အပိုင်း - ၈၃.၂
ဖဲကြိုးလိမ္မော်ဖြင့် မိန်းကလေးက
"ကောင်းပါပြီ"
ဟု ကတိပေးလိုက်တော့သည်။
ထိုအချိန်မှာဘဲ ဈေးဝယ်အနည်းငယ် ရောက်လာ၍ ယွမ်ရိလည်း အမြန် သွားရောင်းလိုက်သည်။
သူမဈေးရောင်းပြီးသည်အထိ လိမ္မော်ရောင်ဖဲကြိုးနဲ့မိန်းကလေးနဲ့သူမအဖော်တို့ မပြန်ကြသေးတာကို မြင်သွားကာ
"ဘာဝယ်ချင်ကြသေးလို့လဲ"
ဟု မေးလိုက်၏။
ထိုအခါ ဖဲကြိုးလိမ္မော်ရောင်နဲ့မိန်းကလေးက သူမရဲ့အဖော်ကို ညွှန်ပြလိုက်ပြီးမှ
"သူကလည်း အထည်အပ်ချင်လို့တဲ့"
ဟု ပြောလိုက်တော့သည်။
ယွမ်ရိလည်း အဖော်မိန်းကလေးကို ကြည့်လိုက်ပြီး
"ဘယ်လို ပုံစံမျိုး ချုပ်ချင်လဲ"
ဟု မေးကာ ပုံဆွဲစာအုပ်ကို ထုတ်ပေးဖို့ပြင်လိုက်သည်။
"သူ့လိုမျိုး တစ်ပုံတည်း ချုပ်ချင်တာ"
အဖော်မိန်းကလေးက သူမသူငယ်ချင်း ဝတ်ဆင်ထားသည့် ဝတ်စုံကို အရမ်းကြိုက်နေမိသဖြင့် တစ်ပုံစံတည်းသာ ချုပ်ချင်ကြောင်း ပြန်ဖြေလိုက်သည်။
ဆက်လက်ပြီးသူမက
"ချုပ်ခကို အထည်လာယူတဲ့အခါကျမှ ပေးလို့ရမလား"
ဟု တောင်းဆိုလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ကာ
"ရပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှဘဲ လာခဲ့နော်။အဲ့နေ့မှာဘဲ ကျွန်မကရှိမှာမို့လို့။ လောလောဆယ်အချိန်ရရင်တော့ ပိတ်စကို တစ်ခါတည်း သွားဝယ်ကြမယ်လေ။ အတိုင်းအတာလည်း တစ်ခါတည်း ယူကြတာပေါ့"
ဟု ပြန်ပြောလိုက်တော့သည်။
ထို့နောက် ယွမ်ရိက ရှဲ့တုန်းယန်အား ဆိုင်ခဏကြည့်ထားပေးရန် အကူအညီတောင်းလိုက်၏။
ပြီးတာနဲ့ သုံးယောက်သား အထည်ဆိုင်ကိုရောက်လာကာ ပိတ်စအား ရွေးချယ်ဝယ်ယူကြတော့သည်။
စိတ်ကြိုက်ပိတ်စရတာနဲ့ ဆိုင်ကိုပြန်လာကာ အဖော်မိန်းကလေး၏ကိုယ်တိုင်းများကို တိုင်းတာယူထားလိုက်တော့သည်။
အကုန်လုံး ပြီးသွားသည့်နောက် ဖဲကြိုးလိမ္မော်ရောင်နဲ့မိန်းကလေးရယ်၊ သူမ၏အဖော်မိန်းကလေးရယ်တို့ဟာ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် ယွမ်ရိဆိုင်ထဲကနေ ထွက်သွားကြတော့သည်။
ထိုမိန်းကလေးနှစ်ယောက် ထွက်သွားပြီးသည့်နောက် ရှဲ့တုန်းယန်က ယွမ်ရိအနားကို ရောက်လာကာ
"ဝတ်စုံအစွမ်း အံ့မခန်းပါဘဲဗျာ"
ဟု ချီးမွမ်းလိုက်၏။
"ဒါပေါ့ အဲ့ဝတ်စုံက ငါလုပ်ထားတာဘဲဟာ"
ယွမ်ရိကလည်း ရင်ကော့လျက် သူမ၏ဂုဏ်ကို သူမပြန်ဖော်လိုက်သည်။
ရှဲ့တုန်းယန်က ယွမ်ရိကို လက်မထောင်ပြကာ
"ဟုတ်တာပေါ့။ ဟုတ်တာပေါ့"
