အပိုင်း - ၇၅.၂
နောက်ကိုမှီထိုင်လိုက်ရင်းဖြင့် ယွမ်ကျဲက
"အဖိုးနဲ့အဖွားတို့ကို တွေ့ရတော့မယ်။ မောင်ငယ်လေးကိုလည်း တွေ့ရတော့မယ်။ ပျော်လိုက်တာ"
ဟု ရေရွတ်လိုက်သည်။
"ငါကတော့ အခုချက်ချင်းကို တောင်ပေါ်ပြန်ရောက်ချင်နေပြီ"
ယွမ်ရိကပါ ဝင်ပြောလိုက်သည်။
ယွမ်ကျဲက ပြုံးလိုက်ပြီး
"ငါးရက်ခြောက်ရက်လောက် မြန်မြန်ကုန်သွားရင် ကောင်းမှာဘဲ"
ရထားပေါ်မှာ လေးငါးရက်ခန့် ကုန်ဆုံးပြီးသည့်နောက်မှာ ရထားဟာ တုန်းဖန်ဘူတာမှာ ဆိုက်ကပ်သွားတော့သည်။
ထို့နောက် ညီအမနှစ်ယောက်ဟာ တုန်းဖန်မြို့ကနေတဆင့် ဖန်းမင်းတောင်ပေါ်ကို ခြေလျင်တက်လာခဲ့ကြတော့သည်။
ခြောက်ရက်မြောက်နေ့ ညနေခင်းကို ရောက်သည့်အခါ သူမတို့ဟာ ဖန်းယန်ရွာသို့ ရောက်ရှိသွားတော့၏။
သူမတို့ဟာ အိမ်ထဲကို တန်းဝင်လာလိုက်ကြသည်။
အိမ်ထဲကိုရောက်တော့ ဟင်းတွေချက်ရင်း အလုပ်ရှုပ်နေကြသည့် လျူရှင်းဟွာနဲ့ ချန်ခွန်းရယ်၊ ရှစ်လခန့်ရှိသည့်ကလေးလေးတစ်ယောက်အား ချော့မြှူကစားပေးနေသည့် ယွမ်ချန်းရှန်တို့ကို တွေ့လိုက်ရသည်။
ထိုသူသုံးယောက်ကလည်း အိမ်ထဲဝင်လာသည့် ယွမ်ရိနဲ့ယွမ်ကျဲတို့ကိုမြင်သည့်အခါ ဝမ်းသာအားရဖြင့်
"ဟာ၊ ရှောင်ရိနဲ့ရှောင်ကျဲတို့ ပြန်လာကြပြီလား"
ဟု ဝမ်းသာအားရစွာဖြင့် ပြောလိုက်ကြသည်။
ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်။ နွေဦးပွဲတော်အတွက် ပြန်လာခဲ့ကြတာ"
သူမတို့ရဲ့စကားပြောသံတွေကြောင့် ယွမ်ကျီကောင်းဟာလည်း အိပ်ခန်းအတွင်းမှ ထွက်လာခဲ့သည်။သူက ယွမ်ရိနဲ့ယွမ်ကျဲတို့၏နောက်ကို လှမ်းကြည့်ရင်း
"ဘယ်မလဲ။ ဟောင်ဂျန်တို့၊ ရှောင်ဖန်တို့ ချူးရွယ်တို့ရော။ သူတို့ မပါကြဘူးလား"
ဟု မေးလိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏အဝတ်ထုပ်များကို အရင်နေရာချလိုက်သည်။ ပြီးမှ
"သမီးတို့က နွေဦးပွဲတော်ပြီးရင် အဖေတို့ဆီ ပြန်မှာမဟုတ်တော့ဘူး။ ဒါ့ကြောင့်မို့ ဟောင်ဂျန်တို့ သုံးယောက်ကို ခေါ်မလာခဲ့တော့တာ"
ဟု ပြန်ဖြေပေးလိုက်သည်။
လျူရှင်းဟွာက ယွမ်ရိတို့၏စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး
"ဘာလို့ နင့်အဖေတို့ဆီ မပြန်တော့ဖို့ ဆုံးဖြတ်လိုက်တာလဲ"
ဟု မေးမြန်းလိုက်၏။
သူမဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့အား မြို့ပေါ်မှာဘဲ နေစေချင်ပါသည်။ မြို့ပေါ်မှာသာလျှင် အလုပ်အကိုင် အခွင့်အလမ်းပေါများကာ ဘဝကို စိုပြည်သာယာစွာဖြင့် ဖြတ်သန်းနိုင်မှာဖြစ်လို့ပင်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ ယွမ်ချန်းရှန်နဲ့ဆော့ကစားနေသည့် သူမတို့၏မောင်ငယ်လေးကို ကျီစားလိုက်ရင်းဖြင့်
"သမီးတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ကြတယ်လေ။ ဒါ့ကြောင့် ဒီကပြန်ရင် ပီကင်းမြို့ကိုသွားပြီး တက္ကသိုလ်ကို တန်းတက်ကြတော့မှာမို့လို့ အဖေတို့ဆီမပြန်ဖို့ ဆုံးဖြတ်လိုက်ကြတာ"
ဟု လျူရှင်းဟွာ၏မေးခွန်းကို ပြန်ဖြေပေးလိုက်ကြတော့သည်။
"တက္ကသိုလ်တက်မယ် ဟုတ်လား"
ချန်ခွန်းက
"ဘယ်လိုဖြစ်ကုန်လို့တုန်း"
ဟု မေးမြန်းလိုက်သည်။
ကျန်သည့်မိသားစုဝင်တွေကလည်း သိချင်စိတ်များဖြင့် ယွမ်ရိနဲ့ယွမ်ကျဲတို့အား ကြည့်နေကြတော့သည်။
ယွမ်ရိက ချန်ခွန်းကိုကြည့်ကာ
"ဒေါ်လေးငါး၊ ဒီနှစ်မှာဘဲ နိုင်ငံတော်ကနေပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲတွေကို ပြန်ကျင်းပပေးမယ်လို့ တရားဝင်ထုတ်ပြန်လိုက်တယ်လေ။ အဲ့တာနဲ့ ရှောင်ကျဲနဲ့သမီးလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဝင်ဖြေလိုက်တာ။ အဲ့တာ ကံကောင်းပြီး သမီးတို့နှစ်ယောက်လုံး ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားတယ်လေ။ ဒါ့ကြောင့် သမီးတို့က ပီကင်းမြို့ကိုသွားပြီး သမီးတို့တက်ဖို့ဆုံးဖြတ်ထားတဲ့ တက္ကသိုလ်မှာ သွားတက်ကြမလို့"
ဟု ပြန်ဖြေလိုက်၏။
"ပီကင်းမြို့တော်လား??"
ချန်ခွန်းက အံ့အားတကြီးဖြစ်နေသော လေသံဖြင့်
"ဝါးးး ငါ့တူမတွေနှစ်ယောက်လုံး အရမ်းတော်ကြတာဘဲ"
ဟု ချီးကျူးထောပနာပြုလိုက်တော့သည်။
ယွမ်ရိက ပြုံးလိုက်ပြီး
"ဒါနဲ့ တောင်ပေါ်ကရော ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားကြဘူးလား"
ဟု မေးလိုက်၏။
ယွမ်ချန်းရှန်က ခေါင်းယမ်းကာ
"ရှောင်ရိကလည်း တောင်ပေါ်မှာ ကျောင်းမှမရှိတာ။ဒီတော့ အကြောင်းကြားစာက ရောက်မလာနိုင်ဘူးလေ။ ဒါ့ကြောင့် ငါတို့လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားမိဘူးပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
ယွမ်ကျီကောင်းကလည်း ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်လျက်
