အပိုင်း - ၇၆
ယွမ်ချိကျီ၏ဘေးမှ အမျိုးသားကလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့အား ပြုံးလျက်
"မင်းတို့က ယွမ်ရိနဲ့ယွမ်ကျဲတို့ဘဲ ဖြစ်ရမယ်။ ချီကျီက မင်းတို့နှစ်ယောက်အကြောင်းကို တဖွဖွပြောနေတာ။ ခုမှဘဲ လူကိုယ်တိုင် တွေ့ဖူးတော့တယ်"
ဟုပြောကာ နှုတ်ဆက်လိုက်သည်။
"မဂ်လာပါ၊ ဦးလေး"
ယွမ်ရိနဲ့ယွမ်ကျဲလည်း ထိုအမျိုးသားအား ပြန်လည်နှုတ်ခွန်းဆက်လိုက်ကြသည်။
ထိုအချိန်မှာဘဲ အိမ်ထဲကနေ ယွမ်ချန်းရှန်ပါ ထွက်လာ၏။ သူက ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့တတွေ အပြင်ဘက်မှာ မတ်တတ်ကြီးရပ်လျက် စကားပြောနေကြတာကို မြင်လိုက်ရ၍
"ရှောင်ရိ၊ ရှောင်ကျဲနဲ့အမချီကျီ အပြင်မှာ မတ်တတ်ကြီးရပ်ပြီး စကားပြောမနေကြနဲ့လေ။ အိမ်ထဲအရင်တော့ ဝင်ခဲ့ကြတာမဟုတ်ဘူး"
ဟု ပြောလိုက်တော့သည်။
ဒါ့ကြောင့် ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချီကျီနဲ့အမျိုးသားတို့ဟာ အိမ်ထဲကို ဝင်လိုက်လာကြတော့သည်။ယွမ်ချီကျီနဲ့သူမဘေးမှအမျိုးသားတို့၏ကိစ္စက အရမ်းရုတ်တရက်ဆန်လွန်းသဖြင့် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အံ့အားသင့်နေကြတုန်းပင်။
ဒါ့ကြောင့် ထမင်းစားရန်အတွက် ထမင်းစားစားပွဲမှာ ထိုင်လိုက်ကြသည့်အချိန်ထိအောင် ယွမ်ရိနဲ့ယွမ်ကျဲတို့နှစ်ယောက်ဟာ ယွမ်ချီကျီနဲ့သူမဘေးမှ အမျိုးသားအား စူးစမ်းလိုသောအကြည့်များဖြင့် စူးစိုက်ကြည့်နေခဲ့ကြတော့သည်။
အချိန်ခဏကြာမှ ယွမ်ရိက ချောင်းအသာဟန့်ကာ
"တတိယအဒေါ်၊ အဒေါ်က လက်ထပ်ပြီးသွားတော့တာလား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ချီကျီက ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းလေးငုံ့ကာ
"ဟုတ်တယ်။ အဒေါ်လည်း မင်းတို့ ပြန်လာတဲ့အချိန်မှ ပြောမယ်ဆိုပြီး စာထဲထည့်မရေးလိုက်တော့တာ"
ဟု ပြန်ဖြေပေးလိုက်၏။
ထမင်းစားဝိုင်းမှာ ဖြစ်နေတာမို့ စကားအများကြီးပြောလို့မကောင်းတာနဲ့ ယွမ်ရိက နောက်ထပ်မေးခွန်းအနည်းငယ်ကိုဘဲ မေးမြန်းခဲ့တော့သည်။
ထမင်းစားပြီးသည့်နောက် ယွမ်ရိနဲ့ယွမ်ကျဲဟာ အဒေါ်ချန်ခွန်းအား သူမတို့သိချင်တဲ့အကြောင်းတွေကို မေးမြန်းရန်အတွက် သီးသန့်ခေါ်ထုတ်သွားခဲ့ကြသည်။
ချန်ခွန်းကလည်း သူမတို့သိချင်နေသောအကြောင်းအရာတွေကို သိတာမို့
