Chapter 84

2.1K 215 2
                                    

အပိုင်း - ၈၄

ယွမ်ကျဲက ဈေးကူရောင်းပေးနေသဖြင့် ယွမ်ရိဟာ စက်ချုပ်ရာမှာဘဲ အာရုံအပြည့်စိုက်ထားနိုင်ခဲ့သည်။

ယွမ်ကျဲက ယွမ်ရိကိုဈေးကူရောင်းပေးပြီး အခကြေးငွေ လုံးဝမယူခဲ့ချေ။ သူမအပေါ်မှာ သူမအမ၏ကျေးဇူးတွေ အများကြီးရှိနေတာကို ယွမ်ကျဲကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းသိ၏။

သူမ‌အမကြောင့်သာ မဟုတ်ပါက သူမ၏ဘဝဟာ တောင်ပေါ်မှာဘဲ အရိုးထုတ်သွားရမှာဖြစ်ပြီး အခုလိုမျိုး ကောင်းမွန်တဲ့ဘဝမှာ နေခွင့်ရှိမှာ မဟုတ်တော့ချေ။ ဒါ့အပြင် ကျောင်းတက်နေစဉ် သူမလိုအပ်သည့် ငွေကြေးထောက်ပံ့မှုတွေကို သူမ၏အမကဘဲ ပံ့ပိုးထားခြင်းဖြစ်သည်။

ဒါ့ကြောင့် ယွမ်ကျဲဟာ သူမအမအား သူမစွမ်းနိုင်သည့်ဘက်မှ ကူညီနေခြင်းဖြစ်သည်။

ယွမ်ကျဲဟာ ယွမ်ရိအား ဈေးဝိုင်းကူရောင်းရင်းဖြင့် အားလပ်ချိန်‌များတွင် ရှဲ့တုန်းယန်နဲ့ စကားပြောလေ့ရှိသည်။ တစ်ခါတရံ သူမက ဝတ္ထုစာအုပ်လေး ဖတ်တာမျိုးလည်း ရှိ၏။

အရင်တစ်ခါက ရှဲ့တုန်းယန်ကို လာရှာသည့်မိန်းကလေးကတော့ ထိုတစ်ကြိမ်ပြီးကတည်းက ထပ်ပေါ်မလာတော့ချေ။ ထိုနေ့တုန်းက ယွမ်ကျဲနဲ့ယွမ်ရိက ရှဲ့တုန်းယန်ကို စနောက်ခဲ့ကြပေမယ့် ထိုမိန်းကလေးနဲ့ရှဲ့တုန်းယန်ကြားမှာ ဆက်ဆံရေးတစ်ခု ရှိနေတာကိုတော့ သတိပြုမိခဲ့ကြပါသည်။

နွေရာသီကျောင်းပိတ်ရက် တစ်ဝက်ကျိုးသည့်အချိန်မှာ ရှဲ့တုန်းယန်က ယွမ်ရိအား ရက်အနည်းငယ်ကြာမည့် ခရီးတစ်ခုသွားစရာရှိသည့်ဟုဆိုကာ စက်ဘီးပြင်ဆိုင်၏သော့ကို အပ်ထားခဲ့သည်။

ယွမ်ရိက
'အင်း၊ ရှဲ့တုန်းယန်တစ်ယောက်တော့ လုပ်ငန်းပြောင်းတော့မယ်ထင်တယ်'
ဟု တွေးလိုက်မိ၏။

ရှဲ့တုန်းယန်အနေနဲ့ လမ်းဘေးမှာ ဈေးရောင်းတာ ကို ရပ်ကာ ယခင်စက်ဘီးပြင်သည့်အလုပ်ကိုဘဲ ဖြစ်ဖြစ် အခြားအလုပ်တစ်မျိုးမျိုးကိုဘဲဖြစ်ဖြစ် ပြောင်းတော့မည်ဟု ခန့်မှန်းလိုက်သည်။

ဒါပေမယ့် သူမခန့်မှန်းချက်တွေ မှားယွင်းသွားခဲ့ရသည်။

ရှဲ့တုန်းယန်ဟာ သုံးလေးရက်ခန့်ကြာပြီးသည့်နောက်မှာ ပြန်ရောက်လာခဲ့သည်။ သူပြန်ရောက်လာတာနဲ့ ယွမ်ရိတို့နဲ့အတူတူလမ်းဘေးမှာ ဈေးလိုက်ရောင်းခဲ့၏။

ဒါ့ကြောင့် ယွမ်ရိက စိတ်ဝင်တစားဖြင့်
"ငါက နင့်ကို အလုပ်ပြောင်းတော့‌မယ်လို့ ထင်နေတာ"
ဟု ပြောလိုက်သည်။

ယွမ်ကျဲကလည်း ခေါင်းညိတ်ကာ
"ဟုတ်သားဘဲ။ နင့်ကောင်မလေးက ဒီလိုလုပ်တာကို မကြိုက်ဘူး မဟုတ်လား"
ဟု ဝင်ထောက်လိုက်၏။

