အပိုင်း - ၈၉.၁
ပညာသင်မိန်းကလေး ငါးယောက်လုံး နေ့လယ်စာစားရန်အတွက် ပြန်သွားကြပြီးသည့်နောက် ယွမ်ရိတို့ဟာလည်း နေ့လယ်စာ စားကြဖို့အတွက် ပြင်ဆင်ကြတော့သည်။
နေ့လယ်စာ စားနေစဉ်အတွင်း ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့နှစ်ယောက်အား အဝတ်အစားတွေကို ဘယ်လိုဘယ်ပုံရောင်းချခဲ့ပုံတွေ၊ ဈေးဝယ်တွေက အလုအယက်ဝယ်ယူကြပုံတွေကို အသေးစိတ်ပြောပြခဲ့သည်။
ယွမ်ချီကျီကတော့ ယွမ်ချန်းရှန်တို့ လင်မယားနှစ်ယောက်ပြောပြသည့်အကြောင်းများကိုနားထောင်ရလေ ပိုပြီးစိတ်လှုပ်ရှားပျော်ရွှင်လာလေဖြစ်သည်။
ဒါ့ကြောင့် သူမက နေ့လယ်စာ စားပြီးသည့်နောက်မှာ စက်ချုပ်ခန်းထဲကိုပြန်သွားလိုက်ပြီး ပိတ်စတွေကို အတိုင်းအတာတွေမှတ်၊ ကိုက်ဖြတ်စက်ဖြင့် ကိုက်ဖြတ်တာတွေ လုပ်ဆောင်တော့သည်။
ယွမ်ရိဟာလည်း သူမအဒေါ်နောက်ကနေ စက်ချုပ်ခန်းထဲဝင်သွားကာ ဝိုင်းကူလုပ်ကိုင်ပေးခဲ့၏။
ပိတ်စတွေကိုခပ်များများဖြစ်အောင် ကိုက်ဖြတ်ပြီးသည့်နောက်မှာ သူတို့နှစ်ယောက်ဂာ အပ်ချုပ်စက်ရှေ့မှာ ဝင်ထိုင်လျက် စတင်ချုပ်ကြတော့သည်။
သူတို့နှစ်ယောက်လုံးဟာ စက်ချုပ်ရာမှာ တော်တော်လေး ကျွမ်းကျင်နေကြပြီးဖြစ်၏။ ဒါ့ကြောင့် ဝတ်စုံတစ်စုံကို အချိန်ခဏလေးအတွင်းမှာဘဲ ချုပ်လုပ်ပြီးစီးသွားကြသည်။
မကြာခင်မှာဘဲ ပညာသင်မိန်းကလေး ငါးယောက်ဟာလည်း နေ့လယ်စာပြန်စားရာကနေ ပြန်ရောက်လာကြသည်။
သူတို့ငါးယောက်လုံးဟာ စိတ်အားထက်သန်စွာဖြင့် အပ်ချုပ်စက်ကိုယ်စီရှေ့မှာ ဝင်ထိုင်ကာ ယွမ်ရိတို့ကိုက်ဖြတ်ထားသည့် ပိတ်စတွေကိုယူလျက် ဝတ်စုံတစ်စုံဖြစ်အောင် ဖန်တီးချုပ်လုပ်ကြတော့သည်။
ယွမ်ချီကျီဟာ ထို မိန်းကလေး ငါးယောက် စိတ်အားထက်သန်စွာဖြင့် ခပ်သွက်သွက်လေး စက်နင်းနေကြသည်ကို သဘောကျနေ၏။ ဒါပေမယ့် အရည်အသွေး လိုအပ်ချက်တွေ ရှိလာမှာကို စိုးရိမ်သဖြင့် သူမက ပညာသင် မိန်းကလေးငါးယောက်ချုပ်သည့်ဝတ်စုံတွေကို အသေးစိတ်စစ်ဆေးခဲ့ပြန်သည်။