"ဒါနဲ့ မင်းတို့တက္ကသိုလ်တက်တဲ့အခါ အဆင်ပြေပါ့မလား။ အဖိုးက ငါ့မြေးတွေရဲ့နေရေးထိုင်ရေး သွားရေးလာရေးတွေကို စိတ်ပူလို့ပါ"
ယွမ်ရိက သူမ၏အဖိုးကို ကြည့်ကာ နှစ်နှစ်ချိုက်ချိုက် ပြုံးလိုက်ပြီး
"အဖိုး အဲ့တာတော့ လုံးဝစိတ်မပူပါနဲ့။ သမီးတို့ တက္ကသိုလ်တက်တဲ့အခါကျရင် လိုအပ်တာမှန်သမျှ နိုင်ငံတော်ကနေဘဲ အကုန်ထောက်ပံ့ပေးမှာတဲ့"
ယွမ်ကျီကောင်းလည်း ထိုစကားကိုကြားမှသာလျှင် သူ့မြေးမနှစ်ယောက်အား အနည်းငယ် စိတ်ချသွား၏။ ထို့နောက် သူက ဝမ်းသာအားရပြုံးကာ
"တော်တယ်။ ရှောင်ရိ၊ မင်းက မင့်အဖေထက်တောင် အရည်အချင်းပိုရှိသေးတယ်"
ဟု ချီးမွမ်းလိုက်သည်။
တဖန် သူက ယွမ်ကျဲဘက်သို့လှည့်ကာ
"ရှောင်ကျဲ၊ ငါ့မြေးကလည်း တော်တာဘဲကွ၊ ဟားးးဟားးးး"
လျူရှင်းဟွာကလည်း ပြုံးလိုက်ပြီး
"ငါ့မြေးနှစ်ယောက်လုံးအတွက် အဖွား အရမ်းဂုဏ်ယူတယ်။ ငါ့မြေးတို့ တက္ကသိုလ်တက်ရတော့မယ့်အကြောင်းကို နောက်ရက်ရောက်ရင် တစ်ရွာလုံးသိသွားအောင် အဖွားကြွားပစ်မယ်"
၏ ပျော်ရွှင်ကြည်နူးနေသည့် လေသံဖြင့် ဝင်ပြောလိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ ပြန်ရောက်လာသည့်အပြင် သတင်းကောင်းကိုပါ သယ်လာခဲ့တာမို့ တစ်မိသားစုလုံး ပျော်ရွှင်နေကြကာ တော်တော်နဲ့ မအိပ်ခဲ့ကြဘဲ ညဉ့်နက်သည်အထိ စကားကောင်းနေကြတော့သည်။
လျူရှင်းဟွာတစ်ယောက် အိပ်စက်သွားသည့်အခါ အိပ်မက်အတွင်းထိပါ ယွမ်ရိနဲ့ယွမ်ကျဲတို့အကြောင်းတွေမက်ပြီး တပြုံးပြုံးဖြစ်နေတော့သည်။
နောက်ရက်ရွာထဲကို ထွက်လည်သည့်အခါမှာလည်း သူမမျက်နှာပေါ်မှာ ဝမ်းသာအားရဖြစ်နေသည့် အပြုံးကြီးတစ်ခုအား ဆင်မြန်းလို့ထား၏။
သူမမျက်နှာပေါ်မှ အပြုံးကိုမြင်လိုက်တာကြောင့် အဖွားတစ်ယောက်က
"ဟဲ့၊ ဘာဖြစ်လို့ တပြုံးပြုံးတပျော်ပျော်ဖြစ်နေရတာတုန်း"
ဟု မေးမြန်းလိုက်သည်။
ထိုအခါ အဖွားလျူရှင်းဟွာက ခေါင်းမော့ရင်ကော့လျက်
"နင်တို့တော့ မသိသေးလောက်ဘူး။ အစိုးရကနေပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်ကျင်းပပေးလိုက်ပြီတဲ့လေ။ အဲ့ဒီစာမေးပွဲမှာ ငါ့မြေးမယွမ်ရိနဲ့ယွမ်ကျဲတို့က အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ကြတာမို့ အခုပီကင်းတက္ကသိုလ်တက်ရတော့မှာတဲ့။ပီကင်းဆိုတာ တကယ့်ကိုမြို့ကြီးပြကြီးနော်။ ပြီးတော့ သူမတို့တက္ကသိုလ်တက်နေတဲ့အချိန်အတွင်း လိုအပ်တဲ့အရာမှန်သမျှကိုလည်း အစိုးရကနေ ထောက်ပံ့ပေးဦးမှာတဲ့"