ရှဲ့တုန်းယန်လည်း ခဏမျှတိတ်ဆိတ်သွားပြီးမှ ပြုံးလိုက်ပြီး
"သူတို့ မကြိုက်လည်း ဘာအရေးလဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဘဲဟာကို"
ဟု ပြန်ပြောလိုက်တော့သည်။

ယွမ်ကျဲက ရှဲ့တုန်းယန်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီးမှ
"နင်တို့နှစ်ယောက် အဆင်မပြေဖြစ်လာကြတာလား"
ဟု မေးလိုက်သည်။

"ဟားးဟားး ပြဿနာ အသေးစားလေးပါဟာ"
ရှဲ့တုန်းယန်က ရယ်မောလိုက်ပြီးမှ
"သူလည်း ငါ့ထက်သာတဲ့သူနဲ့ တွေ့ရမှာပါ"
ဟု အဖျားရှူးသွားရတော့သည်။

တကယ်တော့ သူလမ်းဘေးမှာ ဈေးရောင်းနေသည့်ကိစ္စအား သူ့ကောင်မလေးအပါအဝင် သူမ၏မိဘတွေရော၊ သူ့မိဘတွေပါ အကုန်သိနေကြပြီဖြစ်သည်။

သူတို့က သူ့အား လမ်းဘေးမှာ ဈေးရောင်းတာကို ရပ်တန့်ခိုင်းကာ အခြား အလုပ်အား ပြောင်းခိုင်းကြသည်။

ရှဲ့တုန်းယန်ကိုယ်တိုင်လည်း အစပိုင်းမှာ အလုပ်ပြောင်းဖို့‌အတွေးတွေ ဝင်လာ၏။ သူက အလုပ်အကိုင် ပြောင်းပြီးရင်း သူ့ကောင်မလေးနဲ့လက်ထပ်ကာ သားသားမီးမီးလေးတွေ မွေးလို့ ဘဝကို ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားခဲ့သည်။

ဒါပေမယ့် သေချာပြန်လည်သုံးသပ်ပြီးသည့်နောက် လမ်းဘေးမှာ ဈေးရောင်းသည့်အလုပ်က ဝင်ငွေအရမ်းကောင်းတာကို သူပြန်တွေးမိလိုက်သည်။

ဒါ့ကြောင့် အလုပ်အကိုင် မပြောင်းတော့ဘဲ ခေါင်းမာစွာဖြင့်ပင် လမ်းဘေးမှာ ဈေးဆက်ရောင်းနေခဲ့သည်။

ထိုအခြင်းအရာကြောင့်ပင် သူနဲ့သူ့ကောင်မလေးတို့ အကြီးအကျယ် စကားများခဲ့ကြကာ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲခဲ့ကြတော့သည်။

ရှဲ့တုန်းယန်၏ကောင်မလေးဘက်မှ ကြည့်ပါကလည်း လမ်းဘေးမှာ ဈေးရောင်းနေသည့်သူ့ကို အရှက်ကွဲခံပြီး လက်မထပ်ချင်တော့ပုံပင်။

ရှဲ့တုန်းယန်ဘက်မှ ကြည့်ပါကလည်း သူက ခိုးဆိုးလုနှိုက် လုပ်နေတာမဟုတ်သည့်အတွက် ဘာမှရှက်စရာအကြောင်းမရှိ၊ ဘာမဟုတ်တာလေးကို အရှက်ရစရာလို မြင်နေသည့် မိန်းကလေးမျိုးနဲ့လက်မထပ်နိုင်ဖြစ်သွားရသည်။

ဒါ့ကြောင့် နှစ်ယောက်သား စိတ်သဘောထားတွေမတိုင်ဆိုင်တော့ကာ ချစ်သူရည်းစားအဖြစ်မှ ရပ်စဲလိုက်ကြခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်တွေကို ရှဲ့တုန်းယန်က ယွမ်ရိနဲ့ယွမ်ကျဲအား အစအဆုံးပြောပြလိုက်သည်။

အလုံးစုံသိသွားသည်နှင့် ယွမ်ရိနဲ့ယွမ်ကျဲဟာ ရှဲ့တုန်းယန်အား စာနာစိတ်ဖြင့်ကြည့်ကာ
"တုန်းယန်ရေ၊ နင်က အရမ်း သနားစရာကောင်းတာဘဲ"
ဟု ပြောလိုက်ကြတော့သည်။

ရှဲ့တုန်းယန် : "......."

