အပိုင်း - ၁၀၃.၁
ရထားတစ်စီးဟာ ဂျုန်းဂျုန်းဂျက်ဂျက်မြည်သံပေးလျက် နယ်မြေတွေ တစ်ခုပြီးတစ်ခုအား ဖြတ်သန်းလို့နေသည်။
ထိုရထားကြီး၏အခန်းတစ်ခုမှာတော့ ယွမ်ရိတစ်ယောက် အိပ်ပျော်နေ၏။ ရုတ်တရက် ရထားကြီး ယိမ်းခါသွားမှုနဲ့အတူ ယွမ်ရိလည်း အိပ်နေရာကနေ နိုးလာပြီး
"ဝှါးးးး ရောက်တော့မှာလား"
ဟု သူမဘေးမှာ ပါလာသည့် လင်းယောင်ကို မေးလိုက်သည်။
"အွန်း၊ ရောက်ခါနီးပြီ။ နောက်နာရီဝက်လောက်ဆိုရင် ရောက်ပြီ"
လင်းယောင်က ပြန်ဖြေပေးလိုက်၏။
ယခု သူတို့နှစ်ယောက် ထွက်လာကြသည့် ခရီး၏ရည်ရွယ်ချက်ဟာ လင်းယောင်၏မိဘတွေကို သွားတွေ့ဖို့ပင်။ လင်းကျီယွမ်နဲ့ကျောင်းရွယ်ယန်တို့အား ယွမ်ရိအနေနဲ့ ဘယ်လောက်ပဲ ခင်မင်တယ်ပြောပြော ယခုကဲ့သို့ ချွေးမနေရာကနေ ပထမဆုံးသွားတွေ့ရသည့် အချိန်မှာ ယွမ်ရိ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
မကြာခင်မှာဘဲ ရထားကြီးဟာ ရထားဘူတာရုံအတွင်း ရပ်တန့်သွားသည်။ ယွမ်ရိနဲ့လင်းယောင်လည်း အထုပ်အပိုးကိုယ်စီဆွဲလျက် ရထားပေါ်မှ ဆင်းလာခဲ့ကြသည်။
ထို့နောက် လင်းယောင်၏အိမ်သို့ တန်းလာခဲ့ကြတော့သည်။
လင်းယောင်၏မိသားစုက ချမ်းသာသည့်လူကုံထံအသိုင်းအဝိုင်းကဖြစ်မှန်း ယွမ်ရိ ကြိုတင်သိထားပေမယ့် လင်းယောင်၏အိမ်ကိုမြင်ပြီးသည့်နောက်မှာ မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။
လင်းယောင်၏အိမ်ဟာ အိမ်ကြီးအိမ်ကောင်းတစ်လုံးအဖြစ် တည်ဆောက်ထားပြီး ထိုခုနှစ်များတုန်းက လူချမ်းသာများကသာ ထိုကဲ့သို့အိမ်မျိုးတွင် နေနိုင်ကြပေသည်။
ယွမ်ရိ၏အံ့အားသင့်နေသည့် အမူအရာကြောင့် လင်းယောင်က
"ရှောင်ရိ၊ ဘာဖြစ်တာလဲ"
ဟု လှည့်မေးလိုက်သည်။
"နင့်မိသားစုက အရမ်းချမ်းသာတာဘဲ"
ယွမ်ရိက သူမစိတ်ထဲ ခံစားနေရသည့်အတိုင်း ပြောပြလိုက်သည်။
လင်းယောင်က
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟာ"
ဟု ပြန်ဖြေလိုက်၏။
ထို့နောက် ခြံတံခါးကို အသာဖွင့်ကာ ခြံထဲကို ဝင်လာခဲ့သည်။ အိမ်တံခါးကို အားပါပါခေါက်လိုက်ပြီး လေသံကျယ်ကျယ်ဖြင့်
"အဖေ၊ အမေ ကျွန်တော် ပြန်လာပြီ။ ရှောင်ရိလည်း ပါလာတယ်"
ဟု အော်ပြောလိုက်၏။
မကြာခင်မှာဘဲ အိမ်တံခါးပွင့်သွားကာ လင်းကျီယွမ်နဲ့ကျောင်းရွယ်ယန်တို့ကို ယွမ်ရိ တွေ့လိုက်ရသည်။