ယွမ်ရိသည် အပ်ချုပ်စက်ရှေ့တွင် အချိန်အတော်ကြာအောင်ထိုင်ကာ စက်ချုပ်ခဲ့သည်။ သူမဟာ ညစာစားပြီးသွားသည့်အထိ အဆောင်ကိုမပြန်ဘဲ အိမ်မှာဘဲနေကာ စက်ချုပ်နေခဲ့၏။
ပညာသင်မိန်းကလေးငါးဦးဟာလည်း ညစာကိုအိမ်မှာသွားပြန်စားကြပြီး ယွမ်ရိတို့အိမ်ကိုပြန်ရောက်လာကာ အချိန်ပိုဆင်းလျက် ဝတ်စုံတွေကို ချုပ်ကြပြန်သည်။
စက်ချုပ်ခန်းအတွင်းမှာ လူခုနှစ်ဦး၏စက်နင်းသံများဖြင့် တဂျုန်းဂျုန်း၊ တဂျောင်းဂျောင်းမြည်လျက် ဆူညံနေတော့သည်။ သူတို့ခုနှစ်ဦးလုံးဟာ တော်တော်လေးညဉ့်နက်သည်အထိ အချိန်ပိုဆင်းရင် စက်ချုပ်ခဲ့ကြတော့သည်။
တော်တော်လေး ညဉ့်နက်သွားမှသာ စက်ချုပ်တာကိုရပ်နားလိုက်ကြသည်။ ပညာသင်မိန်းကလေးငါးဦးကိုလည်း အနားယူကြဖို့ပြောရင်း ပြန်လွှတ်လိုက်တော့သည်။
ပညာသင်မိန်းကလေးငါးယောက် ပြန်သွားမှ ယွမ်ရိနဲ့ယွမ်ချီကျီတို့လည်း ခြေရေလက်ရေဆေးကြောလျက် အိပ်ရာဝင်ခဲ့ကြသည်။
အခန်းထဲကို ယွမ်ချီကျီဝင်လာတာနဲ့ ရွယ်ဟောင်ဖန်းက
"ချီကျီ၊ ငွေရှာတာလည်း ရှာပေါ့ကွာ။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးကိုလည်း အလေးထားရမယ်။ အခုလိုမျိုး မိုးချုပ်တဲ့အထိအလုပ်တွေ လုပ်နေရင်း ကျန်းမာရေးထိခိုက်လိမ့်မယ်နော်"
ဟု ပြောလိုက်သည်။
ဒါပေမယ့် ယွမ်ချီကျီကတော့ သူမယောက်ျား ပြောလိုက်တာတွေကို မကြားလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမစိတ်ထဲတွင် 'အလုပ်ကို များများလုပ်မှ ငွေများများရမယ်၊ အဝတ်အစားတွေကို ခပ်မြန်မြန်လေးချုပ်ရမယ်' ဟူသော အတွေးများဖြင့် ပြည့်နေလို့ပင်။
ဒါ့အပြင် ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့၍ အလွန်ပင်ပန်းနေပြီဖြစ်တာကြောင့် ခေါင်းနဲ့ခေါင်းအုံးထိလိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်ချီကျီတစ်ယောက် အိပ်ပျော်သွားခဲ့တော့သည်။
ရွယ်ဟောင်ဖန်း : "............"
