အပိုင်း - ၁၀၁.၁
ယွမ်ရိက လင်းယောင်၏နဖူးပေါ်တွင် လက်တင်ကာ အဖျားတိုင်းပြီးသည့်နောက်
"ခဏလေး၊ ငါ ခြံတံခါးပိတ်လိုက်ဦးမယ်"
ဟု ပြောကာ ခြံတံခါးအား သေချာသော့ခတ်လိုက်သည်။
ပြီးနောက် လင်းယောင်၏လက်ကို ဆွဲလျက် အိမ်ထဲကို ဝင်ခဲ့ကြ၏။ ယွမ်ရိက လင်းယောင်ကို သူရဲ့အခန်းထဲထိ လိုက်ပို့ကာ ကုတင်ပေါ် ထိုင်စေလိုက်ပြီး
"ဆေးတွေရော သောက်ထားသေးလား"
ဟု မေးလိုက်သည်။
လင်းယောင်က ခေါင်းညိတ်ကာ
"ညနေတုန်းကတော့ သောက်ထားသေးတယ်"
ဟု ပြန်ဖြေလိုက်၏။
"နေမကောင်းတာကို အလုပ်ကနေ စောစောပြန်လာတာတော့ မဟုတ်ဘူး"
ယွမ်ရိက ရေနွေးတစ်ခွက်ငှဲ့ပေးကာ လင်းယောင်အား ကရုဏာဒေါသဖြင့် ဆူလိုက်၏။
လင်းယောင်လည်း နွမ်းဖျဖျပြုံးပြကာ
"ငါလည်း သက်သာသွားမယ် ထင်မိလို့ပါ"
ဟု ရှင်းပြလိုက်သည်။
"အင်းပါ၊ ဘာပဲဖြစ်ဖြစ် စောစောအိပ်တော့။မနက်ကျမှ မသက်သာရင်တော့ ဆေးခန်းကို သွားကြတာပေါ့"
ယွမ်ရိက ထိုသို့ပြောကာ လင်းယောင်၏အခန်းထဲကနေ ထထွက်ဖို့ ပြင်လိုက်၏။
ဒါပေမယ့် လင်းယောင်က ယွမ်ရိ၏လက်ကို နောက်ကနေ ဆွဲထားလိုက်သည်။
ယွမ်ရိလည်း ခေါင်းအသာ စောင်းငဲ့ကာ
"ဘာလိုချင်သေးလို့လဲ"
ဟု မေးလိုက်သည်။
လင်းယောင်လည်း ယွမ်ရိ၏မျက်ဝန်းနက်နက်တွေထဲ တည့်တည့်စိုက်ကြည့်ကာ
"ရိရိ၊ ကိုယ်မင်းကို လိုက်တော့မှာနော်။"
ဟု ပြောလိုက်သည်။
"ဘယ်လို၊ လင်းယောင် နင်က အသက်ကလေး နည်းနည်းရလာတော့ ငါ့အပေါ်ဒီလိုစိတ်တွေ ဝင်နေပြီပေါ့လေ။ နင့်အသက် ငယ်ပါသေးတယ်"
ဟု ယွမ်ရိ ဟာသလေးလုပ်ကာ စကားလမ်းကြောင်းပြောင်းဖို့ ပြင်သည်။
ဒါပေမယ့် သူမ ထိုစကားတွေကို ပြောပြီးသည်နှင့် နောင်တရသွား၏။ အဘယ်ကြောင့်ဆိုသော် လင်းယောင်၏အကြည့်တွေက စူးရဲလာသည်ကို သတိထားမိလိုက်ခြင်းကြောင့်ပင်။
"ကျွန်တော့်အသက် မငယ်တော့ဘူး"
လင်းယောင်က ထိုသို့ပြောကာ ယွမ်ရိအား ကုတင်ပေါ် ဆွဲလှဲချလိုက်ပြီး သူက အပေါ်ကနေ မိုးအုပ်ထားလိုက်သည်။
ပြီးနောက် ယွမ်ရိ၏ပါးတစ်ဖက်ကို ညင်ညင်သာသာ နမ်းရှိုက်လိုက်တော့သည်။
ရုတ်တရက်ဖြစ်သွားသည်မို့ ယွမ်ရိလည်း တုံ့ပြန်ချိန်မရလိုက်ချေ။ သူမ သတိဝင်လာချိန်မှာတော့ လင်းယောင်၏နှုတ်ခမ်းထွေးထွေးများက သူမ၏ပါးပြင်ပေါ်ဝယ် ပြေးလွှားလျက်။
