အပိုင်း - ၇၃.၁
နေ့လယ်ခင်းထမင်းစားချိန်မှာ ယွမ်ချန်းဖူဟာ စစ်တပ်အတွင်းကနေ တက်ကြွသောခြေလှမ်းများဖြင့် အိမ်ကိုပြန်လာခဲ့သည်။
နေလယ်စာ စားနေကြချိန်မှာ သူက သူ့သားသမီးတွေကိုကြည့်ကာ
"ကောလိပ်စာမေးပွဲကို ပြန်ကျင်းပတော့မယ်တဲ့။ အဲ့ဒီသတင်းကို မင်းတို့ သိပြီးကြပြီလား"
ဟု မေးလိုက်သည်။
ယွမ်ဟောင်ဂျန်က
"ဟုတ်ကဲ့။ ကြားပြီးပါပြီ"
ဟု အရင်ဖြေပေးလိုက်သည်။
ယွမ်ချန်းဖူဟာ မူလတန်းဒုတိယနှစ်သာရှိသေးသည့် ယွမ်ဟောင်ဂျန်ကို ဂရုမစိုက်ပေ။ သူက ရဲ့ချူးဝမ်နဲ့ရဲ့ဖန်ကိုကြည့်ကာ
"မင်းတို့အရမ်းကံကောင်းတယ်။ မင်းတို့အတွက် အခွင့်အလမ်းကောင်းကြီးတစ်ခုကို အသင့်ပြင်ပေးထားသလိုဘဲ။ ဒါ့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေပြီး အောင်မြင်အောင် ကြိုးစားရမယ်နော်"
ဟု ပြောလိုက်သည်။
ရဲ့ဖန်ဟာ မနက်ခင်း ကောလိပ်ဝင်ခွင့်စာမေးပွဲအား ကျင်းပတော့မည်ဟု သတင်းကြားကတည်းက တက်ကြွနေခဲ့တာပင်။ အဘယ်ကြောင့်ဆိုသော် ကောလိပ်မှာ ပညာသင်ကြားနိုင်ဖို့က သူ့အိပ်မက်ဖြစ်နေလို့ပင်။
ဒါ့ကြောင့် သူက ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ အဖေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေပြီး ကောလိပ်ကိုတက်ရောက်နိုင်အောင် ကျွန်တော် ကြိုးစားမှာပါ"
ဟု ပြောလိုက်တော့သည်။
ယွမ်ချန်းဖူက ခေါင်းတညိတ်ညိတ်ဖြင့် ရဲ့ဖန်၏စကားကို အသိအမှတ်ပြုလိုက်သည်။ တဖန်သူက ရဲ့ချူးဝမ်ကိုကြည့်ကာ
"မင်းကော ဝင်မဖြေဘူးလား"
ဟု မေးလိုက်သည်။
ရဲ့ချူးဝမ်နဲ့ယွမ်ချန်းဖူတို့ကြားမှ ဆက်ဆံရေးဟာ မနှစ်တုန်းက တော်တော်လေးအေးစက်စက်နိုင်ခဲ့ပေမယ့် တဖြည်းဖြည်းဖြင့် နွေးထွေးလာခဲ့ပြီဖြစ်သည်။ဘယ်လောက်ဘဲ မာနကိုရှေ့တန်းတင်တင် ဖခင်တစ်ယောက်အနေဖြင့် ယွမ်ချန်းဖူဟာ သူ့သမီးအပေါ်မှာ အကြာကြီးစိတ်ကွက်မနေနိုင်ခဲ့ပေ။
ဒါ့ကြောင့် သူ့ဘက်ကနေဘဲ သူ့သမီးကို အရင်စ စကားပြောခဲ့သည်။ ရဲ့ချူးဝမ်ကတော့ သူစကားတွေအများကြီးပြောခဲ့ရင်တောင်မှ စကားလုံးအနည်ငယ်ကိုသာ ပြော၍ ပြန်တုံ့ပြန်လေ့ရှိသည်။ အခြားအချိန်များမှာတော့ မည်သူနဲ့မျှစကားပြောခြင်းမရှိဘဲ တိတ်တိတ်လေးသာ နေပါတော့သည်။
ယွမ်ချန်းဖူဟာ သူ့သမီးကို သူသာစကားမပြောလျှင် အိမ်မှာ သူ့သမီးနဲ့စကားပြောမည့်သူမရှိလောက်တော့ဘူးဟုပင် တွေးမိရသည်အထိပင်။
