အပိုင်း - ၆၉
ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ အိမ်တံခါးဝကြီးမှာ ခဏမျှရပ်နေမိကြသည်။
ယွမ်ရိက မီးဖိုချောင်ဘက်လှည့်ကြည့်ပြီးမှ
"ကဲ၊ အမေက ဖက်ထုပ်လုပ်နေရင်းက ထွက်သွားတာ။ ဟိုမှာ ဘာမှမကျက်သေးဘူး။ အမေပြန်လာချိန်မှ ချက်ရင်လည်း ငါတို့တွေညစာလွတ်သွားလိမ့်မယ်။ ငါတို့သုံးယောက်လည်း နားကြပြီဘဲဟာ။ မီးဖိုချောင်ထဲဝင်ပြီးတော့ ဖက်ထုပ်တွေ လုပ်လိုက်ကြတာပေါ့"
ဟု ပြောလိုက်သည်။
ထို့နောက် ညီအမသုံးယောက်သား မီးဖိုချောင်ထဲဝင်လာကြတော့သည်။
ယွမ်ကျဲက ဒလိမ့်တုံးကိုယူကာ ဖက်ထုပ်အကာများကို ပြားလိုက်သည်။ ယွမ်ချူးရွယ်ကတော့ ဖက်ထုပ်အကာပြားတွေပေါ်မှာ အစာတွေလိုက်ထည့်၏။
ယွမ်ရိက ထိုအရာများကို ထုပ်ပိုးပြီး လှပသေသပ်သည့် ဖက်ထုပ်လေးများဖြစ်သွားအောင်ပြင်ဆင်လိုက်သည်။
ပြီးတာနဲ့ ထိုဖက်ထုပ်များထဲမှ တချို့အား ပေါင်းလိုက်သည်။ တချို့ကိုတော့ ကြော်လိုက်၏။ ဖက်ထုပ်နဲ့တွဲဖက်စားရန်အတွက် အချဉ်ရည်ကိုလည်း သူမက ပြင်ဆင်လိုက်သည်။
နောက်ဆုံးမှာတော့ အနံ့အရသာနဲ့ပြီးပြည့်စုံသည့် ဖက်ထုပ်ပေါင်းနဲ့ဖက်ထုပ်ကြော်အား ညီအမသုံးယောက်ပူးပေါင်း၍ ချက်ပြုတ်ခဲ့ကြတော့သည်။
တစ်ဖက်မှာတော့ ဖန်းရှုံးယန်နဲ့ယွမ်ဟောင်ဂျန်တို့သားအမိနှစ်ယောက်ဟာ ရဲ့ချူးဝမ်အဖမ်းခံထားရသည့် ရပ်ကွက်၏အုပ်ချုပ်ရေးရုံးသို့ရောက်သွားကြသည်။ ထိုရုံးကိုရောက်တော့ သူမတို့အရင်ကြိုရောက်နေသည့် ယွမ်ချန်းဖူနဲ့ ရဲ့ချူးဝမ်တို့ကျောင်း၏စည်းကမ်းထိန်းဆရာမအား မြင်တွေ့လိုက်ရသည်။
ဖန်းရှုံးယန်က သူမသမီး ရဲ့ချူးဝမ်အနေနဲ့ ရည်းစားထားတယ်ဆိုတာကိုမယုံနိုင်သေးချေ။ ဒါ့ကြောင့် သူမက ရပ်ကွက်လူကြီးအား
"လူကြီးမင်းရယ်။ ကျွန်မသမီးကို မှားဖမ်းမိတာများလားရှင်။ ကျွန်မသမီးလေးက အရမ်းကိုသိတတ်လိမ္မာတဲ့ကလေးပါရှင်။ အခုလိုမျိုး ဖြစ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး"
ဟု ငိုသံပါလေးဖြင့် အလောတကြီးပြောလိုက်သည်။
ရပ်ကွက်လူကြီးဟာ တစ်ခုခုပြန်ပြောရန်ပြင်ချိန်မှာဘဲ ဘေးမှာရပ်နေသည့် မိန်းမကြီးတွေထဲမှ တစ်ယောက်က