"သမီးတို့ရဲ့တတိယအဒေါ်ပြောတာ အမှန်ဘဲ။ သူမက လက်ထပ်ပြီးသွားပြီ။ အစက စာထဲကနေ မင်းတို့ကို အကြောင်းကြားမလို့ဘဲ။ ဒါပေမယ့် မင်းတို့ရဲ့အဒေါ်က ရှက်လို့တဲ့။ အဲ့တာကြောင့်မို့ မင်းတို့ဆီပို့တဲ့ စာထဲ အဲ့ဒီအကြောင်းတွေ မပါတော့တာ"
ဟု ပြောပြလိုက်သည်။
ထိုအကြောင်းတွေကို ကြားသိပြီးရသည့်နောက် ယွမ်ရိရော၊ ယွမ်ကျဲပါ ပြုံးလိုက်မိကြသည်။
"ဒါနဲ့ အဒေါ်ချီကျီရဲ့အမျိုးသားနာမည်က ဘယ်သူတုန်း"
ယွမ်ရိက မေးမြန်းလိုက်သည်။
ချန်ခွန်းက
"သူ့နာမည်က ရွယ်ဟောင်ဖန်းတဲ့။ နင့်အဒေါ်ထက် ငါးနှစ်ခြောက်နှစ်လောက်တော့ ငယ်တယ်။ ပြီးတော့ သူက အသောက်အစားလည်း ကင်းပြီး လူလိမ္မာလေးနော်"
ဟု ပြောပြလိုက်သည်။
ထို့နောက် သူတို့သုံးယောက်ဟာ စကားအနည်းငယ်ခန့်ပြောပြီးသွားမှ အိမ်ထဲကို ပြန်ဝင်လာခဲ့ကြတော့သည်။
အိမ်ထဲကိုရောက်တော့ အဖွားနဲ့အဖိုးတို့က တတိယအဒေါ်အား သူမတို့၏ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်သည့်အကြောင်းများအား ပျော်ရွှင်စွာဖြင့် ပြောနေတာကို တွေ့လိုက်ကြရသည်။
ညဘက်အိပ်ချိန် ရောက်လာသည့်အခါ သူမတို့ညီအမနှစ်ယောက်ရယ်၊ ယွမ်ချီကျီရယ်၊ ရွယ်ဟောင်ဖန်းရယ်တို့ဟာ အိပ်စက်ရန်အတွက် အပ်ချုပ်ဆိုင်သို့ သွားခဲ့ကြတော့သည်။
ရွယ်ဟောင်ဖန်းပါရှိနေ၍ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ သူမတို့အဒေါ်နဲ့ စကားကောင်းကောင်းပြောဖို့ အခြေအနေမရှိခဲ့ချေ။
ကံကောင်းစွာဖြင့် သူမတို့ ကုတင်ပေါ်လှဲလျောင်းနေချိန်မှာဘဲ အခန်းထဲကို ယွမ်ချီကျီ ဝင်လာတော့သည်။
ယွမ်ချီကျီလည်း သူ့တူမတွေကိုကြည့်လျက်
"ရှောင်ရိ၊ ရှောင်ကျဲ။ နင်တို့တွေ ချန်ခွန်းဆီကနေ အကုန်သိပြီးကြပြီမလား"
ဟု မေးမြန်းလိုက်တော့သည်။
"ဟုတ်ကဲ့၊ အကုန်သိပြီးပါပြီ"
ယွမ်ရိနဲ့ယွမ်ကျဲလည်း ခေါင်းညိတ်လျက်ပြန်ဖြေလိုက်သည်။
ယွမ်ချီကျီက ခေါင်းလေးငုံ့သွားပြီး
"မင်းတို့ကို ဘာလို့စာထဲကနေ အကြောင်းမကြားလိုက်ရတာလဲဆိုတော့ ငါရှက်နေလို့ပါ"
ဟု လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
ဆက်လက်ပြီး သူမက သူမ၏တူမတွေကို မျက်လုံးလေး အသာလှန်ကြည့်ကာ
"ဒါနဲ့ နင်တို့တွေ ဟောင်ဖန်းအပေါ် ဘယ်လိုမြင်ကြလဲ"
ဟု မေးလိုက်၏။
ယွမ်ရိလည်း သူမအဒေါ်ကိုကြည့်ကာ