ထိုအချိန်မှာဘဲ သူ့ဆိုင်ကို ဈေးဝယ်ရောက်လာသဖြင့် ရှဲ့တုန်းယန်လည်း ယွမ်ရိနဲ့ယွမ်ကျဲတို့ဆိုင်ကနေ ပြန်ထွက်လာခဲ့သည်။

သူတို့သုံးယောက်ဟာ နေ့တိုင်း ဆိုင်ကိုဖွင့်ခဲ့ကြသည်။

မိုးတွေ သဲကြီးမဲကြီးရွာခဲ့တဲ့နေ့မျိုးမှာတောင်မှ အကာအရံလုံလုံခြုံခြုံဖြင့် ဆိုင်ဖွင့်ခဲ့ကြ၏။ နေပူသည့်နေ့တွေမှာလည်း အေးမြအောင် အမိုးအကာအပြည့်အစုံဖြင့် ဆိုင်ဖွင့်ခဲ့ကြသည်။

ယွမ်ရိ၏စက်ချုပ်သည့်လက်ရာဟာလည်း ကောင်းမွန်သဖြင့် တဖြည်းဖြည်းနာမည်ရလာခဲ့သည်။ ဒါ့ကြောင့် သူမထံ အထည်လာအပ်သူတွေဟာလည်း ဝင်လာမစဲ တသဲသဲဖြစ်နေတော့၏။

တချို့သူတွေဆိုလျှင် သူမထံ အထည်လာအပ်တာ နှစ်ကြိမ်သုံးကြိမ် ရှိနေပြီဖြစ်ကာ ဖောက်သည်များပင်ဖြစ်‌နေကြပြီး ယွမ်ရိနဲ့ခင်မင်ရင်းနှီးနေကြပြီ ဖြစ်သည်။

ယွမ်ရိကလည်း သူမ၏ဖောက်သည်တွေကို အထူးဂရုစိုက်၏။

ဥပမာအားဖြင့် သူမတို့ ဈေးဆိုင်နဲ့မနီးမဝေးမှာ နေသည့် အဒေါ်ကျောင်းကဲ့သို့သူများကိုပင်။

အဒေါ်ကျောင်းဟာ အသက်အရွယ်အရ ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲသည့်ဝေဒနာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်ပေ။ ဒါ့ကြောင့် ယွမ်ရိက အဒေါ်ကျောင်းမှာထားသည့် ဝတ်စုံချုပ်ပြီးသည့်အခါ အဒေါ်ကျောင်းထံ ကိုယ်တိုင်သွားပို့လေ့ရှိသည်။

အဒေါ်ကျောင်းမှာ သားသမီးတွေ ရှိပေမယ့် အကုန်လုံးက တရုတ်ပြည်မှာ မနေကြဘဲ နိုင်ငံခြားထွက်နေကြတာဖြစ်သည်။ သူ့သားသမီးတွေက အဒေါ်ကျောင်းအား သူတို့နဲ့အတူတူ နိုင်ငံခြားကို လိုက်ခဲ့ဖို့ခေါ်သော်ငြား အဒေါ်ကျောင်းက ခေါင်းမာစွာဖြင့် တရုတ်ပြည်မှာဘဲ နေခဲ့ရန် ဆုံးဖြတ်ထားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူမက ဆောင်းတွင်းဝတ်စုံတစ်ခုကို လိုချင်လာသဖြင့် ယွမ်ရိထံအထည်အပ်လိုက်သည်။ အထူးသဖြင့် သူမကဲ့သို့ အသက်အရွယ်ရနေသူများဟာ အသစ်အဆန်းများတွေ့မြင်ရတာကို သဘောကျနှစ်သက်ကြပေသည်။

ယွမ်ရိက အဒေါ်ကျောင်းအပ်ထားသည့် ဝတ်စုံကို ချုပ်ပြီးသွားသည့်နောက် မီးပူတိုက်ကာ သေချာခေါက်ထား၏။

နေ့ခင်းနေ့လယ် ရောက်မှ ဝတ်စုံကိုယူကာ အဒေါ်ကျောင်း၏အိမ်ဘက်ကို ထွက်လာခဲ့လိုက်သည်။

ယွမ်ရိဟာ အဒေါ်ကျောင်း၏အိမ်ကို လွန်ခဲ့သည့်တစ်ပတ်နှစ်ပတ်ကျော်တုန်းက ရောက်ခဲ့ဖူးပါသည်။ ထိုအချိန်တုန်က အဒေါ်ကျောင်းကိုယ်တိုင် သူမထံ ဝတ်စုံလာယူခဲ့သည်။

သူမက အဒေါ်ကျောင်းက ခြေထောက်သိပ်မကောင်းတာကို သတိထားမိသွားပြီး အဒေါ်ကျောင်း၏ အိမ်ထံ ပြန်လိုက်ပို့ပေးခဲ့သည်။ ထိုအချိန်မှစ၍ သူမနဲ့အဒေါ်ကျောင်းတို့ ပိုပြီး ရင်းနှီးလာခဲ့ကြခြင်း ဖြစ်သည်။

အဒေါ်ကျောင်း၏အိမ်ကိုရောက်တော့ ယွမ်ရိက တံခါးခေါက်လိုက်သည်။ အချိန်ခဏကြာသည်အထိ ဘယ်သူမှ တံခါးလာဖွင့်မပေး၍
"အဒေါ်ကျောင်း ရှိလား"
ဟု ယွမ်ရိက အော်မေးလိုက်သည်။

ထိုအခါမှ အိမ်ထဲကနေ
"အေး ရှိတယ်။ ဝင်ခဲ့လေ"
ဟူသော အဒေါ်ကျောင်း၏အသံ ထွက်ပေါ်လာတော့၏။