"အို၊ ဘယ်ကသာ။ ရှင့်သမီးက ရည်းစားမထားဘူးဟုတ်လား။ ဒီမယ် သူရယ်၊ နောက်ကောက်လေးတစ်ယောက်ရယ်၊ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နမ်းရှုံ့နေကြတာကို ကျွန်မတို့မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာရှင့်။ ဘယ့်နှယ့်အေ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့များ ရည်းစားထားရတယ်လို့အေ"
ဟု ဝင်ပြောလိုက်သည်။
ထိုမိန်းမ၏စကားကြောင့် ဖန်းရှုံးယန်၏မျက်နှာဟာ စိမ်းဖန့်သွားရသည်။
ဘေးကနေနားထောင်နေသည့် ယွမ်ချန်းဖူကတော့ ဒေါသတွေ မထိန်းနိုင်တော့ချေ။ သူက ရှေ့သို့ထွက်ကာ လက်မြှောက်၍ရဲ့ချူးဝမ်၏ပါးအား 'ဖြောင်း' ကနဲမြည်အောင် ရိုက်ချလိုက်တော့သည်။
ပါးရိုက်သံဟာ ရပ်ကွက်ရုံအတွင်း ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
ယွမ်ချန်းဖူရိုက်လိုက်သည့်အရှိန်က အရမ်းပြင်း၍ ရဲ့ချူးဝမ်လည်း တစ်ဖက်သို့လည်ထွက်သွားကာ ဆံပင်တွေ ဖွာကြဲကုန်တော့၏။ မျက်နှာပေါ်မှာလည်း လက်ငါးချောင်းရာကြီး ထင်းကနဲပေါ်လာကာ ချက်ချင်းဘဲ ရောင်ကိုင်းသွားတော့သည်။
အလွန်နာကျင်နေပေမယ့် ရဲ့ချူးဝမ်တစ်ယောက် မငိုရဲဘဲ တင်းခံထားရသည်။ ဒါပေမဲ့ မျက်ရည်တချို့ကတော့ တင်းခံထားသည့်ကြားမှ မျက်ဝန်းအတွင်းမှ စီးထွက်သွား၏။
လုယွမ်ကျန်းဟာလည်း သူ့ချစ်သူအရိုက်ခံလိုက်ရသည့်အတွက် ရှေ့ကနေဝင်ကာလိုက်ကာ ယွမ်ချန်းဖူအား
"ဦးလေး။ ဒါက ကျွန်တော့်အပြစ်ပါ ချူးဝမ်နဲ့မဆိုင်ပါဘူး။ ချူးဝမ်ကိုမရိုက်ပါနဲ့"
ဟု ပြောလိုက်၏။
ယွမ်ချန်းဖူ၏မျက်နှာက ပိုပြီးတော့ မဲမှောင်သွားသည်။
"မင်းပါးစပ်ကိုပိတ်ထား။ မင်းဝင်ပါရမာ့်ကိစ္စမဟုတ်ဘူး"
အလွန်အမင်းထွက်နေသောဒေါသများအား အတင်းချုပ်တည်းထားရသော လေသံဖြင့် ပြောလိုက်သည်။
အကယ်၍ လုယွမ်ကျန်းသာ သူ့သားဆိုပါက လက်သီးတွေဖြင့် စောက်ခွက်စုတ်ပြတ်သည်အထိ အကြိမ်ကြိမ်ထိုးမိမှာပင်။
ဘေးမှာရပ်ကြည့်နေကြသည့် အမျိုးသမီး၏မျက်နှာပေါ်မှာလည်း ရဲ့ချူးဝမ်အရိုက်ခံလိုက်ရသည့်အပေါ်မှာ သနားတာမျိုး၊ စာနာတာမျိုးတွေ ဖြစ်ပေါ်မလာကြပေ။ သူမတို့အတွက် မြင်ဖူးနေကြကိစ္စကြီးလိုပင်။
ရပ်ကွက်အုပ်ချုပ်ရေးမှုးက ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ကိုကြည့်ကာ
"မင်းတို့ကလေးရဲ့အခုကိစ္စက မင်းတို့နှစ်ယောက်လုံးအပေါ် မှာ ကြီးကြီးမားမားတာဝန်ရှိတယ်နော်။ ကိုယ့်သားသမီးကိုယ် အခုလိုဖြစ်တဲ့အထိ မင်းတို့ဘယ်လိုတွေ ဆုံးမသွန်သင်ထားကြတာလဲ။ မင်းတို့တွေ ကိုယ့်သားသမီးကိုယ် မထိန်းနိုင်ကြဘူးလား"