ရဲ့ချူးဝမ်က ဒီတစ်ကြိမ်မှာလည်း လိုရင်းတိုရှင်းကိုပင် တန်းဖြေပေးလိုက်တော့သည်။
"ဟုတ်ကဲ့။ ဖြေမှာပါ"
ယွမ်ချန်းဖူက
"မင်းတို့နှစ်ယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ရေကုန်ရေခန်းကြိုးစားရတော့မယ်နော်။ မင်းတို့တွေ ကောလိပ်ကိုရောက်သွားတာနဲ့ မင်းတို့မကြုံဖူးသေးတဲ့အရာတွေကို တွေ့ကြုံခံစားနိုင်လိမ့်မယ်။ မင်းတို့ရဲ့အနာဂတ်ကလည်း အရမ်းကို ဖြောင့်ဖြူးသာယာလာလိမ့်မယ်"
ဟု ဆုံးမလိုက်သည်။
"ဟုတ်ကဲ့ပါအဖေ။ ကျွန်တော် ရေကုန်ရေခန်းကြိုးစားပါ့မယ်"
ရဲ့ဖန်က ချက်ချင်းပင် တက်တက်ကြွကြွ ပြန်ဖြေပေးလိုက်သည်။
"ဟုတ်ကဲ့"
ရဲ့ချူးဝမ်ကတော့ 'ဟုတ်ကဲ့' ဟူသော စကားစုတိုတိုလေးကိုသာ ပြောရင်း သူမအဖေ၏စကားလုံးတွေကို တုံ့ပြန်ပေးလိုက်တော့သည်။
ညစာ စားပြီးသည့်နောက်မှာ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အပေါ်ထပ်သို့တက်ကာ သူမတို့၏အခန်းထဲကိုဝင်လာခဲ့ကြသည်။ ယွမ်ချူးရွယ်သည်လည်း သူမတို့အခန်းထဲသို့နောက်ကနေ လိုက်ဝင်လာခဲ့သည်။၊
အခန်းထဲကိုရောက်တာနဲ့ ယွမ်ချူးရွယ်က
"ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အလယ်တန်းဒုတိယနှစ်တွေလည်း ဝင်ဖြေလို့ရတယ်မလား။ အမတို့နှစ်ယောက်ကရော ဒီတစ်ကြိမ်မှာ ဝင်ဖြေမှာလား။ ဒါမှမဟုတ် အထက်တန်းတက်နေပြီဆိုမှ ဝင်ဖြေမှာလား"
ဟု မေးလိုက်၏။
ယွမ်ရိက
"ဘာလို့ အထက်တန်းရောက်တဲ့အထိ စောင့်နေမှာလဲ။ ဒီတစ်ကြိမ်ကျင်းပတဲ့စာမေးပွဲကိုဘဲ ရအောင်ဖြေမှာပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုအခါ ယွမ်ချူးရွယ်က အံ့အသင့်သွားပြီ
"အမတို့က ဝင်ဖြေမလို့ဟုတ်လား။ ခုနကတုန်းက ဘာလို့မပြောလိုက်တာတုန်း"
ဟု ထပ်မေးလိုက်သည်။
ယွမ်ရိလည်း မျက်နှာပေါ်မှာ အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး
"ပြောလိုက်တော့ရော။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ငါအမှတ်တွေပိုရမှာမို့လို့လား"
ဟု ပြန်ပြီး မေးခွန်းထုတ်လိုက်၏။
ထိုအခါမှ ယွမ်ချူးရွယ်လည်း လျှာလေးသေးသေးထုတ်ကာ
"အမပြောတာလည်း ဟုတ်နေတာဘဲနော်"
ဟု ပြောရင်း ယွမ်ရိစကားအား ခေါင်းညိတ် ထောက်ခံလိုက်တော့သည်။
