အပိုင်း - ၁၂၃.၂
လင်းယောင်က "ဆရာလျို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ကလေးတွေကို သေချာဆုံးမလိုက်ပါ့မယ်။"
ခိုခိုနဲ့လဲ့လဲ့တို့ ခေါင်းငုံ့ထားကာ ဘာမှပြောမလာပေ။ ပြီးမှ ခိုခိုက "သမီးတို့ပြောသားပဲ မဟုတ်ပါဘူးလို့။ အဲ့ဒါကို ဆရာက မယုံပဲ ဖေဖေတို့ကို ခေါ်တာလေ။"
ဆရာလျို့ : "..."
ထားလိုက်တော့၊ ဘာရည်းစားထားတာလဲ?
ယွမ်ရိတို့တွေ ခိုခိုနဲ့လဲ့လဲ့တို့ကို ညနေ ကျောင်းဆင်းချိန်လည်း နီးပြီမလို့ အိမ်ကိုသာ ခေါ်လာခဲ့လိုက်လေသည်။ ယွမ်ရိ ကိုယ့်ကားကိုယ်ပင် ပြန်မမောင်းတော့ပဲ ကျောင်းမှာပဲ ထားခဲ့လိုက်လေသည်။
"ဒါ ဘယ်သူ့အကြံလဲ ပြော?"
တကယ်တော့ ဒီလို ဆရာတွေကိုပါ လှည့်ဖို့ဆိုတာ မေးစရာကို မလိုပေ။
လဲ့လဲ့ကပဲ အကိုကြီးပီသစွာ အပြစ်ဝန်ခံလာသည်။ "သားအကြံပါ။"
ယွမ်ရိ သူ့ကို စိုက်ကြည့်လိုက်ကာ "သားအရမ်း သူ့ကို အလိုလိုက်တာပဲ။"
ခိုခိုကတော့ အလွန်ပျော်နေကာ "သမီးတို့ပြောတာကိုမှ မယုံတာကို? အဲ့တော့ သမီးတို့လည်း မေမေတို့ကိုခေါ်မယ်ဆိုတော့ ခေါ်ခိုင်းလိုက်တယ်လေ။ အဲ့ဒါမှ ယုံမှာကို။"
အခုတော့ ယုံသွားပါပြီ။
မိသားစုလေးယောက်လုံး အိမ်ကိုတန်းပြန်လာခဲ့ကြကာ ကျိုးရွှယ်ယွင်တို့ကတော့ ထိုအချိန် ပန်းပင်လေးတွေကို ရေလောင်းနေကြလေသည်။
"ဖွားဖွားနဲ့ဘဘ သမီးတို့ ပြန်ရောက်ပါပြီ။"
"ဟယ် ဘယ်လိုဖြစ်လို့ လေးယောက်လုံးအတူတူပြန်လာကြတာတုန်း?"
"အမေ့ရဲ့ မြေးအလိမ္မာလေးတွေက မိဘတွေ ခေါ်ခံရအောင်လုပ်တော့ သမီးတို့တွေ ခုပဲကျောင်းကနေပြန်လာခဲ့လိုက်ကြတာ အမေရေ။"
လင်းကျီယွမ်တို့ မျက်နှာတွေက စိတ်ပူသည့်ပုံ ပြောင်းသွားကြကာ "ဟင် ဘယ်လိုဖြစ်လို့တုန်း?"
ကျိုးရွှယ်ယွင်က ထပ်မေးလာချေသည်။ "ကျောင်းမှာ တစ်ခုခုဖြစ်လို့လား?"
ခိုခိုက ကျိုးရွှယ်ယွင် ဘေးကိုသွားကာ လက်ကိုချိတ်လိုက်ပြီး ကျောင်းမှာဖြစ်ခဲ့တာတွေကို အစကနေအဆုံးထိ ပြောပြရှာလေသည်။ အထူးသဖြင့် ဆရာလျို့ ဖြစ်သွားတဲ့ မျက်နှာကို သေချာပြန်ပြောလာလေသည်။
"ဒီကောင်မလေးကတော့လေ၊ နောက်ကျ အဲ့လိုမလုပ်နဲ့နော်။"
"ဟုတ် ဖွားဖွား။ သမီး နောက်ကျ မလုပ်တော့ပါဘူး။"
ရေလောင်းပြီးတာနှင့် ကလေးနှစ်ယောက်ခေါ်ကာ ညစာစားဖို့ ပြင်ကြလေတော့သည်။
ညစာစားပြီးကြတာနှင့် သူတို့တွေ တီဗီအတူတူကြည့်ကြကာ လင်းယောင်နဲ့ယွမ်ရိတို့ကတော့ လေ့ကျင့်ခန်း သွားလုပ်ကြလေသည်။ ပြီးတာနှင့် စာအုပ်ဖတ်ကာ အိပ်ရာဝင်ဖို့ ပြင်ကြလေတော့သည်။ သူတို့လည်း အသက်ကလေးရလာတာမလို့ မှန်မှန်အနားယူဖို့ ခုနောက်ပိုင်းကြိုးစားလေ့ရှိကြသည်။
အိပ်ရာပေါ်ထိုင်နေကြတုန်း ယွမ်ရိက တစ်ခုခုကို သတိရကာ စောင်ကိုမပြီး ထလိုက်တာမလို့ လင်းယောင်က မေးလာလေသည်။ "ဘာဖြစ်လို့လဲ?"
