Chapter 114.1

1.6K 134 0
                                    

အပိုင်း - ၁၁၄.၁

တစ်မိသားစုလုံး တီဗီကနေ စုရဲ့ သီချင်းဆိုနေတာကို နားထောင်နေကြလေသည်။ ပြီးနောက် အစီအစဉ်တင်ဆက်သူက မိုက်ကိုယူကာ စကားပြောနေတုန်း ယွမ်ယွဲ့က ယွမ်ရိကို ပြောလာလေသည်။ "မမ၊ မမချုပ်ထားတာလေးတွေက လှလိုက်တာ"

ယွမ်ရိ ပြုံးပြီးကြည့်လိုက်ကာ
"ညီမလေးကြိုက်ရင် လာလေ့လာကြည့်လို့ရတယ်နော်"
ယွမ်ယွဲ့က ခေါင်းညိတ်လိုက်ကာ ပြောလာလေသည်။
"ဒါဆို သမီးလည်းကြီးလာရင် စက်ချုပ်သမား လုပ်မယ်"
ယွမ်ချီကျီဘေးကနေ ပြင်ပေးလာသည်။ "သမီးလေးရေ သမီးမမအလုပ်က ဖက်ရှင်ဒီဇိုင်နာလို့ခေါ်တယ်နော်"

ယွမ်ယွဲ့က"ဒါဆို သမီးလည်း ဖက်ရှင်ဒီဇိုင်နာကြီး လုပ်မယ်"

တစ်မိသားစုလုံး အတူတူ ရယ်မောလိုက်ကြသည်။ အခုအခြေအနေလေးက အလွန်ပင်ကောင်းလွန်းနေသည်။ လင်းကျီယွမ်နဲ့ကျိုးရွှယ်ရွမ်တို့လည်း အလွန်ပျော်နေပုံရကာ မျက်နှာမှာ ပြုံးနေလို့ပင်။

ရွယ်ဟောင်ဖန်း သူ့လက်ကို ယွမ်ချန်ရှန်းထံ ဆန့်တန်းလာကာ "အဲ့ဒီကလေးကြီးကို ပြပါဦး"

ယွမ်ချန်းရှန်လည်း သူ့အကိုကြီးလက်ထဲကို ရတနာတစ်ခုလိုအသေအချာ ပေးလိုက်ကာ ထိုဖုန်းက ယွမ်ချီကျီဆီ ရောက်သွားပြန်လေသည်။ ထိုမှတစ်ဆင့် ယွမ်ရိဆီရောက်သွားကာ တစ်ချက်ကြည့်လိုက်ပြီး ပြောလာလေသည်။ "အိုး ဒါကတကယ်ကို အုတ်ခဲနဲ့တူတာပဲ"

သူပြောတာကို ကြားကြားချင်း လူတိုင်းရယ်ကြတော့သည်။
ထိုအရာသည် တရုတ်မှာ ပထမဆုံးစထုတ်တဲ့ ဖုန်းဖြစ်လေသည်။ အခုနောက်ပိုင်း ထွက်ထားတဲ့စမတ်ဖုန်းတွေနှင့် မယှဉ်နိုင်ပေမဲ့ ထိုခေတ်မှာတော့ ဒါကအလွန်ပင်ရှားပါးကာ ဖက်ရှင်လည်း ကျသေးသည်လေ။

ဖုန်းခေါ်ဖို့ပဲ ရတယ်ဆိုသော်ငြား ထိုခေါ်လို့ရသည့်အချိန်ကလည်း တိုသေးသည့်အပြင် လိုင်းကလည်းမကောင်းပေ။ ပြီးတော့ ဈေးကလည်း ယွမ် ၂၀၀၀၀ ထိတောင်ပင်။ အရေအတွက်က နည်းသည့်အပြင် ဝယ်လို့မလွယ်တာကြောင့်  မှောင်ခိုဈေးကွက်ထဲမှာဆို ၅၀၀၀၀ ထိပင် ရောင်းကြသေးသည်။

