Chapter 99.2

2.4K 222 2
                                    

အပိုင်း - ၉၉.၂
ယွမ်ကျဲဟာ မီးဖိုချောင်ထဲဝင်ပြီး ကူညီချက်ပြုတ်ပေးဖို့ ပြင်လိုက်ပေမယ့် အကုန်ကျက်ခါနီးနေပြီဖြစ်၍ ကူစရာမရှိတော့ချေ။ ဒါ့ကြောင့် ယွမ်ရွယ်လေးကိုဘဲ ထိန်း‌လျက် ချော့မြှူနေလိုက်သည်။

ရုတ်တရက် အိမ်အခန်းတစ်ခုထဲကနေ ရင်းနှီးနေသော လူတစ်ယောက် ထွက်လာသည်ကို ယွမ်ကျဲတွေ့လိုက်သဖြင့်
"အကိုလင်းယောင်"
ဟု အံ့အားတကြီး ရေရွတ်လိုက်မိသည်။

လင်းယောင်ကလည်း ယွမ်ကျဲကို တွေ့မြင်သွားပြီး ညင်သာစွာ ပြုံးလျက်
"မတွေ့ရတာကြာပြီ"
ဟု ပြန်နှုတ်ဆက်လိုက်သည်။

ဟောပြောပွဲကျင်းပသည့်နေ့တုန်းက ယွမ်ကျဲသည်လည်း အလုပ်ရှုပ်နေသဖြင့် လင်းယောင်နဲ့ကောင်းကောင်းမွန်မွန် မတွေ့လိုက်ရချေ။

ဒါ့ကြောင့် ယခုချိန်မှသာ ကောင်းကောင်းနှုတ်ဆက်စကားပြောနိုင်ခြင်းဖြစ်သည်။

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာဘဲ မီးဖိုချောင်အပေါက်ဝမှ ယွမ်ရိ၏ခေါင်းထွက်လာပြီး
"ဟေးးး လင်းယောင်။ နင့်အလုပ်က ညပိုင်းသွားရဦးမှာလား"
ဟု လှမ်းမေးလိုက်သည်။

လင်းယောင်က
"မသွားရဘူး"
ဟု ပြန်ဖြေလိုက်သည်။

ယွမ်ရိလည်း ထိုအခါမှ အပြုံးလေးတစ်ခုဖြင့်
"ကောင်းပြီလေ။ ဒါဆိုရင်လည်း ခဏနားလိုက်ဦး။ အိမ်မှာ လူစုံနေတာဆိုတော့ အတူတူ ညစာ စားကြတာပေါ့"

လင်းယောင်က ခေါင်းညိတ်ကာ
"ကောင်းပါပြီ"
ဟု ပြန်ဖြေလိုက်ကာ သူ့အခန်းထဲကို ပြန်ဝင်ဖို့ ပြင်၏။

ယွမ်ကျဲကတော့ ယွမ်ရိနဲ့လင်းယောင်တို့ကို ကြည့်လျက် အံ့အားသင့်လို့နေသည်။

ချန်းဝေ့တုန်းက ယွမ်ကျဲ၏နား နားလေးကို အသာတိုးကပ်ကာ
"ရှောင်ကျဲ၊ အဲ့တာက ဘယ်သူလဲ"
ဟု မေးလိုက်သည်။

"အဲ့တာက ငါတို့တောင်ပေါ်မှာ နေတုန်းက ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းလေ။ နောက်ပိုင်းမှာ သူ့မိသားစုကမြို့ပေါ် ပြန်ပြောင်းသွားလို့ အဆက်အသွယ် ပျက်သွားတာ။ အခုလို အဆက်အသွယ်ပြန်ရတာတောင် သိပ်မကြာသေးဘူးရယ်"
ယွမ်ကျဲက ပြန်ဖြေပေးလိုက်သည်။

ချန်းဝေ့တုန်းက ခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီးမှ
"ခင်မင်ရင်းနှီးရုံလေးနဲ့ နင့်အမက အဲ့လူကို ဘာလို့မိသားစု ညစာစားပွဲကို ဖိတ်ရတာလဲ"
ဟု ထပ်မေးလိုက်ပြန်သည်။

"အဲ့တာကို ငါလည်း သိချင်နေတာဘဲဟယ်"
ယွမ်ကျဲက သူမလည်း မသိဘူးဆိုသော ပုံစံဖြင့် ပြန်ဖြေပေးလိုက်သည်။

