ်မှာ‌ရှိနေလို့ သူမကိုယ်သူမ ထိန်းထားတာရယ်။ ဒီနေ့မှာတော့ အဖေက စစ်တပ်ထဲမှာ အရေးကြီးကိစ္စရှိလို့ ပြန်မလာနိုင်လောက်ဘူး။ ဒီတော့ ရဲ့ချူးဝမ်လည်း မထိန်းနိုင်တော့ဘဲ အပြင်ကို ခြေဆန့်ပြီပေါ့။ ရှင်းရှင်းပြောရရင် အချစ်ရဲ့အလိုဆန္ဒတွေကိုမလွန်ဆန်နိုင်တာပေါ့"

ယွမ်ချူးရွယ်လည်း ယွမ်ရိတို့ဘေးဝင်ထိုင်လိုက်သည်။

သူမက စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်လိုက်ပြီးမှ
"ဒီလို အချစ်ရေးအချစ်ရာကိစ္စတွေမှာ အမချူးဝမ်က တော်တော်လေး စိတ်နှစ်နေမယ်လို့ ညီမတကယ်မျှော်လင့်မထားဘူး။ ညီမသာဆိုရင် အဲ့လိုမျိုး မဖြစ်လောက်ဘူး"
ဟု ပြောလိုက်သည်။

ယွမ်ချူးရွယ်၏စကားကြောင့် ယွမ်ရိပြုံးလိုက်မိသည်။
"ဒါကတော့ ငါ့ညီမက ငယ်သေးတဲ့အပြင် အချစ်ကိုမှ မကြုံတွေဖူးသေးတာကို"

ယွမ်ချူးရွယ်က ယွမ်ရိစကားကို လက်မခံချေ။ သူမက
"ညီမကြီးလာရင် ယောက်ျားတစ်ယောက်အတွက်နဲ့ လုံးဝမူပျက်နေမှာမဟုတ်ဘူး"
ဟု ကြွေးကြော်လိုက်တော့သည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့သုံးယောက်လုံးဟာ ချစ်သူရှိနေပြီဖြစ်တဲ့ရဲ့ချူးဝမ်အပေါ် မနာလိုတာမျိုး လုံးဝမရှိကြချေ။ သူမတို့က သူမတို့ရဲ့စိတ်အား အချစ်ရေးအချစ်ရာဘက်ကို လုံးဝမရောက်ခံကြဘဲ ကျောင်းစာ‌တွေ၊ အသိပညာရနိုင်မည့်နေရာတွေ အပေါ်မှာဘဲ အာရုံစိုက်ထားခဲ့ကြသည်။

ဒါ့ကြောင့် သူမတို့ဟာ ရဲ့ချူးဝမ်အကြောင်းထပ်မပြောကြတော့ဘဲ ကျောင်းစာတွေကို ပြန်လေ့လာကြတော့သည်။

အခန်းထဲက နာရီလေးကတော့ 'တစ်တော့၊ တစ်တော့' ဖြင့် မြည်ကာ အချိန်တွေ ကုန်နေပြီဖြစ်ကြောင်း သတိပေးနေတော့သည်။

ညနေလေးနာရီထိုးပြီးသည့်နောက် ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ လက်ထဲက ဘောပင်များကိုချလျက် အနားယူဖို့ပြင်ကြသည်။ သူမတို့ဟာ စာ‌ထဲမှာဘဲ အာရုံစိုက်ထားကြပေမယ့် စဉ်ဆက်မပြတ်စာလုပ်နေမယ်လို့ ဆိုလိုတာမဟုတ်ပေ။ နားချိန်နဲ့စာလုပ်ချိန်ဟာ မျှမျှတတရှိသင့်ပေသေးသည်။

ဒါ့ကြောင့် သူမတို့က အိမ်အပြင်ထွက်၍ လေကောင်းလေသန့်ရှူရင်း အနားယူဖို့ ပြင်ကြတော့သည်။

ဒါပေမယ့် သူမတို့သုံးယောက် အောက်ထပ်သို့ဆင်းလာပြီး အိမ်အပြင်ထွက်ခါနီးမှာဘဲ အိမ်အပြင်ကနေ အသံကုန်ဟစ်လျက် ပြေးဝင်လာသည့် ယွမ်ဟောင်ဂျန်နဲ့ကြုံလိုက်ရသည်။
"အမေရေ၊ အမေရေ။ ပြဿနာတော့ တက်ပြီ။ အမေရေ"

ယွမ်ရိတို့လည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး ယွမ်ဟောင်ဂျန်နောက်ကနေ အိမ်ထဲကို ပြန်ဝင်လိုက်ကြသည်။

ယွမ်ဟောင်ဂျန်က သူ့အမေရှိသည့် မီးဖိုချောင်ဘက်ကို သွားသည်။

မီးဖိုချောင်ထဲမှာ ဖန်းရှုံးယန်က ချက်ပြုတ်နေရင်းဖြင့် ယွမ်ဟောင်ဂျန်၏အလောတကြီးအသံကြောင့်
"ကောင်လေးရဲ့။ ဘာဖြစ်လို့ အလောတကြီးအသံကုန်ဟစ်အော်နေရတာတုန်း"
ဟု မေးလိုက်သည်။