စီးပွားရေးလုပ်နေသည့်သူသာ မဟုတ်လျှင် အရေးကြီးအကြောင်းအရာများ လွတ်သွားမှာစိုးတဲ့သူသာမဟုတ်လျှင် ဘယ်သူမှငွေကို ဒီလိုအရာမျိုးမှာ ဖြုန်းမှာမဟုတ်ပေ။
ယွမ်ချန်းရှန်တစ်ယောက်သာ တောင်ဘက်ပိုင်းထိပြေးပြီး တစ်လုံးဝယ်လာတာဖြစ်လေသည်။

သေချာပေါက် ဒါက ရှားပါးလို့ ရဖို့ကခက်လေသည်။ မိသားစုဝင်တိုင်းလိုလို ကိုင်ကြည့်ပြီးတဲ့နောက်မှာတော့ ယွမ်ချန်းရှန် သူ့ပိုက်ဆံအိတ်ထဲ ပြန်ထည့်ထားလိုက်ကာ နှစ်သစ်ကူးညစာစားပွဲကို ဆက်လက်ကျင်းပကြလေသည်။

တစ်မိသားစုလုံး အကြာကြီး ညစာထိုင်စားခဲ့တာကြောင့် အခုတော့ နွေဦးပွဲတော်အစီအစဉ်ကို အတူတူထိုင်ကြည့်နေကြလေသည်။ အခုဆို ညလယ် အချိန်ရေတွက်သည့် အခါကိုပင် ရောက်လာတာကြောင့် ယွမ်တပေါင်နှင့်ယွမ်ယွဲ့တို့ တီဗွီရှေ့ကနေ အစီအစဉ်တင်ဆက်သူနှင့်အတူ လိုက်အော်ကြလေတော့သည်။

အတူတူလိုက်လံရေတွက်နေရင်း သူတို့ ယွမ်ကျီကောင်းနှင့်လျူရှင်းဟွာတို့ထံပင် ပြေးသွားကာ အော်လိုက်လေတော့သည်--
"ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ဖိုးဖိုးနဲ့ဖွားဖွား။ အခုလို ချမ်းသာလာတာကို ဂုဏ်ပြုပါတယ်!"

နှစ်သစ်နှုတ်ဆက်တာတွေ လုပ်ပြီးတဲ့အခါမှာတော့ ယွမ်ကျီကောင်းနှင့်လျူရှင်းဟွာတို့က စာအိတ်အနီတွေပေးလာလေသည်။ တစ်ပြိုင်တည်း တစ်ဖက်ကယွမ်ရိနဲ့လင်းယောင်ကိုပါ အနီရောင်စာအိတ်အကြီးကြီး ပေးလာလေသည်။ ယွမ်ချီကျီတို့ မိသားစုတွင်တော့ သူ့မြေးတွေကိုသာ ပေးလေသည်။
စာအိတ်အနီကိုယူပြီးပြီးချင်း တစ်မိသားစလုံး မီးပန်းဖောက်ဖို့ အပြင် ထွက်လာကြလေသည်။ အရောင်စုံမီးပန်းတွေက မြို့လယ်မှာ ခမ်းနားစွာထွက်ပေါ်နေသည်ကို နှစ်သစ်မှာအတူတူ ကြည်နူးစွာ ကြည့်ရှုခဲ့ကြလေ၏။ 