ဟု ပြောရင်း မနိုင်ဘူးဆိုသည့် သဘောဖြင့် လက်မြှောက်လိုက်ရတော့၏။
ဒီလိုနဲ့ ယွမ်ရိဟာ တက္ကသိုလ် တက်နေရသည့်ရက်တွေအတွင်း အားရင်အားသလို ဝတ်စုံအား တစ်နေ့ နည်းနည်းချင်းဆီ ချုပ်လုပ်နေခဲ့သည်။
ကံကောင်းစွာဖြင့် တနင်္ဂနွေနေ့မတိုင်ခင်မှာဘဲ ဝတ်စုံလေးဟာ ချုပ်လုပ်ပြီးစီးသွားခဲ့တော့သည်။
ထိုနေ့မှာ ယွမ်ရိက အသစ်ချုပ်ထားသည့်ဝတ်စုံကို ယူလျက် ဆိုင်ဖွင့်လိုက်သည်။ မကြာခင်မှာဘဲ အရင်အပတ်က မှာထားသည့် မိန်းကလေး ရောက်လာခဲ့သည်။
ထိုမိန်းကလေးဟာ သူမအတွက် ယွမ်ရိချုပ်ပေးထားသည့်ဝတ်စုံကိုမြင်တော့ အရမ်းပျော်ရွှင်သွား၏။ ထို့နောက် ငွေရှင်းကာ ပြန်သွားတော့သည်။
မကြာခင်မှာဘဲ ထိုမိန်းကလေးနဲ့ ဖဲကြိုးအပြာနဲ့မိန်းကလေးတို့၏ သတင်းပေးမှုကြောင့် ယွမ်ရိ၏စက်ချုပ်ဆိုင်လေးဟာ တဖြည်းဖြည်း လူသိများလာတော့သည်။
သူမထံသို့ အထည်ချုပ်ပေးရန်လာရောက် တောင်းဆိုသူတွေဟာလည်း တစတစဖြင့် များပြားလာတော့သည်။
ဒါ့အပြင် လီရှောင်ဖန်တို့ ကျေးဇူးဖြင့်လည်း အဆောင်တွင်းမှာ သူမ၏နာမည်က ကျော်ကြားသွားသည်။ ဒါ့ကြောင့် အဆောင်သူတွေဟာ သူမထံ ဝတ်စုံချုပ်ပေးဖို့ လာရောက် တောင်းဆိုကြတော့သည်။
ဒါ့ကြောင့် ယွမ်ရိအတွက် အားလပ်ချိန်ဆိုတာ မရှိတော့ဘဲ ရတဲ့နားချိန်လေးကိုပင် ကုတ်ကတ်ကာ ဝတ်စုံတွေ ချုပ်နေရတော့သည်။
အပြင်မှာသာမက အဆောင်တွင်းမှာပါ အပ်ချုပ်နေရသဖြင့် ယွမ်ရိ၏ဝင်ငွေဟာလည်း သောက်သောက်လဲဖြစ်လာခဲ့သည်။
သူမအတွက် မနားတမ်း အလုပ်လုပ်နေရတာဟာ ပင်ပန်းပေမယ့် အလုပ်ကရသည့်ငွေတွေကို ရေတွက်ရသည့်အခါများမှာတော့ ပင်ပန်းမှုတွေဟာ နေလာနှင်းပျောက် ဖြစ်သွားရစမြဲပင်ဖြစ်ကာ အလွန် ပျော်ရွှင်စိတ်လှုပ်ရှားရပေသည်။
အချိန်တွေဟာ တဖြည််းဖြည်းကုန်ဆုံးလာကာ တစ်ရက်ပြီးတစ်ရက် ကျော်လွန်လာခဲ့သည်။
တစ်နေ့သော ညနေခင်းတစ်ခုမှာတော့ လုယွမ်ကျန်းဟာ ဖုန်းရှိသည့်နေရာကိုသွား၍ ဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်ကာ သူ့အိမ်ကို ဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
ဖုန်းတစ်ဖက်မှာ အမျိုးသမီးတစ်ဦး၏ 'ဟယ်လို' ဟူသော အသံထွက်လာသည်။
ထိုအခါ လုယွမ်ကျန်းက
"အမေ၊ သားဆီ ကျောင်းစရိတ်မပို့တာ နှစ်လကျော်နေပြီ။ အဲ့တာပို့ပေးပါဦး။ သားဒီမှာ ငွေလိုနေပြီမို့လို့"
ဟု တောင်းလိုက်၏။
ထိုအခါ ဖုန်းထဲက အမျိုးသမီးက အနည်းငယ် ဒေါသလေးစွက်နေဟန်ဖြင့်