ယွမ်ဟောင်ဂျန်က မီးဖိုချောင်းပေါက်ဝမှာရပ်ရင်း အသက်ကိုဝအောင် အရင်ရှူလိုက်သည်။ ပြီးမှ
"အမေ၊ အမကိုလေ အမချူးဝမ်ကို ရပ်ကွက်ထဲက အဒေါ်ကြီးတွေ ဖမ်းထားကြတယ်။ အဲ့တာ အဲ့ဒီအဒေါ်ကြီးတွေက အဖေနဲ့အမေ့ကို ခေါ်ခိုင်းလိုက်လို့"
ဟု ပြောလိုက်သည်။

"ဘယ်လို"
ယွမ်ဟောင်ဂျန်စကားကြောင့် ဖန်းရှုံးယန်အထိတ်တလန့်ဖြစ်သွားကာ သူမလက်ထဲကိုင်ထားသည့် ဟင်းမွှေယောက်မကြီးပင် အောက်သို့ လွတ်ကျသွားရတော့သည်။

ဒီခေတ်ဒီကာလမှာ ရပ်ကွက်အသီးသီးက အုပ်ချုပ်ရေးအတွက် ယောက်ျားများသာမက အမျိုးသမီးများပါ ပါဝင်ကြသည်။ အထူးသဖြင့် ဘာမှလုပ်စရာမရှိသည့် အားအားယားယားအမျိုးသမီးကြီးများပင်။

ထိုအမျိုးသမီးများဟာ လမ်းမှာ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် အတူတူတွဲတွေ့ခဲ့ရင်တောင် စစ်ဆေးမေးမြန်းနိုင်သည်အထိ အာဏာရှိပေသည်။

အားယားနေသဖြင့် နေရာအနှံ့မြင်တွေ့နိုင်
သည့် ထိုအမျိုးသမီးများကြောင့် ရပ်ကွက်အတွင်း လုံခြုံရေးကတော့ အတော်လေးကောင်းမွန်လှပေသည်။

ယွမ်ဟောင်ဂျန် စိုးရိမ်တကြီးဖြင့်
"အမေ ငေးကြောင်မနေနဲ့လေ။ ဟိုမှာ အမချူးဝမ်က အဖမ်းခံထားရပါတယ်ဆိုနေ။ မြန်မြန်လိုက်သွားကြစို့"
ဟု ပြောလိုက်သည်။

ဖန်းရှုံးယန်လည်း ထိုအခါမှ သတိဝင်သွားသည်။ သူမက ခါးစည်အဝတ်ကိုတောင်မှ မချွတ်နိုင်တော့ဘဲ အိမ်အပြင်သို့ အမြန်ပြေးထွက်သွားတော့သည်။

ယွမ်ဟောင်ဂျန်လည်း သူ့အမေနောက်ကနေ ပြေးလိုက်ကာ
"ဘယ်ရပ်ကွက်က ရပ်ကွက်ရုံမှ အမချူးဝမ်ဖမ်းခံထားရလဲဆိုတာ အမေသိလို့လား။ ကျွန်တော်ပါလိုက်မှဖြစ်မှာပေါ့"
ဟု အော်ပြောလိုက်သည်။

ထိုအခါမှ ဖန်းရှုံးယန်လည်း ရပ်ကာ ယွမ်ဟောင်ဂျန်ကို စောင့်လိုက်သည်။ ထို့နောက် သားအမိနှစ်ယောက် အမြန်ထွက်သွားကြတော့သည်။

ယွမ်ချူးရွယ်က အလောတကြီးထွက်သွားသည့် သူ့အမေနဲ့သူ့မောင်လေးကိုကြည့်ပြီး ယွမ်ရိဘက်ကိုလှည့်ကာ
"အမချူးဝမ်က တကယ်ကြီး အဖမ်းခံထားရတာလား"
ဟု စိုးရိမ်သောလေသံဖြင့်မေးလိုက်သည်။ဘယ်လောက်ပဲမတည့်ပါဘူးဆိုဆို ညီအမတွေဆိုသည့် သံယောဇဉ်တော့ ရှိနေဆဲပင်။

ယွမ်ကျဲက
"မြစ်ကမ်းဘေးလျှောက်မှတော့ ဖိနပ်ရေစိုတာလည်း မဆန်းပါဘူး"
ဟု ပြန်ဖြေလိုက်သည်။

ယွမ်ရိကတော့ မျက်မှောင်ကြုတ်ကာ
"ငါတော့ အဖေဘယ်လိုခံစားရမလဲဆိုတာဘဲ သိချင်တယ်။ အဖေ အရမ်းရှက်သွားလောက်မယ် ထင်လား"
ဟု ရေရွတ်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now