သူလည်း ဘာစကားမျှထပ်မပြောတော့ဘဲ သူ့မိန်းမအပေါ်သို့ စောင်အပါးလေးတစ်ခု လွှားခြုံပေးလိုက်သည်။
ထို့နောက် မီးခွက်ကိုမီးငြှိမ်းလျက် အိပ်ရာဝင်ခဲ့တော့သည်။
ယွမ်ရိဟာ တော်တော်လေးညဉ့်နက်မှ အိပ်ရာဝင်ခဲ့ပေမယ့် ဝေလီဝေလင်းအချိန်မှာဘဲ ချန်ခွန်း၏လာရောက်နှိုးဆော်မှုကြောင့် အိပ်မှုန်စုန်ဖွားဖြင့် အိပ်ရာမှ ထလာသည်။
ထို့နောက် လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေးအေးအေးလေးဖြင့် မျက်နှာသစ်လိုက်၏။ မျက်နှာသစ် ပြီးသည့်နောက် သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်လေး အနည်းငယ်လူးလိုက်သည်။
ပြီးနောက် ယွမ်ချန်းရှန်၊ ချန်ခွန်းတို့နဲ့အတူ စက်ဘီးကိုယ်စီနင်းလျက် အိမ်ကနေထွက်လာခဲ့ကြတော့သည်။ ဒါပေမယ့် သူတို့၏ဦးတည်ရာတွေကတော့ မတူတော့ချေ။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က အဝတ်အစားတွေရောင်းချရန်သွားခြင်းဖြစ်ပြီး ယွမ်ရိကတော့ တက္ကသိုလ်သို့ ပြန်သွားခြင်းဖြစ်သည်။
သူမက သူမ၏ဦးလေးနဲ့ဒေါ်လေးတို့၏ဈေးရောင်းစွမ်းရည်ကို အလွန်ပင်ယုံကြည်မှုရှိတာမို့ နောက်ဆံတင်းစရာမလိုတော့ဘဲ တက္ကသိုလ်တွင် ပညာရေးကိုကောင်းကောင်းလိုက်စားနိုင်သွားပြီဖြစ်၏။
ဒီလိုနဲ့ နေ့ရက်တိုင်းဟာ အခက်အခဲမတွေ့ရဘဲ အဆင်ပြေချောမွေ့နေခဲ့သည်။
ပညာသင်မိန်းကလေးငါးယောက်၏စက်ချုပ်သည့်အရည်အချင်းဟာလည်း တိုးတက်ပြီးရင်းတိုးတက်လာကာ တဖြည်းဖြည်းဖြင့် ကျွမ်းကျင်လာခဲ့ကြ၏။ ယွမ်ချီကျီကလည်း ပညာသင်မိန်းကလေးငါးယောက်အား သေချာဂရုစိုက်၍ သင်ကြားပြသပေးခဲ့သည်။ ဒါ့ကြောင့် ယွမ်ရိဟာ စက်ချုပ်သည့်အပိုင်းနဲ့ပတ်သက်ပြီး စိတ်အေးနေရသည်။
သူမက စက်ချုပ်သည့်အပိုင်းကိုသာမက ရောင်းချသည့်အပိုင်းကိုပါ စိတ်အေးနေရပါသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ဦးလေးငါးတို့လင်မယားနှစ်ယောက်၏ ကုန်စည်ရောင်းချသည့်အရည်အချင်းက သူမလိုက်မမှီသည့်အနေအထားကိုပင် ရောက်နေပြီဖြစ်သောကြောင်ပင်။
သူမအတွက် တစ်ခုတည်းသော လုပ်ဆောင်ရသည့်အရာက ဦးလေးရွယ်ဟောင်ဖန်း စက်ရုံကနေ ဝယ်ယူလာမည့်ပိတ်စများကို အသားကောင်းမကောင်း၊ အရည်အသွေးကောင်းမကောင်း စစ်ဆေးပေးရုံလေးတင်ဖြစ်သည်။
လုပ်ငန်း စလုပ်စဉ်က ယွမ်ရိဟာ အပင်ပန်းရဆုံးဖြစ်ခဲ့သည်။ လုပ်ငန်းကြီး အဆင်ပြေစွာ လည်ပတ်နိုင်ဖို့အတွက် သူမမှာ ရှိသမျှအကြံဉာဏ်တွေအကုန်လုံးကို ကျောက်တုံးရေညစ် ထုတ်သုံးခဲ့ရသည်။