"ဘယ်လိုမှမမြင်ပါဘူး အဒေါ်ရယ်။ အဓိက,က အဒေါ်တို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေနေရင် ပြီးတာဘဲ မဟုတ်ဘူးလား"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိ၏အဖြေစကားကြောင့် ယွမ်ချီကျီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။ သူမက ခေါင်းလေးညိတ်လျက်
"ဟုတ်တယ်။ အဒေါ်လေ သူနဲ့ဆိုရင် အရမ်းစိတ်ချမ်းသာရတယ်။ သူက စကားတွေ အများကြီးမပြောပေမယ့် အဒေါ့်အပေါ်မှာ တကယ်ဂရုစိုက်တယ်။ အဒေါ့်စကားတွေကိုလည်း အလေးထားပေးတယ်။ အိမ်မှာဆိုရလည်း အိမ်အလုပ်တွေကို အဒေါ်နဲ့အတူတူ ဝိုင်းလုပ်ပေးတယ်။ အဒေါ်က မလုပ်ပေးပါနဲ့ ပြောတာတောင်မှ အတင်းလုပ်ပေးတာဘဲ။ သူကတော့ ပြောပါတယ်။ အဒေါ့်ကို ခြေမွေးမီးမလောင်လက်မွေးမီးမလောင် ထားချင်တာတဲ့၊ အဟိ၊ ဟီးးး"
ဟု ရယ်မောသံလေးတွေပင် ထွက်ပေါ်လျက် ပြောပြနေတော့သည်။
ယွမ်ရိသည် သူမ၏တတိယအဒေါ်ဟာ အမှန်တကယ်ပင် ပျော်ရွှင်နေကြောင်း ပြောနိုင်ပေသည်။သူမ၏မျက်ဝန်းလေးများမှာ ဆိုရင်လည်း တလက်လက်ဖြင့် ပင်ပန်းနွမ်းနယ်မှုကို လုံးဝမတွေ့ရပေ။ ယွမ်ရိဂာ သူမ၏အဒေါ်အတွက် အရမ်းဝမ်းသာပီတိဖြစ်နေရတော့သည်။
ယွမ်ချီကျီဟာ ထိုနေ့ညမှာ သူမ၏အခန်းကိုပင်မပြန်တော့ဘဲ သူမ၏တူမတွေနဲ့အိပ်ကာ စကားတွေကို ညဉ့်နက်သည်အထိ ပြောခဲ့ကြသည်။
နောက်ရက်ရောက်သည့်အခါ ရွယ်ဟောင်ဖန်းက ယွမ်ရိတို့ တူဝရီးသုံးယောက်ထက် အစောကြီးအိပ်ရာထခဲ့သည်။
ပြီးတာနဲ့သူက နှစ်သစ်ကူးအတွက် ကူညီဖို့ ယွမ်အိမ်ကို ထွက်လာခဲ့တော့သည်။ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့လည်း အိပ်ရာထပြီးသည့်နောက်မှာ ယွမ်အိမ်ကို ထွက်လာခဲ့ကြသည်။
ယွမ်အိမ်ကိုရောက်တော့ တစ်အိမ်လုံးကို သန့်ရှင်းလုပ်ဖို့အတွက် ပြင်ဆင်ကြတော့သည်။
ဆန်းရှောင်ဟိုင်ဟာ တစ်ဖက်အိမ်မှနေပြီး ယွမ်အိမ်၏လှုပ်ရှားမှုမှန်သမျှအား တိတ်တိတ်လေး စောင့်ကြည့်လို့နေသည်။
သူမဟာ သူမ၏မြင်ကွင်းအတွင်းသို့ ရွယ်ဟောင်ဖန်း၏ပုံရိပ်ဝင်ရောက်လာတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"အလကား မိန်းမထဘီနားခိုစားတဲ့အကောင်။ မိဘကလည်းမရှိ တစ်ကောင်ကြွက်ဖြစ်တဲ့အပြင် ဘာအရည်အချင်းမှမရှိတဲ့ကောင်မျိုးကို ယွမ်ချီကျီမို့လို့ယူတယ်။ ဟုတ်ပါတယ်လေ။ သူတို့နှစ်ယောက်က လိုက်ပါတယ်။ စလောင်းကွဲနဲ့အိုးပဲ့ဘဲဟာကို"
ဟု နှုတ်ခမ်းမဲ့လျက် ရေရွတ်လိုက်သည်။
