အပိုင်း - ၈၁.၁
နေမင်းကြီး၏အလင်းရောင် ခပ်နွေးနွေးလေးဟာ အထက်ကောင်းကင်းယံမှတဆင့် မြေကမ္ဘာပေါ်သို့ ဖြာကျလို့နေသည်။
ပေကျင်းမြို့၏လမ်းဘေးတစ်နေရာက လမ်းဘေးဆိုင်လေးအတွင်းမှာ မိန်းကလေးငယ်တစ်ဦးဟာ အပ်ချုပ်စက်အား တဂျုန်းဂျုန်းမြည်အောင် နင်းလျက် အဝတ်အစားတွေကို ချုပ်နေသည်။
ထိုမိန်းကလေးကတော့ ယွမ်ရိပင် ဖြစ်၏။
ထိုအချိန်မှာဘဲ လမ်း၏တစ်ဖက်ကနေ ဖဲကြိုးအပြာရောင်လေးအား ခေါင်းမှာ ချည်နှောင်ထားသည့် မိန်းကလေးတစ်ဦးဟာ ယွမ်ရိ၏ဆိုင်လေးသို့ ရောက်လာခဲ့သည်။
ထိုဖဲကြိုးအပြာဖြင့် မိန်းကလေးဟာ ယွမ်ရိ၏အပ်ချုပ်စက်ရှေ့မှာ ချထားသည့် စာအုပ်လေးကို ယူကာ ဖွင့်ကြည့်လိုက်သည်။
ထိုစာအုပ်လေးဟာ ယွမ်ရိအားသည့်အချိန်တိုင်း ဝတ်စုံပုံစံများ ရေးဆွဲလေ့ရှိသည့်စာအုပ်လေးပင်။
ဖဲကြိုးအပြာဖြင့် မိန်းကလေးက ယွမ်ရိ၏ပုံဆွဲစာအုပ်အား အချိန်ခဏမျှလှန်လှောကြည့်ပြီးသည့်နောက်မှာ ယွမ်ရိကိုကြည့်လျက်
"ဒီထဲက ပုံလေးတွေကို မင်းဆွဲထားတာလား"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း စက်ချုပ်နေရာကနေ ထိုဖဲကြိုးပြာဖြင့်မိန်းကလေးကို ကြည့်လျက်
"ဟုတ်ပါတယ်။ အဲ့တာတွေ အကုန်ငါဆွဲထားတာပါ"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုအခါ အပြာရောင်ဖဲကြိုးလေးဖြင့် မိန်းကလေးက
"ဒါဆိုရင် ဒီစာအုပ်ထဲက ဝတ်စုံပုံစံလေးတွေကိုရော နင်ချုပ်နိုင်လား"
ဟု ထပ်မေးလိုက်သည်။
"ငါချုပ်နိုင်တာပေါ့"
ယွမ်ရိက ခေါင်းညိတ်လျက် ပြန်ဖြေလိုက်၏။
ဖဲကြိုးအပြာလေးနဲ့ မိန်းကလေးက
"စာအုပ်ထဲမှာ ဆွဲထားတဲ့ပုံစံလေးတွေက အရမ်းလှတာဘဲ"
ဟု ချီးမွမ်းလိုက်၏။
ယွမ်ရိကလည်း ထိုမိန်းကလေးကို ပြုံးပြလိုက်ပြီး
"ဒါဆိုရင် အဲ့ဒီပုံတွေထဲကနေ နင်ကြိုက်တဲ့တစ်ပုံကိုရွေးလိုက်လေ။ ငါချုပ်ထားလိုက်မယ်။ နောက်တစ်ပတ်ကျ လာကြည့်ပြီး ကြိုက်ရင် ဝယ်ပေါ့"
ဟု ဆွယ်လိုက်၏။
အပြာရောင်ဖဲကြိုးလေးဖြင့် မိန်းကလေးလည်း ယွမ်ရိကို ကြည့်ကာ
"ဒါဆိုရင် ပိတ်စဖိုးကရော"
ဟု မေးလိုက်သည်။
"ပိတ်စဖိုးကိုတော့ ငါစိုက်ပြီး ချုပ်ထားလိုက်ပါ့မယ်။ နောက်အပတ် နင်လာကြည့်လို့ ငါချုပ်ထားတဲ့ပုံစံလေးကိုကြိုက်မှ ပေါင်းရှင်းပေးပေါ့"
ဟု ယွမ်ရိက ထပ်ပြောလိုက်သည်။
"တကယ်ပြောတာလား။ တကယ်လို့ ငါမကြိုက်ခဲ့ရင်ရော"