ကျောင်းရွယ်ယန်က ယွမ်ရိကိုမြင်တော့ ဝမ်းသာအားရဖြစ်သွားပြီး
"ဟယ်။ ရှောင်ရိ၊ မတွေ့ရတဲ့အချိန်လေးအတွင်းမှာ လှလာ၊ ထွားလာလိုက်တာကွယ်"
ဟု ဝမ်းသာအားရ စကားဆိုလိုက်သည်။
ကျေးလက်ကနေ မြို့ကိုပြန်ရောက်လာတော့တာမို့ ကျောင်းရွယ်ယန်တစ်ယောက် သပ်သပ်ရပ်ရပ်ဖြင့် အထက်တန်းကျသော ဟန်ပန်တို့ ပြန်လည်ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ဒါပေမယ့် သူမ၏မျက်နှာပေါ်တွင်တော့ ဇရာ၏အရေးအကြောင်း တချို့လည်း ဖြတ်ပြေးနေပြီဖြစ်သည်။
သူမက ဆံပင်ကို ဆံနက်ဆေးဆိုးထားပြီး ကောက်ထား၏။ ဒါ့ကြောင့်လည်း အမြင်တစ်မျိုးဆန်းကာ အထက်တန်းကျကျ လှပလို့နေသည်။
လင်းကျီယွမ်ကတော့ ဆံပင်ဖြူများကို ဆံနက်ဆေးမဆိုးဘဲ သဘာဝအတိုင်းထားသည်။ ထိုလူကြီးဟာလည်း လင်းယောင်၏ဖခင်ဟု မပြောရပေ၊ ဆံပင်ဖြူများနဲ့တောင်မှ ခန့်ညားလို့နေ၏။
ထို့နောက် သူတို့တွေဟာ အိမ်ထဲကို ဝင်ခဲ့ကြတော့သည်။
သူတို့ရဲ့အိမ်လေးဟာလည်း ရယ်မောသံများ၊ စကားသံများဖြင့် ညံစီသွားတော့သည်။
လင်းကျီယွမ်နဲ့ကျောင်းရွယ်ယန်တို့ဟာ သူတို့သားလေး လင်းယောင်၏ ရယ်မောပျော်ရွှင်နေသည့် ပုံစံလေးကိုကြည့်ကာ ပီတိဖြာနေရ၏။
အစောပိုင်းနှစ်များတုန်းက သူ့သားလေးဟာ တမှိုင်မှိုင်တတွေတွေဖြင့် တစ်ယောက်တည်း သီးသန့်ခွဲထွက်ကာ နေလေ့ရှိသည်။
နောက်ပိုင်း ယွမ်ရိနဲ့ခင်မင်ခဲ့ပြီးမှသာ သူတို့သား၏ ဘဝလေးဟာ အသက်ဝင်လာခဲ့၏။
ထိုအချိန်ကတည်းက ယွမ်ရိအပေါ်ထားသော သူတို့သား၏သဘောထားကို မိဘများအနေနဲ့ တီးမိခေါက်မိကြသည်။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်စိတ်ကစားခြင်းဟုသာ ခေါင်းစဉ်တပ်လျက် အရေးမယူခဲ့ပေ။
နောက်ပိုင်း တောင်ပေါ်ကနေ မြို့ပေါ်ကို ပြန်ပြောင်းလာပြီးသည့်နောက်မှာ သူတို့သားက ယွမ်ရိနဲ့မတွေ့ခင်တုန်းက ပုံစံကို ပြန်ပြောင်းသွားခဲ့သည်။ ဒါ့ကြောင့် မိဘများအနေဖြင့် စိတ်မကောင်းဖြစ်ရတော့သည်။
ထိုအချိန်ကျမှ သူတို့သားဟာ ယွမ်ရိအပေါ် စိတ်ကစားခြင်းမျိုး မဟုတ်ဘဲ နှစ်နှစ်ကာကာ သဘောကျနေမှန်း ရိပ်မိလိုက်ကြတော့သည်။ ထိုသို့ ရိပ်မိ၍လည်း သူတို့သား၏ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူတို့တွေက ဘာမှ ဝင်မပါခဲ့ခြင်းပင်။