ဒါ့ကြောင့် ယွမ်ရိလည်း အိမ်ထဲကိုဝင်ကာ အဒေါ်ကျောင်း၏အသံကြားရာသို့ သွားလိုက်၏။ ထိုကို ရောက်သွားတော့ နေ့လယ်စာ စား‌နေသည့် အဒေါ်ကျောင်းကို သူမတွေ့လိုက်ရသည်။

အဒေါ်ကျောင်းက ယွမ်ရိကိုမြင်တော့ ပြုံးလိုက်ပြီး တစ်ဖက်မှာ ဝင်ထိုင်ခိုင်းကာ
"စားခဲ့ပြီလား"
ဟု မေးလိုက်သည်။

ယွမ်ရိလည်း အဒေါ်ကျောင်း ညွှန်ပြသည့်နေရာမှာ  ဝင်ထိုင်လိုက်ပြီးမှ
"စားခဲ့ပြီရှင့်"
ဟု ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာဘဲ အဒေါ်ကျောင်း၏အိမ်ထဲကို နောက်ထပ်မိန်းကလေးတစ်ယောက် ဝင်ရောက်လာ၏။

ထိုမိန်းကလေးဟာ အိမ်ထဲကိုရောက်တာနဲ့ အဒေါ်ကျောင်းထမင်းစားသည့်အခန်းကို တန်းဝင်လာခဲ့သည်။

ထမင်းစားခန်းထဲကို ရောက်တော့ ထိုမိန်းကလေးဟာ တစ်ဖက်မှာ ထိုင်နေသည့် ယွမ်ရိကိုမြင်လိုက်ကပြီး ခြေလှမ်းတွေတုံ့ခနဲ ရပ်တန့်သွားတော့သည်။

ယွမ်ရိသည်လည်း ထိုမိန်းကလေးကို မြင်တော့ အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးက ရဲ့ချူးဝမ်ဖြစ်နေ၍ပင်ဖြစ်၏။

အဒေါ်ကျောင်းက ရဲ့ချူးဝမ်ရပ်နေတာကို မြင်တော့
"လာလေ"
ဟု ခေါ်လိုက်၏။

ရဲ့ချူးဝမ်လည်း အသက်ကို ဝအောင်ရှူလိုက်ပြီး သူမယူလာသောအထုပ်များကို အဒေါ်ကျောင်း၏စားပွဲပေါ်တွင် ဆနေရာချလိုက်တော့သည်။

"အဒေါ်ကျောင်း ဒါက ဘယ်သူတုန်း"
ယွမ်ရိက ရဲ့ချူးဝမ်အား မသိဟန်လုပ်ကာ အဒေါ်ကျောင်းကို မေးမြန်းလိုက်၏။

အဒေါ်ကျောင်းက
"ဪ၊ သူက အိမ်မှာ ငါ့ကိုအဖော်ရအောင်ဆိုပြီး လာနေပေးတဲ့ အဝေးက ‌အမျိုးတစ်ယောက်ပါ"
ဟု ပြန်ဖြေလိုက်သည်။

ပြီးတာနဲ့ အဒေါ်ကျောင်းက ရဲ့ချူးဝမ်အား ကြည့်ကာ
"လာလေ၊ တစ်ခါတည်း နေ့လယ်စာ ဝင်စားလိုက်တော့"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ်က ခေါင်းယမ်းကာ
"ရပါတယ် အဒေါ်၊ သမီး အဒေါ်စားပြီးမှဘဲ စားပါမယ်ရှင်"
ဟု ပြောကာ ထိုနေရာကနေ အမြန်ထွက်သွားတော့သည်။

ယွမ်ရိကတော့ ခေါင်းယမ်းလျက် အသာလေးသာ ပြုံးလိုက်မိသည်။ အကယ်၍ ရဲ့ချူးဝမ်နေရာမှာ အခြားတစ်ယောက်ဆိုပါက အဒေါ်ကျောင်း၏ စကားများကို သူမ ယုံစားမိလောက်ပေသည်။

ခက်တာက သူမက ရဲ့ချူးဝမ်အား သိနေခြင်းပင်။ ဒါ့ကြောင့် ရဲ့ချူးဝမ်နဲ့အဒေါ်ကျောင်းတို့ လုံးဝအမျိုးမတော်သည်အား သိရှိပေသည်။
'ရဲ့ချူးဝမ် ကြည့်ရတာ အဒေါ်ကျောင်းရဲ့အိမ်မှာ အလုပ်လာလုပ်ပုံရတယ်'

တစ်ဖက်မှာတော့ ရဲ့ချူးဝမ်ဟာ ယွမ်ရိနဲ့အဒေါ်ကျောင်းတို့ ကွယ်ရာထိသွားပြီးမှာ သူမ၏ခေါင်းအား စိတ်ရှုပ်စွာဖြင့် ကုတ်ပစ်လိုက်သည်။
'သေစမ်း၊ ယွမ်ရိဆိုတဲ့ဟာမက ဘာလို့ ငါသွားတဲ့နေရာတိုင်းမှာ ရှိနေရတာလဲ'