"ဪ၊ နင်က ငါတို့ဆီဖုန်းဆက်ဖို့တော့ သတ္တိရှိသေးသားဘဲ။ နင်က ငါတို့ပို့လိုက်တဲ့ငွေတွေကို တစ်ယောက်တည်း သုံးတာမှမဟုတ်ဘဲ။ ရဲ့ချူးဝမ်ဆိုတဲ့မိန်းကလေးကိုပါ မျှသုံးနေရမှတော့ အမြန်ကုန်ပြီပေါ့ဟဲ့။ အဲ့မိန်းကလေးနဲ့သာ ရှေ့ဆက်နေရင်တော့ နင့်ဘဝ မြန်မြန်ပျက်စီးမှာဘဲ"
ဟု ဆုံးမလိုက်သည်။
လုယွမ်ကျန်းလည်း အသက်ကိုခပ်ပြင်းပြင်းလေးရှူထုတ်လိုက်ပြီးမှ
"အဲ့တာတွေ နောက်မှပြောပါဗျာ။ လောလောဆယ် ငွေကို အရင်ပို့ပေးလို့မရဘူးလား"
ဟု မေးလိုက်၏။
"မပို့နိုင်ဘူးဟေ့။ မပို့နိုင်ဘူး"
တစ်ဖက်မှ လုယွမ်ကျန်း၏အမေဟာ စိတ်မရှည်သောလေသံဖြင့်
"နင်သာ ရဲ့ချူးဝမ်ဆိုတဲ့မိန်းကလေးနဲ့ လမ်းမခွဲရင် ငါတို့ဆီကနေ ငွေထပ်ရမယ် မျှော်လင့်မနေနဲ့တော့"
ဟု စကားကို အပြတ်ပြောလျက် ဖုန်းကိုချပစ်လိုက်တော့သည်။
'တီ၊တီ၊တီ'
လုယွမ်ကျန်းလည်း ဖုန်းကို ပြန်ခေါ်ခဲ့ပေမယ့် တစ်ဖက်မှ မကိုင်ဘဲ ချပစ်တာနဲ့ဘဲ ကြုံရတော့သည်။ ဒါ့ကြောင့် သူလည်း ဆက်ခေါ်မနေတော့ဘဲ ဖုန်းဆိုင်ကို ကျသင့်ငွေပေးကာ ပြန်လာလိုက်တော့သည်။
တစ်ဖက်မှာလည်း ရဲ့ချူးဝမ်၏စိတ်အခြေအနေဟာ ကောင်းမွန်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော သူ့ကို လုယွမ်ကျန်းက လာမတွေ့ဘဲပစ်ပယ်ထားတာ နှစ်လနီးပါး ရှိနေတော့တာမို့လို့ပင်။
ဒါပေမယ့် လုယွမ်ကျန်းက ယောက်ျားကောင်းပီသစွာ ရဲ့ချူးဝမ်ကို လူကိုယ်တိုင်လာမတွေ့သော်ငြား လိုအပ်သည့်အရာများကိုတော့ ထောက်ပံ့ပေးနေဆဲပင်။
ရဲ့ချူးဝမ်ဟာ လုယွမ်ကျန်းအား အရမ်းတွေ့ချင်နေခဲ့ပေမယ့် သူမအပေါ် လုယွမ်ကျန်းစိတ်ပျက်သွားမှာကို တွေးပူမိကာ လုယွမ်ကျန်းအား သွားရှာချင်စိတ်ကို အတင်းချိုးနှိမ်ထားရပါသည်။
ဒါ့အပြင် လုယွမ်ကျန်းက သူမအား အိမ်ပြန်ပို့မှာကိုလည်း သူမ စိုးရိမ်နေမိ၏။ သူမအနေနဲ့ လတ်တလောမှာ အိမ်ပြန်ဖို့ သတ္တိမရှိသေးပေ။
ရဲ့ချူးဝမ်အနေနဲ့ တစ်နေကုန်တစ်နေကမ်း ဘာမျှလုပ်စရာမရှိသဖြင့် သူမက စာအုပ်ဆိုင်တွေကနေ ဝတ္ထုစာအုပ်တွေငှားရမ်းကာ ဇိမ်ခံဖတ်ရှုရင်း အချိန်တွေကို ဖြုန်းခဲ့သည်။
ဒီနေ့မှာလည်း ဝတ္ထုစာအုပ်တစ်အုပ်အား ဖတ်နေရင်း ဇာတ်ရှိန်မြင့်နေချိန်မှာ အခန်းတံခါးဖွင့်သံကို ရဲ့ချူးဝမ် ကြားလိုက်ရသည်။
ဒါ့ကြောင့် သူမ၏အာရုံအား အခန်းတံခါးထံပို့လိုက်သည့်အခါ အခန်းထဲဝင်လာသည့် လုယွမ်ကျန်းကို မြင်တွေ့လိုက်ရသည်။