အပြာရောင်ဖဲကြိုးလေးဖြင့် မိန်းကလေးက သေချာအောင် ထပ်မေးလိုက်ပြန်သည်။
ယွမ်ရိလည်း ထိုမိန်းကလေးကို ပြုံးပြလိုက်ပြီး
"နင်မကြိုက်လို့ရှိရင်လည်း အဲ့ဒီဝတ်စုံကို ငါ့ဆိုင်မှာ ချိတ်ထားမှာပေါ့။ ကြိုက်တဲ့သူလာတဲ့အခါကျရင် ထုတ်ရောင်းလိုက်ရုံဘဲလေ"
ဟု ပြန်ဖြေပေးလိုက်သည်။
"နင်က ငါ့ကို ဘာလို့ပိတ်စအရင် မဝယ်စေချင်တာလဲ"
အပြာရောင်ဖဲကြိုးဖြင့် မိန်းကလေးက စပ်စုစွာဖြင့် ထပ်မေးလိုက်သည်။
"ဘာလို့လည်းဆိုတော့ နင်က ငါဆိုင်ဖွင့်ကတည်းကငါ့ဆီမှာ ပထမဦးဆုံး ဝတ်စုံလာချုပ်တဲ့သူဘဲ။ ဒီတော့ ယုံကြည်မှုတည်ဆောက်ဖို့ ငါ့ပိတ်စကိုဘဲ သုံးပြီး ချုပ်ပေးမယ်။ ငါ့လက်ရာကို အရင်ပြချင်လို့ပါ"
ဟု ယွမ်ရိက ပြန်ဖြေပေးလိုက်၏။
ယွမ်ရိစကားကြောင့် အပြာရောင်ဝတ်စုံနဲ့မိန်းကလေးလည်း ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်သွားတော့သည်။
'အင်း၊ သူ့ဘက်က ပိတ်စနဲ့စိုက်ချုပ်ပေးထားမယ်ဆိုတော့ မဆိုးဘူးဘဲ။ နောက်အပတ် ငါကြည့်လို့ ကြိုက်မှ ပတ်စဖို့ကို ငါရှင်းပေးရမှာ။ မကြိုက်ရင် မယူလည်း ရတယ်ဆိုတော့ တန်တယ်ပြောရမှာဘဲ'
ထိုကဲ့သို့တွေးပြီးသည့်နောက် သူမက ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ။ နောက်အပတ် ငါလာကြည့်မယ်"
ဟု ပြောလိုက်တော့သည်။
ဆက်လက်ပြီး သူမက လမ်း၏တစ်ဖက်မှ လမ်းကြားလေးအတွင်းကို လက်ညှိုးထိုးပြလိုက်ပြီး
"ငါက ဟိုဘက်လမ်းက လမ်းကြားလေးထဲမှာ နေတာ"
ဟု ထပ်ပြောလိုက်သည်။
ယွမ်ရိလည်း ထိုမိန်းကလေးညွှန်ပြသည့် လမ်းကြားလေးကို ကြည့်လိုက်ပြီးမှ ထိုမိန်းကလေးကို ပြန်ကြည့်ကာ
"ကောင်းပါပြီရှင်"
ဟု ပြောလိုက်သည်။
ဆက်လက်ပြီး သူမက ထိုမိန်းကလေးကိုင်ထားသည့် ပုံဆွဲစာအုပ်လေးကို ညွှန်လျက်
"နင်ချုပ်စေချင်တဲ့ပုံ တစ်ပုံရွေးလိုက်ပါ"
ဟု ပြောလိုက်သည်။
ဖဲကြိုးပြာလေးဖြင့် မိန်းကလေးလည်း ပျော်ရွှင်စွာဖြင့် ပုံတစ်ပုံချင်းစီအား ရွေးချယ်တော့သည်။ နောက်ဆုံးမှာ သူမက ပုံတစ်ပုံကို ညွှန်ပြလိုက်ပြီး
"ဒီပုံလေးက အမြင်တစ်မျိုးနဲ့ အရမ်းလှတာဘဲ။ ဒီပုံလေးချုပ်ချင်တယ်"
ဟု ယွမ်ရိကို ပြလိုက်သည်။
ယွမ်ရိလည်း ခဲတံလေးဖြင့် ထိုပုံရေးဆွဲထားသည့် စာမျက်နှာမှာ အမှတ်အသားလုပ်လိုက်ပြီး
"ကောင်းပြီ။ ငါချုပ်ထားလိုက်မယ်"
ဟု ပြန်ပြောလိုက်သည်။
ဖဲကြိုးအပြာလေးဖြင့် မိန်းကလေးဟာ မျှော်လင့်နေသောမျက်ဝန်းများဖြင့်