ယွမ်ရိလည်း လင်းယောင်အောက်ကနေ ရုန်းထွက်ဖို့ ပြင်ပေမယ့် လင်းယောင်၏သန်မာလှသော ခွန်အားများအောက်ဝယ် အချည်းနှီးဖြစ်ကုန်၏။
လင်းယောင်၏အနမ်းမိုးများကြားတွင် ယွမ်ရိခမျာ ကြွက်စုတ်လေးတစ်ကောင်အလား အတင်းရုန်းနေရသည်။ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ နိုးသွားမှာကို မလိုလားသည့်အတွက် ဆူညံသောအသံတို့ မဖြစ်ပေါ်စေရန်ကိုလည်း ယွမ်ရိက ထိန်းချုပ်နေရသည်။
ဒါ့ကြောင့် ရုန်းကန်နေရင်းကြားကနေ လေသံတိုးတိုးလေးဖြင့်
"လင်းယောင်"
ဟု ခေါ်လိုက်သည်။
လင်းယောင်က နမ်းနေရာကနေ ရပ်လိုက်ပြီး 'ဘာလဲ၊ ပြောလေ' ဆိုသော မျက်လုံးများဖြင့် ယွမ်ရိကို ကြည့်လိုက်သည်။
ယွမ်ရိက အသက်ကို အမောတကော ရှူနေရာကနေ
"ငါနင့်ကို မောင်တစ်ယောက်လိုပဲ အမြဲသတ်မှတ်ထားတာ"
ဟု ပြောရင်း အပြစ်တင်လိုက်၏။
လင်းယောင်က လေးနက်သော မျက်ဝန်းများဖြင့် ယွမ်ရိကို စိုက်ကြည့်လျက်
"ဒါပေမယ့် ကိုယ်က မင်းအပေါ်မှာ ဘယ်တုန်းကမှ အမတစ်ယောက်လို သဘောမထားခဲ့ဘူး။ ဟိုးငယ်ငယ်လေးကတည်းကဘဲ။ အဲဒီတုန်းက မင်းအပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့စိတ်သဘောထားကို မျိုသိပ်ထားခဲ့တာ။ ဒါကြောင့်မို့လည်း မင်းနဲ့တစ်ကြိမ်လောက် ဝေးခဲ့ရတာပေါ့။ အခုချိန်မှာ ကိုယ်ဘာကိုမှ မျိုသိပ်ထားတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ကို ပြန်ချစ်ပါနော်"
ဟု ပြောလိုက်သည်။
"အဲ၊ ဟိုလေ...အင်းးး"
လင်းယောင်၏ လေးလေးနက်နက် ဖွင့်ဟဝန်ခံမှုကြောင့် ယွမ်ရိခမျာ အင်းတွေ၊ အဲတွေ ဖြစ်ပြီးမှ
"စဉ်းးး စဉ်းစားပါရစေဦး"
ဟု ထစ်ငေါ့စွာ ပြန်ပြောလိုက်သည်။
ယွမ်ရိ၏စကားကြောင့် လင်းယောင်၏မျက်ဝန်းတွေ တောက်ပသွားပြီး
"ကောင်းပြီ။ ငါလည်း အလျင်စလိုမဖြစ်ပါဘူး"
ဟု ပြန်ပြောလိုက်ကာ ယွမ်ရိနှုတ်ခမ်းကို ငုံ့နမ်းလိုက်ပြန်သည်။
ယွမ်ရိလည်း တောင့်တောင့်ကြီး ထပ်ဖြစ်သွားပြီး
"ငါ၊ ငါ။ စဉ်းစားဦးမယ် လို့ ပြောပြီးပြီလေဟာ"
လင်းယောင်က ခေါင်းညိတ်ကာ
"အွန်းလေ၊ စဉ်းစားလေ။ ငါက ဘာလုပ်နေလို့လဲ"
ဟု ဖြူစင်ရိုးသားဟန်လေးဖြင့် တုံ့ပြန်လိုက်သည်။
"မဟုတ်......"