ဟု ဂုဏ်ယူသောလေသံဖြင့် ပြောပြလိုက်တော့သည်။
"ဝါးးး သူမတို့က အရမ်းတော်ကြတာဘဲ"
အဖွားတွေက ယွမ်ရိနဲ့ယွမ်ကျဲတို့အား ချီးမွမ်းလိုက်ကြသည်။
ထိုအခါ အဖွားလျူရှင်းဟွာက ခေါင်းတညိတ်ညိတ်ဖြင့်
"တော်မှာပေါ့။ သူတို့နှစ်ယောက်လုံးက ကျွန်မနဲ့တူကြတာကို"
ဟု ပြောလိုက်တော့သည်။
ထိုအကြောင်းတွေဟာ အဖွားအိုတွေထံမှတဆင့် တစ်ရွာလုံးကို လျင်မြန်စွာဘဲ ပျံ့နှံ့သွားတော့သည်။
ဆန်းရှောင်ဟိုင်သည်လည်း တစ်ယောက်စကားတစ်ယောက်နားမှတဆင့် ယွမ်ရိနဲ့ယွမ်ကျဲတို့၏သတင်းများအား ကြားသိလိုက်ရတော့သည်။
ညအချိန် ညစာစားသည့်အချိန်မှာ သူမယောက်ျား ယွမ်ချန်းကွေ့အား
"ချန်းကွေ့၊ ရှင့်တူမနဲ့ သမီး နှစ်ယောက်လုံး ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ပြီး တက္ကသိုလ်တက်ရတော့မယ်တဲ့။ အဲ့တာကို ရှင်သိသလား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ချန်းကွေ့ဟာ ထိုသတင်းကို မသိသေးချေ။ ဒါ့ကြောင့်
"အဲ့သတင်းကို ဘယ်ကကြားခဲ့တာလဲ"
ဟု သူ့မိန်းမကို ပြန်မေးလိုက်တော့သည်။
"ဘယ်ကကြားခဲ့ရမှာတုန်း။ ရွာထဲကနေဘဲ ကြားခဲ့တာပေါ့။ ရှင့်တူမတွေ မနေ့တုန်းက ပြန်ရောက်လာကြပြီတဲ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် တက္ကသိုလ်တက်တော့မယ့် သတင်းက ရွာထဲမှာ ပျံ့သွားတာ နှစ်ယောက်လုံး အရမ်းတော်ကြတာဘဲ"
ဟု ဆန်းရှောင်ဟိုင်က ပြန်ဖြေပေးလိုက်၏။
တော်ပေါ်မှာ ရှိကြသည့်လူအများစုဟာ မြို့ကြီးပြကြီး၏ကြီးကျယ်ခမ်းနားပုံတွေကို မြင်တွေ့ဖူးခြင်းမရှိကြချေ။ ဒါ့အပြင် ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ဖြစ်ဖြစ်မြောက်မြောက်မရှိကြတာမို့ ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်ရောက်နိုင်သည့် သူတိုင်းအား အလွန်ထူးချွန်ကြသူများအဖြစ် စိတ်ထဲကနေ အလိုအလျောက်သတ်မှတ်လိုက်ကြလေ့ရှိပေသည်။
ယွမ်ချန်းကွေ့လည်း ဆန်းရှောင်ဟိုင်၏စကားများကြောင့် အံ့အားသင့်သွားပြီး
"အဲ့တာ တကယ်ဘဲလား"
ဟု အာမေဍိတ်ဖြင့် ရေရွတ်လိုက်မိတော့သည်။
ပြီးမှ ဆန်းရှောင်ဟိုင်ကိုကြည့်လျက်