"နောက်အပတ်ကျရင် သေချာပေါက် ငါ ပြန်လာခဲ့မယ်နော်"
ဟု ကတိပေးလိုက်၏။
ယွမ်ရိလည်း စက်ချုပ်နေရာကနေ ထလိုက်ပြီး ထိုမိန်းကလေး၏ ကိုယ်တိုင်းအား တိုင်းတာယူလိုက်သည်။ ထိုသို့တိုင်းတာနေရင်းဖြင့်
"နောက်အပတ်လာလို့ရှိရင် တနင်္ဂနွေနေ့ကိုဘဲ လာခဲ့နော်။ အဲ့နေ့ကျမှဘဲ ကျွန်မကရှိမှာ။ ကျန်တဲ့နေ့တွေဆိုရင် ရှိမှာ မဟုတ်ဘူး"
ဟု အသိပေးလိုက်သည်။
ဖဲကြိုးပြာနဲ့ မိန်းကလေးက
"ဟုတ်လား။ ဘာလို့လဲ။ ကျန်တဲ့နေ့တွေဆိုရင် မအားလို့လား"
ဟု ထပ်မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်ပါဘူး။ တက္ကသိုလ်တက်နေရလို့ပါ"
ဟု ပြန်ဖြေလိုက်၏။
ထိုအခါ ဖဲကြိုးပြာဖြင့် မိန်းကလေးက အံ့အားသင့်သွားဟန်ဖြင့်
"ဟုတ်လား။ ဘယ်နှစ်ကလဲ"
ဟု မေးလိုက်ပြန်သည်။
"ဒုတိယနှစ်ကို ရောက်နေပြီ"
ယွမ်ရိက ပေကြိုးဖြင့် တိုင်းနေရင်းကနေ ပြန်ဖြေလိုက်သည်။
"ဝိုးးး မိုက်လိုက်တာ။ ဒါဆိုရင် နင်က မနှစ်က ကောလိပ်စာမေးပွဲ ပြန်ကျင်းပကတည်းက တစ်ခါတည်း အောင်တာဘဲဖြစ်ရမယ်။ ငါကတော့ မနှစ်ကလည်း ဖြေတယ်။ ဒီနှစ်လည်း ဖြေတယ်။ ဒါပေမယ့် အခုထိမအောင်သေးဘူး"
ဟု အပြာရောင်ဖဲကြိုးဖြင့် မိန်းကလေးက ညီးညူလိုက်ပြန်သည်။
ယွမ်ရိဟာ အပြာရောင်ဖဲကြိုးနဲ့မိန်းကလေး၏ကိုယ်တိုင်းတွေကို ယူပြီးသည့်နောက်မှာ စာအုပ်ထဲ၌ မှတ်သားလိုက်သည်။
ဖဲကြိုးအပြာနဲ့မိန်းကလေးဟာလည်း ယွမ်ရိ၏ဆိုင်ကနေ ခေါင်းစည်းကြိုးနှစ်ကွင်း ဝယ်ယူပြီးနောက် ဆိုင်ကနေ ထွက်သွား၏။
ထိုမိန်းကလေးထွက်သွားပြီး မကြာခင်မှာဘဲ ဆိုင်ကိုလူကျလာသည့်အတွက် ယွမ်ရိလည်း အပ်ချုပ်စက်မှာ မထိုင်နိုင်သေးဘဲ ဈေးဝယ်သူများအား ရောင်းချပေးလိုက်သည်။
ထိုသူတွေပြန်သွားမှ အပ်ချုပ်စက်မှာ ထိုင်ကာ ဝတ်စုံကို ချုပ်ရန်အတွက် ပြင်ဆင်နိုင်တော့သည်။
တဖြည်းဖြည်း ညနေရောက်လာကာ လူသွားလူလာ နည်းပါးလာသည်။
ဒါ့ကြောင့် ဆိုင်ချင်းကပ်ရပ်ဖြစ်နေသည့် ရှဲ့တုန်းယန်က ယွမ်ရိထံလာလျက်
"ရှောင်ရိ၊ နေ့လည်တုန်းက လာတဲ့မိန်းကလေးအတွက် ဝတ်စုံချုပ်မှာကိုများ ဘာလို့ ကိုယ့်ဘက်က ပိတ်စစိုက်ပေးလိုက်ရတာတုန်း"
ဟု မေးမြန်းလိုက်၏။
ယွမ်ရိက အပ်ချုပ်စက်ကို နင်းနေရင်းဖြင့်
"ငါရောင်းတာက ငါ့ရဲ့လက်မှုပညာလေ။ ဒီတော့ ဝယ်သူစိတ်တိုင်းကျ ဖြစ်သွားအောင်လို့ အရင်ဆုံး ငါ့ရဲ့ပညာကို ပြမှဖြစ်မှာပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