သူမလည်း အိမ်ဖော်မဖြစ်ချင်ခဲ့ပေ။ ဒါပေမယ့် လုယွမ်ကျန်းအနေနဲ့တစ်လကျော် အချိန်ပေးပြီးရှာတာတောင်မှ အိမ်ဖော်အလုပ်ဘဲ တွေ့ခဲ့ကာ ကျန်သည့်အလုပ်တွေကို မတွေ့ခဲ့ချေ။

သူမအနေနဲ့ အိမ်ဖော်အလုပ်ကို မလုပ်လျှင်လည်း လမ်းဘေးမှာ ဈေးထွက်ရောင်းဖို့ဘဲရှိသည်။ ဒါ့ကြောင့်မို့ ရဲ့ချူးဝမ်ဟာ အိမ်ဖော်အလုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အိမ်ဖော်အလုပ်ဟာ အလုပ်ရှင်၏အိမ်ထဲမှာဘဲ အမြဲလုပ်ရမှာ ဖြစ်သဖြင့် သူမနဲ့သိသူများ သူမအား မမြင်တွေ့နိုင်ဟု ယူဆကာ ရဲ့ချူးဝမ် စိတ်အေးနေခဲ့သည်။

ဒါပေမယ့် ထိုစိတ်အေးမှုဟာ ဘယ်လောက်မှ မခံဘဲ ယွမ်ရိနဲ့ ကြုံတွေ့လိုက်ရသည်။ ဒါ့ကြောင့် ရဲ့ချူးဝမ်ခဗျာ ရူးမတတ်ပင် ခံစားနေရ၏။

ယွမ်ရိဟာ အဒေါ်ကျောင်းအား ဝတ်စုံပေးပြီးတာနဲ့ ပြန်ဖို့ပြင်ကာ အဒေါ်ကျောင်းအား နှုတ်ဆက်လိုက်သည်။

ပြီးတာနဲ့ အပြင်ကိုထွက်လာခဲ့၏။ အဒေါ်ကျောင်း၏ ခြံအပြင်ကို မရောက်ခင်မှာ ရဲ့ချူးဝမ်နဲ့တွေ့လိုက်တာမို့
"အဒေါ်ကျောင်းနဲ့အမျိုးလေး ငါပြန်ပြီ"
ဟု အပြုံးလေးဖြင့် ပြောလိုက်၏။

ရဲ့ချူးဝမ်လည်း ယွမ်ရိစကားကြောင့် ရှက်သွားပြီး ဒေါသတကြီးဖြင့်
"နင်ကရော ဘာထူးလို့လည်း လမ်းဘေးဈေးသည်မရဲ့"
ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ယွမ်ရိက အပြုံးလေးဖြင့်
"ထူးတာပေါ့။ ငါက တက္ကသိုလ်တက်နေတဲ့ တက္ကသိုလ်ကျောင်းသူလည်း ဖြစ်နေတယ်လေ"
ဟု ပြန်ပြောလိုက်သည်။


ရဲ့ချူးဝမ် : ".............."
ရဲ့ချူးဝမ် ဒေါသတွေ အလွန်ထွက်နေပေမယ့် သူမ၏အလုပ်ရှင်အိမ်မှာ မျက်နှာမပျက်ချင်၍ မျိုသိပ်လိုက်သည်။

ယွမ်ရိကတော့ ခေါင်းလေးတယမ်းယမ်းဖြင့် ပြုံးကာ သူမဆိုင်သို့ ပြန်သွားလိုက်တော့သည်။

သူမဟာ ရဲ့ချူးဝမ်အနေနဲ့ ဘာပဲလုပ်လုပ် စိတ်မဝင်စားတော့ချေ။ သူမစိတ်ထဲမှာ သူမဈေးဆိုင်လေးနဲ့ ငွေဘယ်လိုရှာမလဲဆိုသည့် အကြောင်းများကိုသာ အပြည့်တွေးထားတော့သည်။

ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးသွားကာ ယွမ်ကျဲသည်လည်း ကျောင်းတက်နေရသဖြင့် ဆိုင်မှာယွမ်ရိကို ဝိုင်းမကူနိုင်တော့ချေ။

နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအပြီး ပညာရေးစနစ်ကလည်း လုံးဝပြောင်းလဲသွားသည်။

ယခင်က ကျောင်းသားများအား ပေါ့လျော့ထားခဲ့ရာမှ ယခုနောက်ပိုင်းများတွင်တော့ ကြပ်ကြပ်မတ်မတ်ပြုလာကြသည်။ ဒါ့ကြောင့် ကျောင်းသားကျောင်းသူတွေဟာလည်း သင်ခန်းစာတွေအပေါ်မှာ တစိုက်မတ်မတ် ဂရုစိုက်လာကြ၏။

ကျောင်းသားကျောင်းသူအများစုဟာ သူတို့၏အားလပ်ချိန်များကို အလဟဿမဖြုန်းတီးကြတော့ဘဲ စာကြည့်တိုက်တွင် စာဖတ်ခြင်းများဖြင့်သာ ကုန်ဆုံးနေကြသည်။