ထိုအခါ သူမအရမ်းပျော်ရွှင်စွာပြီး
"ယွမ်ကျန်း၊ နောက်ဆုံးတော့ နင်ရောက်လာပြီဘဲ"
ဟု ပြောလိုက်၏။
ဒါပေမယ့် လုယွမ်ကျန်းကတော့ မပျော်နိုင်ပေ။ သူက ရေတစ်ခွက်ကို အရင်သောက်လိုက်ပြီး ထိုင်လိုက်သည်။ တစ်ခဏကြာမှ
"ချူးဝမ်၊ ငါ့မှာ ငွေကုန်သွားပြီ။ ဒါ့ကြောင့် ငါနင့်ကို ဆက်မထောက်ပံ့နိုင်တော့ဘူး။ နင်လုပ်စရာ အလုပ်တစ်ခုခု ရှာကြည့်လေ"
ဟု လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
"ဘယ်လို"
ရဲ့ချူးဝမ်က
"ယွမ်ကျန်းရယ်၊ ငါ့မှာ အိမ်ထောင်စုစာရင်းနဲ့ အခြားအထောက်အထားတွေ ပါမလာဘူး။ ဒါ့ကြောင့် ဒီမြို့မှာ အလုပ်လုပ်လို့ရမှာ မဟုတ်လောက်ဘူး"
ဟု အားငယ်သော လေသံလေးဖြင့် ပြန်ပြောလိုက်သည်။
တကယ်တော့ အိမ်ထောင်စုစာရင်းတွေ ဘာတွေပါလာရင်တောင်မှ မြို့ထဲမှာ အလုပ်တစ်ခုရဖို့က ခက်ခဲပေသည်။
ဒီခေတ်ဒီကာလကြီးမှာ အလုပ်လိုချင်သူတွေက များပြီး လုပ်ငန်းခွင်က နည်းပါးသည့်အတွက် အလုပ်သမားအရေအတွက်ကလည်း အကန့်အသတ်ရှိပေသည်။
ဒီနှစ်တွေထဲမှာ နိုင်ငံတော်က ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ကာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားအောင် ဆောင်ရွက်ခဲ့ပေမယ့် ရသည့်လစာက မသေချာမရေမရာ နည်းပါးလှသည်။ ဒါ့ကြောင့် ထိုသို့ အလုပ်သစ်တွေမှာ ဝင်ရောက်လုပ်ကိုင်သည့်သူတွေကလည်း နည်းပါးလှကာ အများစုက မလုပ်ကိုင်ရဲကြချေ။
လုယွမ်ကျန်းလည်း အချိန်အတော်ကြာအောင် တိတ်သွားပြီး စဉ်းစားဟန်ပြုလိုက်သည်။ ပြီးမှ တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့်
"ချူးဝမ်၊ ယွမ်ရိလိုမျိုး လမ်းဘေးမှာ ကုန်စုံဆိုင်လေးတစ်ခု ဖွင့်ရင်ရော"
ဟု အကြံပေးလိုက်သည်။
ထိုအကြံကြောင့် ရဲ့ချူးဝမ်၏မျက်နှာကြီးရှုံ့မဲ့သွားကာ
"အဲ့တာတော့ မလုပ်ချင်ဘူးဟာ။ အရမ်းရှက်စရာကောင်းတယ်"
ဟု ညီးညူလိုက်၏။
လမ်းဘေးမှာ ဈေးရောင်းတာက အရမ်းရှက်စရာကောင်းတယ်ဆိုသည်အား လုယွမ်ကျန်းလည်း သိပေသည်။
(ဝတ္ထုကို ဝတ္ထုဟု မြင်ပေးကြပါ။ ဤဝတ္ထုသည် ၁၉၇၀ အခြေခံဝတ္ထုဖြစ်၍ ထိုခေတ်ထိုကာလမှ အတွေးအခေါ်များဖြင့်သာ ဇာတ်ဖွဲ့ထားခြင်း ဖြစ်ပါသည်။ တကယ်တော့ ကောင်းသောအလုပ်မှန်သမျှ ဂုဏ်ရှိစွပင်တည်း။)
ဘာပဲဖြစ်ဖြစ် အရှက်တရားထက် ဗိုက်ပြည့်ဖို့က အဓိကပင်။
ဒါ့ကြောင့် သူက ရဲ့ချူးဝမ်အား စိုက်ကြည့်လျက်