ဒီအချိန်မှာတော့ ရှဲ့တုန်းယန်လည်း ယွမ်ရိက သူ့ထက်ဝင်ငွေပိုများရသည့် အကြောင်းကို သိသွားပြီဖြစ်သည်။
'တော်တော် စီးပွားရေး သောင်းကျန်းပါလားဟ။ ကုန်ပစ္စည်းလည်း ရောင်းတယ်။ စက်လည်းချုပ်တယ်။ သူမှမကြီးပွားရင် ဘယ်သူမှ ကြီးပွားမှာ မဟုတ်တော့ဘူး'
ဒါပေမယ့် သူက ယွမ်ရိအပေါ်မှာ မနာလိုတာမျိုး လုံးဝမရှိပေ။
သူက ခဏမျှစဉ်းစားပြီးမှ
"ဒါက အဓိပ္ပာယ်ရှိသားဘဲ"
ဟု ယွမ်ရိအား ပြန်ပြောလိုက်တော့သည်။
ယွမ်ရိဟာ နေဝန်းကြီး တဖြည်းဖြည်းဝင်နေပြီဖြစ်တာကို ကြည့်ရင်း အညောင်းအညာ ဆန့်လိုက်ကာ
"ဒီနေ့ကလည်း ကုန်တာမြန်လိုက်တာ"
ဟု ရေရွတ်လိုက်၏။
သူမအတွက် သတင်းတစ်ပတ်ကုန်တာက အလွန် မြန်နေသည်ဟု ယွမ်ရိခံစားနေရသည်။
ရှဲ့တုန်းယန်လည်း ယွမ်ရိကိုကြည့်ပြီး ပြုံးလိုက်ကာ
"ငါတို့ ဆိုင်ပိတ်ပြီး စားသောက်ဆိုင်ကို သွားကြမလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"တော်ပြီ။ ဒီနေ့ ငါ အခြားတစ်ယောက်နဲ့ ချိန်းထားတာလေးရှိနေလို့"
ဟု ပြောကာ ရှဲ့တုန်းယန်၏ဖိတ်ခေါ်မှုကို ငြင်းလိုက်သည်။
"ဒါဆိုလည်း နောက်အပတ်မှ သွားကြတာပေါ့"
ရှဲ့တုန်းယန်က အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။
ယွမ်ရိလည်း ခဏမျှ အနားယူပြီးသည့်နောက်မှာ သူမ၏လွယ်အိတ်အား ကောက်လွယ်လိုက်ပြီး ရှဲ့တုန်းယန်ကိုကြည့်ကာ
"တုန်းယန်၊ ငါ့ဆိုင်ကို ခဏကြည့်ပေးထားဦး။ ငါ လမ်းထိပ်မှာ ဝယ်စရာလေးရှိနေလို့"
ဟု ပြောလိုက်၏။
"ဘာသွားဝယ်မလို့လဲ"
ရှဲ့တုန်းယန်က မေးလိုက်သည်။
ယွမ်ရိက
"ပိတ်စသွားဝယ်မလို့"
ဟု ပြန်ဖြေကာ ဆိုင်ကနေ ထွက်လာခဲ့တော့သည်။
ပိတ်စဝယ်ပြီး ပြန်လာသောအခါ နည်းနည်းတောင် မှောင်နေပြီဖြစ်သည်။
ဒါ့ကြောင့် ယွမ်ရိနဲ့ရှဲ့တုန်းယန်လည်း ဆိုင်သိမ်းဖို့ပြင်ကြတော့၏။
သူမတို့ရောင်းချနေသည့် ပစ္စည်းများကို အထုပ်တွေထဲပြန်ထည့်ကာ စက်ဘီးပြင်ဆိုင်သို့ ယူသွားကြသည်။ နေရာတကျ သိမ်းဆည်းပြီးသည့်နောက်မှာ ယွမ်ရိက ရှဲ့တုန်းယန်အား နှုတ်ဆက်လျက် ထိုနေရာကနေ ထွက်လာခဲ့တော့သည်။
သူမက အဆောင်ကို တန်းမပြန်ခဲ့ဘဲ စားသောက်ဆိုင်တစ်ခုကို ဦးတည်သွားခဲ့၏။ ထိုစားသောက်ဆိုင်ကတော့ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့အား တွေ့ရန်အတွက် ရူကျောင်း ချိန်းဆိုထားသည့် ဆိုင်ပဲဖြစ်သည်။