အခုချိန်မှာတော့ ယွမ်ရိဟာ ဝတ်စုံဒီဇိုင်းပေးခြင်း၊ပိတ်စတွေကို အရည်အသွေးကောင်းမကောင်းစစ်ပေးခြင်းတို့ကိုသာ လုပ်ပေးရတော့သည်။ ပိတ်စများကို ကိုက်ဖြတ်စက်နဲ့ဖြတ်တာကိုတောင်မှ တစ်ခါတစ်လေမှ သူမလုပ်ရကာ များသောအားဖြင့် ယွမ်ချီကျီကဘဲ လုပ်ကိုင်လေ့ရှိသည်။
ဒီဇိုင်းအသစ်ဖြစ်သောဝတ်စုံများကိုတော့ ယွမ်ချီကျီနဲ့ပညာသင်မိန်းကလေးငါးယောက်အား တန်းမချုပ်ခိုင်းသေးဘဲ ယွမ်ရိကဘဲ အရင်ဆုံးနမူနာသဘောမျိုးဖြင့် ချုပ်ပြလေ့ရှိ၏။
ထိုကဲ့သို့ ဒီဇိုင်းအသစ်များကို စတင်ချုပ်လုပ်ကြသည့်အခါမျိုးတွင် ယွမ်ချီကျီနဲ့ပညာသင်မိန်းကလေးငါးယောက်တို့၏ ချုပ်လုပ်သည့်အမြန်နှုန်းမှာ နှေးသွားလေ့ရှိသည်။ ချုပ်ပါများသွားမှသာလျှင် တဖြည်းဖြည်းဖြင့် ပြန်မြန်လာခဲ့ကြသည်။
တစ်လခန့်ကြာပြီးသည့်နောက်မှာ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့၏ကြိုးစားမှုကြောင့် ယွမ်ရိ၏ဆိုင်လေးဟာ လူအများကြား ရေပန်းစားလာခဲ့၏။
ဆိုင်လေးဟာ ဝတ်စုံအများအပြားကို နေ့စဉ်နေ့တိုင်းရောင်းချနိုင်ခဲ့သည်။ ဒါ့ကြောင့် ဆိုင်လေး၏တစ်နေ့တာ ဝင်ငွေဟာ အခြေခံလူတန်းစားများ၏တစ်လဝင်ငွေကိုပင် ကျော်လွန်လို့နေသည်။
နေ့လယ်စာ စားပြီးသည့်နောက်မှာ ချန်ခွန်းဟာ ခဏမျှထိုင်ပြီး အနားယူနေခဲ့သည်။ ယွမ်ချန်းရှန်ကတော့ ချန်ခွန်း၏နောက်မှာ ဝင်ထိုင်ကာ ချန်ခွန်းအား အညောင်းပြေအောင် ဂုတ်ကြောများအား နှိပ်နယ်ပေးနေသည်။
(ယွမ်ချန်းရှန်ကြီးကို လိုချင်သွားကြပြီဟုတ်⊙﹏⊙)
လင်မယားနှစ်ယောက် စကားတပြောပြောဖြင့် အနားယူနေချိန်မှာဘဲ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာခဲ့သည်။
ထိုလူက အနည်းငယ်ကြောင်တောင်တောင်နိုင်ပုံရသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။
ယွမ်ချန်းရှန်လည်း ထိုင်နေရာကနေ ထကာ ထိုလူ၏အနီးကို သွားလိုက်ပြီး
"ဝတ်စုံ ဝယ်ချင်လို့လားဗျ။ ဘယ်လိုမျိုး အဝတ်အစားတွေကို ဝယ်ချင်လဲဗျ"
ဟု မေးလိုက်သည်။
ကြောင်တောင်တောင်ပုံစံ ဝတ်စားထားသည့်သူက ယွမ်ချန်းရှန်၏မေးခွန်းကို ပြန်မဖြေဘဲ ဆိုင်ထဲက ဝတ်စုံတွေကိုဘဲ အာရုံစိုက်ကြည့်နေခဲ့သည်။ တခဏမျှကြာအောင် ကြည့်ပြီးသည့်နောက်မှာ သူ့အိတ်ကပ်အတွင်းမှ ဆေးလိပ်ဗူးအား ထုတ်ကာ ယွမ်ချန်းရှန်ကို ကမ်းပေးလိုက်သည်။
ယွမ်ချန်းရှန်က ထိုလူပေးသော ဆေးလိပ်ဗူးအား ခေါင်းယမ်းလျက်