ဟု ဆူပူမာန်မဲလိုက်သည်။
တစ်ဖန် သူက ကျောင်းစည်းကမ်းထိန်းဆရာမဘက်ကိုလှည့်ကာ
"ဒီကိစ္စမှာ ခင်ဗျားဘက်မှာလည်း တာဝန်ရှိတယ်။ ကိုယ့်ကျောင်းက ကျောင်းသားတွေကို သေချာမထိန်းနိုင်ဘူးလား။ ဘယ့်နှယ့်ဗျာ နေ့ခင်းကြောင်တောင် ပန်းခြံထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ စည်းကမ်းထိန်းတစ်ယောက်ဖြစ်ပြီး ကိုယ့်တာဝန်ဝတ္တရားတွေကို မထမ်းဆောင်နိုင်ရင် စည်းကမ်းထိန်းလုပ်မနေနဲ့တော့"
ဟု ဆက်ပြီး ဆူပူအော်ဟစ်ပြန်သည်။
ကျောင်းစည်းကမ်းထိန်းဆရာမခဗျာ ခေါင်းလေးငုံ့လျက်
"နောက်မဖြစ်စေရပါဘူးရှင်။ ကျောင်းမှာလည်း ကလေးတွေအပေါ်မှာ စည်းကမ်းတွေ ပိုပြီးကြပ်မတ်ပါ့မယ်ရှင်"
ဟု အထပ်ထပ်အခါခါ ကတိပေးနေတော့သာ်။
ကျောင်းရဲ့အထူးချွန်ဆုံး စံပြကျောင်းသားနှစ်ယောက်က ယခုကဲ့သို့အရှက်ရစရာကိစ္စတစ်ခုအား ကျူးလွန်ကြလိမ့်မယ်ဟု သူမအနေနဲ့လုံးဝမထင်ထားခဲ့ပေ။
ဒါ့အပြင် ဒီအဖြစ်အပျက်ကြီးအား ရပ်ကွက်ထဲက အမျိုးသမီးများထံမိသွားခြင်းပင်။ ဒါ့ကြောင့် မကြာခင်မှာဘဲ ဒီအကြောင်းတွေက တစ်ရပ်ကွက်လုံးပျံ့သွားတော့မှာပင်။ တစ်မြို့လုံးပျံ့သွားမည်ဟု ပြောရင်တောင်မှ လွန်မှာမဟုတ်ပေ။
ဒါ့ကြောင့် သူမဟာအရမ်းရှက်ရွံ့နေပြီး သူမခေါင်းအား မြေကြီးထဲမှာ မြုပ်ထားချင်စိတ်တွေ ပေါက်နေ၏။
ထို့အတူပင် မိဘများဖြစ်သည့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ဟာလည်း ခေါင်းမဖော်နိုင်လောက်အောင် ရှက်ရွံ့လို့နေကြသည်။
ဖန်းရှုံးယန်ဟာ ဇတ်ကျိုးကျမတတ် ခေါင်းကိုငုံ့ထားရင်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆူသမျှအား ရှက်ရွံ့စွာဖြင့် နားထောင်နေခဲ့သည်။
ဘေးမှာ ရပ်ကြည့်နေကြသည့် အမျိုးသမီးများထဲမှ တစ်ဦးကလည်း ကျောင်းစည်းကမ်းထိန်းဆရာမအား
"ဒီမယ် ဆရာမ။ အခုလိုမျိုးငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားထားပြီး လူမြင်ကွင်းမှာ မြင်မကောင်းအောင်ဖြစ်ပျက်နေကြတဲ့အပြစ်က ခွင့်လွှတ်လို့မရပါဘူး။ ဒါ့ကြောင့် မှတ်လောက်သားလောက်အောင် အပြစ်ပေးမှသာ တော်ကာကျပါမယ်"
ဟု ဝင်ပြောလိုက်သည်။
စည်းကမ်းထိန်းဆရာမလည်း ထိုအမျိုးသမီးအား ခေါင်းညိတ်ပြရင်းဖြင့်