"ဆန်းရှောင်ဟိုင်၊ နောက်ရက်ကျရင် ယွမ်ကျဲကိုသွားခေါ်လိုက်။ ဘာပဲဖြစ်ဖြစ် ငါတို့က သူ့ရဲ့မိဘတွေဘဲ။ ကိုယ့်သမီးနဲ့ကိုယ် ပြန်အဆင်ပြေအောင်နေရမယ်"
ဟု ပြောလိုက်၏။
ဆက်လက်ပြီးသူက
"ဪ၊ ပြီးတော့ အမေ့ဆီကနေ မိန်းကလေးတွေကို ဂရုတစိုက် ပြုစုပျိုးထောင်ပုံတွေကို သေချာကြည့်ပြီးလေ့လာဦး။ မဟုတ်လို့ရှိရင် ယွမ်ကျဲကို သေချာဂရုမစိုက်နိုင်ဖြစ်လိမ့်မယ်"
ထိုအခါ ဆန်းရှောင်ဟိုင်တစ်ယောက် ခေါင်းငုံ့သွားပြီး
"ဒါကတော့ ရှင့်မိဘတွေက ကလေးတွေကို ကောင်းကောင်းမွန်မွန် ဂရုစိုက်နိုင်တဲ့အထိ တစ်နေ့ကုန်အားနေတာကိုးးး"
ဟု တိုးတိုးလေးရေရွတ်လိုက်တော့သည်။
ဆန်းရှောင်ဟိုင်ဟာ သူမ၏ယောက္ခမ လျူရှင်းဟွာအပေါ်တွင် တော်တော်လေး မနာလိုဖြစ်နေ၏။ သူမ(လျူရှင်းဟွာ)၏ တတိယသမီးကလည်း စက်ချုပ်ပြီး တောင်ပေါ်တလွှားက ငွေတွေကိုသဲ့ယူနေကာ စီးပွားရေးကောင်းမွန်သူတစ်ဦး ဖြစ်သည်။
တဖန် သူမ၏မြေးမနှစ်ယောက်ကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားပြီး အနာဂတ်လှနေပြန်ပါပြီ။ ဒါ့ကြောင့် ဆန်းရှောင်ဟိုင်ဟာ သူမယောက္ခမအပေါ်မှာ မနာလိုမှုမီးတောက်တွေ တဟုန်းဟုန်းတောက်လောင်နေတော့၏။
ရုတ်တရက် သူမက တစ်ခုခုအား တွေးမိသွားသည်။
'ဟုတ်သားပဲ။ ယွမ်ရိနဲ့ယွမ်ကျဲတို့က မိန်းကလေးတွေလေ။ ဒီတော့ သူတို့တွေက အချိန်တန်လာတဲ့အခါကျရင် အိမ်ထောင်ပြုကြမှာဘဲ။ အဲ့ကျ ယောင်နောက်ဆံထုံးပါဆိုသလို လင်နောက် လိုက်သွားကြမှာ။ သူတို့အိမ်အတွက် ပြန်ကြည့်မှာမဟုတ်တော့ဘူး'
ထိုကဲ့သို့ တွေးမိသွားမှ ဆန်းရှောင်ဟိုင်တစ်ယောက် အနည်းငယ်နေသာထိုင်သာရှိသွားတော့သည်။
ရွာတစ်ခွင်လုံး ယွမ်ရိနဲ့ယွမ်ကျဲတို့၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်မြင်ကြောင်း သတင်းပျံ့နှံ့သွားပြီးသည့်နောက်၊ ရွာထဲက လူအများဟာ ယွမ်အိမ်ကိုလာလျက် ယွမ်ရိနဲ့ယွမ်ကျဲတို့အား အထူးအဆန်း လာကြည့်ကြတော့သည်။
(ဒါက အပြင်မှာလည်း ရှိပါတယ်နော်။ အရင်တုန်း (အဖိုးတို့လက်ထက်တုန်း) ကဆိုရင် ဆယ်တန်းစာမေးပွဲအောင်ဖို့က အရမ်းခက်တယ်တဲ့။ ဒါ့ကြောင့် ဆယ်တန်းအောင်တဲ့သူဆိုရင် အနီးအနားကရွာတွေကပါ လှည်းတွေနဲ့ လာကြည့်ကြတာတဲ့။ အဖိုးပြောပြတာလေး ပြန်ပြောပြတာနော်🥰)