တကယ်တော့ နေ့လယ်စာစားသည့်အချိန်တုန်းက ယွမ်ချန်းဖူဟာ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးယန်တို့အနေဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပါဝင်ဖြေဆိုနိုင်ဖို့ အရည်အချင်းမပြည့်သေးဟု သတ်မှတ်လျက် ဘာမျှမမေးခဲ့ခြင်းဖြစ်သည်။
သူတို့သုံးယောက်အနေနဲ့ အလယ်တန်းအောင်ပြီး အထက်တန်းရောက်အောင် စောင့်ပြီးမှ နောက်တစ်ကြိမ်ကျင်းပမည့် ကောလိပ်ဝင်ခွင့်သာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသင့်သည်ဟု သူက တွေးထင်ထားခဲ့သည်။
ဒါ့ကြောင့် ယွမ်ချန်းဖူက ယွမ်ရိတို့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ဘာမျှမမေးခဲ့ခြင်းဖြစ်၏။
သူမကို ဘာမျှမမေးတာမို့ ယွမ်ရိကလည်း သူမဘက်ကနေပြီး အရင်ဆုံး စကားစ မပြောခဲ့တော့ခြင်းပင်။
နေ့လယ်ထမင်းကျောင်းနားပြီး ကျောင်းပြန်တက်ခါနီးမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကျောင်းကိုထွက်လာခဲ့ကြသည်။
ကျောင်းကိုရောက်တာနဲ့အတန်းထဲကို ချက်ချင်းမသွားသေးဘဲ အတန်းပိုင်ဆရာမရှဲ့၏နားနေခန်းရှိရာသို့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လိုအပ်သောဖောင်ကိုဖြည့်စွက်ရန် ထွက်လာခဲ့ကြတော့သည်။
အတန်းပိုင်ဆရာမရှဲ့ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့၏ ပညာရေးစွမ်းရည်တွေကို ကောင်းကောင်းမွန်မွန်သိပေသည်။ ဒါ့ကြောင့် သူမက ယွမ်ရိနဲ့ယွမ်ကျဲအား ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လိုအပ်သော လျှောက်လွှာဖောင်ကို ထုတ်ပေးလိုက်သည်။
သူမက ယွမ်ရိနဲ့ယွမ်ကျဲအား
"ဒီကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး ဆရာမရဲ့အတန်းထဲမှာ နင်တို့နှစ်ယောက်ဘဲ မျှော်လင့်ချက်နည်းနည်းရှိတယ်။ ကျန်တဲ့သူတွေကိုတော့ ဆရာမ သိပ်အားမရပါဘူးကွယ်။ ဒါပေမယ့် နင်တို့ညီအမနှစ်ယောက်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအပေါ်မှာ မျှော်လင့်ချက်တွေ တအားကြီးမထားကြနဲ့။ ဒီတစ်ကြိမ်စာမေးပွဲကို အတွေ့အကြုံရအောင် ဝင်ဖြေတယ်လို့ဘဲ ကိုယ့်စိတ်ထဲမှာ တွေးထားကြ။ မအောင်လည်း ဘာမှမဖြစ်ဘူး။ အထက်တန်းတက်ပြီးမှ ပြန်ဖြေလည်းရတယ်။ အောင်ရင်တော့လည်း အမြတ်ပေါ့ကွယ်။ မအောင်လည်း ကိုယ့်ဘက်ကအရှုံးမရှိပါဘူး"