မီးရှူးမီးပန်းတွေဖောက်ပြီးတဲ့အခါမှာတော့ အိမ်ထဲဝင်လာကြတာနှင့် ဖုန်းမြည်သံကိုကြားလိုက်ရလေ၏။ ယွမ်ရိဖုန်းကို ကောက်ကိုင်လိုက်ရာ တစ်ဖက်က ယွမ်ချူးရွယ်အသံကို ကြားလိုက်သည်နှင့် လက်ကကိုင်လို့ရသည့် ကြိုးမပါဖုန်းကို သူ့တစ်မိသားစုလုံးကြားရအောင် မိုက်ခရိုဖုန်းပါ ဖွင့်ထားပေးလိုက်လေသည်။
ယွမ်ချူးရွယ်နဲ့ ယွမ်‌ဟောင်ဘင်းတို့က ဖုန်းထဲကနေ တစ်ဆင့်ပြောလာလေသည်။ "အဖိုးနဲ့အဖွား၊ အန်တီသုံးနဲ့ ဦးလေးငါး၊ အန်တီငါးနဲ့ ခဲအိုရေ၊ ကျွန်တော်တို့ဒီကနေ နှစ်သစ်ဖုန်းလေးဆက်ကြည့်တာပါဗျာ"
ပထမ သူပြောထားတာက ဒီနှစ်နွေဦးပွဲတော်ကို အတူတူလာခဲ့မယ်ဆိုပေမဲ့ ယွမ်ချန်းဖူမှာ အလုပ်ရှိတာကြောင့် မလာဖြစ်တော့တာဖြစ်သည်။ ယွမ်ချူးရွယ်စကားပြောပြီးတာနဲ့ တစ်ဖက်က ချန်းဖူ၊ ဖုန်းရှိုးရင်နဲ့ ရဲ့ဖန်၊ သူ၏ချွေးမတို့ကပါ တက်တက်ကြွကြွစကားတွေ ဝင်ပြောလာကြလေသည်။
ယွမ်ချူးယန်ဆို အိမ်ထောင်ပြုပြီးပြီးဖြစ်ရာ ယွမ်ဟုန်ကျွင်းဆို ဘွဲ့တောင်ရကာ နွေမှာစစ်ထဲဝင်သွားခဲ့ပြီး ဒီနှစ်နွေဦးပွဲတော်မှာ အိမ်တောင်ပြန်မလာခဲ့ပေ။

အခန်းလေးက တက်ကြွနေကာ အပြင်ဘက်မှာ ချိတ်ထားတဲ့မီးပန်းတွေဆီက တဖြတ်ဖြတ်အသံတွေကိုပါ ကြားနေရလေသည်။

လေအေးက သူတို့မျက်နှာကို ဖြတ်တိုက်ခတ်သွားလေသည်။ ယွမ်ရိနဲ့လင်းယောင်တို့ ရထားဘူတာကနေ လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ ရထားပေါ်ကနေ ပြန်သွားတာကို ကြည့်နေကြပြီး လက်ပြနှုတ်ဆက်ခဲ့ကြလေသည်။

သူတို့ရထားဘူတာကနေ အပြန် ကားပေါ်ရောက်ရောက်ချင်း ယွမ်ရိကကားခါးပတ်ကို ပတ်လိုက်ကာ ပြောလာလေသည်။
"ကျွန်မ အန်တီသုံးတို့ အိမ်မှာ ဒီနေ့ ညစာသွားစားမယ်နော်"
ဒါက နှစ်သစ်ရဲ့ နေ့တိုင်းလိုလိုပင်။ လူတိုင်းအိမ်မှာ သီးသန့်ကြီး ဟင်းချက်မနေကြပဲ အကုန်ဆုံးဖြတ်လိုက်ကာကာ အိမ်တစ်အိမ်မှာပဲ စုစားကြတတ်ကြကာ ဒီနည်းကပဲ အနေအထားကို ပိုလန်းဆန်းတက်ကြွလာစေလေသည်။

ပိတ်ရက်တစ်ရက်ရဲ့ အဆုံးသတ်မှာ အခုလို အနားယူလို့ရပြီး ပြန်လည်စုစည်းကြနိုင်ရန် အချိန်တွေက နည်းလှသည်လေ။
ယွမ်ရိနဲ့လင်းယောင်လည်း မိဘနှစ်ပါးကို ရထားပေါ်တင်ပြီးပြီးချင်း အိမ်မပြန်ပဲ ယွမ်ချီကျီဆီ လာခဲ့ကြလေသည်။ ယွမ်ချီကျီအိမ်ရောက်တာနှင့် ယွမ်ကျဲတို့ မိသားစုပါ ရောက်နေတာကြောင့် အနေအထားက ပိုမို တက်ကြွသွားလေသည်။
ယွမ်ရိနဲ့လင်းယောင်လည်း ချန်းရွှီရဲ့ နှစ်ကူးမုန့်ဖိုးကိုယူပြီး သူ့ကို စနေလိုက်ကြသေးသည်။
နေ့လယ်ခင်းမတိုင်ခင်မှာပဲ ထမင်းစချက်ကာ ထို့နောက်လည်း ဘယ်သူမှ အိမ်မပြန်ကြသေးပေ။ သူတို့တွေ ထိုအိမ်မှာပဲ နေကြကာ နေရောင်အောက်မှာ စကားစမြည်ပြောလိုက်၊ တီဗီသွားကြည့်လိုက်နှင့် ကတ်တွေပါဆော့လိုက်ကြသေးသည်။ ယွမ်တပေါင်နဲ့ယွမ်ရွယ်တို့က ချန်းရွှီကို နှစ်သစ်ကူးမုန်းဖိုးတွေသုံးလို့ရအောင် သူတို့နှင့်အတူတူ‌ ခေါ်သွားလေသည်။