သူမစကားဆုံးတာနဲ့ သူမနဲ့ချန်းဝေ့တုန်းတို့ လင်မယားနှစ်ယောက်ဟာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီး ကြောင်အသွားကြသည်။ ထိုမြင်ကွင်းကတော့ လင်းယောင်တစ်ယောက် ဧည့်သည်တွေအတွက် ပြင်ဆင်ထားသည့် အခန်းထဲကိုဝင်သွားသည့်မြင်ကွင်းပင်။

လင်မယားနှစ်ယောက်လုံး ကြောင်အနေရာမှ သတိဝင်လာပြီးသည့်နောက်
"သူက ဒီမှာနေတာလား!!!"
ဟု ပြိုင်တူရေရွတ်လိုက်မိကြတော့သည်။

ယွမ်ကျဲက ချက်ချင်းဘဲ ယွမ်ရိထံ ပြေးသွားကာ အကျိုးအကြောင်း သွားမေးတော့သည်။

ပြီးသည့်နောက် ချန်းဝေ့တုန်းထံ ချက်ချင်းပြန်ပြေးလာပြီး
"ဟဲ့၊ ငါသိခဲ့ပြီ။ လင်းယောင်က ဒီအိမ်မှာ အခန်းငှားနေတာတဲ့။ အရင်နေတဲ့ အလုပ်ကစီစဉ်ပေးတဲ့ နေရာက အဆင်မပြေလို့ မနေ့ကမှ ပြောင်းလာတာတဲ့"
ဟု ဖောက်သည်ပြန်ချလိုက်သည်။

ချန်းဝေ့တုန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ
"အလုပ်က စီစဉ်ပေးတဲ့နေရာက အဆင်မပြေဘူးဆိုတော့ သူက ဘာအလုပ်လုပ်တာလဲ"

"သူက တရုတ်နိုင်ငံရဲ့နာမည်ကြီးဌာနတစ်ခုဖြစ်တဲ့ သုတေသနဌာနမှာ အလုပ် လုပ်တာလေ"
ယွမ်ကျဲက ပြန်ဖြေပေးလိုက်သည်။

"ဝိုးးသူက တော်တော်‌လေး ထူးချွန်တာဘဲ"
ချန်းဝေ့တုန်း ချီးမွမ်းလိုက်သည်။

ယွမ်ကျဲကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တာပေါ့။ သူက ငယ်ငယ်လေးကတည်းက စာအုပ်နဲ့မျက်နှာနဲ့ ခွာတယ်ရယ်လို့မှ မရှိတာကို ဒီတော့ ထူးချွန်တာ ဘာဆန်းသလဲ"
ဟု ထောက်ခံပြောဆိုလိုက်၏။

"ဒါနဲ့ သူနဲ့နင့်အမနဲ့က တစ်ယောက်နဲ့တစ်ယောက် ရည်ငံနေကြတာလား"
ချန်းဝေ့တုန်းက ရုတ်တရက် ကောက်‌ကာငင်ကာဖြင့် မေးခွန်းထုတ်လိုက်သည်။

"မဟုတ်တာတွေ"
ယွမ်ကျဲက
"သူတို့နှစ်ယောက်က သူငယ်ချင်းဆက်ဆံရေးပါဟ"
ဟု ချက်ချင််းတုံ့ပြန်လိုက်သည်။

"အဲ့တာဆို တော်သေးတာပေါ့"
ချန်းဝေ့တုန်းလည်း သူ့သူငယ်ချင်းကိုယ်စား စိတ်သက်သာရာရသွားသည်။

"ဘာ‌ကို တော်သေးတယ်ပြောတာလဲ"
ယွမ်ကျဲက ချန်းဝေ့တုန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူးကွာ"
ချန်းဝေ့တုန်းလည်း အမြန်ဘဲ စကားလမ်းကြောင်းကို လွှဲလိုက်ရ၏။

ညစာ အဆင်သင့်ဖြစ်ပြီး မကြာခင်မှာဘဲ မိသားစုညစာ စားပွဲလေးကို ကျင်းပကြတော့သည်။

အကုန်လုံးက မိသားစုဝင်တွေချည်းဖြစ်၍ ညစာစားပွဲလေးဟာ ပေါ့ပေါ့ပါးပါးဖြင့် တစ်‌ယောက်နဲ့တစ်ယောက် စကားတွေပြောဆိုကြကာ နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်နေကြသည်။