ဟု ဆုံးမစကားပြောကြားလိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း အတန်းပိုင်ဆရာမရှဲ့အား ကျေးဇူးတင်စကားပြောလိုက်ကြသည်။
ပြီးတာနဲ့ သူမတို့နှစ်ယောက်ဟာ အတန်းပိုင်ဆရာမရှဲ့ပေးသော လျှောက်လွှာဖောင်ကို ယူကာ လိုအပ်တာတွေ ဖြည့်လိုက်ကြသည်။ ဖြည့်ပြီးသည့်နောက် ကောလိပ်ဝင်ခွင့်စာမေးပွဲ လျှောက်လွှာဖောင်တွေကို အတန်းပိုင်ဆရာမရှဲ့ထံ ပြန်ပေးလိုက်ကြသည်။
ထို့နောက် သူမတို့ညီအမနှစ်ယောက်လည်း အတန်းပိုင်ဆရာမရှဲ့ကိုနှုတ်ဆက်လျက် ဆရာမရှဲ့၏နားနေခန်းအတွင်းမှ ထွက်လာခဲ့ကြတော့သည်။
ယွမ်ကျဲ ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဝင်ဖြေရဖို့က သေချာသလောက်ဖြစ်နေပြီဖြစ်၍ အလွန်စိတ်လှုပ်ရှားကာ စာသင်ချိန်တစ်ချိန်လုံး တင်ကြွပျော်ရွှင်လို့နေသည်။ သူမမျက်နှာပေါ်မှာလည်း အပြုံးကြီးတစ်ခုက ဖုံးမရဖိမရပေါ်လွင်လို့နေသည်။
သူမ၏အပျော်တွေက ယွမ်ရိထံပါကူးစက်ကာ ယွမ်ရိကိုယ်တိုင်လည်း စိတ်လှုပ်ရှားပျော်ရွှင်လာခဲ့တော့သည်။
ညနေကျောင်းဆင်းသည်အထိတိုင်အောင် ယွမ်ကျဲတစ်ယောက် တက်ကြွပျော်ရွှင်နေဆဲဖြစ်နေသည်။
အိမ်ပြန်နေရင်းဖြင့် သူမက ယွမ်ရိအား
"ဝင်ခွင့်စာမေးပွဲကို အောင်မအောင်တော့မသိသေးပေမယ့် ဝင်ဖြေခွင့်ရတော့မှာလို့ တွေးလိုက်မိရုံလေးနဲ့တင် ညီမရဲ့အသွေးအသားတွေထဲကနေပါ ပျော်ရွှင်မှုကို ခံစားနေရတယ်"
ဟု ပြောလိုက်သည်။
သူမတို့ဟာ ထိုကောလိပ်ကြီးကို တက်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လွန်ခဲ့သော လေးငါးနှစ်လောက်ကတည်းက ပြင်ဆင်ကြိုးစားလာခဲ့ရတာပင်။ ဒါတောင်မှ ထိုအချိန်တွေတုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲအား မည်သည့်အချိန်တွင် ကျင်းပမည်ဆိုတာကို သူမတို့မသိကြသေးပေ။
ယခုအချိန်မှာတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျင်းပမည့်အချိန်ကို အတိအကျမသိသေးပေမယ့် ကျင်းပတော့မည့်အချက်ကိုတော့ အတိအကျသိလိုက်ရသည့်အပြင် ဝင်ဖြေနိုင်ဖို့အတွင်ပါ သူမတို့ စာရင်းသွင်းထားခဲ့ချေပြီ။
သူမတို့သာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး ကောလိပ်မှာ တက်ရောက်ပညာသင်ကြားနိုင်တာနဲ့ သူမတို့၏ဘဝတွေဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားပေတော့မည်။