ယွမ်ချီကျီကတော့ သူမအကြောင်းအား ဘယ်သူတွေဘယ်လောက်ပဲ ဝေဖန်နေပါစေ လုံးဝဂရုမစိုက်ခဲ့ပေ။
သူမ လျူရှောင်းနဲ့လက်ထပ်ပြီး မြို့ပေါ်ကို လိုက်သွားစဉ်က ထိုလူတွေဟာ သူမအပေါ် အားကျမနာလိုတာတွေ ဖြစ်နေကြပေမယ့် နောက်ကွယ်မှာ ဒုက္ခတွေကို ဘယ်လောက်တောင်ခါးစည်းခံခဲ့ရသလဲဆိုတာကို သူမဘဲသိပေသည်။
ဒါ့ကြောင့် ယခုကဲ့သို့ သူမစိတ်ချမ်းသာပျော်ရွှင်နေရသည့်အခြေအနေမှာ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချစကားများအား လုံးဝအရေးမစိုက်တော့ချေ။
ရွယ်ဟောင်ဖန်းမှာ မိဘတွေမရှိတာကြောင့် သူမတို့နှစ်ယောက် လက်ထပ်ပြီးသည့်နောက်မှာ အိမ်ခွဲစရာမလိုတော့ဘဲ ယွမ်အိမ်မှာဘဲ သိုက်သိုက်ဝန်းဝန်း ဆက်နေနိုင်၏။ ဒါ့ကြောင့် သူမဟာ တုန်းဖန်မြို့မှာနေတုန်းကထက် ပိုပြီး သက်သောင့်သက်သာဖြစ်နေတော့သည်။
အထူးသဖြင့် ယွမ်ရိနဲ့ယွမ်ကျဲတို့ပါ ပြန်ရောက်လာပြီးသည့်နောက် ယွမ်ချီကျီတစ်ယောက် အတိုင်းမသိ ကြည်နူးပီတိဖြစ်နေပါတော့သည်။
ဒါပေမယ့် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကျောင်းတက်ရဦးမှာဖြစ်၍ အိမ်မှာ အကြာကြီးမနေနိုင်ကြချေ။
ဒါ့ကြောင့် နှစ်သစ်ကူးနွေဦးပွဲတော်ပြီး၍ ရက်အနည်းငယ်ခန့် အကြာမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း ပြန်ဖို့အတွက် ပြင်ဆင်ကြတော့သည်။
ယခုနှစ်တွင် နိုင်ငံတော်အစိုးရက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပခြင်းအပြင် အခြားသောအခွင့်အလမ်းမျိုးစုံကိုပါ ပြန်လည်ကျင်းပသတ်မှတ်ပေးတော့မှာဖြစ်သည်။ ဒါ့ကြောင့် ယွမ်ရိထံမှာလည်း ဤခေတ်ဤကာလနဲ့အညီ လိုက်လျောညီထွေဖြစ်စေနိုင်ရန်အတွက် အစီအစဉ်တွေ ချမှတ်ထားတော့၏။
ထိုအစီအစဉ်များထဲတွင် သူမ၏တတိယအဒေါ်ယွမ်ချီကျီအတွက် စီစဉ်ထားသည့်အရာများလည်း ပါဝင်ပေသည်။
ဒါ့ကြောင့်သူမက တောင်ပေါ်ကနေ ပြန်တော့မည့် ညမှာဘဲ ယွမ်ချီကျီကိုခေါ်လျက်
"အဒေါ် အစိုးရက ဒီနှစ်ထဲမှာ နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း အများကြီးကို လမ်းသစ်ဖောက်ပေးခဲ့တယ်။ အဒေါ့်ရဲ့စက်ချုပ်တတ်တဲ့ပညာနဲ့ဆိုရင် ဒီတောင်ပေါ်မှာထက် ဝင်ငွေပိုကောင်းမှာနော်။အဒေါ်မြို့ပေါ်သွားချင်လား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိ၏မေးခွန်းကြောင့် ယွမ်ချီကျီခဏမျှတိတ်ဆိတ်သွားရသည်။