သူတို့က ယွမ်ရိနဲ့ယွမ်ကျဲတို့အတွက် လက်ဆောင်ပစ္စည်းတွေပါ ယူဆောင်ခဲ့ကြပါသည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာလည်း ဒီရက်ပိုင်းအတွင်းမှာ အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေခဲ့ကြသည်။
သူမတို့ဟာ အိမ်မှာနေရင်း သူမတို့အဖွား လျူရှင်းဟွာနဲ့အတူတူ နွေဦးပွဲတော်အတွက် မုန့်တွေ၊ စားစရာတွေကို ကြိုပြင်ဆင်ပေးခဲ့ကြသည်။
လွန်ခဲ့သည့် တစ်ရက်နှစ်ရက်အတွင်း ဆန်းရှောင်ဟိုင်လည်း မုန့်တွေဘာတွေယူလျက် ယွမ်အိမ်ကိုရောက်လာခဲ့သည်။ သူမက ယွမ်ကျဲအား သူမတို့မိသားစုနဲ့အတူတူ ပြန်နေဖို့ ခေါ်ခဲ့ပေမယ့် ယွမ်ကျဲကတော့ လိုက်မယ်လည်း မပြောသလို၊ မလိုက်ဘူးဟုလည်း စကားပြန်မပြောခဲ့ချေ။
ယွမ်ချီကျီသည်လည်း နှစ်သစ်ကူးပွဲတော်အတွက် တောင်ပေါ်ကရွာတွေအနှံ့ ဝတ်စုံတွေလိုက်ချုပ်ပေးနေရသဖြင့် နှစ်သစ်ကူးအကြိုနေ့မှသာလျှင် ယွမ်အိမ်သို့ပြန်ရောက်လာတော့သည်။
သူမ ယွမ်အိမ်ကိုရောက်တော့ နေမွန်းတည့်နေပြီဖြစ်သည်။
သူမဟာ အိမ်ထဲဝင်ရန်ပြင်လိုက်ချိန်မှာဘဲ အိမ်ထဲကနေ ထွက်လာသည့် ယွမ်ရိနဲ့ယွမ်ကျဲအား မြင်တွေ့လိုက်ရသည်။
ဒါ့ကြောင့် သူမက ပျော်ရွှင်စွာဖြင့် လက်ဝှေ့ယမ်းလျက် နှုတ်ဆက်လိုက်သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏တတိယအဒေါ်အား မြင်လိုက်ရတာကြောင့် ပျော်ရွှင်သွားကြသည်။ ဒါပေမယ့် ယွမ်ချီကျီဘေးမှာ သူစိမ်းယောက်ျားတစ်ယောက် ပါနေတာကိုမြင်လိုက်ရတာကြောင့် သူမတို့နှစ်ယောက်လုံး တွန့်သွားကြတော့သည်။
ထိုလူကို သူမတို့နှစ်ယောက်လုံး တစ်ခါမှ မမြင်ဖူးကြ၍ ဖန်းယန်ရွာကတော့ ဟုတ်မည့်ပုံ မပေါ်ချေ။
ထိုလူက အရပ်လည်း တော်တော်ရှည်ကာ အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိလောက်၏။ ထိုလူ့လက်ထဲမှာလည်း အထုပ်အပိုးတချို့ ပါနေသေးသည်။
"ရှောင်ရိနဲ့ရှောင်ကျဲတို့တောင် ပြန်ရောက်နေကြပြီဘဲ"
ယွမ်ချီကျီက ပြောလိုက်သည်။
ယွမ်ရိက သူမအဒေါ်အား
"အဒေါ်၊ အလုပ်သင် လက်ခံထားတာလား"
ဟု မေးလျက် ယွမ်ချီကျီ၏ဘေးမှလူအား အကဲခတ်နေလိုက်သည်။
ယွမ်ချီကျီက ယွမ်ရိ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။သူမက ရုတ်တရက် ရှက်ပြုံးလေးပြုံးလျက် သူမဘေးမှ အမျိုးသား၏လက်အား ဆုပ်ကိုင်လိုက်တော့သည်။
ထိုအခြင်းအရာကြောင့် ယွမ်ရိရော၊ ယွမ်ကျဲပါ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။