မိသားစုဝင်တွေကြားထဲ လင်းယောင်က သူစိတ်ဖြစ်နေပေမယ့် ယွမ်တွေက သူစိမ်းဆန်ဆန်မဆက်ဆံကြဘဲ နွေးနွေးထွေးထွေးဖြင့် ဆက်ဆံပေးခဲ့ကြသည်။

ယွမ်ရိက သူမဘေးမှာ ထိုင်နေသည့် လင်းယောင်၏ ထမင်းပန်းကန်ထဲသို့ ဟင်းတွေကို ခပ်ထည့်ပေးလေ့ရှိသည်။

လင်း‌ယောင်ကလည်း ယွမ်ရိထည့်ပေးသမျှဟင်းများကို မငြင်းပယ်ဘဲ အကုန်စားသောက်၏။

ထိုမြင်ကွင်းကြောင့် ချန်းဝေ့တုန်းတစ်ယောက် ဇဝေဇဝါဖြစ်လာရပြီး
"သူတို့က တကယ်ပဲ သူငယ်ချင်းတွေပဲလား"
ဟု ယွမ်ကျဲကို ထပ်မေးလိုက်သည်။

ယွမ်ကျဲက လေသံတိုးတိုးလေးဖြင့်
"ဟုတ်တယ်လေ။ သူတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက အဲ့လိုဘဲ တပူးပူးတတွဲတွဲနေကြတာဘဲလေ"
ဟု ရှင်းပြလိုက်သည်။

ချန်းဝေ့တုန်း : "..........."

ယွမ်ကျဲဟာ သူမ၏ယောက်ျားကို ရှင်းပြပေးပြီးသည့်နောက် ယွမ်ချန်းရှန်အား
"ဦးလေးငါး။ တပေါင်လေးအတွက် ကျောင်းကို အကုန်စီစဉ်ပေးပြီးသွားပြီနော်။ မနက်ဖြန်ကျရင် တန်းပို့လိုက်လို့ရပြီ"
ဟု ပြောလိုက်သည်။

ယွမ်ချန်းရှန်လည်း သူ့တူမကို ပြုံးပြလိုက်ပြီး
"အင်းပါ။ ငါ့တူမကို ကျေးဇူးအများကြီးတင်တယ် ဟုတ်ပြီလား"
ဟု ပြောလိုက်၏။

ယွမ်ကျဲလည်း သူမ၏ဦးလေးကို မျက်စောင်းအသာထိုးလျက်
"ဦးလေးရယ် ကိုယ့်မိသားစုဝင်တွေ အချင်းချင်းဘဲဟာကို ကျေးဇူးတင်စကားတွေ ပြောစရာမလိုပါဘူး"
ဟု ပြောလိုက်တော့သည်။

ထို့နောက် သူတို့မိသားစုတတွေဟာ စကားတပြောပြောဖြင့် ညစာ စားသောက်ခဲ့ကြသည်။ မိသားစုညစာ စားချိန်လေး ပြီးဆုံးသွားသည့်နောက်မှာတော့ ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ဟာ ကလေးတွေကိုခေါ်လျက် မြို့စွန်က အိမ်သို့ ပြန်သွားခဲ့ကြသည်။

ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ဟာလည်း သူတို့၏နေအိမ်သို့ ပြန်သွားခဲ့ကြ၏။
လမ်းတွင် ချန်းဝေ့တုန်းက ယွမ်ကျဲအား
"ရှောင်ကျဲ၊ လင်းယောင်ရဲ့အကြောင်းတွေ ပြောပြပါလား"
ဟု တောင်းဆိုလိုက်သည်။

ယွမ်ကျဲလည်း လင်းယောင်နဲ့သူတို့၏ငယ်ငယ်တုန်းက အကြောင်းများကို ပြန်လည်ကာ ပြောပြလိုက်၏။

ထိုအကြောင်းတွေကို နားထောင်ပြီးသည့်နောက်မှာ ချန်းဝေ့တုန်းက ခေါင်းတညိတ်ညိတ်ဖြင့်
"အင်းးး ငယ်ငယ်လေးကတည်းက ဒီလောက်တောင် ရင်းနှီးခဲ့ကြဝာာဘဲ။ ဒါ့ကြောင့်လည်း မိသားစုဝင်တစ်ယောက်လို ဖြစ်နေတာ နေမှာ"
ဟု ရေရွတ်လိုက်တော့သည်။

တစ်ဖက်တွင်လည်း ယွမ်တပေါင်လေးဟာ ယွမ်ချီကျီတို့နဲ့အတူ မြို့စွန်သို့ ပြန်လိုက်မသွားတော့ဘဲ သူ့မိဘတွေနဲ့အတူတူ ယွမ်ရိတို့ဆီမှာဘဲ နေခဲ့သည်။