"စိတ်မပူပါနဲ့။ အခုလိုဖြစ်ပျက်သွားတာကလည်း ကျွန်မတို့ဘက်က ပေါ့လျော့မှုကြောင့်လည်း ပါ,ပါတယ်။ ဒါ့ကြောင့် ဒီနှစ်ယောက်ကို စံပြအနေနဲ့သုံးပြီး အခြားကလေးတွေပါအပြစ်မကျူးလွန်ရဲအောင် ကြီးလေးတဲ့အပြစ်ကိုပေးပါ့မယ်"
ဟု ကတိပေးလိုက်တော့သည်။
ထိုအခါမှ ထိုအမျိုးသမီးကြီးက ပြုံးသွားကာ ခေါင်းတညိတ်ညိတ်ဖြင့်
"ဒါ့ပေါ့ရှင်။ ဒါပေါ့"
ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ကတော့ ရှက်လွန်းလို့ စကားတောင်တစ်ခွန်းမှဝင်မပြောကြတော့ပေ။ သူတို့က အုပ်ချုပ်ရေးမှူးနဲ့ဘေးမှအမျိုးသမီးများ ဆူပူမာန်မဲတာကိုသာ မျက်နှာပူပူဖြင့် နားထောင်နေခဲ့ကြသည်။
အချိန်အတော်ကြာအောင် မာန်မဲခံရပြီးမှ သူတို့နှစ်ယောက်ဟာ ရဲ့ချူးဝမ်အား ခေါ်ဆောင်လျက် ရပ်ကွက်အုပ်ချုပ်ရေးရုံမှ ထွက်လာနိုင်ခဲ့ကြတော့သည်။
သူတို့ဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံး၏အပေါက်ဝမှာ လုယွမ်ကျန်း၏မိဘများနဲ့ဆုံသွား၏။
ယွမ်ချန်းဖူဟာ ရိုးရိုးတန်းတန်းဝတ်ကျေတမ်းကျေနှုတ်ဆက်ပြီးတာနဲ့ ထိုနေရာမှ ထွက်လာခဲ့ကြတော့သည်။ ဖန်းရှုံးယန်နဲ့ယွမ်ဟောင်ဂျန်တို့ကတော့ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ကြပေ။
ပုံမှန်အားဖြင့် ယွမ်ဟောင်ဂျန်သည် စကားပြောအလွန်များပေမယ့် အခုချိန်မှာ နှုတ်ဆိတ်နေ၏။အဘယ့်ကြောင့်ဆိုသော် ယခုဖြစ်ရသည့် ပြဿနာဘယ်လောက်ကြီးလဲဆိုတာကို သူသေချာသိနေလို့ပင်။
ရဲ့ချူးဝမ်၏မျက်နှာပေါ်မှာ သူ့အဖေယွမ်ချန်းဖူ၏လက်ငါးချောင်းရာကြီးက ပြဿနာဘယ်လောက်ကြီးကြောင်း ပြလို့နေသည်။ ယွမ်ချန်းဟာ ရဲ့ချူးဝမ်ငယ်စဉ်ကတည်းက အလွန်ချစ်ခင်ကာ လက်ဖြင့်ရိုက်ဖို့မဆိုထားနဲ့ အသားနာအောင်ပင် တစ်ခါမှမလုပ်ဖူးချေ။
ဖန်းရှုံးယန်သည်လည်း စိတ်ထဲမှာ အတွေးပေါင်းများစွာဟာ တစ်ချိန်တည်း ဖြစ်ပေါ်လို့နေသည်။
သူမအနေနဲ့ သူမတို့၏အမျှော်လင့်ဆုံး၊ အချစ်ရဆုံးသော သမီးမှ ယခုလိုလုပ်လိမ့်မည်ဟာ မျှော်လင့်မထားခဲ့ကြပေ။ အခုတော့ သူမတို့ဟာ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်နိုင်အောင် အရှက်ရကြပေသည်။ထိုသို့အရှက်ရစေသည့် သူကလည်း သူမ၏အချစ်ဆုံးသမီးဖြစ်နေသည့်အတွက် ဖန်းရှုံးယန်၏စိတ်ထဲ စိတ်ရှုပ်ထွေးမှုတွေ မြောက်များစွာသော အတွေးတွေဖြင့် ယောက်ယက်ခတ်နေတော့သည်။
ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာ တစ်ခုတည်းကိုဘဲ သူမအဖြေထုတ်နိုင်ခဲ့သည်။ ထိုအရာကတော့ သူမအလွန်အမင်ရှက်ရွံ့နေခြင်းပင်။
အခုလိုမျိုး အဖြစ်အပျက်ကြီးက သူမတို့မိသားစုထဲမှာ ဖြစ်ပျက်သွားတာကို သူမ မယုံနိုင်သေးချေ။
ယွမ်ချန်းဖူ၊ ယွမ်ဟောင်ဂျန်၊ ဖန်းရှုံးယန်နဲ့ရဲ့ချူးဝမ်တို့အိမ်ပြန်ရောက်သည့်အခါ ယွမ်ရိတို့ကလည်း ဖက်ထုပ်တွေလုပ်ပြီးသွားကြပြီဖြစ်သည်။ ဒေါသငွေ့တွေမပြယ်သေးသည့် ယွမ်ချန်းဖူရယ်၊ စိတ်ပျက်အားလျော့နေသည့် ဖနရှုံးယန်ရယ်၊ ရဲ့ချူးဝမ်မျက်နှာပေါ်မှ နီရဲရောင်ကိုင်းနေသည့် လက်ဝါးရာရယ်ကိုကြည့်ရင်း အခြေအနေသိပ်မဟန်တာကိုသတိထားမိကာ ယွမ်ရိတို့လည်း ဘာတစ်ခွန်းမျှ ထပ်မမေးခဲ့ကြပေ။
ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ ဖက်ထုပ်တွေကို ပြန်နွှေးလိုက်ပြီး ထမင်းစား စားပွဲပေါ်မှာ တည်ခင်းလိုက်ကာ ညစာပြင်ဆင်လိုက်ကြသည်။
ရဲ့ချူးဝမ်ကလွဲပြီး အိမ်ကလူတိုင်းဟာ ညစာစားရန်အတွက် ကိုယ့်နေရာကိုယ်ဝင်ထိုင်လိုက်ကြသည်။
မိသားစုထမင်းဝိုင်းလေး၏အငွေ့အသက်များဟာ အခါတိုင်းကဲ့သို့ နွေးထွေးမနေဘဲ အေးစက်စက်နိုင်နေ၏။
ယွမ်ချူးရွယ်နဲ့ရဲ့ဖန်တို့သည်လည်း ရဲ့ချူးဝမ်၏အဖြစ်အပျက်များအား အပြင်ကနေ သိလာပြီးကြပြီဖြစ်သည်။
ဒါဟာလည်း ရပ်ကွက်ထဲမှ အမျိုးသမီးများအတင်းပြောခြင်းအထူးစွမ်းရည်ကြောင့်ပင်ဖြစ်သည်။တစ်နေ့တောင်မကူးသေးခင် တစ်ရပ်ကွက်လုံးနီးပါးသိနေကြပြီဖြစ်သည်။
ဒါ့ကြောင့် ထမင်းစားဝိုင်းမှာ ထိုင်နေကြပေမယ့် ဘယ်သူကမှ မစားကြသေးဘဲ ငူငူငိုင်ငိုင်ကြီးတွေ ထိုင်နေကြ၏။
အချိန်အတော်ကြာမှ ယွမ်ချန်းဖူက သက်ပြင်းချကာ
"အရင်ဆုံး စားကြတော့"
ဟု ပြောလိုက်တော့သည်။
ထိုအခါမှ ကလေးတွေလည်း ကိုယ့်တူကိုယ်ကိုင်လျက် ဖက်ထုပ်များအား ညှပ်ယူစားသောက်ကြတော့သည်။ ဒါပေမဲ့ ဘယ်သူမှ စကားမပြောခဲ့ကြပေ။
ဖန်းရှုံးယန်ကတော့ ဖက်ထုပ်ကိုထိပင်မထိခဲ့ချေ။ သူမက အဖြစ်အပျက်တွေကို ကောင်းကောင်းလက်ခံနိုင်ပုံမရသေးဘဲ ခေါင်းငုံ့လျက် ငိုကြွေးတော့သည်။
"ဒုန်းးးး"
ယွမ်ချန်းဖူက သူ့တူအား စားပွဲပေါ်သို့ဆောင့်ချလိုက်သည်။
ဒါ့ကြောင့် ကလေးတွေအကုန်လုံး စားသောက်နေရာမှ ရပ်သွားကြသည်။
ယွမ်ဟောင်ဂျန်ဆိုလျှင် ထိတ်လန့်ပြီး လက်ထဲက တူပင်လွတ်ကျသွားရသည်။
ယွမ်ချန်းဖူက ဖန်းရှူံးယန်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လျက်