ဒါပေမယ့် သူတို့သား အသက် နှစ်ဆယ်ကျော်လာတဲ့အထိ လက်တွဲဖော်မရှိဘဲ ဘဝကိုပုံသေကြီးဖြတ်သန်းနေတာကို မြင်တော့ သူတို့ စိုးရိမ်စိတ်တွေ ဝင်လာမိကြသည်။
ဒါပေမယ့် တစ်နှစ်၊ နွေဦးပွဲတော်မှာ သူတို့သားက အိမ်ကိုပြန်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ယခင်ကလို မှိုင်းတွနေသည့် ပုံဖြင့် မဟုတ်ဘဲ တက်ကြွနေသည်။
သူတို့၏သားက ညဘက်မှာ သူတို့အား တစ်စုံတစ်ခု ဖွင့်ဟဝန်ခံခဲ့သည်။ ထိုအရာကတော့ သူ့မှာ ကြင်နာရမယ့်သူရှိနေပြီဖြစ်ကြောင်း၊ ထိုမိန်းကလေးက ယွမ်ရိဖြစ်ကြောင်းပင်။
မထင်မှတ်ထားဘဲ နှစ်တွေ အများကြီး ကြာသွားတာတောင်မှ သူတို့သား၏ရေခဲနှလုံးသားကို အရည်ပြန်ပျော်အောင် လုပ်ဆောင်နိုင်ခဲ့သူက ယွမ်ရိဆိုသော မိန်းမငယ်လေး ဖြစ်နေဆဲပင်။
ကျောင်းရွယ်ယန်က ယွမ်ရိ၏လက်ကိုတွဲကာ ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ပြီး
"ရှောင်ရိရယ်။ အရင်တုန်းက ကတည်းက လာလည်တာမဟုတ်ဘူး။ အန်တီတို့မှာ သမီးတို့ကို တမျှော်မျှော်နဲ့ဖြစ်နေရတာကွဲ့"
ဟု အနည်းငယ် အပြစ်တင်သောလေသံလေးဖြင့် ပြောလိုက်သည်။
ယွမ်ရိလည်း ကိုးရိုးကားရားပြုံးပြလိုက်ပြီး
"သမီးလည်း လာချင်ပါတယ်၊ အလုပ်တွေက မဖြတ်နိုင်သေးဘူး ဖြစ်နေလို့"
ဟု ပြန်ပြောလိုက်၏။
လင်းယောင်နှင့်ကဲ့သို့ပင် လင်းယောင်၏မိဘများနဲ့လည်း ယွမ်ရိက ရင်းနှီးပေမယ့် နှစ်အတော်ကြာအောင် အဆက်အသွယ်ပျက်ခဲ့ပြီးကြသည့်နောက် တစ်ယောက်နဲ့တစ်ယောက် သဟဇာတ သိပ်မဖြစ်ကြတော့ပေ။
ကံကောင်းစွာနဲ့ ကြားထဲကနေ လင်းယောင်က ပေါင်းကူးလုပ်ပေးမှုကြောင့် ယွမ်ရိအနေနဲ့ အချိန်အကြာကြီးမယူလိုက်ရဘဲ လင်းကျီယွမ်၊ ကျောင်းရွယ်ယန်တို့နဲ့ ပြန်လည် ရင်းနှီးသွားခဲ့၏။
သူတို့တွေဟာ တကယ့်ကို မိသားစုဝင်တွေအလား ဖြစ်သွားကြတော့သည်။
ညစာ စားချိန်မှာ ယွမ်ရိက ကျောင်းရွယ်ယန်အား ကူညီလုပ်ကိုင်ပေးဖို့ ပြင်လိုက်ပေမယ့် ကျောင်းရွယ်ယန်က ဘာမျှလုပ်ပေးစရာမလိုကြောင်း၊ ငြိမ်ငြိမ်လေးသာ ထိုင်နေစေလိုကြောင်းပြောကာ ယွမ်ရိအား ဖူးဖူးမှုတ်လို့ ထားသည်။
ညစာစားပြီးသည့်နောက် ယွမ်ရိနဲ့လင်းယောင်တို့နှစ်ယောက်ဟာ ဝရန်တာမှာ ထွက်ကာ လမင်းကြီး၏အလှအပများနဲ့ ည၏ရှုမျှော်ခင်းများကို ခံစားခဲ့ကြသည်။