ထိုအချိန်မှစပြီး သူမ၏ရှေ့ရေးကိုသူမကိုယ်တိုင်ဆုံးဖြတ်နိုင်တော့မည်ဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကမျှသူမကို ထိန်းချုပ်ထားနိုင်တော့မည်မဟုတ်ပေ။
ထိုကဲ့သို့ အတွေးများအား တွေးမိလေလေ၊ သူမစိတ်ထဲ စိတ်လှုပ်ရှားမှုတွေ ပိုများလာကာ ပိုပျော်လာလေဖြစ်သည်။ အပျော်တွေဟာ အပြင်ပန်းထိကူးစက်လာက အသံထွက်သည်အထိပင် ရယ်မောမိလိုက်တော့သည်။
ယွမ်ရိက ယွမ်ကျဲ၏ပုခုံးကိုအသာပုတ်ကာ
"ရှောင်ကျဲရေ၊ ယုံကြည်ချက်တွေ အတော်လေးပြင်းထန်နေပါလား"
ဟု စနောက်လိုက်သည်။
ယွမ်ကျဲ နှုတ်ခမ်းလေးအသာဆူလျက်
"အမကလည်း ညီမမှာ ယုံကြည်ချက်အပြည့်ရှိပါတယ်နော်"
ဟု ပြန်ပြောလိုက်တော့သည်။
အခြားသောအရာတွေကိုတော့ သူမ မသိပေမယ့် ငါးနှစ်လောက် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ရည်ရွယ်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားထားရသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲဟာ သူမအတွက် အခက်အခဲသိပ်မရှိနိုင်ကြောင်းကိုတော့ သူမသေချာပေါက်သိနေပေသည်။
ယွမ်ရိက ခေါင်းညိတ်လျက်
"အေးပါ။ ယုံကြည်ချက်ရှိတာက ကောင်းပါတယ်။ ဒါပေမယ့် အဲ့တာကို လူတွေသိနေအောင် ထုတ်ပြနေလို့မဖြစ်ဘူးလေ။ သူတို့မျက်စိထဲမှာ ငါတို့ကို အိပ်မက်,မက်နေတယ်။ မဖြစ်နိုင်တာကြီးကို လုပ်ချင်နေတယ်လို့ ထင်နေကြလိမ့်မယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေပြီး ရလဒ်တွေထွက်လာပြီဆိုမှ အလုပ်နဲ့သက်သေပြလိုက်ပေါ့"
ဟု ဆုံးမလိုက်သည်။
ယွမ်ကျဲလည်း ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့အမ၊ ညီမသိပါပြီ"
ဟု ပြန်ပြောလိုက်တော့သည်။
'အပြောထက် အလုပ်နဲ့သက်သေပြရမယ်'
ထို့နောက် သူမတို့ ညီအမနှစ်ယောက် အိမ်ကိုပြန်လာခဲ့ကြတော့သည်။ အိမ်ထဲဝင်ခါနီးမှာ ရဲ့ချူးဝမ်က စာတိုက်ပုံးဘက်သွားနေတာကိုမြင်လိုက်ရ၍ ယွမ်ကျဲက ယွမ်ရိအား
"အမ၊ ညီမတို့စာတွေ ရောက်နေမလားမသိဘူး။ သွားကြည့်ကြမလား"
ဟု မေးလိုက်၏။
အိမ်မှာ စာတိုက်ပုံးကြရှိနေပေမယ့် သူမတို့ဟာ နေ့တိုင်း သွားဖွင့်မကြည့်ကြပေ။
အခုရဲ့ချူးဝမ်ကို စာတိုက်ပုံးနားမှာ တိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရတာမို့ စာတိုက်ပုံးအတွင်း သူမတို့ကိုပို့ထားသည့်စာ ရှိမရှိကြည့်ဖို့ သွားလိုက်ကြတော့သည်။