"ဖန်းရှူံးယန်၊ နင် ငိုနိုင်သေးတယ်နော်။ ငါအိမ်မှာမရှိတာ ခြောက်လတည်း။ ဒီခြောက်လအတွင်း နင် ကလေးတွေကို ကောင်းကောင်းမထိန်းနိုင်ဘူး။ ငါမသွားခင်တုန်းက နင့်ကိုအတန်တန်မှာခဲ့တယ်။ကလေးတွေကို သေချာဂရုစိုက်ပါလို့။ အခုတော့ အရှက်ကွဲရပြီမလား။ ဖြစ်ပြီးသွားမှတော့ ငိုမနေနဲ့တော့။ အလကား ကျက်သရေယုတ်တယ်"
ဟု အော်ပြောလိုက်သည်။
ဖန်းရှုံးယန်လည်း သူမယောက်ျားအား အံ့အားတကြီးကြည့်ကာ ဘာစကားမျှ မပြောနိုင်ခဲ့ပေ။ ဒါပေမယ့် သူမမျက်ဝန်းအတွင်းမှ မျက်ရည်များကတော့ ပိုပြီးစီးကျလာခဲ့တော့သည်။
ယွမ်ချန်းဖူဟာ ပြောလေဒေါသတွေထွက်လာလေဖြစ်ကာ ထမင်းစားစားပွဲအား လက်ဖြင့် ဒေါသတကြီး ရိုက်ပုတ်လိုက်ပြီး
"ငါမသွားခင်တုန်းက နင့်ကိုကြိုပြီးပြောခဲ့တယ်။ 'ချူးဝမ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီ သေချာလေးဂရုစိုက်လိုက်ဦး' လို့ ငါမပြောခဲ့ဘူးလား။ ဒါပေမယ့် နင်ကတော့ ငါ့စကားကိုအလေးမထားခဲ့ဘူးလေ။ အခုတော့ ဖြစ်ပြီမလား"
ဖန်းရှူံးယန်တစ်ယောက် သူမယောက်ျား၏ဆူပူမာန်မဲမှုများအောက်မှာ ခေါင်းငုံ့သွားရတော့သည်။သူမအနေနဲ့ ပြန်ပြောစရာ စကားလုံးလည်း မရှိတော့ချေ။
ယွမ်ချန်းဖူက ဒေါသမီးတွေဟာ မငြိမ်းသက်သေးချေ။ သူက ယွမ်ရိကိုကြည့်ကာ
"ယွမ်ရိ၊ နင် ချူးဝမ်ချစ်သူထားတဲ့ကိစ္စကို သိပြီးသားမလား။ ငါအလုပ်ကိစ္စနဲ့ခရီးမသွားခင်တုန်းက သူမပြောခဲ့တဲ့ကိစ္စတွေကလည်း လိမ်ထားတာဆိုတာကို နင်သိပြီးသားမလား"
ဟု မာကျောသောလေသံဖြင့် မေးမြန်းလိုက်သည်။
ထိုသို့ မာကျောသောလေသံဖြင့် မေးမြန်းခံလိုက်ရပေမယ့် ယွမ်ရိက လုံးဝဖြုံမသွားပေ။ သူမက သူမအဖေ၏မျက်လုံးတည့်တည့်ကို ရဲရဲဝံ့ဝံ့စိုက်ကြည့်လျက်
"ဘာလို့ သမီးကိုလာအော်နေတာလဲ။ သမီးမှ ရဲ့ချူးဝမ်နဲ့စကားကောင်းကောင်းမပြောဖူးတာ။ ဒီတော့ သူရည်စားထားလား၊ မထားဘူးလားဆိုတာကို ဘယ်လိုလုပ်သိမှာလဲ။ ပြီးတော့ အဲ့ဒီနေ့တုန်းက ရဲ့ချူးဝမ်လိမ်တာပါလို့ သမီးပြောခဲ့ရင်ရော အဖေတို့က ယုံမှာမို့လို့လား။ မယုံတဲ့အပြင် သမီးကိုတောင်မှ ရဲ့ချူးဝမ်ကိုမနာလိုလို့ ပြောပါတယ်ဆိုပြီး စွပ်စွဲခံနေရဦးမှာ"
ဟု ပြန်လိုက်သည်။
ယွမ်ချန်းဖူဟာ ယွမ်ရိ၏စကားများကြောင့် ဘာမျှပြန်မပြောနိုင်တော့ချေ။