နောက်ရက်မနက်ကို ရောက်သည့်အခါ ယွမ်ရိက ယွမ်တပေါင်လေးကို ‌သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးပြီး ကျောင်းကို လိုက်ပို့ပေးခဲ့သည်။ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က မနက်အစောကြီး ဆိုင်ကို သွားကြသဖြင့် တပေါင်လေးကို လိုက်ပို့ပေးနိုင်ခြင်းမရှိခဲ့ပေ။

နေ့လယ်ခင်းရောက်သည့်အခါ ယွမ်ရိက ကျောင်းကိုတဖန်လိုက်သွားပြီး ယွမ်တပေါင်လေး၏နေ့လယ်စာအတွက် ‌အဖော်လုပ်ပေးခဲ့သည်။ ထို့နောက် ညနေကျောင်းဆင်းချိန်မှသာလျှင် ယွမ်တပေါက်လေးအား တစ်ခေါက်သွားကြိုခဲ့တော့သည်။

ထိုသို့သော ပုံစံမျိုးဖြင့် ယွမ်တပေါင်လေး ကျောင်းနေပျော်အောင် ယွမ်ရိက နှစ်ရက်ခန့်လုပ်ဆောင်ပေးခဲ့သည်။

နောက်ရက်တွေမှာတော့ ယွမ်တပေါင်လေးမှာ သူငယ်ချင်းအပေါင်းအသင်းအသစ်တွေ ရလာပြီဖြစ်တာကို ယွမ်ရိက သတိထားမိသွားသဖြင့် လိုက်ပို့ပေးတာမျိုးတွေ မလုပ်တော့ချေ။ ယွမ်တပေါင်လေးဟာ သူတို့ရပ်ကွက်ထဲမှ အခြားသောကလေးများဖြင့် ခင်မင်လာခဲ့ပြီး ကျောင်းသွား၊ ကျောင်းပြန်တာတွေ၊ နေ့လယ်စာ အတူတူစား‌တာတွေ လုပ်ကြရင်းဖြင့် ပိုပြီးတော့ ရင်းနှီးသွားတော့သည်။

ယွမ်ရိအတွက်ကတော့ တစ်နေကုန်တစ်နေခမ်း ဒီဇိုင်းဆွဲရင်းဖြင့်သာ အချိန်ကုန်ဆုံးတော့သည်။သူမ၏ရို့ပါဗီလီယမ်မှာ စက်ချုပ်သမတွေ အများကြီး‌ရှိနေပေမယ့် ဒီဇိုင်းရေးဆွဲသူကတော့ သူမတစ်ယောက်တည်း ရှိနေတုန်းပင်။ ဒါ့ကြောင့် ဒီဇိုင်းနဲ့ပတ်သက်သည့် ကိစ္စတွေ အကုန်လုံးဟာ သူမ၏ခေါင်းပေါ်သို့ ကျရောက်လာရတော့သည်။

နောက်ပိုင်း သူမ၏ရိုပါဗီလီယမ်ဟာ တည်ငြိမ်သော တိုးတက်နှုန်းတစ်ခုကို ရောက်မှ ဒီဇိုင်းနဲ့ပတ်သက်ပြီး ကောင်းကောင်းလုပ်နိုင်မည့်သူများကို ရှာဖို့အတွက် ယွမ်ရိက ဆုံးဖြတ်ထားခဲ့သည်။

အိမ်မှာ တဖြည်းဖြည်း အနေကြာလာပြီးသည့်နောက် လင်းယောင်နဲ့ယွမ်တွေ၏ဆက်ဆံရေးဟာ ပိုပြီးတော့ နွေးထွေးတိုးတက်လာခဲ့သည်။ ယွမ်ချန်းရှန်တို့ဟာလည်း လင်းယောင်အား မိသားစုဝင်တစ်ယောက်နဲ့မခြား နွေးနွေးထွေးထွေးဆက်ဆံပေးကြသည်။

လင်းယောင်ဟာ ယွမ်တပေါင်လေး၏ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ကူညီပေးခဲ့သေးသည်။ ယွမ်တပေါင်ကဲ့သို့ ကလေးငယ်တစ်ယောက်အတွက် လင်းယောင်လိုမျိုး သုတေသနပညာရှင်တစ်ယောက်ထံမှ သင်ကြားမှုကို ရရှိခြင်းဟာ လုံးဝကံကောင်းမှုကြီးပင်။