"ငါ့မိဘတွေက နင်နဲ့ငါ အတူတူနေတာကို သိသွားကြပြီး ငါ့ကိုကျောင်းစရိတ်တောင် မပို့တာ နှစ်လကျော်သွားပြီ။ ငါစုဆောင်းထားတဲ့ငွေတွေလည်း ကုန်သလောက်ဖြစ်နေပြီဟ"
ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။
ထိုအခါ ရဲ့ချူးဝမ်က ခေါင်းလေးငုံ့သွားပြီး
"အဲ့တာ ယွမ်ရိလက်ချက်ဘဲ ဖြစ်ရမယ်။ သူမက နင့်မိဘတွေကို လှမ်းတိုင်လိုက်တာနေမှာ"
ဟု ယိုးစွပ်လိုက်သည်။
လုယွမ်ကျန်းက အခုချိန်မှာ ရဲ့ချူးဝမ်၏စွပ်စွဲချက်တွေအပေါ် အာရုံမထားတော့ချေ။ 'ပုပ်ရင်ပေါ်၊ဟုတ်ရင်ကျော်' ဆိုသည့်အတိုင်း သူတို့နှစ်ယောက်၏ အကြောင်းဟာလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူ့မိဘတွေနားထဲ ပေါက်ကြားမှာကို သူမျှော်လင့်ထားပြီးသားပင်။
အဓိက,က အခုကြုံတွေ့နေရသည့် ပြဿနာအား မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းကြမည်လဲ ဆိုတာကိုပင်။
သူ့အတွက်က အနည်းငယ်ကျန်နေသေးသည့် စုငွေလေးဖြင့် ကျောင်းမှာ ဖြစ်သလိုနေနိုင်ပေမယ့် ရဲ့ချူးဝမ်အတွက်သာ သူက တွေးပူနေရခြင်းပင်။
ဒါ့ကြောင့် သူက ရဲ့ချူးဝမ်အား
"ချူးဝမ်ရယ်။ ယွမ်ရိတောင်မှ အရှက်တွေဘေးပို့ပြီး လမ်းဘေးမှာ ဈေးရောင်းရဲသေးတာဘဲ။ မင်းလည်း လုပ်နိုင်မှာပါ"
ဟု အားပေးလိုက်၏။
ရဲ့ချူးဝမ်ခဗျာ အားမဖြစ်သည့်အပြင် ပိုလို့ပင် အားလျော့သွားသည့်နှယ် လေသံတိုးတိုးလေးဖြင့်
"ယွမ်ရိက ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘူးလေ။ဒီတော့ သူက လမ်းဘေးမှာ ဈေးရောင်းရဲတာပေါ။ဒါပေမယ့် ငါ ငါကတော့ အဲ့လို မလုပ်နိုင်ဘူးဟာ။တွေးကြည့်ရုံနဲ့တင် ရှက်လွန်းလို့ သေသွားနိုင်တယ်"
ဟု ပြန်ပြောလိုက်သည်။
လုယွမ်ကျန်းလည်း ရဲ့ချူးဝမ်အား ဘာဆက်ပြောရမလဲမသိတော့ချေ။ ဒါ့ကြောင့် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲ့ချူးဝမ်ဆီကနေ ပြန်ဖို့ပြင်ကာ မတ်တတ်ထရပ်လိုက်သည်။
ထိုအခြင်းအရာကြောင့် ရဲ့ချူးဝမ်လည်း လုယွမ်ကျန်း၏လက်ကို အမြန်ဆွဲလျက်
"လမ်းဘေးမှာ ဈေးရောင်းတာမဟုတ်ဘဲ အခြားအလုပ်ရှာပေးပါလား။ လမ်းဘေးမှာ ဈေးရောင်းတာကြီးက အရမ်းရှက်ဖို့ကောင်းလို့ပါ"
ဟု သနားစဖွယ်ဟန်ပန်လေးဖြင့် အမြန်ပြောလိုက်သည်။
ရဲ့ချူးဝမ်၏သနားစဖွယ် ဟန်ပန်လေးကြောင့် လုယွမ်ကျန်းလည်း အသည်းမမာနိုင်တော့ချေ။
"ကောင်းပြီ။ ငါမြို့ထဲမှာ အလုပ်ရှာကြည့်လိုက်မယ်။တွေ့ရင် ပြောမယ်"