သူတို့နှစ်ယောက်၏မျက်နှာပေါ်မှာလည်း လမင်းကြီးနဲ့အပြိုင် အပြုံးပန်းများ ဝေဆာလို့နေ၏။
သူတို့နှစ်ယောက်ဟာ လင်းအိမ်မှာ ရက်အတော်ကြာအောင်နေခဲ့ကြပြီး ဆောင်ဦးရာသီဝင်ခါနီးမှာမှ ပေကျင်းကို ပြန်လာခဲ့ကြ၏။
ပေကျင်းမြို့။
ယွမ်တပေါင်လေးဟာ ကျောင်းဆင်းပြီးနောက် အိမ်ကိုပြန်လာခဲ့ပေမယ့် အိမ်မှာ လူတစ်ယောက်မှ မရှိသည့်အပြင် အိမ်တံခါးဟာလည်း သော့ခတ်ထားသည်မို့ ခြံပေါက်ဝမှာဘဲ ကျောက်စရစ်ခဲများဖြင့် ဆော့ကစားနေခဲ့သည်။
ထိုအချိန်မှာဘဲ သူရှိရာအရပ်ကို လျှောက်လာနေသည့် ရင်းနှီးသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရပြီး ဝမ်းသာအားရဖြင့်
"အမရှောင်ရိ၊ အကိုလင်းယောင်"
ဟု အော်ခေါ်လိုက်တော့သည်။
ထိုအချိန်မှာဘဲ
"ဟေးးး မင်းတို့နှစ်ယောက် ပြန်လာကြပြီလား"
ဟူသော အသံကို ယွမ်ရိတို့ ကြားလိုက်ကသည်။ ထိုအသံက သူမတို့၏အနောက်ကနေ လာခြင်းဖြစ်ကာ အနည်းငယ် မောဟိုက်သံလည်း ပါနေ၏။
မကြာခင်မှာဘဲ ယွမ်ချန်းရှန်တစ်ယောက် စက်ဘီးတစ်စီးဖြင့် ယွမ်ရိတို့ဘေးနားကို ရောက်လာပြီး ရပ်လိုက်၏။
ယွမ်ရိက သူမဦးလေး၏ အမောတကောဖြစ်နေသည့် ပုံစံကိုကြည့်ကာ
"ဦးလေး။ ဘာတွေများ ဒီလောက် အလောတကြီးဖြစ်နေရတာတုန်း"
ဟု စပ်စုလိုက်သည်။
"ဘာဖြစ်ရမလဲ။ နင့်ညီမ ရှောင်ကျဲပေါ့"
ယွမ်ချန်းရှန်က အသက်ကို လုရှူလိုက်ပြီးမှ
"အခု မွေးတော့မှာမို့လို့တဲ့။ ဆေးရုံကို ရောက်နေပြီ။ နင့်အဒေါ်တွေလည်း ဆေးရုံကို မြန်မြန်လိုက်သွားကြလေရဲ့။ ငါကတော့ အိမ်မှာ တပေါင်တစ်ယောက်တည်း ကျန်နေခဲ့တာကို သတိရလို့ တပေါင်ကို လာခေါ်တာ။ နင်တို့ရော ဆေးရုံလိုက်မှာလား။ တကယ်လို့ နင်တို့မလိုက်ဖူးဆိုရင် တပေါင်ကိုလည်း မခေါ်တော့ဘဲ နင်တို့နဲ့ ထားခဲ့မလို့"
ဟု ပြောလိုက်၏။
"အိမ်မှာ မနေခဲ့ပါဘူး။ ဆေးရုံကို လိုက်ခဲ့မယ်"
ယွမ်ရိက ထိုသို့ ပြောကာ ခြံသော့ကို အမြန်ထုတ်လို့ ခြံတံခါးအား ဖွင့်လိုက်၏။
ပြီးတာနဲ့ ခရီးဆောင်အိတ်ကို အမြန်ချကာ လိုအပ်တာအနည်းငယ်ကို ယူလိုက်သည်။ ထို့နောက် စက်ဘီးတစ်စီးထုတ်ကာ လင်းယောင်နဲ့အတူ ဆေးရုံကို ထွက်ခဲ့တော့သည်။
ယွမ်ချန်းရှန်ကလည်း ယွမ်တပေါင်အား စက်ဘီးပေါ်တင်လျက် နောက်ကနေ လိုက်ခဲ့၏။