ယွမ်တပေါင်လေးကလည်း လင်းယောင်အား အလွန်အမင်း ရိုသေလေးစား၏။ သူ၏စိတ်ထဲမှာ လင်းယောင်အား စံပြတစ်ယောက်အဖြစ်သတ်မှတ်ထားကာ သူကြီးလာလျှင် လင်းယောင်ကဲ့သို့ သုတေသနပညာရှင်ကြီးဖြစ်အောင် ကြိုးစားမည်ဟုလည်း ပြောလေ့ရှိသည်။

တဖန် ယွမ်ရိက အိမ်မှာဘဲ ကိုယ်ပိုင်ဖုန်းတစ်လုံးအား ယွမ်သုံးထောင်ကျော်ဖြင့် ဝယ်ယူတပ်ဆင်ခဲ့သည်။

လင်းယောင်က သူအလုပ်နောက်ကျသည့်အခါမျိုးတွင် ရုံးဖုန်းမှတဆင့် ယွမ်ရိထံဖုန်းဆက်ကာ အကြောင်းကြားလေ့ရှိသည်။ ထိုကဲ့သို့သော နေ့များတွင် ယွမ်ရိတို့က လင်းယောင်ကို မစောင့်တော့ဘဲ ညစာ စောစားလေ့ရှိသည်။

ကျန်သည့်နေ့များတွင်တော့ ညစာကို အတူတူစားကြ၏။

ဒါပေမယ့် ယွမ်ရိနဲ့လင်းယောင်ဟာ ကြိုတင်စီစဉ်ထားသည့်အတိုင်း တနင်္ဂနွေနေ့များတွင် မြို့ထဲသို့ လျှောက်လည်ပတ်လေ့ရှိကြသေးသည်။

လင်းယောင်ဟာ အလုပ်မှာ ဘယ်လောက်ပဲ မိုးချုပ်သည်အထိ နောက်ကျနေပါစေ အိမ်ကိုဘဲ ရောက်အောင် ပြန်လာကာ အိပ်စက်လေ့ရှိ၏။

ယွမ်ရိဟာလည်း တော်တော်လေးမိုးချုပ်သည်အထိ ဦးနှောက်ခြောက်အောင် တွေးတောလျက် ဒီဇိုင်းအသစ်များကို စဉ်းစားရေးဆွဲလေ့ရှိသည်။

ဒါ့ကြောင့် လင်းယောင် အိမ်ပြန်လာချိန်တိုင်း မအိပ်သေးသော ယွမ်ရိနဲ့ကြုံရလေ့ရှိသည်။

ဒီနေ့မှာလည်း လင်းယောင်တစ်ယောက် သုတေသနဌာနမှာ မိုးချုပ်သွားခဲ့သဖြင့် တော်တော်လေး ညဉ့်နက်မှ အိမ်ပြန်ရောက်လာခဲ့၏။

သူက သူ့ဆီမှာ ရှိသည့် သော့အပိုဖြင့် အိမ်တံခါးကို ဖွင့်ကာ အိမ်ထဲကို ဝင်ခဲ့သည်။

အိမ်ထဲကို ရောက်တော့ ယွမ်ရိ၏အခန်းဘက်က မီးလင်းနေတာကို မြင်လိုက်ရသဖြင့် ယွမ်ရိ မအိပ်သေးဘူးထင်မှတ်ကာ ယွမ်ရိအခန်းထဲ ဝင်သွားလိုက်သည်။

အခန်းထဲကို ရောက်တော့ သူထင်သကဲ့သို့ ဟုတ်မနေဘဲ ယွမ်ရိတစ်ယောက် စားပွဲပေါ်မှာ ခေါင်းငိုက်လျက် အိပ်ပျော်နေတာကို လင်းယောင်တွေ့လိုက်ရသည်။

ဒါ့ကြောင့် ယွမ်ရိအနားမှာ ညင်သာစွာထိုင်ချလိုက်ပြီး
"ရှောင်ရိ၊ ထလေ။ အိပ်မှာဆိုရင်လည်း ကုတင်ပေါ် တက်အိပ်"
ဟု နှိုးလိုက်သည်။

ဒါပေမယ့် ယွမ်ရိကတော့ မနိုးခဲ့ချေ။ ဒါ့ကြောင့် လင်းယောင်လည်း ဆက်နှိုးမနေတော့ဘဲ ယွမ်ရိအားညင်သာစွာဖြင့် ပွေ့ယူလိုက်သည်။ ယွမ်ရိ၏ကိုယ်လုံးလေးဟာလည်း ငှက်မွှေးလေးအလား လင်းယောင်လက်ထဲ ပါလာ၏။