"တော်ပြီဗျ။ ကျေးဇူးတင်ပါတယ်"
ဟု ယဉ်ယဉ်းကျေးကျေး ငြင်းပယ်လိုက်သည်။
ဒါပေမယ့် ကြောင်တောင်တောင်ဝတ်စုံနဲ့လူကတော့ လက်မလျော့သေးဘဲ
"သောက်ပါဗျာ။ ဒီဆေးလိပ်က တော်တော်ကောင်းတဲ့ဆေးလိပ်ဗျ"
ဟု ထပ်ပြောလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ယွမ်ချန်းရှန်လည်း ငြင်းမကောင်းတော့သဖြင့် ထိုလူပေးသော ဆေးလိပ်ကိုယူလိုက်တော့သည်။
ဒါပေမယ့် သူက ချက်ချင်းမသောက်ဘဲ နားကြားမှာ ညှပ်ထားလိုက်၏။
"ရှင့်ကြည့်ရတာ အဝတ်အစား ဝယ်ချင်လို့ လာတဲ့ပုံမဟုတ်ဘူး။ ဘာလိုချင်လို့လဲ"
ထိုလူ၏ပုံစံက တစ်မျိုးဖြစ်နေ၍ ချန်ခွန်းက ထိုင်နေရာကနေ မျက်မှောင်ကြုတ်လျက် ဝင်မေးလိုက်၏။
"ဟုတ်ပါတယ်ဗျ။ ကျွန်တော်က မေးစရာလေးနည်းနည်းရှိလို့ပါ"
ထိုလူက ပြုံးလျက် ချန်ခွန်း၏မေးခွန်းကို ဖြေလိုက်သည်။
ပြီးနောက် ထိုလူက ယွမ်ချန်းရှန်ဘက်ကိုလှည့်လျက်ပြုံးကာ
"ဒီက ညီအကို၊ မင်းတို့ဆိုင်မှာ ရောင်းချတဲ့ဝတ်စုံတွေကို ဘယ်ကနေများ ယူရောင်းတာလဲ။ အဲ့တာလေး ဖြေပေးလို့ရမလား"
ဟု မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ယွမ်ချန်းရှန်၏မျက်ခုံးတွေ ပင့်သွားခဲ့ရသည်။ ထို့နောက် မျက်နှာထားကို ပုံမှန်ပြန်ပြင်လိုက်ပြီး
"ဪ၊ ဒါတွေကို တောင်ပိုင်းဒေသကနေ ဖောက်သည်ယူရောင်းတာပါ"
ဟု လိမ်ဖြေလိုက်တော့သည်။
သူတို့တွေ ဆိုင်စဖွင့်ပြီဆိုကတည်းက ဤလူကဲ့သို့သော လူတွေဆီကနေ မေးခွန်းတွေ လာတော့မည်ဆိုသည်အား ကြိုတင်ခန့်မှန်းခဲ့ကြပြီးသားပင်။
သူတို့၏စက်ချုပ်ခန်းအတွင်းမှ တစ်နေ့လျှင် ဝတ်စုံအရေအတွက်က အနည်းငယ်သာ ထွက်ပေသည်။ ဒါ့ကြောင့် အခြားသူတွေထံ လက်လီလက်ကားရောင်းချဖို့က အဆင်မပြေသေးပေ။
ဒါ့ကြောင့် သူတို့က ထိုပြဿနာနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခုကို ကြိုတင်စီစဉ်ဆုံးဖြတ်ထားခဲ့ကြသည်။ ထိုအရာကတော့ သူတို့ဆိုင်မှာ ရောင်းချသည့်ဝတ်စုံတွေကို အိမ်မှာဘဲ ကိုယ်တိုင်ချုပ်လုပ်ကြသည့်အကြောင်း မည်သူ့ကိုမျှအသိမပေးဖို့ပင် ဖြစ်သည်။
"တောင်းပိုင်းဒေသဆိုတော့၊ ကွမ်းကျိုးမြို့ကများလား"
ထိုလူက အကြည့်တွေတောက်ပလာပြီး ယွမ်ချန်းရှန်အား နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