ဟု ပြောလိုက်တော့သည်။
ရဲ့ချူးဝမ်လည်း ထိုအခါမှ စိတ်သက်သာရာ ရသွားတော့သည်။ သူမက လုယွမ်ကျန်း၏လက်ကိုမလွှတ်သေးဘဲ
"ဒီနေ့ ဒီမှာ မနေဘူးလား"
ဟု မေးလိုက်သည်။
လုယွမ်ကျန်းက ခဏမျှတိတ်သွားပြီးမှ
"ချူးဝမ်၊ ငါ့မှာ ကျောင်းကအိမ်စာ မပြီးသေးတာတွေ လုပ်ရဦးမယ်။ ဒါ့အပြင် နင့်အတွက်လည်း အလုပ်ရှာပေးရဦးမှာဆိုတော့ ငါမအားသေးဘူး။ ဒါ့ကြောင့် အဆောင်ကိုပြန်မှဖြစ်မှာ"
ဟု ပြောလိုက်သည်။
ပြီးတာနဲ့ ရဲ့ချူးဝမ်၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ လက်ကိုဆွဲဖယ်လျက် ထိုနေရာကနေ ထွက်လာခဲ့တော့သည်။
လုယွမ်ကျန်း ထွက်သွားသည်အထိ ရဲ့ချူးဝမ်ခဗျာ ကြောအနေခဲ့သည်။ ထို့နောက် အားမရှိတော့သည့်နှယ် ပစ်လဲကျသွားကာ တရှုံ့ရှုံ့ဖြင့် ငိုကြွေးတော့သည်။
အချိန်ရထားကြီးက မနားတမ်း ရှေ့ဆက်နေကာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ နွေရာသီကျောင်းပိတ်ရာသီသို့ပင် တဖြည်းဖြည်း နီးကပ်လာ၏။
နွေရာသီကျောင်းပိတ်ရက်တွင် ယွမ်ရိက အိမ်ပြန်ဖို့စိတ်ကူးမရှိဘဲ အဆောင်မှာဘဲ ဆက်နေရန် ဆုံးဖြတ်ထားသည်။ နွေရာသီကျောင်းပိတ်ရက်အတွင်း နေ့တိုင်းဈေးဆိုင်ဖွင့်ကာ ငွေရှာဖို့ သူမက စီစဉ်ထား၏။
ကျောင်းပိတ်ရက်တွေ မရောက်ခင် ရက်အနည်းငယ်အလိုမှာဘဲ ယွမ်ကျဲဟာ ယွမ်ရိထံရောက်လာခဲ့သည်။ ယွမ်ကျဲသည်လည်း ယွမ်ရိကဲ့သို့ပင် နွေရာသီကျောင်းပိတ်ရက်မှာ အိမ်မပြန်ဘဲ သူမ၏အမအား ကူညီပေးဖို့ ဆုံးဖြတ်ထား၏။
ဒီလိုဖြင့် နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိလာတော့သည်။
ယွမ်ရိ၏အခန်းဖော်တွေ အပါအဝင် အခြားသော ကျောင်းသားကျောင်းသူတွေဟာ အထုပ်အပိုးကိုယ်စီဆွဲလျက် ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း အိပ်ရာကနေ စောစောထခဲ့ကြသည်။ ယွမ်ရိဟာ ယွမ်ကျဲကိုခေါ်လျက် ဈေးဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်ကြတော့သည်။
သူမက ယွမ်ကျဲနဲ့အတူတူ ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်ကို ထွက်လာခဲ့ကြသည်။
ရှဲ့တုန်းယန်က ယွမ်ရိနဲ့အတူတူပါလာသည့် ယွမ်ကျဲကိုမြင်တော့ အံ့အားသင့်သွားဟန်ဖြင့်
"အလို၊ နင်တို့တက္ကသိုလ်ရဲ့ နွေရာသီကျောင်းပိတ်ရက်က ဒီနေ့မှ စတာမလား။ ဒါတောင်မှ နင်က ဆိုင်ကိုကူဖို့ အကူတစ်ယောက် ငှားခဲ့ပြီပေါ့လေ"
ဟု အံ့ဩတကြီးဆိုလိုက်သည်။