လင်းယောင်က ယွမ်ရိအား သူမ၏ကုတင်ပေါ်သို့ သေချာတင်ပေးလိုက်ပြီး စောင်ဖြင့် လုံခြုံအောင် လွှမ်းခြုံပေးလိုက်သည်။

ထို့နောက် လင်းယောင်က ယွမ်ရိ၏ကုတင်ဘေးမှာ အသာဝင်ထိုင်လိုက်ပြီး အိပ်ပျော်နေသောအလှလေး၏ပုံရိပ်အား အသေးစိတ်ကအစ သူ၏မှတ်ဉာဏ်အတွင်း စွဲမြဲနေအောင် ကြည့်ရှုတော့သည်။

အချိန်ခဏမျှ ထိုကဲ့သို့ငြိမ်ငြိမ်လေးကြည့်ရှုနေခဲ့ပြီး ယွမ်ရိအခန်းထဲကနေ ထွက်ရန်ပြင်လိုက်ချိန်မှာဘဲ သူရဲ့မျက်လုံးတွေဟာ ယွမ်ရိ၏ကုတင်ဘေးက စားပွဲပေါ်တွင် တင်ထားသော ပစ္စည်းလေးတစ်ခုပေါ်သို့ အကြည့်ရောက်သွားတော့သည်။

ထိုပစ္စည်းလေးကတော့ သူ ယွမ်ရိအား လက်ဆောင်အဖြစ်ပေးလိုက်သည့် အိတ်ဆောင်နာရီလေးဖြစ်ပေသည်။

ထိုပစ္စည်းလေးကိုမြင်တော့ လင်းယောင်၏စိတ်ထဲတွင်
'ငါ ပေးထားတဲ့ပစ္စည်းလေးကို ရှောင်ရိက တရိုတသေ သိမ်းဆည်းထားတုန်းဘဲ'
ဟု တွေးမိသွားပြီး မျက်ဝန်းတွေ နီရဲလာကာ စိတ်ခံစားချက်များ ပြင်းထန်လာ၏။

မျက်ရည်များ မကျအောင် မျက်တောင်ကို နှစ်ကြိမ်လောက် ခတ်လိုက်ပေမယ့် မျက်ရည်များကတော့ တားဆီးမရဘဲ စီးကျလာတော့သည်။

ထိုအချိန်မှာဘဲ ယွမ်ရိဟာ သူမကိုတစ်ယောက်ယောက် စိုက်ကြည့်နေသည်ဟု ခံစားရ၍ အိပ်ပျော်နေရာကနေ နိုးလာတော့သည်။

သူမ နိုးလာတော့ သူမကုတင်ဘေးမှာ ထိုင်နေသည့် လင်းယောင်ကို မြင်သွားပြီး
"ဪ၊ နင် ပြန်လာပြီလား"
ဟု မေးလိုက်သည်။

သူမက အခုမှ နိုးခါစဖြစ်နေသေးတာမို့ မြင်ကွင်းက မကြည်‌လင်သေးချေ။

ဒါ့ကြောင့် သူမ မျက်လုံးကို ပွတ်သပ်လိုက်ပြီး လင်းယောင်ကို ထပ်ကြည့်လိုက်၏။ ထိုအခါ လင်း‌ယောင်၏နီရဲနေသော မျက်ဝန်းများကို မြင်တွေ့သွားပြီး စိုးရိမ်သွားကာ အိပ်‌နေရာမှ ထထိုင်လိုက်ပြီး
"လင်းယောင် နင်ဘာဖြစ်နေတာလဲ။ အလုပ်မှာ အဆင်..........."

ယွမ်ရိ၏စကားတွေဟာ လမ်းတစ်ဝက်မှာတင် တိတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏နှုတ်ခမ်းတစ်စုံအား လင်းယောင်မှ ငုံထွေးကာ ပိတ်ချပစ်လိုက်သောကြောင့်ပင်။

ယွမ်ရိတစ်ကိုယ်လုံး တောင့်တင်းသွားပြီး အံ့အားသင့် တုန်လှုပ်ရမှုကြောင့် မျက်တောင်နှစ်ချက်မျှသာ ခတ်လိုက်နိုင်ပြီး ပြန်လည်အိပ်ပျော်သွားတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now