ယွမ်ရိက စကားထပ်ပြောချင်သေးပေမယ့် လင်းယောင်က ထပ်မံနမ်းရှုံ့လျက် စကားလုံးများကို တားဆီးလိုက်တော့သည်။
နောက်တစ်နေ့ကို ရောက်သည့်အခါ ယွမ်တပေါင်လေးက သူ့မိဘတွေနဲ့အတူ ဆိုင်ကို လိုက်သွားပြန်သည်။
ဒါ့ကြောင့် အိမ်မှာ ယွမ်ရိနဲ့လင်းယောင်ဘဲ ကျန်နေရစ်ခဲ့၏။
ယွမ်ရိလည်း အိပ်ရာထပြီးသည့်နောက် လင်းယောင် အဖျားသက်သာပြီလား စစ်ဆေးရန် လင်းယောင်အခန်းထဲကို ဝင်လိုက်သည်။
လင်းယောင်အခန်းထဲကို ရောက်တော့ ကုတင်ကိုမှီကာ အသာမှိန်းနေသော လင်းယောင်ကို မြင်လိုက်ရ၏။
ယွမ်ရိလည်း လင်းယောင်ကို အသာနှိုးကာ သာမိုမီတာဖြင့် အဖျားတိုင်းလိုက်သည်။
လင်းယောင် အဖျားတိုင်းနေတုန်း သူမက အပြင်ထွက်ကာ မနက်စာသွားဝယ်ယူလိုက်သည်။
သူပြန်လာသည့်အခါ လင်းယောင်က
"အဖျားကျသွားပြီ"
ဟု ပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား မျက်နှာသစ် သွားတိုက်ကာ မနက်စာ စားလိုက်ကြတော့သည်။
မနက်စာ စားနေစဉ် လင်းယောင်က
"နင်စဉ်းစားပြီးသွားရင် ငါ့ကို အဖြေပြန်ပေးဦးနော်"
ဟု ခပ်တည်တည်ဖြင့် ပြောလိုက်၏။
ထိုစကားကြောင့် စားသောက်နေသည့် ယွမ်ရိခမျာ နင်သွားရသည်။ ပြီးမှ တုန်ယင်နေသော ရင်ကို အသာထိန်းလို့
"အွန်းပါ"
ဟု ပြန်ပြောလိုက်၏။
ဆောင်းရာသီ။
အေးစက်နေသည့် လေအေးများကြောင့် ပေကျင်းမြို့တစ်ခုလုံး ရေခဲခေတ်ကို ပြန်ရောက်သွားသလိုပင်။ နေရာအနှံ့ နှင်းဖြူဖွေးဖွေးများက ပြည့်လို့နေပြီး ရေကန်၊ ရေအိုင်များကလည်း ရေခဲလို့နေ၏။
ထိုသို့ အချိန်မျိုးတွင် ပေကျင်းမြို့၏နာမည်ကျော် ရှီချားဟိုင်ရေကန်သည် လူလည်ပတ်မှု အများဆုံးနေရာ ဖြစ်လို့လာတော့သည်။ ထိုရေကန်ကြီးလည်း ရေခဲနေသဖြင့် ရေခဲပြင်စကိတ်စီးဖို့ လာရောက်လည်ပတ်သူများဖြင့် ပြည့်နေ၏။
ထိုလူများထဲတွင် ယွမ်ရိနဲ့လင်းယောင်တို့လည်း ပါဝင်ခဲ့သည်။
ယွမ်ရိတစ်ယောက် ရေခဲပြင်စကိတ်စီးနေရင်း ချော်လဲသွား၏။ လင်းယောင်လည်း ယွမ်ရိအနားကို အမြန်လာကာ ထူ,မပေးလိုက်သည်။
ယွမ်ရိက လင်းယောင်ကို အားပြုရင်း ပြန်ထလိုက်ပြီး အပြုံးလေးဖြင့်
"ဒီနေ့တော့ ရှစ်ကြိမ်ပဲ လဲကျတယ်"
ဟု ပြောလိုက်သည်။
လင်းယောင်က ခေါင်းတညိတ်ညိတ်ဖြင့်
"အွန်း၊ နင်တိုးတက်လာပြီ။ အရင်တစ်ခေါက်တုန်းက ခဏခဏ လဲကျနေတာ"
ဟု ပြောလိုက်၏။
ပြီးသည့်နောက် လင်းယောင်က
"နင် စဉ်းစားပြီးသွားပြီလား။ အဖြေပြန်ပေးတော့လေ"
ဟု ရုတ်တရက် ကောက်ပြောလိုက်တော့သည်။
ယွမ်ရိတစ်ယောက် လင်းယောင်အား အဖြေပြန်ပေးဖို့ စဉ်းစားနေသည်မှာ ဆောင်းဦးရာသီကနေ ဆောင်းရာသီသို့ပင် ရောက်ရှိလာပြီဖြစ်၏။
ယွမ်ရိလည်း လင်းယောင်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ
"အင်းပါ၊ အင်းပါ။ ငါ အမြန်ဆုံး စဉ်းစားနေပါတယ်ဟယ်"
ဟု ပြန်ပြောလိုက်သည်။
ရုတ်တရက် လင်းယောင်က ယွမ်ရိ၏လက်ကို ဆွဲယူကာ တစ်စုံတစ်ခုကို ဝတ်ဆင်ပေးလိုက်သည်။