"ဘယ်က အကူဟုတ်ရမှာလဲ။ ဒါ ငါ့ညီမဟဲ့"
ယွမ်ရိက လက်ခါလျက် ပြန်ပြောလိုက်သည်။
ထို့နောက် သူတို့သုံးယောက်ဟာ ကုန်ပစ္စည်းတွေကို သယ်ဆောင်လျက် အခါတိုင်း ဆိုင်ဖွင့်နေကျနေရာကို ထွက်လာကြတော့သည်။
ယွမ်ကျဲဟာ ယွမ်ရိ၏ဆိုင်မှာဘဲ ကူညီကာ ဝိုင်းဝန်းရောင်းချပေးခဲ့သည်။ ရှဲ့တုန်းယန်ဟာ ဈေးဝယ်ပါးသွားချိန်တိုင်း ယွမ်ရိတို့ဆိုင်ဘက်ကို ကူးလာကာ စကားလာပြောလေ့ရှိသည်။ အဓိက စကားပြောတာကတော့ ယွမ်ကျဲဖြင့်ပင်။
ပုံမှန်အားဖြင့် ယွမ်ရိဟာ စက်ချုပ်နေရကာ မအားမလပ်ဖြစ်နေရသဖြင့် ရှဲ့တုန်းယန်ခဗျာ စကားပြောဖော်မရှိဘဲ ပျင်းနေရသည်။ ဒီနေ့မှာတော့ ယွမ်ကျဲပါသဖြင့် ရှဲ့တုန်းယန်တစ်ယောက် စကားပြောဖော်ရနေကာ ပျော်နေတော့သည်။
ရှဲ့တုန်းယန်နဲ့ယွမ်ကျဲတို့ စကားကောင်းနေတုန်းမှာဘဲ ဆိုင်ရှေ့ကနေ အသံတစ်သံထွက်လာခဲ့သည်။
ဒါ့ကြောင့် သူတို့လှည့်ကြည့်လိုက်သည့်အခါ အပြာရောင်ဝတ်စုံလေး ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်အား မြင်လိုက်ရတော့သည်။
ထိုမိန်းကလေးကိုမြင်တော့ ရှဲ့တုန်းယန်၏မျက်နှာပေါ်မှ အပျော်တွေ ပျောက်သွားကာ တည်ကြည်သွားသည်။
ထိုမိန်းမလှလေးဟာ ရှဲ့တုန်းယန်အား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ပြီးနောက် သက်ပြင်းချလျက် ခေါင်းယမ်းကာ ဆိုင်ရှေ့မှ ထွက်သွားတော့သည်။
ဒါ့ကြောင့် ရှဲ့တုန်းယန်လည်း ထိုင်နေရာမှ ထလိုက်ပြီး စက်ချုပ်နေသည့်ယွမ်ရိအား
"ရှောင်ရိ၊ ငါ အပြင်ခဏသွားလိုက်ဦးမယ်။ ငါ့ဘဆိုင်လေး ကြည့်ပေးထားဦး"
ဟု ပြောကာ ဆိုင်အပြင်ကို မပြေးရုံတမယ် ခပ်သွက်သွက် ခြေလှမ်းများဖြင့် ထွက်သွားတော့သည်။
ထွက်သွားသော ရှဲ့တုန်းယန်ကိုကြည့်ရင် ယွမ်ကျဲက
"ခုနက မိန်းကလေးနဲ့ သိပုံရတယ်"
ဟု ယွမ်ရိကို ပြောလိုက်သည်။
ယွမ်ရိက
"သူ့ရည်စား ဖြစ်နိုင်တယ်"
ဟု စက်ချုပ်နေရင်း ပြန်ပြောလိုက်သည်။
ယွမ်ကျဲလည်း သူ့အမဘက်ကို ခေါင်းလှည့်လိုက်ပြီး
"အမ သေချာမသိဘူးလား"
ဟု မေးလိုက်သည်။
"ငါလည်း ရှဲ့တုန်းယန်နဲ့ခင်ပေမယ့် အတွင်းရေးတော့ မသိဘူးလေဟယ်"
ဟု ယွမ်ရိကပြန်ဖြေပေးလိုက်၏။
ယွမ်ကျဲက
"ဘာပဲဖြစ်ဖြစ် ခုနက မိန်းကလေးက တော်တော်လေး လှတယ်"
ဟု ချီးမွမ်းလိုက်သည်။
ယွမ်ရိက ပြုံးရုံသာ ပြုံးပြီး ဘာမှပြန်မပြောတော့ဘဲ သူမ၏အာရုံအား စက်ချုပ်ရာမှာဘဲ ပြန်ထားလိုက်တော့သည်။