သူတို့ဆေးရုံကို ရောက်သည့်အခါ ယွမ်ကျဲအား မွေးခန်းထဲ ခေါ်သွားကြပြီဖြစ်သည်။ မွေးခန်းရဲ့အပြင်ဘက်မှာတော့ စိတ်လှုပ်ရှားကာ ထိုင်ရမလို၊ ထရမလိုဖြစ်နေသည့် ချန်းဝေ့တုန်းအား ချန်ခွန်းက နှစ်သိမ့်ပေးနေ၏။
ယွမ်ရိတို့ဟာလည်း မွေးခန်း၏ရှေ့မှာ ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြတော့သည်။
မွေးခန်းထဲမှ တချက်ချက် ပျံ့လွင့်လာသည့် နာကျင်စွာအော်ဟစ်သံတွေကြောင့် ယွမ်ရိ၏ကိုယ်လုံးလေးဟာ တစ်ချက်တစ်ချက် တုန်တက်သွားတတ်သည်။
ဒါကို လင်းယောင်က သတိထားမိတာကြောင့် ယွမ်ရိအား အသာဖက်ကာ နွေးထွေးမှုကို ပေးစွမ်းလိုက်၏။
သူတို့တွေဟာ မွေးခန်းရှေ့မှာ နာရီဝက်လောက်စောင့်ပြီးတာတောင်မှ အတွင်းမှ ယွမ်ကျဲ ထွက်မလာသေးချေ။
ယွမ်ရိဟာ သူမ၏လက်မှာ ဝတ်ဆင်ထားသော နာရီအား မကြာခဏ ငုံ့ကြည့်လေ့ရှိပြီး သူမ၏စိုးရိမ်ပူပန်မှုတွေကလည်း ချန့်ဝေ့တုန်းထက် မလျော့နည်းပေ။
ယွမ်ချန်းရှန်ဟာလည်း သူ့တူမကြီး ဘေးရန်ကင်းကာ ကောင်းကောင်းမွန်မွန် မွေးဖွားနိုင်စေရန်အတွက် ဆုတွေတသီကြီး တောင်းဆုပြုနေခဲ့သည်။
နောက်ထပ် နာရီဝက်ကျော်ကျော်လောက် စောင့်မျှော်ပြီးသည့်နောက်မှာ မွေးခန်းတံခါးကြီးဟာ 'ဝုန်း' ခနဲ ပွင့်လာခဲ့တော့သည်။
ဒါ့ကြောင့် အကုန်လုံးရဲ့အကြည့်တွေဟာ ထိုနေရာကိုစုပြုံသွား၏။ ထိုအခါ မွေးခန်းထဲကနေ မျက်နှာ သိပ်မကောင်းစွာဖြင့် ထွက်လာသော သူနာပြုဆရာမလေးတစ်ယောက်ကို မြင်လိုက်ရသည်။
ယွမ်ရိတို့တတွေလည်း ထိုဆရာမလေးနားကို တိုးသွားကာ
"ဆရာမ၊ ကျွန်မ ညီမလေး၊ အဆင်ပြေရဲ့လားရှင်"
ဟု မေးလိုက်၏။
သူနာပြုဆရာမလေးဟာ ခေါင်းကိုညင်သာစွာခါယမ်းကာ သက်ပြင်းမောကြီးတစ်ခုကို ချလိုက်ပြီးမှ
"ရှင်တို့က အတွင်းက မွေးလူနာရဲ့ မိသားစုဝင်တွေ ထင်တယ်။ မွေးလူနာက ကလေးကို မညှစ်နိုင်ဘူးဖြစ်နေတယ်။ ဒါ့ကြောင့် ရှင်တို့အနေနဲ့ ရိုးရိုးဘဲ ဆက်မွေးချင်သလား။ ဒါမှ မဟုတ် ခွဲမွေးချင်ကြသလား။ တစ်ချက်လောက် ကျွန်မကို ပြန်ပြောပေးကြပါရှင်"
ဟု ပြောလိုက်သည်။
ချန်းဝေ့တုန်းကတော့ သူနာပြုဆရာမ၏စကားဆုံးတာနဲ့ သူ့မိန်းမအတွက် စိုးရိမ်ကာ မွေးခန်းထဲ ပြေးဝင်ဖို့ ပြင်သည်။ ဒါ့ကြောင့် သူနာပြုဆရာမလေးခဗျာ ချန်းဝေ့တုန်းအား အမြန်တားလိုက်ရ၏။