လင်းယောင် ဝတ်ဆင်ပေးပြီးသည့်နောက် ယွမ်ရိလည်း သူမလက်ကို သူမ ပြန်ငုံ့ကြည့်လိုက်သည်။
လှပသော လက်ပတ်နာရီလေးတစ်လုံးဟာ သူမ၏လက်ပေါ်တွင် နေရာယူလျက်။
နာရီအား သတ္တုဖြင့် ပြုလုပ်ထားသည်ဆိုပေမယ့် အေးစက်မနေဘဲ အနည်းငယ် နွေးထွေးနေသည်။
လင်းယောင်က
"ဒီနာရီလေးက အသစ်အဆန်းလိုမျိုးလေး ဖြစ်နေလို့ပါ"
ဟု ရှင်းပြလိုက်သည်။
ယွမ်ရိလည်း သဘောကျစွာဖြင့် ရယ်မောလိုက်၏။အေးစက်စက်ရာသီဖြစ်တာကြောင့် အပူငွေ့လေးများဟာ သူမ၏ပါးစပ်ကနေတဆင့် လေထုတွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။
ဒီလိုနဲ့ ၁၉၈၃ ခုနှစ်ဟာ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားတော့၏။
၁၉၈၄ ခုနှစ်အား ကြိုဆိုကြသည့် နှစ်သစ်ကူးနေ့တွင်။
ယွမ်ရိဟာ စားသောက်ဆိုင် တစ်ဆိုင်အတွင်းက သီးသန့်ခန်းတစ်ခုကို ငှားရမ်းလိုက်ပြီး အစားအသောက်များကို မှာလိုက်သည်။ ပြီးနောက် ယွမ်ချန်းရှန်၊ ချန်ခွန်း၊ လင်းယောင်၊ ယွမ်ကျဲနဲ့ ချန်းဝေ့တုန်းတို့တွေ ရောက်လာမှာကို စောင့်နေလိုက်သည်။
မကြာခင်မှာဘဲ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ လင်မယားနှစ်ယောက် အရင်ရောက်လာကြသည်။
အခန်းထဲကို ရောက်လာပြီးသည့်နောက် ယွမ်ကျဲက လက်နှစ်ဖက်ကို ပွတ်သပ်လျက်
"အေးလိုက်တာ။ အပြင်မှာလည်း နှင်းတွေ အများကြီး ကျနေတာဘဲ"
ဟု ညီးညူလိုက်သည်။
ယွမ်ကျဲ စကားကြောင့် ယွမ်ရိလည်း ပွင့်နေသော ပြတင်းတံခါးမှတဆင့် အပြင်မှာ ကျနေသော ဖြူလွှလွှနှင်းများကို ငေးမောလိုက်မိတော့သည်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ယွမ်ချန်းရှန်တို့မိသားစုနဲ့ လင်းယောင်တို့လည်း ရောက်လာကြ၏။
မိသားစု စုံသွားသည့်နောက်မှာ ညစာ စားကြတော့သည်။ သူတို့အတွက် မိသားစု စုံစုံလင်လင်ဖြင့် ညစာစားတာမျိုးက အထူးအဆန်း မဟုတ်တာမို့ အကုန်လုံးက ပေါ့ပေါ့ပါးပါးဖြင့် သက်တောင့်သက်သာဖြစ်နေကြ၏။
ယွမ်ရိက ညစာ စားနေရင်းဖြင့် သူမ မိသားစုဝင်တွေကို အကဲခတ်လိုက်သည်။ ပြီးမှ ချောင်းဟန့်လိုက်ပြီး
"ဒီနေ့ ညစာစားပွဲ ကျင်းပလိုက်ရတဲ့ အကြောင်းရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ဒီနေ့က နှစ်သစ်ကူးနေ့ဖြစ်တာမို့ မိသားစုအတူတူ ညစာစားတာရယ်နဲ့ကြေညာစရာလေး တစ်ခုရှိနေလို့ရယ်ပါ"
ဟု စကားပလ္လင်ခံထားလိုက်သည်။
ထိုသို့ပြောလိုက်ပေမယ့် မိသားစုဝင်တွေက အထူးအဆန်းဖြစ်သလို မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ရိက သူမ၏သစ်ဆန်းလှသော အကြံအစည်များကို မကြာခဏ ကြေညာလေ့ရှိနေတာမို့ပင်။
"ကဲ၊ ဘာပြောမလို့လဲ။ ပြောလေ"
ယွမ်ချီကျီကပဲ ကြားထဲကနေ စကားထောက်ပေးလိုက်၏။
ယွမ်ရိလည်း အသက်ကို အရင်ဝအောင်ရှူလိုက်ပြီးမှ သူမ၏မိသားစုဝင်တွေကို ကြည့်ကာ
"ဒီနေ့ ၁၉၈၄ခုနှစ်ရဲ့ အစပိုင်းမှာပဲ ငါ၊ ယွမ်ရိက တစ်ယောက်တည်းသမား မဟုတ်တော့ကြောင်း ကြေညာလိုက်ပါတယ်"
ဟု မောင်းတီးလိုက်တော့သည်။