ယွမ်ချန်းရှန်လည်း ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အဲ့မှာ ကုန်ထုတ်လုပ်ငန်းတွေ တော်တော်ကောင်းတော့ အတော်အသင့် ပစ္စည်းတွေက ဈေးချိုတယ်လေ။ အဲ့ကနေ ယူရောင်းမှဘဲ တွက်ခြေကိုက်မှာကိုး"
ဟု ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်သည်။
ကြောင်တောင်တောင်ဝတ်စုံနဲ့လူလည်း ခဏမျှစဉ်းစားတွေးတောဟန် ပြုနေလိုက်သည်။ အချိန်တစ်ခုကြာမှ ထိုလူက
"ကျေးဇူးတင်ပါတယ် ညီကို"
ဟု ယွမ်ချန်းရှန်ကိုနှုတ်ဆက်လျက် ဆိုင်ထဲကနေ ထွက်သွားတော့သည်။
ထိုလူထွက်သွားပြီးသည့်နောက် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ ထိုလူအား အာရုံမထားတော့ဘဲ အခြားသောအကြောင်းအရာတွေကို စကားလုပ်ပြောကြတော့သည်။
ထိုလူအနေနဲ့ သူမတို့ကဲ့သို့ ဝတ်စုံတွေကို ရောင်းချပါကလည်း သူမတို့ မမှုပေ။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ဈေးရောင်းချသည့်အရည်အချင်းကို ယုံကြည်ကြတာမို့ပင် ဖြစ်သည်။
ဒီလိုနဲ့ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားပြန်ကာ ဇူလိုင်လကိုပင် ရောက်ရှိလာတော့သည်။ ထိုလသည် ကျောင်းတိုင်းတွင် ကျောင်းပိတ်ရက်အရှည်ကြီးပိတ်ပေးရသောအချိန်ဖြစ်သည်။
ဤတစ်ခေါက် ကျောင်းပိတ်ချိန်တွင်တော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ညီအမနှစ်ယောက်ဟာလည်း အဆောင်မှာဘဲ ကျန်မနေခဲ့ကြဘဲ မြို့စွန်ကအိမ်သို့အထုပ်ကိုယ်စီဆွဲလျက် ရောက်လာကြတော့သည်။
ကုန်လွန်ခဲ့သည့်လများအတွင်း ယွမ်ရိ၏ အဝတ်ဆိုင်လေးဟာ လမ်းကြောင်းမှန်ပေါ်သို့ရောက်ကာ တဖြည်းဖြည်းဖြင့် တိုးတက်နေပြီဖြစ်သည်။
ယွမ်ရိက ဝတ်စုံတွေ၏ဒီဇိုင်းပိုင်းနဲ့ပိတ်စတွေကိုဖြတ်တောက်ခြင်းအတွက် တာဝန်ယူထားသည်။ရွယ်ဟောင်ဖန်းကတော့ ပိတ်စတွေနဲ့အခြားစက်ချုပ်ရာတွင်လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန်တာဝန်ယူထား၏။
ယွမ်ချီကျီကတော့ ပညာသင်မိန်းကလေး ငါးယောက်အား စက်ချုပ်ပညာသင်ကြားပေးဖို့ တာဝန်ယူထားကာ၊ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လင်မယားကတော့ ဝတ်စုံတွေကို ရောင်းချရေးအတွက် တာဝန်ယူထားပေသည်။
နွေရာသီအားလပ်ရက်များအတွင်း ယွမ်ရိကိုယ်တိုင်လည်း အပ်ချုပ်စက်ရှေ့မှာထိုင်ကာ ဝတ်စုံတွေ ချုပ်လုပ်ခဲ့သေးသည်။
တစ်ခါတစ်ရံတွင် သူမက ယွမ်ကျဲနဲ့အတူတူ အိမ်ပတ်ဝန်းကျင်ကို ဖြစ်စေ၊ ပေကျင်းမြို့အတွင်းထဲကိုဖြစ်စေ အနားယူသည့်အနေဖြင့် ညီအမ နှစ်ယောက် လျှောက်လည်ခဲ့ကြပါသေးသည်။