တစ်ဖက်မှာတော့ ရူကျောင်းက စားသောက်ဆိုင်အတွင်းမှ သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာထားခဲ့ပြီး လုယွမ်ကျန်းကို ဧည့်ခံနေခဲ့သည်။
ယွမ်ရိလည်း ဆိုင်၏စားပွဲထိုးလေး ညွှန်ပြသည့်သီးသန့်ခန်းကို ဝင်လာလိုက်သည့်အခါ ရူကျောင်းနဲ့လုယွမ်ကျန်းကိုပဲ တွေ့လိုက်ရပြီး ရဲ့ချူးဝမ်ကိုတော့ မတွေ့ရချေ။
သူမဝင်လာတာကိုမြင်တော့ လုယွမ်ကျန်းနဲ့ရူကျောင်းက နှုတ်ဆက်လိုက်သည်။
အထူးသဖြင့် လူယွမ်ကျန်းဟာ ယခင်အပတ်က ဖြစ်ခဲ့သည့်ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်မျက်နှာပူသဖြင့် ပိုပြီးတော့ ယဉ်ကျေးစွာဖြင့် ယွမ်ရိကို နှုတ်ဆက်လိုက်သည်။
ယွမ်ရိကလည်း ယဉ်ယဉ်ကျေးကျေးဖြင့်ပင် ပြန်နှုတ်ဆက်လိုက်သည်။
သူမက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီးတာနဲ့ မီနူးကို အရင်ကြည့်ကာ စားပွဲထိုးအား သူမစားချင်သည့်အစားအစာများကို မှာလိုက်သည်။
ပြီးမှ သူမက လုယွမ်ကျန်းကိုကြည့်ကာ
"ဒါနဲ့ ရဲ့ချူးဝမ်ရော မပါဘူးလား"
ဟု မေးလိုက်သည်။
"မပါဘူး"
လုယွမ်ကျန်းက
"အစကတော့ သူမလည်း လိုက်မလို့ဘဲ။ ဒါပေမယ့် ဒီနေ့မှ သူမက နေမကောင်းဖြစ်သွားတယ်လေ။ အဲ့တာကြောင့်မို့ လိုက်မလာခဲ့တော့တာ"
ဟု ယွမ်ရိ၏မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။
"ဒါနဲ့ သူမက ဒီမြို့မှာ အိမ်ငှားပြီးတော့ နေတာလား"
ယွမ်ရိက ပေါ့ပေါ့ပါးပါးပုံစံဖြင့်ပင် လုယွမ်ကျန်းအား ထပ်မေးလိုက်သည်။ မသိပါက သူတို့နှစ်ယောက်ဟာ တကယ့်မိတ်ရင်းဆွေရင်းကြီးများလိုပင်။
လုယွမ်ကျန်းက ခေါင်းညိတ်ကာ
"ဟုတ်တယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
"ငါက သူ့ကိုတွေ့ချင်နေတာ။ သူနဲ့တွေ့ရင် ပြောစရာတွေ အများကြီးရှိနေတာ။ အဓိက,ကတော့ မျက်နှာချင်းဆိုင်တွေ့မှ ပြောဖြစ်မယ့်အရာတွေဘဲ။ သူမက ငါ့ဆီပို့တဲ့စာတွေကို ကြားကနေ ဖြတ်ယူထားတယ်လေ"
ယွမ်ရိက ကွေ့ဝိုက်မပြောချင်တော့သဖြင့် လိုရင်းကိုသာ တန်းထုတ်ပြောလိုက်တော့သည်။
"ဘာကိုပြောချင်တာလဲ"
လုယွမ်ကျန်းက ရုတ်တရက်မို့ နားမလည်ဖြစ်သွားသဖြင့် ထပ်မေးလိုက်သည်။
ထိုအချိန်မှာဘဲ ဘေးမှာ ထိုင်နေသည့် ရူကျောင်းက လုယွမ်ကျန်းကို ကြည့်ကာ