သူမတို့စာတိုက်ပုံးကို ဖွင့်လိုက်တာနဲ့ သူမတို့၏နာမည်ဖြင့် ပေးပို့ထားသည့် စာတစ်စောင်၊ နှစ်စောင်ခန့်ကို မြင်လိုက်ရသည်။
ထိုစာတွေမှာ ပေးပို့သူ၏လိပ်စာပါဝင်တာကြောင့် တောင်ပေါ်ကနေပို့လိုက်မှန်း သူမတို့သိလိုက်ကြသည်။
သူမတို့ဟာ စာကိုယူလျက် အပေါ်ထပ်ကို တက်လာခဲ့ကြတော့သည်။
ယွမ်ကျဲက
"စာဆိုမှ၊ လင်းယောင်တောင် ညီမတို့ဆီကို စာမပို့တာ နည်းနည်းကြာနေပြီနော်"
ဟု ယွမ်ရိအား ပြောလိုက်သည်။
ယွမ်ရိလည်း ခဏမျှတိတ်ဆိတ်သွားပြီးမှ
"အဲ့တာလည်း ဟုတ်သားဘဲနော်"
ဟု တုံ့ပြန်လိုက်သည်။
"မဟုတ်မှ။ လင်းယောင်က သူ့မြို့ကိုပြန်ရောက်သွားတော့ ညီမတို့ကို မေ့သွားပြီထင်တယ်။ အဲ့လိုမျိုးများဖြစ်နေမလားမသိဘူး"
ယွမ်ကျဲက မယုံနိုင်ဖြစ်နေသောလေသံဖြင့် ရေရွတ်လိုက်သည်။
ယွမ်ရိလည်း ယွမ်ကျဲကိုကြည့်လျက် ပြုံးကာ
"အဲ့တော့ မကောင်းဘူးလား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ကျဲက နားမလည်သဖြင့်
"ဘာလို့ကောင်းရမှာတုန်း"
ဟု ပြန်မေးလိုက်သည်။
ယွမ်ကျဲ၏မေးခွန်းကြောင့် ယွမ်ရိက
"လင်းယောင်က သူအရင်နေတဲ့မြို့ကို ပြန်သွားပြီးတဲ့နောက်မှာ တောင်ပေါ်ကထက်ပိုပြီးပျော်ရွှင်နေတော့မှာလေ။ တောင်ပေါ်တုန်းကလို တစ်ယောက်တည်း မှိုင်မှိုင်တွေတွေကြီး နေချင်မှနေတော့မှာ။ သူ့ဘဝက ပျော်ရွှင်မှုတွေချည်းပြည့်နေလို့ ငါတို့အကြောင်းကို မေ့သွားတာက ပုံမှန်ပါဘဲလေ"
ဟု ရှင်းပြပေးလိုက်၏။
ထိုအခါမှ ယွမ်ကျဲလည်း နားလည်သွားကာ
"အင်း၊ အမပြောတာမှန်တယ်"
ဟု ခေါင်းညိတ်ပြလိုက်တော့သည်။
သူမတို့ဟာ လင်းယောင်နဲ့ နောင်အနာဂတ်မှာ ထပ်တွေ့ရချင်မှ တွေ့ရတော့မှာပင်။
လင်းယောင်ကလည်း သူ့လမ်းကိုလျှောက်နေပြီဖြစ်သလို သူမတို့ကလည်း ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပါပြီ။ သူတို့တွေ ခင်မင်ရင်းနှီးခဲ့ဖူးတာတွေကတော့ မှတ်ဉာဏ်အတွင်း သတိတရရှိနေတော့မှာပင်။
အခုချိန်မှာ ယွမ်ရိနဲ့ယွမ်ကျဲအတွက် အရေးအကြီးဆုံးက ကောလိပ်ဝင်ခွင့်စာမေးပွဲပင်။
ကောလိပ်ကို သေချာပေါက်တက်ရောက်နိုင်ပြီး အနာဂတ်မှာအစွမ်းကုန်တောက်ပနိုင်ဖို့ သူမတို့နှစ်ယောက်လုံးကြိုးစားကြမည်ဖြစ်သည်။