ဖန်းရှုံးယန်သည်လည်း ခေါင်းငုံ့ကာ လက်သီးအား ကျစ်နေအောင်ဆုပ်ထားမိသဖြင့် လက်သည်းတွေဟာ အသားထဲစိုက်ဝင်ကာ သွေးစို့နေပြီဖြစ်သည်။
ယွမ်ချန်းဖူဟာ ဖက်ထုပ်အား စားချင်စိတ်မရှိတော့ချေ။ ဒါ့ကြောင့် ထမင်းစားဝိုင်းမှ ထကာ အခန်းထဲဝင်သွားတော့သည်။
ဒီနေ့ကစပြီး အပြင်ထွက်မယ်ဆိုပါက ရှက်လွန်းလို့ မျက်နှာပူပူဖြင့်ပင် ထွက်ရတော့မှာဖြစ်သည်။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့သောမျက်ဝန်းများကိုလည်း သည်းခံရတော့ပေမည်။
ယွမ်ချန်းဖူထွက်သွားပြီး မကြာခင်မှာဘဲ ဖန်းရှုံးယန်လည်း ထမင်းစားခန်းမှ ထထွက်သွားတော့သည်။သူမက ရေချိုးခန်းအတွင်းဝင်ကာ အတွင်းမှ လော့ချထားလိုက်ပြီး ချုံးပွဲချ ငိုကြွေးတော့သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးသည့်နောက်မှ ထမင်းစားဝိုင်းက နည်းနည်းပိုပြီး သက်တောင့်သက်သာဖြစ်လာသည်။ ယွမ်ရိကတော့ ဘာကိုမှဂရုမစိုက်ပေ။ သူမက သူမတူကိုမြှောက်ကာ ဖက်ထုပ်ကြော်အား ယူစားလိုက်သည်။
ကျန်တဲ့မောင်နှမတွေလည်း သူတို့တူတွေကိုမြှောက်လို့ ဖက်ထုပ်များအား ယူစားကြတော့သည်။ ဒါပေမဲ့ တူနဲ့ပန်းကန်ထိမိသည့်အသံကလွဲလို့ မည်သူမျှစကားပြောကြခြင်းမရှိကြချေ။
ညစာစားပြီးသည့်နောက် ယွမ်ချူးယန်ဟာ အပေါ်ထပ်ကိုတက်ပြီး အခန်းထဲဝင်ရမှာ မဝံ့ရဲသေးသည့်အတွက် စုမန်မန်ထံကိုအလည်ထွက်သွားတော့သည်။
သူမဟာ စုမန်မန်နဲ့ဘယ်သူမှမရှိသည့်နေရာမှ နှစ်ယောက်တည်းထိုင်နေကြသည်။
ယွမ်ချူးယန်က စုမန်မန်ကိုကြည့်ကာ စိတ်ဓာတ်ကျနေသောလေသံဖြင့်
"အခု ဒီကိစ္စကို တစ်ကျောင်းလုံး သိသွားကြလောက်ပြီ။ ကျောင်းမှာ ငါဘယ်လိုမျက်နှာပြရမလဲမသိတော့ပါဘူးဟယ်"
စုမန်မန်လည်း သက်ပြင်းချလိုက်ပြီးမှ
"ဒီလိုကြီးဖြစ်သွားတော့ နင့်ကို ဘယ်လိုနှစ်သိမ့်လို့ နှစ်သိမ့်ရမှန်းကို ငါမသိတော့ဘူး"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ချူးယန်ဟာ ရဲ့ချူးဝမ်အား အလွန်ယုံကြည်ကိုးစားခဲ့သည်။ အခုလိုမျိုး ရဲ့ချူးဝမ်က လုပ်သွားလိမ့်မည်ဟာ သူမမျှော်လင့်မထားခဲ့ချေ။ ဒါ့ကြောင့် သူမဟာ ကျောင်းတက်ရမှာတော့ ရှက်နေတော့သည်။
အကယ်၍ ချစ်မိသွားခဲ့ရင်တောင်မှ ကျောင်းမှာ ချစ်သူထားခွင့်မရှိတဲ့စည်းကမ်းရှိသည့်အတွက် တစ်ယောက်နဲ့တစ်ယောက် ရည်းစားမဖြစ်အောင် ထိန်းချုပ်ထားသင့်ပေသည်။
အခုတော့ ချစ်သူတွေဖြစ်သွားတဲ့အပြင် လူမြင်ကွင်းပန်းခြံလိုနေရာမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နမ်းရှုံ့နေခဲ့ကြသည်။
ဒါဟာနှစ်ယောက်လုံးအတွက် နာမည်ပျက်ဖြစ်သွားပြီဆိုပေမယ့် မိန်းကလေးတွေဘက်မှာ ပိုပြီးတော့နာမည်ပျက်ပေသည်။
ယွမ်ချူးယန်ဟာ တွေးလေ တွေးလေ ဒေါသထွက်ကာ ရှက်ရွံ့လာလေဖြစ်သည်။
တဖက်မှာတော့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ မီးအလင်းရောင်အောက်ဟာ ကျောင်းစာတွေကို ပြန်လည်လေ့ကျင့်နေခဲ့ကြသည်။
သူမတို့ဟာ တစ်ဖက်အခန်းမှ ရဲ့ချူးဝမ်၏ငိုရှိုက်သံကိုလည်း ကြားနေကြရ၏။ ရဲ့ချူးဝမ်ဟာ အချိန်အကြာကြီး ငိုနေခဲ့သည်။
ယွမ်ချူးရွယ်က သက်ပြင်းချကာ
"အခုမှ ငိုနေလို့လည်း အလကားဘဲဟာကို။ ငိုနေသေးတယ်"
ဟု ရေရွတ်လိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ
"ချူးရွယ်၊ လူတွေက အချစ်နဲ့တွေ့ရင် ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးကုန်ကြတာက ထုံးစံဘဲလေ။လူတွေက အချစ်အတွက်နဲ့အရာရာကို စတေးရဲလာကြတယ်။ ပေးဆပ်ရဲလာကြတယ်။ မလုပ်ရဲတာတွေကိုလည်း လုပ်ဆောင်ရဲလာကြတယ်။ ဒါတွေဟာ အချစ်ရဲ့စွမ်းအား ဘယ်လောက်တောင်ကြီးတယ်ဆိုတာကို ပြနေတာဘဲလေ"
ဟု ပြောပြလိုက်သည်။
"ညီမ နားမလည်သေးဘူး"
ရဲ့ချူးဝမ်က ခေါင်းယမ်းလျက် ပြန်ပြောလိုက်သည်။
ယွမ်ရိက
"ဖြစ်တတ်ပါတယ်။ ဒါမျိုးက ကိုယ်တိုင်ကြုံဖူးမှ နားလည်တဲ့အရာမျိုး"
ဟု ပြန်ပြောပြလိုက်တော့သည်။
ထိုနေ့ညမှာဘဲ ယွမ်ရိတို့ရပ်ကွက်အတွင်း ရုပ်ရှင်ပြနေပါသည်။ ဒါပေမယ့် ယွမ်အိမ်ကတစ်ယောက်မျှ ရုပ်ရှင်သွားမကြည့်ခဲ့ကြပေ။
ဒါ့ကြောင့် ရုပ်ရှင်ပြသည့်နေရာမှ ယွမ်မျိုးရိုးတွေကို တစ်ယောက်မှ တွေ့ရမှာမဟုတ်ချေ။
လူစုလူဝေးများပြီး ရုပ်ရှင်ကလေး မစသေးသဖြင့် လူတွေဟာ ဟိုတစ်စုဒီတစ်စုဖြင့် အတင်းပြောနေကြတော့သည်။
"ဟဲ့၊ ယွမ်အိမ်က သမီးရဲ့သတင်းကို သိပြီးကြပြီလား။ သူမက လုအိမ်က ကောင်လေးနဲ့ပန်းခြံထဲမှာ ပွေ့ဖက်နေတာတဲ့။ အဲ့တာကို ရပ်ကွက်ထဲက မိန်းမတွေနဲ့ပက်ပင်းတိုးဖမ်းမိတာဆိုဘဲ"
တစ်စုံတစ်ယောက်က သေချာမသိသေးသည့်အတွက်
"ယွမ်အိမ်က ဘယ်သူတုန်းဟဲ့"
ဟု မေးမြန်းလိုက်၏။
"ဪ၊ ဘယ်သူရှိရမှာတုန်း။ ရဲ့ချူးဝမ်ဆိုတဲ့တစ်ယောက်ပေါ့အေ"
ဟု သိတဲ့သူက ပြန်ဖြေပေးလိုက်တော့သည်။