သူမအနေနဲ့ မြို့ပေါ်မှာ အလုပ်တစ်ခုနဲ့ အခြေချနိုင်လိမ့်မည်ဟု တစ်ခါမျှတွေးထင်မထားခဲ့ချေ။
တစ်ခဏကြာမှ သူမက ယွမ်ရိအား
"ဘယ်မြို့လဲ။ နင့်အဖေတို့ရဲ့မြို့လား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်ဘူး။ သမီးတို့နဲ့အတူတူ ပီကင်းမြို့ကိုပြောတာ"
ဟု ပြန်ဖြေပေးလိုက်တော့သည်။
"အဲ့ဒီမြို့ကိုလား"
ယွမ်ချီကျီက အံ့အားတကြီး ပြန်မေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်လျက်
"ဟုတ်တယ်"
ဟု ပြန်ဖြေပေးလိုက်သည်။
ပြီးမှ သူမက ဆက်လက်ပြီး
"ဒါပေမယ့် အခုချက်ချင်း သမီးတို့နဲ့လိုက်ရမှာမဟုတ်ဘူး။ ဟိုမှာ သမီးနဲ့ယွမ်ကျဲတို့က အခြေကျသွားအောင် အရင်လုပ်နှင့်မယ်၊ နှစ်နှစ်လောက်နေမှ အဒေါ်ရယ်၊ အဒေါ့်ယောက်ျားရယ် လာခဲ့ကြပေါ့။ ပြီးတော့ တောင်ပေါ်မှာ စက်ချုပ်တတ်တဲ့သူ မရှိတာမျိုး မဖြစ်ရအောင် ဒီနှစ်နှစ်အတွင်း အလုပ်သင်တချို့ကို အဒေါ်က သင်ပေးလိုက်လေ"
ဟု အကြံပေးလိုက်သည်။
"ဖြစ်~ ဖြစ်ပါ့မလား"
ယွမ်ချီကျီက တုန်ရီစွာဖြင့် ပြန်မေးလိုက်သည်။
ယွမ်ရိလည်း သူမဒေါ်လေး၏မျက်ဝန်းထဲကို စိုက်ကြည့်ကာ
"ဒေါ်လေးရယ်၊ ဘာလို့မဖြစ်ရမှာလဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ မဖြစ်ဘူးဆိုတာမရှိဘူး။ မဖြစ်သေးတာဘဲရှိတယ်။ ပြီးတော့ နှစ်,နှစ်တောင် အချိန်ရတာဘဲဟာ။ အလုပ်သင်တစ်ယောက်လောက်ကိုတော့ ကောင်းကောင်းမွန်မွန် ပညာတတ်အောင် အဒေါ်သင်ပေးနိုင်မှာပါ"
ဟု အားပေးလိုက်သည်။
ယွမ်ရိ၏အားပေးစကားတွေကြောင့် ယွမ်ချီကျီလည်း အားတက်လာရတော့သည်။ ဒါ့ကြောင့် သူမက ခေါင်းညိတ်ကာ
"ကောင်းပြီ။ ဒီ နှစ်,နှစ်အတွင်း အလုပ်သင်တစ်ယောက်ကို အဒေါ်တတ်သမျှသင်ကြားပေးမယ်"
ဟု ပြောလိုက်တော့၏။
ပြီးနောက် သူမက သူမလက်ဖြင့် သူမ၏ဗိုက်ကလေးကို အသာအယာပွတ်သပ်ကာ ယွမ်ရိအား
"တကယ်တော့ နောက်နှစ်,နှစ်ကြာလို့ ငါ့တူမတို့ဆီ အဒေါ်တို့လိုက်လာတဲ့အခါကျရင် အဒေါ်နဲ့အဒေါ့်ယောက်ျားတင်မကဘူးနော်"
ဟု အနည်းငယ်ရှက်ရွံ့နေသောလေသံဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း ရုတ်တရက်မို့ သူမအဒေါ်ပြောစကားကို နားမလည်ခဲ့ချေ။ ပြီးမှ ယွမ်ချီကျီ၏ဗိုက်ကို အကြည့်ရောက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ
"တကယ်ကြီးလား"