သူနာပြုဆရာမလေးက
"ဒီမှာ။ ဒီမွေးခန်းထဲကို လုံးဝ ဝင်လို့မရဘူးရှင့်။ ရှင့်မိန်းမအတွက် စိုးရိမ်နေတာကို နားလည်ပေမယ့် ဒီနေရာရဲ့ စည်းကမ်းကိုတော့ လိုက်နာပေးပါရှင်"
ဟု တောင်းဆိုလိုက်သည်။
ပြီးမှ
"ခွဲမွေးတာက ရိုးရိုးမွေးတာထက် နည်းနည်းတော့ အန္တရာယ်ပိုများတယ်။ ဒါ့ကြောင့် ရှင်တို့အနေနဲ့ ခွဲမွေးဖို့ ဆုံးဖြတ်ထားရင် ခံဝန်လက်မှတ်တော့ ထိုးပေးရလိမ့်မယ်နော်"
ဟု ရှင်းပြလိုက်သည်။
ဤခေတ် ဤကာလမှာ ဆေးပညာက တိုးတက်မှုသိပ်မရှိသေးချေ။ အထူးသဖြင့် သားဖွားမီးယပ်ဌာနများတွင် ဖြစ်သည်။ ကလေးအား ရိုးရိုမွေးပေးနိုင်သော ဆရာဝန်တွေ အများကြီး ရှိနေပေမယ့် ခွဲစိတ်ကာ မွေးပေးနိုင်သော ဆရာဝန်ကတော့ အလွန်ရှားပါးပေသည်။
ယွမ်ရိလည်း ယွမ်ကျဲအတွက် စိုးရိမ်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်လာပြီး ယွမ်ချန်းရှန်အား ကြည့်လျက်
"ဦးလေး ငါး။ ဘယ်လိုလုပ်ကြမလဲ"
ဟု အားကိုးတကြီး လှည့်မေးလိုက်တော့သည်။
ယွမ်ချန်းရှန်သည်လည်း ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေ၏။ သူ့အနေနဲ့ ယွမ်ချီကျီနဲ့ချန်ခွန်းတို့ ကလေးမွေးတာကို ကြုံဖူးပေသည်။ နှစ်ယောက်လုံးက ရွာကလက်သည်နဲ့ဘဲ အဆင်ပြေသွားကြတာမို့ ယွမ်ချန်းရှန်အနေနဲ့ ခွဲမွေးတာကို သိပ်နားမလည်ချေ။
ဒါ့ကြောင့် သူက သူနာပြုဆရာမလေးကို ကြည့်ကာ
"ဆရာမရယ်၊ ခွဲစိတ်ခန်းမဝင်ဘဲ ရိုးရိုးမွေးရင်ကော အဆင်မပြေဘူးလား"
ဟု မေးလိုက်၏။
သူနာပြုဆရာမလေးက
"လူနာအနေနဲ့ ရိုးရိုးမွေးဖို့က အလွန်ခက်ခဲနေလို့ပါရှင်။ တတ်နိုင်ရင် ခွဲစိတ်ခန်း မြန်မြန်ဝင်မှ အဆင်ပြေမယ်ရှင်။ ခုလိုမျိုး အချိန်ဆွဲနေတာတောင်မှ လူနာအတွက် အလွန်အန္တရာယ်ကြီးနေပါပြီရှင်"
ဟု သတိပေးလိုက်၏။
နောက်ဆုံးမှာတော့ ချန်ခွန်းကဘဲ ကြားထဲကနေ သူမယောက်ျားနဲ့ယွမ်ရိအား
"နင်တို့တွေ မြန်မြန် ဆုံးဖြတ်ကြတော့။ ရှောင်ကျဲက သေရေးရှင်ရေးဖြစ်နေပါပြီဆိုနေ"
ဟု ဝင်ပြောလိုက်သည်။
ယွမ်ရိဟာ ဤခေတ်ကာလ၏ ဆေးဘက်ဆိုင်ရာတိုးတက်မှုအပေါ် ယုံကြည်မှု သိပ်မရှိသော်လည်း ရွေးစရာမရှိတော့ချေ။
ဒါ့ကြောင့် သူနာပြုဆရာမလေးကို ခေါင်းညိတ်ပြကာ
"ခွဲခန်းကို အမြန်ဆုံး ပြောင်းပေးပါ"
ဟု ပြောလိုက်တော့သည်။