ထိုကဲ့သို့သူများထဲတွင် ယွမ်ရိ၏အခန်းဖော်တွေလည်း ပါဝင်သည်။ ဒါ့ကြောင့် အဆောင်မှာ လူရှုပ်သည့်အချိန် နည်းပါးပေသည်။

ယွမ်ရိကတော့ အများနဲ့မတူ တမူထူးနေသူတစ်ယောက်ဖြစ်၏။ သူမက အားလပ်ချိန်အများစုကို သူမရဲ့အဆောင်ခန်းထဲမှာ စက်ချုပ်ရင်း ကုန်ဆုံးလေ့ရှိသည်။ အထည်အပ်သူတွေ များပြားလာတာကြောင့် အပ်ချုပ်စက်အား အဆောင်ခန်းထဲထိ ယူကာ ချုပ်နေရသည်။

သူမက သူမ၏အခန်းဖော်တွေ ပြန်လာသည့်အချိန်ထိအောင် စက်ချုပ်နေလေ့ရှိသည်။ သူမအခန်းဖော်တွေပြန်လာမှ စက်ချုပ်တာကို ရပ်တန့်ကာ ‌ခြေရေလက်ရေသပ်လျက် အိပ်ရာပေါ်တက်လိုက်သည်။

သူမက ထိုအချိန်မှ စာကိုနည်းနည်းပါးပါး ပြန်ဖတ်လိုက်သည်။ ပြီးမှသာလျှင် အိပ်ရာဝင်လေ့ရှ်ိသည်။

တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကုန်ဆုံးသွားသကဲ့သို့ ‌ရာသီဥတုသည်လည်း ပူအိုက်ရာမှသည် တဖြည်းဖြည်း အေးစက်လာကာ ဆောင်းဝင်လာတော့သည်။

ဆောင်းတွင်းအအေးဓာတ်ကြောင့် ယွမ်ရိဟာ ဈေးဆိုင်ဖွင့်သည့် အချိန်များတွင် အနွေးထည်ထူထူဝတ်၊ မာဖလာဖြင့် သေချာလုံအောင်ပတ်ကာ၊ လက်အိတ်အထူကြီးများကိုလည်း ဝတ်ဆင်ရတော့သည်။

နေ့လယ်စာ စားချိန်ရောက်တော့ သူမက ရှဲ့တုန်းယန်နဲ့အတူတ နေ့လယ်စာစားခဲ့ကြ၏။

ဒီနေ့ ရှဲ့တုန်းယန်၏အမူအရာတွေ ပျက်နေတာကို နေ့လယ်စာ စားချိန်မှာ ယွမ်ရိသတိထားမိလိုက်သည်။

ဒါ့ကြောင့် ယွမ်ရိက
"ဘာဖြစ်လို့ အမူအရာတွေ မကောင်းဖြစ်နေတာလဲ"
ဟု မေးလိုက်သည်။

ရှဲ့တုန်းယန်ဟာ ထမင်းကို အတင်း ပလုတ်ပလောင်းထိုးထည့်ရင်းဖြင့်
"သူမ လင်ရသွားပြီ"
ဟု ခံစားချက်များကို ဖုံးကွယ်ဟန်ဖြင့် ပြောလိုက်သည်။

ယွမ်ရိလည်း ရှဲ့တုန်းယန်၏စကားကြောင့် ရှဲ့တုန်းယန်အား သနားသွားသည်။ ပြီးမှ
"နင့်ကောင်မလေးက ဘယ်ကကောင်နဲ့ ရသွားတာတုန်း"
ဟု ထပ်မေးလိုက်၏။

"မြို့ထဲက စတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့သူ‌နဲ့တဲ့"
ရှဲ့တုန်းယန်က ပြန်ဖြေလိုက်၏။

"ဘာပဲဖြစ်ဖြစ်ပါ နင်လည်း သူမထက်သာတဲ့ကောင်မလေးတစ်ယောက်နဲ့ အမြန်တွေ့ဆုံနိုင်မှာပါ။ အခုတစ်ယောက်နဲ့တော့ ရေစက်မရှိဘူးလို့ဘဲ သတ်မှတ်လိုက်ပေါ့"
ဟု ပြောရင်း ယွမ်ရိက ရှဲ့တုန်းယန်အား  အားပေးနှစ်သိမ့်လိုက်သည်။

ဒါပေမယ့် ရှဲ့တုန်းယန်ကတော့ အားရှိသွားပုံမရဘဲ မျက်ရည်တွေဝိုင်းလာပြီး ပြိုတော့မည့် မိုးကဲ့သို့ တဖြည်းဖြည်း ညိုမှောင်လာ၏။

ရှဲ့တုန်းယန်၏အမူအရာကြောင့် ယွမ်ရိခဗျာ သနားနေသည့်ကြားမှ ရယ်မောချင်စိတ်ကို မနည်းထိန်းယူလိုက်ရသည်။