ရှဲ့တုန်းယန်ဟာ အပြင်မှာ နာရီဝက်လောက် ကြာပြီးမှ ပြန်ရောက်လာခဲ့သည်။
ယွမ်ကျဲက ရှဲ့တုန်းယန်အား စပ်စုလိုဟန်ဖြင့်
"အစောနက အသိလား"
ဟု မေးလိုက်သည်။
"ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်းပါ"
ရှဲ့တုန်းယန်က ပုံမှန်ဘဲ ပြန်ဖြေလိုက်သည်။
"သေချာလို့လား။ ရည်းစားတွေ ထင်နေတာ"
ယွမ်ကျဲက လက်မလျော့သေးဘဲ သတင်းထပ်နိုက်လိုက်၏။
ထိုအခါ ရှဲ့တုန်းယန်က ကူကယ်ရာမဲ့ဟန်ဖြင့်
"မယ်မင်းကြီးမရယ်။ နင် အရမ်းစပ်စုတာဘဲ။ သူနဲ့ငါက တကယ့်ကို ငယ်သူငယ်ချင်းတွေပါဆိုနေ။ ရည်းစားတွေ လုံးဝ မဟုတ်ရပါဘူး"
ဟု ပြန်ပြောလိုက်သည်။
"ဒါပေမယ့် အခုနက အဲ့မိန်းကလေးပုံစံ ကြည့်ရတာ နားလည်မှုလွဲသွားတဲ့ ပုံစံလေးနော်"
ယွမ်ကျဲက နားမလည်ဟန်ဖြင့် ပြောလိုက်သည်။
ထိုအခါ ရှဲ့တုန်းယန်က သက်ပြင်းချလိုက်ပြီး
"တကယ်တော့ သူမက ငါဈေးဆိုင်ဖွင့်တဲ့အပေါ်မှာ စိတ်ခုသွားတာ"
ဟု အမှန်အတိုင်း ပြောလိုက်တော့သည်။
ယွမ်ကျဲက
"ရှင်းရှင်းပြောရရင် သူမက ရှက်သွားတယ်ပေါ့ ဟုတ်လား"
ဟု စကားထောက်လိုက်သည်။
ထိုစကားကြောင့် ရှဲ့တုန်းယန်က ရယ်လိုက်ပြီး
"တကယ်တော့ သူမဘာသာသူမ ရှက်ရှက်၊ မရှက်ရှက် ငါ ဂရုမစိုက်ဘူး။ အဓိက,က ငါ့ဘာသာငါ ရိုးရိုးသားသားနဲ့ဈေးရောင်းပြီး ငွေများများ ရှာနိုင်ဖို့ဘဲ။ငွေများများရှာနိုင်ပြီဆိုမှ ငါ့အပေါ်အထင်သေးတဲ့လူတွေအကုန်လုံးကို အထက်စီးက ဆက်ဆံပစ်ဦးမယ်"
ဟု ကြုံးဝါးလိုက်သည်။
ထိုအခါ ယွမ်ကျဲက
"တကယ်တော့ ရှင့်စိတ်ထဲမှာ ခုနက မိန်းကလေးအပေါ် ခံစားချက်တွေ ရှိနေတာမလား။ ဒီခံစားချက်လေးကို ဖုံးကွယ်ဖို့အတွက်နဲ့ အခုလို လေကြီးလေကျယ် ကြုံးဝါးစရာမလိုပါဘူး"
ဟု စနောက်လိုက်သည်။
ရှဲ့တုန်းယန် : "............"
ရှဲ့တုန်းယန်ခဗျာ ယွမ်ကျဲ၏စကားလုံးများကြောင့် ခွေးအကြီး လှည်းနင်းခံရသလို ဖြစ်သွားတော့သည်။
ယွမ်ရိသည်လည်း ရှဲ့တုန်းယန်၏အမူအရာကြောင့် ရယ်မောမိလိုက်သည်။
ယွမ်ရိ ရယ်မောသံကြောင့် ယွမ်ကျဲက နားမလည်သလိုဟန်ဆောင်ကာ
"အမ၊ ညီမလေးပြောတာ မှန်တယ်မလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ရယ်မောရင်းဖြင့် ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ငါ့ညီမ မှန်တယ်"
ဟု ပြန်ပြောလိုက်၏။
ညီအမနှစ်ယောက်၏စနောက်မှုကြောင့် ရှဲ့တုန်းယန်က
"နင်တို့နဲ့ အချိန်ခဏလောက် စကားမပြောတော့ဘူး"
ဟု ပြောလိုက်တော့သည်။