ဟု ပြန်မေးလိုက်တော့သည်။
ယွမ်ချီကျီက ခေါင်းညိတ်ကာ
"အွန်း။ သုံးလလောက်တော့ ရှိပြီ။ သုံးလဘဲရှိနေသေးပေမယ့် ငါနဲ့ဟောင်ဖန်းတို့က နာမည်တောင် စဉ်းစားပြီးသွားကြပြီ။ ယောက်ျားလေးပဲ ဖြစ်မလား ၊ မိန်းကလေးပဲဖြစ်မလားဆိုတာတော့ လိုသေးပေမယ့် မွေးလာတဲ့အခါ ယွမ်ရွယ်လို့ခေါ်ကြဖို့ တိုင်ပင်ထားကြတာ"
ဟု ပြောပြလိုက်တော့သည်။
ထိုအခါ ယွမ်ရိက ဝမ်းသာအားရဖြင့်
"ဒါဆိုရင် အဒေါ်တို့အနေနဲ့ ပိုပြီးတော့တောင်မှ မြို့ပေါ်ကိုလာသင့်ပြီ။ ကလေးလေးမွေးလာတဲ့အခါ ဒီခေါင်ခိုက်လွန်းတဲ့ တောင်ပေါ်ပတ်ဝန်းကျင်ထက် မြို့ပေါ်ကပိုပြီးတော့ ကောင်းမွန်မှာ။ ပညာရေးနဲ့ပတ်သက်ရင်လည်း ဒီမှာက ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိမှာ မဟုတ်ဘူး။ မြို့ပေါ်မှာဆိုရင် အကုန်လုံးက အဆင်သင့်လမ်းခင်းပေးထားပြီးသားဘဲ"
ဟု ပြောလိုက်၏။
"အွန်းပါ"
ယွမ်ချီကျီလည်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
စကားခဏပြောပြီးသည့်နောက်မှာ ထုံးစံအတိုင်း ယွမ်ချီကျီက ငွေထုပ်လေးထုတ်ကာ ယွမ်ရိကိုပေးတော့သည်။
ဒီတစ်ကြိမ်မှာတော့ ယွမ်ရိက လုံးဝ မယူတော့ဘဲ အပြတ်ငြင်းကာ သူမအခန်းထဲ ပြန်ဝင်သွားတော့သည်။
နောက်ရက်မနက်ရောက်သည့်အခါ ယွမ်ရိနဲ့ယွမ်ကျဲဟာ မနက်စာ စားပြီးတာနဲ့သူမတို့၏အဝတ်ထုပ်များကို သယ်လျက် ယွမ်အိမ်ကနေ စတင်ထွက်ခွာလာခဲ့ကြတော့သည်။
သူတို့တွေဟာ အဖိုးအဖွားတွေနဲ့ ခွဲခွာရတာဟာ အကြိမ်ကြိမ်ရှိနေပြီဖြစ်ပေမယ့် သူမတို့အား လိမ်လိမ်မာမာနေဖို့ ထိုင်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့၊ ကိုယ့်ကိုယ့်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေဖို့ စသည့်အရာတွေကိုတော့ အဖိုးအဖွားတွေက အမြဲဆုံးမ၊ မှာကြားခဲ့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့အတွက် ဒီတစ်ခေါက် တောင်ပေါ်ကနေ ပြန်တာက မတူတော့ချေ။ သူမတို့ညီအမနှစ်ယောက် သွားမည့်နေရာက နေရာသစ်တစ်ခုဖြစ်နေလို့ဖြစ်သည်။
ထုံစံအတိုင်း သူမတို့နှစ်ယောက်အား ဦးလေးငါး ယွမ်ချန်းရှန်က လိုက်ပို့ပေးခဲ့သည်။ တုန်းဖန်မြို့ကိုရောက်သည့်အခါ တည်းခိုခန်းမှာ တစ်ည တည်းခိုခဲ့ကြသည်။
နောက်ရက်မနက် မနက်စာစားပြီးသွားမှ ရထားဘူတာရုံသို့ ထွက်လာကြတော့သည်။
ဘူတာရုံကိုရောက်သည့်အခါ ယွမ်ချန်းရှန်က သူ့တူမနှစ်ယောက်အား