ပြီးမှ သူမက ရှဲ့တုန်းယန်အား အသည်းကွဲနေရာမှ အာရုံလွဲသွားစေရန် ရည်ရွယ်ပြီး
"ဒါနဲ့ နင်ဘယ်လောက် စုမိသွားပြီလဲ"
ဟု စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ယွမ်တစ်သောင်းနီးပါးတော့ရှိပြီဟ။ နောက်ထပ် လအနည်းငယ်လောက်ကြာရင်တော့ ယွမ်တစ်သောင်းကျော်လောက်ပြီ"
ရှဲ့တုန်းယန်က ပြန်ဖြေလိုက်သည်။ အာရုံပြောင်းသွားပြီဖြစ်တာမို့ ရှဲ့တုန်းယန်၏စိတ်အခြေအနေဟာ ပိုပြီးကောင်းမွန်လာခဲ့သည်။

ယွမ်ရိက ပြုံးလိုက်ပြီးမှ
"ငါကတော့ ယွမ်တစ်သောင်းကျော်သွားခဲ့ပြီ"
ဟု သူမ၏ဝင်ငွေအား ပြန်ပြောလိုက်သည်။

"နင်နဲ့ငါက ဘယ်လိုလုပ်တူမှာလဲ။ နင်က‌ ဈေးဆိုင်ဖွင့်ထားတဲ့အပြင် စက်ချုပ်သေးတယ်လေ"
ရှဲ့တုန်းယန်က ယွမ်ရိအား မျက်လုံးလှန်ပြရင်းဖြင့် ပြောလိုက်တော့သည်။

ထို့နောက် သူတို့နှစ်ယောက်ဟာ အစား‌အသောက်တွေ အေးကုန်မှာ စိုးသဖြင့် မြန်မြန်စားကာ လက်စသတ်လိုက်ကြသည်။

စားပြီးသည့်နောက် ယွမ်ရိက နှုတ်ခမ်းကို သုတ်နေရင်းဖြင့်
"တုန်းယန်။ နင်မြို့အပြင်ဘက်ကိုရော နှံ့စပ်လား"
ဟု မေးလိုက်သည်။

"မြို့ထဲလောက်တော့ မကျွမ်းပေမယ့် နည်းနည်းပါးပါးတော့ ရင်းနှီးပါတယ်"
ရှဲ့တုန်းယန်က ထိုကဲ့သို့ ပြောလိုက်ပြီးမှ
"နင် ဘာလုပ်ချင်လို့လဲ"
ဟု ထပ်မေးလိုက်သည်။

ယွမ်ရိက လက်တွေကိုပါ လက်သုတ်ဖြင့် သုတ်နေရင်းဖြင့်
"ငါမြို့ပြင်မှာ ခြံဝန်းလေးတစ်ဝန်းလောက် ဝယ်ချင်လို့ပါ"
ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ ရှဲ့တုန်းယန်က ယွမ်ရိအား နားမလည်ဟန်ဖြင့်ကြည့်ကာ
"ရှောင်ရိ၊ ဘာလို့ခြံကိုမြို့ပြင်မှာ ဝယ်ချင်ရတာတုန်း။ နင့်လက်ထဲက ယွမ်တစ်သောင်းနဲ့ဆိုရင် မြို့ထဲမှာတောင်မှ ခြံကောင်းကောင်းတစ်ဝန်းတော့ ရပါတယ်ဟ"
ဟု အကြံပေးလိုက်၏။

ယွမ်ရိလည်း ရှဲ့တုန်းယန်အား တုံးအရန်ကော ဟူသည့်အမူအရာဖြင့်ကြည့်ကာ
"ငါ့လက်ထဲက ငွေနဲ့ ခြံကောင်းဝန်းကောင်းဝယ်နိုင်တာတော့ ထားပါတော့။ အဲ့တာနဲ့ဘဲ ငါက ယွမ်တစ်သောင်းလုံး အကုန်သုံးပစ်လိုက်ရမှာလား"
ဟု မေးလိုက်သည်။

ထိုအချိန်ထိပင် ရှဲ့တုန်းယန် နားမလည်သေးဟန်ဖြင့်
"ငွေရှာတယ်ဆိုမှတော့ ဒီလိုနေရာတွေမှာ သုံးဖို့ဖြုန်းဖို့ မဟုတ်ဘူးလား"
ဟု ပြန်မေးလိုက်သည်။

ယွမ်ရိက
"ဒီမယ်။ နင်က ဒီလိုလမ်းဘေးဈေးဆိုင်လေးဘဲ တစ်သက်လုံးဖွင့်စားဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား။ ဒီလိုဆိုင်ဖွင့်တာက အခုချိန်မှာ ဖွင့်တဲ့သူနည်းနေလို့ ဝယ်သူများပြီး အမြတ်ကျန်နေတာ။ နောက်ပိုင်းကျရင် ငါတို့လိုလမ်းဘေးဈေးဆိုင်တွေက မှိုလိုပေါလာတော့မှာ။ အဲ့ကျရင် အခုလို အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး"
ဟာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"ဘာလို့ လမ်းဘေးဈေးဆိုင်တွေက များလာရမှာတုန်း။ ငါတို့ရဲ့ဝင်ငွေအခြေအနေကို ဘယ်သူ့ကိုမှ မပြောတဲ့ဟာကို"
ရှဲ့တုန်းယန်က မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်ပြန်သည်။