သူတို့တွေ မုန့်တွေအများကြီးဝယ်လာကာ ပြန်လာကြလေသည်။

အခုထိ စာသေချာမဖတ်တတ်သေးတဲ့ ချန်းရွှီကို ယွမ်တပေါင်က ပြောလေသည်။
"ဒါက ထန်ဘုန်းဘုန်းရဲ့ အသားတဲ့။ ဒါကိုစားရင် မသေမျိုးဖြစ်မှာတဲ့"

တစ်သက်လုံးနေရမယ်ဆိုတာနဲ့ ချန်းရွှီလည်း ယွမ်တပေါင်နောက်ကို ပြေးလိုက်လေတော့သည်။
ယွမ်တပေါင်က သူ့ကို တမင်စလိုက်တာဖြစ်ကာ ကော်ရစ်ဒါတစ်လျှောက်ကနေ အပြင်ဘက်ဒုတိယတံခါးနားအထိ ပြေးသွားပြီး ထိုမှတစ်ဆင့် ဂိတ်ပေါက်အထိ ပြေးသွားလေတော့သည်။

သူ တမင်ဖြည်းဖြည်းပြေးကာ အနောက်ကိုလှည့်ကြည့်ပြီး ပြေးနေရင်းမှ ဂိတ်အထွက်မှာ တစ်ယောက်ယောက်လက်မောင်းကို တိုက်မိလေတော့သည်။
သူ ဖြည်းဖြည်းလေးပြေးနေတာကြောင့် ချော်တော့လဲမသွားပေ။ အနောက်သို့ နှစ်လှမ်းခန့်ဆုတ်လိုက်သည်နှင့် အပြင်မှာလူလေးယောက်ခန့် ရပ်နေမှန်း တွေ့သွားလေတော့သည်။ သူ ဒီလူတွေကို သိသည်။ လျို့ရှောင်းဟူ၊ အန်တီသုံး၏ သားဖြစ်သူနှင့် ဝူဟွေ့ကျွမ်၊ လျို့ရှောင်းဟူ၏ ခယ်မတို့ဖြစ်လေသည်။
ယွမ်တပေါင် အံ့ဩနေတုန်းမှာပင် ချန်းရွှီက သူ့လက်ထဲကနေ ထန်ဘုန်းဘုန်းအသားကို လာဆွဲလေတော့သည်။ ဆွဲယူပြီးပြီးချင်း ခြံဝင်းထဲပြေးဝင်သွားကာ ယွမ်ကျဲနောက်မှာ ဝင်ပုန်းနေလိုက်၍ ပါးစပ်ထဲအပြည့် ထည့်ကာစားလိုက်လေတော့သည်။
ယွမ်တပေါင်ကတော့ အခုထိအပေါက်ဝမှာ ရပ်နေတုန်းဖြစ်ကာ လျို့ရှောင်းဟူကို မျက်မှောင်ကြုတ်၍ ကြည့်နေလိုက်ပြီး "ဘာလို့ဒီကို ထပ်ရောက်လာပြန်တာတုန်း?"
လျို့ရှောင်းဟူ သူ့ကို ပြန်ကြည့်လာကာ "ဒါက ငါ့အမေအိမ်လေ။ ငါက ဘာလို့ မလာရမှာတုန်း?"
ယွမ်တပေါင် ကူကယ်ရာမဲ့စွာ သက်ပြင်းသာချနိုင်လေတော့သည်။ "ခင်ဗျားက တော်တော် မျက်နှာပြောင်တာပဲ။ အန်တီသုံးနဲ့ ဦးလေးတို့က ခင်ဗျားကို မလိုချင်တာ သိသာနေတာကို။ ဘာလို့ထပ်လာနေရတာတုန်း? ပြီးတော့ ဒါက ခင်ဗျားအိမ်လည်း မဟုတ်ဘူး။ သွား သွား။"

ပြောပြီးတာနှင့် အိမ်တံခါးကိုပိတ်ရန် ပြင်တုန်းမှာတင် သူ့ကို လျို့ရှောင်းဟူက ကောက်မလိုက်ကာ တံခါးပိတ်မယ်လုပ်နေတာကို တားထားလိုက်လေသည်။ ယွမ်တပေါင်ကို တစ်ချက်ကြည့်လိုက်ကာ ပြောလာလေသည်။ "ဒါ ငါ့အမေအိမ်!"

ဘယ်လိုပဲရှိစေ ယွမ်တပေါင်ဆိုတာ ခုမှ ၁၀ နှစ်ပဲရှိသေးသည့် ကလေးဖြစ်တာကြောင့် လျို့ရှောင်းဟူနဲ့ ယှည်လို့တောင်မရပေ။ တံခါးကိုဆွဲထားကာ အော်လာလေတော့သည်။ "အခုလွှတ်ပေး။ ဖွားဖွားက ပြောထားပြီးသား ဒီခြံဝင်းနားကို ဒီနှစ်ထဲ နောက်တစ်ခေါက်ထပ်ရောက်လာရင် လုံးဝတံခါးဖွင့်မပေးတော့ဘူးတဲ့"

ယွမ်တပေါင်အသံက ကျယ်လှတာကြောင့် ခြံဝင်းထဲနေရောင်ခံနေကြသူတွေကြားကာ ယွမ်ရိနဲ့အတူ အကုန်ထွက်လာကြလေတော့သည်။ သူတို့အပြင်ရောက်သည်နှင့် ယွမ်တပေါင်နဲ့လျို့ရှောင်းဟူတို့ကို မြင်လိုက်ကြလေတော့သည်။ တစ်ယောက်ကတံခါးကို ပိတ်ဖို့ကြံနေပြီး တစ်ယောက်ကတော့ ထိုအရေးကို တားနေလေသည်။
ယွမ်ချီကျီ သူ့သားကိုမြင်လိုက်သည်နှင့် အမှတ်မထင် အသက်ပြင်းပြင်းရှူမိလိုက်ကာ ယွမ်တပေါင်နောက်ကို သွားလိုက်ပြီး မေးလာလေသည်။ "မင်း ဘာလုပ်နေတာလဲ?"

လျို့ရှောင်းဟူလည်း ပြုံးကာပြောလာလေသည်။ "အမေ၊ ကျွန်တော့ညီမသုံးနဲ့ ကျွန်တော်တို့ ဒီကို နှစ်ကူးလာနှုတ်ဆက်တာပါ။ အဲ့ဒါကို ဒီကောင်လေးက တံခါးဝမှာကတည်းက တားနေတာလေ ကြည့်ပါဦး"

ညီမသုံး? ယွမ်ချီကျီအနောက်ကို တစ်ချက်ကြည့်လိုက်တော့ အနောက်မှာအခုထိလူသုံးယောက်က ရပ်နေကြတုန်းပင်။ ဝူဟွေ့ကျွမ်ပါ ပေါင်းထည့်ရင် ကျန်တဲ့လူက နှစ်ယောက်သာ။ သူတို့ထဲက အငယ်ဆုံးပုံတစ်ယောက်ကာ သူနဲ့မျက်ခုံးမျက်လုံးတူကာ လျို့ရှောင်းဟူပြောသလိုပင် တကယ်ကိုညီမသုံးပုံပင်။

ဆန်နီနဲ့သူ့ယောက်ျားပါ ရောက်လာကြတာပင်။

သူမအပြင်ကနေ ပြောလာလေသည်။ "အမေ ကျွန်မက ညီမသုံးပါ"

ယွမ်ချီကျီ ဘာမှ ပြန်တောင်မပြောနိုင်တော့ပဲ ရယ်သာရယ်နေလေတော့သည်။ "ကောင်းတာပေါ့၊ မတွေ့ရတောင် ကြာနေပြီမလား။ ဒါနဲ့ အမကြီးနဲ့ညီမနှစ်တို့ကော လာဦးမှာလား။ အာ နောက်ရော လျို့ရှီရုန်နဲ့သူတို့ အဖိုးအဖွားတွေပါ ခေါ်လာချင်သေးတာလား? ဟင် ဘယ်နှယ့်တုန်း?"

ယွမ်ချီကျီ သူမ အရင်ဘဝတုန်းက ဒီလျို့မိသားစုအပေါ် ဘာအကြွေးများတင်ထားမိတာပါလိမ့်? လူကြီးတွေရော၊ လူငယ်တွေရော အကုန်လုံးအပေါ်ကို အဲ့လောက်ပြုစုလာပေးခဲ့ရတာလေ။ သူတို့တွေ ကွာရှင်းပြီးတာနဲ့ တစ်မိသားစုလုံးဆီကပါ သူအပြောအဆိုခံခဲ့ရတာလေ။ သူမကို ဘယ်သူကများ နားလည်ပေးခဲ့လို့တုန်း။

အခုသူမချမ်းသာလာကာမှ တစ်ယောက်ပြီးတစ်ယောက် သူမဆီ ရောက်လာကြတော့သည်။ သူ့အတွက်တော့ နောက်ကျတစ်မိသားစုလုံး အစုလိုက်အပြုံလိုက် သူ့ဂုတ်သွေးစုတ်ဖို့ ဘယ်လောက်အထိများ ရောက်လာကြဦးမလဲ မစောင့်နိုင်တော့ပေ။
ယွမ်ချီကျီ ဘာမှမပြောတော့ပေ။

ရွယ်ဟောင်ဖန်း သူမဘေးလျှောက်လာပြီး ယွမ်တပေါင်ကိုခေါ်ရင်း ပြောလာလေသည်။ "ဒီဘက်က စိတ်ရင်းကို လက်ခံရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုလည်း အိမ်မှာတခြား အရေးကြီးဧည့်သည်တွေ ရှိနေတာမလို့ ဧည့်ခံဖို့က သိပ်အဆင်မပြေတော့ပေ အိမ်ထဲထိတော့ မဖိတ်ခေါ်တော့ပါဘူးနော်"

ကြားကြားချင်း လျို့ရှောင်းဟူ မပျော်မရွှင်ဖြစ်သွားကာ "ဘာ....ဘာကို ပြောချင်တာတုန်း?"

ယွမ်တပေါင်ကတော့ သူဘာပြောချင်တယ်ဆိုတာကို ဂရုမစိုက်ပေ။ "ပြောချင်တာကာ ခင်ဗျား ခု မြန်မြန်ပြန်လိုက်တော့လို့။ ဒီကနေ ခင်ဗျားကို မကြိုဆိုဘူးဆိုတာပဲ"
လျို့ရှောင်းဟူ စိတ်ညစ်သွားကာ ရွယ်ဟောင်ဖန်းကြည့်၍ ပြောလာလေသည်။ "အဲ့ဒါဆိုလည်း ကျွန်တော့်အမေကိုတော့ နှစ်သစ်ကန်တော့ပါရစေ။ ဒီလာတာကလည်း ခင်ဗျားကိုကန်တော့ဖို့ လာတာမှမဟုတ်တာ။ ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး? ဒါကျုပ်အမေ့အိမ်ပဲကို။ ဒီတံခါးကနေ ခင်ဗျားဖယ်ပေးဖို့ ကျုပ်ဘယ်လိုလုပ်ရမှာလဲ..."
ဖြန်း....
သူ နောက်ထပ် စကားမပြောနိုင်ခင်မှာပဲ ပါးအရိုက်ခံလိုက်ရလေတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now