"ရှောင်ရိ၊ ရှောင်ကျဲ ဟိုရောက်ရင် သတိထားကြနော်။ နေရာသစ်၊ နေရာစိမ်းဆိုတော့ အစစအရာရာလည်း ဂရုစိုက်ကြ"
ဟု ဆုံးမကာ သတိပေးလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါ၊ ဦးလေး"
ဟု ပြန်ပြောလိုက်တော့သည်။
ဆက်လက်ပြီး ယွမ်ချန်းရှန်က
"ဟိုရောက်ရင် ပညာကိုကောင်းကောင်းမွန်မွန်နဲ့ အာရုံစိုက်သင်ကြ။ အခက်အခဲတစ်ခုခု ကြုံလာခဲ့ရင်လည်း ဦးလေးတို့ဆီ စာရေးပို့လိုက်။ ဦးလေးက ငါ့တူမတွေဆီလိုက်လာပြီး ဖြေရှင်းပေးမယ်"
ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့၊ သမီးတို့ အခက်အခဲတစ်ခုခုရှိလာခဲ့ရင် ဦးလေးဆီ စာရေးလိုက်ပါ့မယ်"
ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏ဦးလေးအား ကတိပေးလိုက်ကြသည်။
ထို့နောက် ယွမ်ရိနဲ့ယွမ်ကျဲဟာ ရထားဘူတာရုံအတွင်းသို့ ဝင်သွားကြတော့သည်။
သူ့တူမတွေ ရထားဘူတာအတွင်း ဝင်သွားမှ ယွမ်ချန်းရှန်လည်း ထိုနေရာကနေ လှည့်ပြန်လာလိုက်တော့သည်။ လေနုအေးအေးလေး တိုက်ခတ်နေသဖြင့် သူ၏ဆံပင်တိုတိုလေးတွေဟာ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်ဖြင့်ပင်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ဘူတာရုံအတွင်းရောက်တာနဲ့ ရထားလက်မှတ်ကို အရင်ဖြတ်လိုက်ကြသည်။
ပြီးမှ အဝတ်ထုပ်တွေကို သယ်လျက် ရထားပေါ်တက်လာကြ၏။ အဝတ်ထုပ်များအား နေရာချပြီးသည့်နောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကြတော့၏။
မကြာခင်မှာဘဲ ရထားဟာ ဥဩဆွဲလျက် တရွေ့ရွေ့ဖြင့် စတင် ထွက်ခွာတော့သည်။
"ခရီးအသစ်ကြီးရေ ငါတို့လာပြီဟေ့"
ယွမ်ကျဲဟာ ရုတ်တရက် နှစ်ယောက်တည်းကြားရုံမျှသော လေသံလေးဖြင့် ကြုံးဝါးလိုက်သည်။
ယွမ်ရိလည်း တက်ကြွနေသည့် ယွမ်ကျဲကိုကြည့်လျက် ပြုံးကာ
"အင်းး၊ ငါတို့ရဲ့ရှောင်ကျဲလေးတောင်မှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ရှိလာပြီ"
ဟု ပြောလိုက်တော့သည်။
လွန်ခဲ့သည့်သုံးနှစ်က သူမအဖေတို့နဲ့အတူတူ တောင်ပေါ်ကနေထွက်ခွာလာစဉ်မှာ ယွမ်ကျဲဟာ အလွန်ကြောက်တတ်သော ယုန်သူငယ်လေးတစ်ကောင်နဲ့ပင် တူနေခဲ့သည်။ ထိုစဥ်က သူမ (ယွမ်ကျဲ) ဟာ သူမ (ယွမ်ရိ) ၏လက်ကို အမြဲဆုပ်ကိုင်ထားခဲ့သည်။
အခုတော့ ယွမ်ကျဲတစ်ယောက် ယုံကြည်မှုတွေ ပြည့်ဝကာ ပျော်ရွှင်တက်ကြွလို့ နေတော့သည်။