ဒီတစ်ကြိမ်တော့ ယွမ်ရိလည်း ရှဲ့တုန်းယန်ကို လက်မြှောက်လိုက်ရတော့သည်။
"နင်က တကယ့်ကို ငတုံးဘဲ။ ဒီလောကမှာ ဒီလိုဈေးဆိုင်ဖွင့်ရင် ဝင်ငွေကြမ်းတယ်လို့ စဉ်းစားမိတဲ့သူက ငါတစ်ယောက်တည်းလို့များ ထင်နေတာလား။ ဒါ့ကြောင့် သိပ်မကြာတဲ့အတောအတွင်းမှာဘဲ နောက်ထပ် လမ်းဘေးဈေးဆိုင်တွေ ပေါ်လာလိမ့်မယ်"
ဟု ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်ရတော့သည်။

ထိုအခါမှ ရှဲ့တုန်းယန်လည်း နားလည်သွားကာ
"ဟုတ်သားဘဲနော်။ နင်ပြောတာ အဓိပ္ပာယ်ရှိတယ်"
ဟု ပြောလိုက်သည်။

ပြီးမှ သူက ယွမ်ရိကို ကြည့်ကာ
"ဒါဆိုရင် ငါ ဘာဆက်လုပ်ရမလဲ"
ဟု အကြံဉာဏ်တောင်းလိုက်၏။

ယွမ်ရိက
"နင့်လက်ထဲမှာ ငွေရှိနေတာဘဲမလား။ ပြီးတော့ စဉ်းစားကြည့်လေ။ ငါတို့တွေ အခုလိုပစ္စည်းတွေယူရောင်းတဲ့အခါ ဘယ်နေရာက ယူရောင်းရလဲဆိုတာကို"

ရှဲ့တုန်းယန်က
"စက်ရုံကလေ"
ဟု ပြန်ပြောလိုက်သည်။

ပြီးမှ သူက အလင်းပေါက်သွားဟန်ဖြင့်
"ကိုယ်ပိုင်စက်ရုံထောင်ဖို့ ပြောနေတာလား"
ဟု အံ့အားတကြီးပြောလိုက်၏။

ယွမ်ရိက ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ရှဲ့တုန်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး
"အဲ့တာတော့ မဖြစ်လောက်ဘူးနော်။ နင်လည်း သတိထားမိမှာပါ။ စက်ရုံတွေက အရမ်း ကရိကထများတယ်ဟ။ ငါ အဲ့အပိုင်းမှာ မဖြစ်လောက်ဘူး"


ယွမ်ရိက
"နင့်ကို တစ်ခါတည်း စက်ရုံအကြီးကြီး ထောင်ခိုင်းနေတာမဟုတ်ဘူး အစပိုင်းမှာ တနိုင်တပိုင်အသေးစားစက်ရုံဘဲ ဖွင့်လေ။ နောက်မှ တဖြည်းဖြည်း တိုးချဲ့ပေါ့။ အဲ့ကျ နင့်အပေါ် ဝန်သိပ်ပိမှာမဟုတ်တော့ဘူးလေ။ နင့်ရဲ့ဘဝကို ဒီလိုဈေးရောင်းရင်းနဲ့ မကုန်ဆုံးစေနဲ့"
ဟု အလင်းပြလိုက်၏။

ရှဲ့တုန်းယန်လည်း ယွမ်ရိ၏အကြံဉာဏ်တွေကြောင့် ဝမ်းသာအားရဖြစ်သွားပြီး ယွမ်ရိကို လက်မထောင်ပြကာ
"ငါတို့ရဲ့ဆရာမကြီးရိက အတော်ဆုံး၊ အကောင်းဆုံးဘဲ"
ဟု ချီးမွမ်းလိုက်တော့သည်။

"ကဲပါ၊ အဲ့တာတွေနောက်ထား မြို့ပြင်မှာ ခြံဝန်းတစ်ခုရှာပေးဦးနော်။ မြို့ပြင်ဆိုလို့ တအားကြီးလည်း မြို့အပြင်ဘက် ရောက်မသွားစေနဲ့ဦး။ မြို့အတွင်းပိုင်နဲ့နည်းနည်းနီးတာလေး ရှာခဲ့ပေး။ ဖြစ်နိုင်ရင် ဒီဆောင်းမကုန်ခင်လောက် ရချင်တယ်"
ဟု ယွမ်ရိက အကူအညီ‌ထပ်တောင်းလိုက်သည်။

ရှဲ့တုန်းယန်လည်း ရင်ကော့ကာ
"စိတ်မပူပါနဲ့။ ငါ အကောင်းဆုံး ကြိုးစားရှာပေးမယ်။ ဟုတ်ပြီလား"
ဟု ကတိပေးလိုက်၏။

"ဒါဆိုလည်း ဒီက ကျေးဇူးအများကြီးတင်ပါသတဲ့ရှင်"
ဟု ယွမ်ရိက ပြောလိုက်တော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora