Chapter 78

2K 217 0
                                    

အပိုင်း - ၇၈
ယွမ်ရိဟာ စက်ဘီးပြင်ဆိုင်အတွင်းမှ ထွက်ခါနီးမှာဘဲ ရပ်လိုက်သည်။ ပြီးနောက် ရှဲ့တုန်းယန်အား ပြန်လှည့်ကြည့်ကာ
"စကားမစပ်၊ စက်ဘီးကိုမှလေ နောက်တွဲတပ်ထားတဲ့ဟာမျိုးလေး တစ်စီးကိုလည်း ဖြစ်နိုင်ရင် ရှာထားပေးပါဦး"

"ဘာလုပ်ရအောင်လို့လည်း"
ရှဲ့တုန်းယန်က ယွမ်ရိအား ပြန်မေးလိုက်သည်။

"ကုန်ပစ္စည်းတွေကို သယ်ရတဲ့အခါ အဆင်ပြေအောင်လို့ပေါ့"
ယွမ်ရိက ပြန်ဖြေပေးလိုက်၏။

ရှဲ့တုန်းယန်လည်း ခေါင်းညိတ်လိုက်ပြီး
"ရှာတာက ရှာပေးလို့ရပါတယ်။ ဒါပေမယ့် ငွေကုန်ကြေးကျတော့ ပိုးများမယ်နော်"
ဟု ပြောလိုက်၏။

ယွမ်ရိလိုချင်နေသည့် အပ်ချုပ်စက်နဲ့နောက်တွဲပါသည့်စက်ဘီးနှစ်မျိုးလုံးက တစ်ပတ်ရစ်တွေဖြစ်ပေမယ့် ဈေးကတော့ သေးမှာမဟုတ်ပေ။

သူကိုယ်တိုင်လည်း ထိုပစ္စည်းနှစ်မျိုးအား စိုက်ဝယ်ပေးဖို့အတွက် မတတ်နိုင်ချေ။ ဒါ့ကြောင့် ယွမ်ရိအား ပွင့်ပွင့်လင်းလင်း ပြောလိုက်ရခြင်းပင်။

"အဲ့တာဆို ဘယ်လောက်‌,လောက် ပေးထားခဲ့ရမလဲ"
ယွမ်ရိက ပြန်မေးလိုက်သည်။

"ယွမ် ၃၀ လောက် ပေးထားခဲ့လေ။ ကျန်တဲ့လိုတာ ပိုတာကိုတော့ ပစ္စည်းရမှ ဆက်ပြောကြတာပေါ့"
ရှဲ့တုန်းယန်က ပြန်ဖြေပေးလိုက်၏။

‌ဒီခေတ်ဒီအခါမှာ ယွမ် ၃၀ ဆိုသည်က အခြေခံအလုပ်သမားတစ်ဦး၏ တစ်လဝင်ငွေဖြစ်သည်။

ဒါပေမယ့် ယွမ်ရိမှာတော့ စု‌ထားဆောင်းထားတာတွေရှိနေသေး၏။ ဒါ့ကြောင့် ယွမ်ငွေ ၃၀ အား ချက်ချင်းဘဲ ရှဲ့တုန်းယန်ကို ထုတ်ပေးလိုက်ကာ
"ပစ္စည်းတွေကို မြန်မြန်လေးနဲ့ ကောင်းတာလေးတွေ‌ရအောင် ရှာပေးပါနော်"
ဟု ပြောလိုက်၏။

ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"စိတ်ချထားလိုက်စမ်းပါ။ တစ်ပတ်အတွင်း နင်လိုချင်တဲ့ပစ္စည်းတွေကို ငါသေချာရှာထားလိုက်မယ်"
ဟု ပြန်ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတင်ရှင်"
ယွမ်ရိက အပြုံးလေးဖြင့် ကျေးဇူးတင်စကားဆိုလိုက်၏။

ထိုအခါ ရှဲ့တုန်းယန်က ခေါင်းယမ်းလိုက်ပြီး
"ကျေးဇူးတင်စကားတွေ ဘာတွေ မလိုပါဘူးဟာ။ နင်သာငါ့ကို ကုန်ပစ္စည်းတွေ ဝယ်ဖို့ စက်ရုံတွေကိုလိုက်ခဲ့ပေးရင် ရပြီ"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိလည်း သူမ၏ထီးကိုပြန်ဖွင့်ရင်းဖြင့်
"ကောင်းပြီ။ နောက်အပတ်မှာ ငါပြန်လာခဲ့မယ်"
ဟု ပြောကာ နှုတ်ဆက်လိုက်၏။

ပြီးတာနဲ့ နှင်းရည်စက်တွေ တဖွဲဖွဲကျနေသော အပြင်ဘက်ကို ထွက်သွားတော့သည်။

အချိန်တွေဟာ ရပ်တန့်မနေဘဲ အမြဲရှေ့ဆက်နေ၏။

ယွမ်ကျဲဟာ ယွမ်ရိနဲ့ တစ်ကျောင်းတည်းအတူတူမနေရတာမို့ အားလပ်ချိန်တချို့မှာ ယွမ်ရိအား လာတွေ့လေ့ရှိသည်။

ဒါပေမယ့်လည်း ယွမ်ကျဲဟာ သူမ၏အားလပ်ချိန်အများစုအား စာကြည့်တိုက်မှာဘဲ ကုန်ဆုံးတာများလာ၍ ယွမ်ရိထံသို့တစ်ပတ်မှ တစ်ခေါက်လောက်သာလျှင် သွားလည်ဖြစ်သည်။

သူမနဲ့ယှဉ်လျှင် ယွမ်ရိကတော့ တက္ကသိုလ်ကျောင်းသူဘဝအား ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းလို့နေသည်။ သူမက စာကိုကြည့်သင့်သလောက်သာ ကြည့်ကာ အမြဲတမ်းကြီး ကြည့်မနေတော့ချေ။

သူမ၏နေ့ရက်တွေကိုလည်း စာသင်လိုက်၊ စာကြည့်တိုက်သွားလိုက်ဖြင့် ကုန်ဆုံးခဲ့သည်။ ထိုထဲတွင် အားလပ်ချိန်များတော့ မပါဝင်ခဲ့ချေ။

ဒီလိုနဲ့ တနင်္ဂနွေနေ့သို့ ပြန်ရောက်လာပြသည်။

ထိုနေ့တွင် သူမ၏အခန်းဖော်ကတော့ ပုံမှန်အတိုင်း နေမြင့်သည်အထိ အိပ်‌နေခဲ့သည်။
သူမကတော့ စောစောထ၊ ပြင်ဆင်ပြီး ကန်တင်းမှာ မနက်စာ သွားစားလိုက်သည်။

ပြီးတာနဲ့သူမဟာ ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်ရှိရာကို ထွက်လာခဲ့တော့သည်။

ဟိုကိုရောက်တော့ ရှဲ့တုန်းယန်ဟာ ဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်နေတုန်းပင် ရှိသေးသည်။

ရှဲ့တုန်းယန်က ယွမ်ရိရောက်လာတာကိုမြင်တော့
"မင်းဒီနေ့ အစောကြီးလာလိမ့်မယ်လို့ ငါထင်တော့ထင်သားဘဲ။ ဒါ့ကြောင့်မို့လည်း ငါအစောကြီးထပြီးဆိုင်ဖွင့်နေတာ"
ဟု ပြောလိုက်သည်။

ယွမ်ရိက စက်ဘီးကိုရပ်လိုက်ပြီး ရှဲ့တုန်းယန်ကိုကြည့်ကာ
"ဘယ်လိုလဲ။ အရင်အပတ်တုန်းက ပြောထားတဲ့ပစ္စည်းတွေ ရပြီလား"
ဟု မေးလိုက်၏။

ရှဲ့တုန်းယန်က
"မင်းကိုယ်တိုင်သာ ကြည့်လိုက်တော့"
ဟု ပြောကာ ဆိုင်အတွင်းသို့ဝင်လိုက်သည်။

ယွမ်ရိလည်း ရှဲ့တုန်းယန်၏နောက်ကနေ စက်ဘီးပြင်ဆိုင်ထဲကို ဝင်လိုက်သည်။

အတွင်းကိုရောက်တော့ ဘီးသုံးဘီးဖြင့်နောက်တွဲပါစက်ဘီးရယ်၊ ထိုစက်ဘီးပေါ်မှာတင်ထားသည့် အပ်ချုပ်စက်ရယ်ကို သူမမြင်လိုက်ရသည်။

ပစ္စည်းနှစ်ခုလုံးက တစ်ပတ်ရစ်ဟုပင် မထင်ရလောက်အောင် အလတ်ကြီးတွေဖြစ်၏။ ထိုကဲ့သို့အလတ်ကြီးတွေကိုရရန် ရှဲ့တုန်းယန်တစ်ယောက် တော်တော်လေးရှာခဲ့ရမည့်ပုံပင်။

ယွမ်ရိလည်း ရှဲ့တုန်းယန်ကိုကြည့်လျက်
"သုံးဘီးစက်ဘီးပေါ်က အပ်ချုပ်စက်ကို အောက်ချပေးပါလား။ သုံးဘီးစက်ဘီးကို စမ်းစီးကြည့်ချင်လို့"

ထိုအခါ ရှဲ့တုန်းယန်က ယွမ်ရိကိုပြန်ကြည့်လျက်
"ဘာလို့လည်း ငါ့ကိုမယုံလို့လား"
ဟု ပြန်မေးလိုက်သည်။

ယွမ်ရိက ခေါင်းအသာယမ်းကာ
"အဲ့တာကြောင့်မို့ မဟုတ်ဘူး။ ဒီတိုင်းဘဲ စီးကြည့်ချင်လို့ပါ"
ဟု ပြန်ဖြေပေးလိုက်၏။

ရှဲ့တုန်းယန်လည်း ယွမ်ရိအား ခေါင်းညိတ်ပြလိုက်ပြီး သုံးဘီးစက်ဘီးပေါ်ကနေ အပ်ချုပ်စက်ကို ဖယ်ပေးလိုက်သည်။

ယွမ်ရိလည်း သုံးဘီးစက်ဘီးအား စက်ဘီးပြင်ဆိုင်အပြင်ကိုတွန်းလာပြီး စီးကြည့်လိုက်သည်။

အချိန်ခဏမျှစီးပြီးသည့်နောက် ယွမ်ရိက ရှဲ့တုန်းယန်အနီးမှာ ရပ်လိုက်၏။

ရှဲ့တုန်းယန်က မေးဆက်လျက်
"ဘယ်လိုလဲ။ စီးရတာ အဆင်ပြေတယ်မလား"
ဟု ပြောလိုက်သည်။

ယွမ်ရိက ခေါင်းညိတ်ကာ
"အင်း။ စီးရတာက အဆင်ပြေပါတယ်။ ဒီဟာတွေကို တော်တော်လေးအချိန်ယူပြီး ရှာရလိမ့်မယ်လို့ ငါအစတုန်းကထင်ထားတာ"
ဟု ပြောလိုက်၏။

ထိုအခါ ရှဲ့တုန်းယန်က ခါးဆန့် ရင်ကော့လျက်
"အစတည်းက ငါပြောပြီးသားလေ။ ငါက ဆရာကြီးရှဲ့ဆန်းပါဆိုနေ။ ဒီမြို့ထဲမှာ ငါပါရင် အကုန်ပြီးပြီးသားဘဲ"
ဟု ကိုယ့်ဂုဏ်ကိုယ် ပြန်ဖော်လိုက်သည်။

ယွမ်ရိလည်း ရှဲ့တုန်းယန်အား မျက်စိလှန်ပြီးတော့သာ ကြည့်လိုက်သည်။

ထို့နောက် သုံးဘီးစက်ဘီးအား စက်ဘီးပြင်ဆိုင်အတွင်းသို့ ပြန်တွန်းပို့လိုက်သည်။

ထိုလုပ်ရပ်ကို ရှဲ့တုန်းယန်က နားမလည်သဖြင့်
"ဘာလို့ သုံးဘီးစက်ဘီးကို ဆိုင်ထဲပြန်သွင်းနေတာတုန်း"
ဟု မေးလိုက်၏။

"နင်ဘဲ ကုန်ပစ္စည်းတွေဝယ်ချင်လို့ စက်ရုံကိုလိုက်ခဲ့ပေးဦးလို့ အရင်အပတ်တုန်းက ပြောထားတာမဟုတ်ဘူးလား။ ဒါ့ကြောင့် ဒီဟာတွေကို နင့်ဆိုင်မှာဘဲ ထားခဲ့လိုက်မယ်လေ။ အပြန်ကျမှ ဝင်ယူလိုက်တော့မယ်"
ယွမ်ရိက ရှင်းပြလိုက်၏။

ယွမ်ရိ၏ရှင်းပြချက်ကြောင့် ရှဲ့တုန်းယန် အလွန် စိတ်လှုပ်ရှားသွားတော့သည်။
"ဝိုးး ကောင်းလိုက်တာ"

ယွမ်ရိက သူမ၏စက်ဘီးပေါ်ကိုတက်ရင်းဖြင့်
"နင် စက်ဘီးယူပြီး ငါ့နောက်ကနေလိုက်ခဲ့"
ဟု ပြောလိုက်တော့သည်။

ရှဲ့တုန်းယန်လည်း  ချက်ချင်းပင် သူ့စက်ဘီးကိုထုတ်ကာ ဆိုင်ဖွင့်ရန်ပြင်နေရာကနေ ဆိုင်ကိုပြန်ပိတ်လိုက်သည်။

ပြီးတာနဲ့ယွမ်ရိနဲ့အတူတူ စက်ရုံများသို့ ခရီးဦးတည်လိုက်ကြတော့၏။

သူတို့ဟာ တဖြည်းဖြည်းဖြင့် ရထားဘူတာရုံဘက်သို့ရောက်လာကြတော့သည်။ ပြီးတာနဲ့ ယွမ်ရိက ရထားလက်မှတ်တွေဖြတ်လိုက်၏။

ဒါ့ကြောင့် ရှဲ့တုန်းယန်က အံ့အားသင့်သွားပြီး
"အစတုန်းက မြို့ထဲက စက်ရုံတွေကိုဘဲ သွားမယ်ထင်နေတာ"
ဟု ပြောလိုက်သည်။

ယွမ်ရိက
"မြို့ထဲက စက်ရုံတွေထက်စာရင် မြို့ပြင်ကစက်ရုံတွေက ပိုပြီးဈေးသက်သာတယ်။ သွားစရိတ်လာစရိတ်နဲ့ သယ်ယူစရိတ်ကလည်း ဘယ်လောက်မှမကွာဘူး။ ဒါ့ကြောင့်မို့ မြို့ပြင်က စက်ရုံတွေဘက်ကို တစ်ခါတည်း ထွက်လာလိုက်တာ"

ယွမ်ရိစကားကြောင့် ရှဲ့တုန်းယန်က ယွမ်ရိကိုလက်မထောင်ပြလိုက်ကာ
"ပီကင်းတက္ကသိုလ်မှာ တက်ရောက်နိုင်တဲ့သူလို့ မပြောရဘူး။ အရမ်းအကွက်မြင်တာဘဲ"
ဟု ချီးမွမ်းလိုက်သည်။

ထိုအချိန်မှာဘဲ ရထားဟာ ဘူတာမှထွက်ခွာဖို့အတွက် ဥဩဆွဲတော့သည်။

ဒါ့ကြောင့် ယွမ်ရိနဲ့ရှဲ့တုန်းယန်တို့လည်း ရထားပေါ်ကို ခပ်သွက်သွက်လေး တက်လိုက်ကြ‌သည်။

ရထားပေါ်ရောက်ပြီး ထိုင်ခုံပေါ်ထိုင်ပြီးတာနဲ့ ရှဲ့တုန်းယန်က ယွမ်ရိအား
"ဒါနဲ့ နင်က တက္ကသိုလ်လည်း တက်သေးတယ်။ အားရင်အားသလိုမြို့ထဲက စက်ရုံတွေကိုလည်း လျှောက်စုံစမ်းသေးတယ်။ မပင်ပန်းဘူးလား။ ငါဆိုရင် စက်ဘီးပြင်ဆိုင်လေးကို ဖွင့်နေရတာနဲ့တင် အချိန်ကုန်နေတော့ အခြားဟာတွေအတွက် အချိန်မပေးနိုင်တော့ဘူး"
ဟု ပြောလိုက်၏။

ယွမ်ရိက ရှဲ့တုန်းယန်အား ခေါင်းလေးအသာစောင်းကြည့်ကာ
"နင်မလုပ်နိုင်တိုင်း ကျန်တဲ့သူတွေမလုပ်နိုင်တော့တာမဟုတ်ဘူးလေ"

ရှဲ့တုန်းယန် : "............"

ယွမ်ရိက ဆက်လက်ပြီး
"ဒါနဲ့ နင်က ဘာလို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ထပ်မဖြေတာလဲ"
ဟု ပြန်မေးလိုက်၏။

ထိုအခါ ရှဲ့တုန်းယန်က ခေါင်းအနည်းငယ်ငိုက်ကျသွားပြီး
"ပထမအကြိမ်တုန်းကတောင် မအောင်တာ ဒုတိယအကြိမ်အတွက်လည်း ငါ့ကိုယ်ငါ ယုံကြည်ချက်သိပ်မရှိဘူး။ အဓိက,ကတော့ နောက်တစ်ကြိမ်ဝင်ခွင့်စာမေးပွဲအတွက် ဘာပြင်ဆင်မှုမျိုးကိုမှ ငါလုပ်မထားဘူး"
ဟု ပြောလိုက်တော့သည်။

လူတိုင်းမှာကလည်း သူ့အခက်အခဲနဲ့သူ ရှိနေကြတာမို့ ယွမ်ရိလည်း ဘာပြောလို့ပြောရမှန်း မသိတော့ချေ။

သူမ သိသမျှထဲတွင် ရဲ့ချူးဝမ်သည်လည်း ရှဲ့တုန်းယန်ကဲ့သို့ပင်။

ရဲ့ချူးဝမ်ဟာ ကျရှုံးသွားပြီးကတည်းက ပြန်လည်ခေါင်းမထူနိုင်တော့သည့်သူပင်။

သူမက အရင်လိုမလိမ္မာတော့ဘဲ နေချင်သလိုနေ,နေတဲ့အကြောင်းအား ယွမ်ချူးရွယ်ပို့လိုက်သည့်စာထဲမှာ ရေးသားထားသည်။

ဒါ့ကြောင့် အဖေက ရဲ့ချူးဝမ်ကို လူအများနဲ့ပူပေါင်းလုပ်ဆောင်ရမည့် ကျေးလက်ဒေသက ထုတ်လုပ်ရေးအဖွဲ့တစ်ခုထံ ပို့ဆောင်ခဲ့သည်။ သူမအနေနဲ့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရင်းဖြင့် လောကကြီးအကြောင်း ပိုသိလာကာ လိမ္မာလာမည်ဟု ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့က မျှော်လင့်နေကြတာပင်။

ဒီတစ်နှစ်တာကာလအတွင်း ယွမ်ရိဟာ ယွမ်ချူးရွယ်ထံမှ စာပေါင်းများစွာကို ရရှိခဲ့သည်။ ယွမ်ရိဟာ သူမအမေထံမှပင် စာ‌တစ်စောင်လက်ခံရရှိခဲ့သေး၏။

ထိုစာထဲတွင် သူမအား အိမ်ကိုအလည်ပြန်လာရန်နဲ့ကျန်းမာရေး ဂရုစိုက်ရန် မှာကြားထားသည်။ ဒါ့အပြင် သူမအမေက သူမအတွက် ထိုစာနဲ့အတူ မုန့်တွေ၊ အဝတ်အစားအသစ်တွေကိုပါ ပို့ပေးလိုက်ပါသေးသည်။

ဒါ့ပေမယ့် ယွမ်ရိကတော့ ယွမ်ချူးရွယ်ကလွဲပြီး ဘယ်သူ့ကိုမှ ပြန်စာရေးမပို့ပေးခဲ့ချေ။

ရုတ်တရက် ရထားက ရပ်သွားကာ ရှဲ့တုန်းယန်လည်း အတွေးများနေသည့် ယွမ်ရိအား လှုပ်နှိုးလိုက်သည်။
"သွားကြစို့"

ထို့နောက် သူတို့နှစ်ယောက်ဟာ ရထားပေါ်ကနေ ဆင်းလာကြသည်။

ရထားဘူတာရုံ၏အပြင်ကိုရောက်တော့ ရှဲ့တုန်းယန်က ယွမ်ရိအား
"သွားရမယ့် စက်ရုံက ဝေးသလား"
ဟု မေးမြန်းလိုက်သည်။

"အရမ်းမဝေးဘူး။ ခဏလောက် လမ်းလျှောက်သွားလိုက်ရင် ရောက်ပြီ"
ယွမ်ရိက ပြန်ဖြေပေးလိုက်၏။

စက်ရုံအတွင်းကို ဝင်ခါနီးမှာဘဲ ယွမ်ရိက သူမ၏လွယ်အိတ်အတွင်းမှ အိတ်ကြီးနှစ်အိတ်ကို ထုတ်ယူလိုက်သည်။

တစ်အိတ်ကို ရှဲ့တုန်းယန်အား ပေးလိုက်ရင်းဖြင့်
"ဒီမှာရော့။ ဒီစက်ရုံမှာ ငါတို့လိုတာအကုန်ရှိတယ်။ ဒါ့ကြောင့် နင်လည်း နင်ကြိုက်တာ သွားရွေးလာခဲ့။ ငါလည်း ငါလိုချင်တာ သွားရွေးလိုက်မယ်။ ပြီးရင် ဒီနေရာမှာဘဲ ပြန်ဆုံကြတာပေါ့"
ဟု ပြောလိုက်၏။

ထို့နောက် ရှဲ့တုန်းယန်၏ တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ စက်ရုံအတွင်းသို့ လှစ်ကနဲ ဝင်ရောက်သွားတော့သည်။

ရှဲ့တုန်းယန် : "........."
ရှဲ့တုန်းယန်လည်း ယွမ်ရိပေးသည့် အိတ်ကိုယူလျက် စက်ရုံထဲဝင်သွားလိုက်တော့သည်။

ယွမ်ရိဟာ စက်ရုံနဲ့ရင်းနှီးပြီးသားဖြစ်တာမို့ တာဝန်ခံနဲ့တွေ့ဆုံကာ သူမ လာရောက်ရသည့် အကြောင်းရင်းကို ပြောပြလိုက်၏။

ပြီးတာနဲ့ စတင် ဝယ်ယူတော့သည်။

သူမက ကြယ်သီးတွေ၊ ဦးထုပ်တွေ၊ ပိတ်စတွေ၊ ခြေအိတ်တွေ၊ လည်စည်းပါဝါတွေ အစရှိသဖြင့် သူမမျက်စိအတွင်း သင့်လျော်တာမှန်သမျှ သူမယူလာသောအိတ်အတွင်းသို့ ကောက်ထည့်ခဲ့သည်။

သူမစိတ်ကြိုက် ရွေးချယ်ဝယ်ယူပြီးသည့်နောက်မှာ အိတ်ကြီးကို ဆွဲလျက် ရှဲ့တုန်းယန်နဲ့ပြန်ဆုံရန် သတ်မှတ်ထားသော နေရာမှာ ရှဲ့တုန်းယန်အား ပြန်စောင့်နေလိုက်သည်။

ခဏကြာတော့ ရှဲ့တုန်းယန်လည်း အထုပ်ကြီးတစ်ထုပ်ကို ဆွဲလျက် ယွမ်ရိအနားကို ပြန်ရောက်လာတော့သည်။

ယွမ်ရိလည်း ရှဲ့တုန်းယန်ပြန်လာတာကိုမြင်တော့
"သွားကြစို့"
ဟုပြောကာ သူမ၏အထုပ်ကြီးအား မ,လိုက်တော့သည်

ထိုအခါ ရှဲ့တုန်းယန်က ယွမ်ရိလက်ထဲမှ အထုပ်အား ယူလိုက်ကာ
"ပေးပါ။ ငါသယ်ခဲ့ပေးမယ်"
ဟု ပြောလိုက်သည်။

ဒါ့ကြောင့် ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ဒါဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
ဟု ပြောလိုက်၏။

ထို့နောက် နှစ်ယောက်သား ရထားဘူတာရုံသို့ လမ်းလျှောက်ပြန်လာလိုက်ကြတော့သည်။

လမ်းမှာ ရှဲ့တုန်းယန်က ယွမ်ရိအား
"ဒါနဲ့ နင်က ဘာတွေများ ဝယ်လာတာလဲ"
ဟု မေးလိုက်သည်။

"အပ်တွေ၊ အပ်ချည်လုံးတွေ၊ ပိတ်စတွေ အစုံပါဘဲဟာ"
ဟု ပြန်ဖြေလိုက်ပြီး
"နင်ရော ဘာတွေ ဝယ်လာခဲ့တာတုန်း"
ဟု ပြန်မေးလိုက်၏။

"ငါတော့ ရောင်းလို့ကောင်းမယ်ထင်တဲ့ ပစ္စည်းတွေကို ဝယ်ခဲ့တာဘဲ။ ဒါပေမယ့် ရောင်းမကောင်းရင်ကတော့ ပြီးပါလေရောဘဲ။ ဒါတွေကို ဝယ်ဖို့ ငါ့မိသားစုကနေပါ ငွေနည်းနည်းယူလာခဲ့သေးတာဟ"
ဟု အနည်းငယ် ညည်းညူဟန်လေးဖြင့် ယွမ်ရိမေးခွန်းအား ဖြေပေးလိုက်တော့သည်။

ယွမ်ရိလည်း ရှဲ့တုန်းယန်အား မျက်စိကို ထောင့်ကပ်လျက် အသာ စောင်းကြည့်လိုက်သည်။

ထိုအခါ ရှဲ့တုန်းယန်တစ်ယောက် အိတ်အလေးကြီးနှစ်လုံးအား သယ်ထားရတာကို သတိပြုမိလိုက်ပြီး
"နောက်တစ်ခေါက်လာတဲ့အခါကျရင် သုံးဘီးစက်ဘီးလေး ယူလာကြတာပေါ့"
ဟု ပြောလိုက်သည်။

ရှဲ့တုန်းယန်လည်း ခေါင်းအသာညိတ်လျက် ယွမ်ရိ၏စကားအား ထောက်ခံလိုက်တော့သည်။

ထို့နောက် ဘူတာရုံကို ရောက်သည့်အခါ ရထားလက်မှတ်ဖြတ်ထားလိုက်ပြီး ရထားထွက်မည့်အချိန်အား စောင့်နေလိုက်ကြတော့သည်။

မကြာမီမှာဘဲ ရထားထွက်ဖို့အတွက် ဥဩဆွဲလာ၏။
ဒါ့ကြောင့် သူတို့နှစ်ယောက်လည်း ရထားပေါ်သို့ တက်လာလိုက်ကြတော့သည်။

တစ်ဖက်ဘူတာမှာ သူမတို့နှစ်ယောက်က စက်ဘီးတွေကို ရပ်ထားခဲ့ကြသဖြင့် ပစ္စည်းများအား စက်ဘီးပေါ်တင်လျက် သက်သောင့်သက်သာဖြင့်ပင် ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်ကို ပြန်ရောက်လာခဲ့ကြတော့သည်။

"ဒါနဲ့ ငါတို့တွေ ဘယ်နေရာမှာ ဆိုင်ဖွင့်ကြမှာလဲ"
ယွမ်ရိက ရှဲ့တုန်းယန်အား မေးလိုက်သည်။

ရှဲ့တုန်းယန်က
"အဲ့တာအတွက် စိတ်မပူပါနဲ့။ ငါ လူသွားလူလာများတဲ့ အချက်အချာနေရာတစ်ခုကို တွေ့ထားတယ်။ အဲ့မှာ သွားရောင်းကြတာပေါ့"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဒါပေမယ့် ငါက တနင်္ဂနွေတစ်ရက်ဘဲ အားတာ။ အဲ့တစ်ရက်ဘဲ ဆိုင်ကိုလာဖြစ်မှာနော်"
ဟု ထပ်ပြောလိုက်သည်။

"ရပါတယ်ဟာ"
ရှဲ့တုန်းယန်က လက်ကိုခါယမ်းလျက် ပြောလိုက်သည်။

ထို့နောက် ယွမ်ရိလည်း သူမဝယ်လာသော အထုပ်ကြီးအား သုံးဘီးစက်ဘီးပေါ်တင်ကာ ပြန်ဖို့ပြင်လိုက်သည်။ ပြီးမှ သူမ အတွေးပေါက်သွားပြီး
"တုန်းယန်။ ငါ့ပစ္စည်းတွေကို ဒီမှာ ထားခဲ့လိုက်မယ်။ မပျက်စီးအောင် ဂရုစိုက်ဦးနော်"
ဟု မှာလိုက်သည်။

ရှဲ့တုန်းယန်က ခေါင်းညိတ်လျက်
"အင်းပါ။ စိတ်ချလက်ချ ထားခဲ့လိုက်"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိက ဆက်လက်ပြီး
"ဪ၊ ပြီးတော့ ပစ္စည်းတွေကိုတင်ဖို့ သစ်သားစင်လေးတစ်လုံးလောက်လည်း ငါ့အတွက် ရှာပေးပါဦး။ လိုတဲ့ငွေကို နောက်အပတ်ငါလာတဲ့အခါ ပေးပါ့မယ်"
ဟု ထပ်မံတောင်းဆိုလိုက်သည်။

ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"ကောင်းပြီ။ ငါရှာထားလိုက်မယ်"
ဟု ပြောလိုက်သည်။

ထို့နောက် ယွမ်ရိလည်း ရှဲ့တုန်းယန်၏ဆိုင်ထဲက ထွက်လာခဲ့လိုက်တော့သည်။

နောက်တစ်နေ့တွင် ရှဲ့တုန်းယန်က သူဝယ်လာသည့်အထုပ်ကြီးကို မလျက် မိန်းလမ်းကြီးဘေးမှာ သွားရောက် ရောင်းချခဲ့သည်။

ညနေခင်း ဈေးရောင်းပြီး၍ စက်ဘီးပြင်ဆိုင်ကို ပြန်လာပြီးသည့်နောက် ရှဲ့တုန်းယန်ဟာ တစ်နေ့တာရောင်းရငွေအား စီစစ်ကြည့်လိုက်သည်။

ထိုသို့စီစစ်ပြီးသည့်နောက် အချိန်တစ်ခုမျှ တိတ်ဆိတ်သွားသည်။
"ယွမ်ငွေ ၃၀ ကျော်!!!!!"
ပြီးမှ အံ့ဩတကြီး ထအော်လိုက်သည်။
"ဒီလောက်တောင် ရောင်းလိုက်ရတာလား။ ဒါဆိုရင် တစ်လလောက်သာ ရောင်းလိုက်ရလို့ကတော့........."


ထိုကဲ့သို့တွေးမိပြီး ရှဲ့တုန်းယန်တစ်ယောက် အလွန်စိန်လှုပ်ရှားသွားကာ ထခုန်မိလိုက်တော့သည်။

ပုံမှန်အားဖြင့် ယွမ် ၃၀ ဟာ အခြေခံလူတစ်ယောက်၏တစ်လဝင်ငွေဖြစ်နေ၍ တော်တော်လေးများနေပြီဖြစ်သည်။

"ဘာတွေများ ဒီလောက်ပျော်နေရတာတုန်း"
ထိုအချိန်မှာဘဲ ဆိုင်ရှေ့ကနေ အသံတစ်ခုကြားလိုက်ရ၍ ရှဲ့တုန်းယန်လည်း လှည့်ကြည့်လိုက်သည်။

ထိုအခါ ယွမ်ရိကို မြင်လိုက်ရသဖြင့်
"ဟေး၊ တနင်္ဂနွေနေ့လည်း မဟုတ်ဘဲနဲ့ ဘာလို့ရောက်လာရတာလဲ"
ဟု မေးလိုက်သည်။

ယွမ်ရိက
"တက္ကသိုလ်က အတန်းချိန်တွေ ပြီးသွားလို့ ခဏတဖြုတ်လာတာပါ။ ဒါနဲ့ နင်ပျော်နေပုံထောက်ရင်‌ တော်တော်လေး စီးပွားဖြစ်ခဲ့ပုံဘဲ"
ဟု ပြောလိုက်၏။

ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"သေချာ‌တာပေါ့"
ဟု ဖြေပေးလိုက်သည်။

ယွမ်ရိကလည်း ခေါင်းညိတ်လိုက်ပြီးမှ
"စီးပွားဖြစ်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီအကြောင်းတွေကို ငါတို့နှစ်ယောက်ကြားမှာဘဲ ထားရမယ်နော်။ အခြားဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး။ ဒီလိုအခွင့်အလမ်းရဖို့အတွက် ငါ့ဘက်က အချိန်တွေအများကြီး အပင်ပန်းခံထားရတာ။ ကိုယ့်ဦးနှောက်ကို သူများဖောက်စားသွားမယ့်အဖြစ်မျိုးတော့ ငါ အဖြစ်မခံနိုင်ဘူး"
ဟု သတိပေးလိုက်၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now