"ငါစစ်တပ်ထဲရှိနေတဲ့အချိန် လွန်ခဲ့တဲ့နှစ်,နှစ်တုန်းက ယွမ်ရိဆီကို စာတွေပို့ခဲ့တယ်။ ဒါပေမဲ့ သူမက ငါ ပို့တဲ့စာတွေ တစ်စောင်မှမရခဲ့ဘဲ ရဲ့ချူးဝမ်က ကြားထဲကနေ ဖြတ်ယူသွားတယ်လေ"
ဟု ရှင်းပြလိုက်၏။
ထိုအခါ လုယွမ်ကျန်းက အံ့အားသင့်သွားပြီး
"အဲ့တာမဖြစ်နိုင်ဘူး။ မင်းတို့နှစ်ယောက် မှားနေပြီထင်တယ်။ ချူးဝမ်က အဲ့လိုလုပ်မယ့်သူ မဟုတ်ပါဘူးဟ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း လုယွမ်ကျန်းကို သေချာစိုက်ကြည့်ကာ
"နင်က ရဲ့ချူးဝမ်ကို သိတာ ဘယ်လောက်ကြာပြီမို့လို့ သူမက အဲ့လိုမလုပ်ပါဘူးလို့ ပြောနိုင်ရတာလဲ"
ဟု မေးလိုက်သည်။
"ငါတိို့နှစ်ယောက် တွဲလာတာ တစ်နှစ်၊ နှစ်နှစ်မကတော့ဘူးကွ။ ချူးဝမ်ရဲ့အကြောင်းကို ငါကောင်းကောင်းသိတာပေါ့"
လုယွမ်ကျန်းက လက်မခံသေးဘဲ ငြင်းဆဲပင်။
ယွမ်ရိက မျက်လုံးမှေးလိုက်ပြီး
"ဟုတ်ပါပြီ။ နင်တို့က နှစ်အတော်ကြာအောင် တွဲတယ်ဘဲ ထားပါတော့ တစ်အိမ်ထဲ အတူတူနေဖူးပြီလား"
ဟု မေးလိုက်သည်။
လုယွမ်ကျန်းတစ်ယောက် ပြန်မဖြေနိုင်ခဲ့ချေ။
ယွမ်ရိက ဆက်လက်ပြီး
"ငါက ရဲ့ချူးဝမ်နဲ့ တစ်အိမ်ထဲနှစ်နှစ်၊ သုံးနှစ်လောက် နေခဲ့ရတဲ့သူပါ။ နင်က ငါ့ထက် သူ့အကြောင်းကို ပိုသိမယ် ထင်နေတာလား"
ဟု မျက်ခုံးအသာပြန်ပင့်၍ မေးလိုက်တော့သည်။
လုယွမ်ကျန်းလည်း ယွမ်ရိ၏စကားလုံးများကြောင့် ခံစားချက်တွေ ပြင်းထန်လာကာ အသက်ရှူတွေ မြန်ဆန်လာသည်။
ရုတ်တရက် သူက ထိုင်နေရာကနေ ထရပ်လိုက်ပြီး ယွမ်ရိကို စူးစူးရဲရဲစိုက်ကြည့်လျက်
"ချူးဝမ်ရဲ့မကောင်းကြောင်းကို ပြောဖို့အတွက်နဲ့ ငါ့ကို ညစာစားဖိတ်တယ်ပေါ့။ ဒါဆိုရင်တော့ စိတ်မကောင်းစရာဘဲ။ ကိုယ့်ဘာသာဘဲ ကောင်းကောင်းစားကြပါ။ ငါသွားတော့မယ်"
ဟု ပြော၍ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
"ဒါနဲ့ သူမက ငါ့အတွက် ပို့ပေးတဲ့စာတွေကို ကြားထဲကနေ ဖြတ်ယူထားလိုက်ရတဲ့ အကြောင်းရင်းလေးကို မသိချင်ဘူးလား"
ယွမ်ရိက တစ်ဖက်ခြေထောက်ပေါ် တစ်ဖက်တင်၍ ဟန်ပါပါဖြင့် လုယွမ်ကျန်းကို မေးလိုက်သည်။
ထိုမေးခွန်းကြောင့် အခန်းအပြင်ထွက်ရန် ပြင်နေသည့် လုယွမ်ကျန်း၏ခြေထောက်တွေ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။
ပြီးသည့်နောက် ယွမ်ရိဘက်ကို ပြန်လှည့်ကာ ယွမ်ရိပြောမည့်စကားတွေကို စောင့်နေတော့သည်။