"ကျွန်မ တစ်ခုခုရှာဦးမယ်။"
လင်းယောင် သူမဘာပြောချင်တာမှန်း မသိပေမဲ့ သူမနဲ့အတူတူ ထကြည့်လာပေးသည်။
ယွမ်ရိ အခန်းထဲကနေ စတိုခန်းထဲဝင်လာပြီး မီးဖွင့်လိုက်ကာ ပြောလာလေသည်။ "ကျွန်မကို မကြာခင်ကမှ အဖွဲ့တစ်ခုက မှတ်တမ်းရုပ်ရှင်ရိုက်ချင်တယ်ပြောလာလို့။ အဲ့ဒါကျွန်မတို့တွေ ရွာလေးဘက်ပြန်တုန်းက ပုံတွေရိုက်ထားခဲ့သေးတယ်လေ မှတ်မိတယ်မလား?"
သေချာပေါက် လင်းယောင် မှတ်မိတာပေါ့။ "ချစ်က အရင်က အယ်ဘမ်တွေကို ရှာနေတာလား?"
သူတို့ရှာမတွေ့ခင်မှာပင် ခိုခိုနဲ့လဲ့လဲ့တို့က ရောက်ချလာကြလေသည်။
ကလေးနှစ်ယောက်က သူတို့ကိုကြည့်ကာ သိချင်လာတာကြောင့် "ဖေဖေနဲ့မေမေ ဘာတွေရှာနေတာတုန်း?"
"အရင်က အယ်ဘမ်လေ။"
ခိုခိုနဲ့လဲ့လဲ့တို့က သူ ဘာကိုပြောချင်လဲဆိုတာ မသိပေမဲ့ ကူရှာပေးလာသည်။ အဆုံးမှာတော့ ခိုခိုက ရှာတွေ့လာကာ "မေမေ ဒါပြောတာလား?"
"အင်း အင်း အင်း အဲ့ဒါလေး။"
"ဒါက ဘယ်လို အယ်ဘမ် မလို့လဲဟင်?"
ယွမ်ရိ အယ်ဘမ်လေးကို လင်းယောင်ရယ်၊ ကလေးတွေရယ်နဲ့အတူ ဖွင့်ကြည့်လိုက်ကာ ပြောလာလေသည်။ "ဒါမေမေတို့တွေ ငယ်ငယ်တုန်းက နေခဲ့တဲ့နေရာလေ။ ဒါလေးက မေမေ့အိမ်ဟောင်းလေး။ ဒီတိုက်ဟောင်းလေးက သမီးတို့ ဖေဖေနေခဲ့တဲ့နေရာလေး...."
ခိုခိုက မေးလာလေသည်။ "ဒါလေးက အဲ့က စက်ချုပ်ဆိုင်လေးလား?"
"အင်း၊ မေမေ သမီးတို့အရွယ်လောက်တုန်းက ခြင်းတောင်းထဲ ကြက်ဥအပြည်ထည့်ပြီး စက်ချုပ်သမားအိုကြီးဆီကနေ စက်ချုပ်နည်းသွားသင်ခဲ့ရတာလေ။ အဲ့တုန်းက လူတိုင်းက မေမေ မလုပ်နိုင်လောက်ပါဘူးလို့ ထင်ခဲ့ကြတာ။ အားလုံးထဲမှာ သမီးတို့ဖိုးဖိုးဖွားဖွားတို့ကပဲ မေမေလုပ်နိုင်တယ်ဆိုပြီး ယုံပေးခဲ့တာ။ ကြက်ဥတစ်ဝက်ကတော့ အိမ်မှာချန်ထားရတာပေါ့။"
"မေမေက အဲ့ကြက်ဥတွေကို အိမ်မှာလည်း အကြာကြီး သိမ်းထားတာပေါ့။"
ယွမ်ရိ သက်ပြင်းသာ ချနိုင်တော့သည်။ "မင်းတို့လေးတွေက ချမ်းချမ်းသာသာ ကြီးပြင်းလာတော့ ဘယ်သိမတုန်း။ သကြားခဲလေး စားနိုင်ရင်ပဲကို အဲ့ဒါက နွေဦးပွဲတော်လိုပဲ။ အဝတ်တွေဆိုတာလည်း အဖာရာတွေနဲ့ကိုမှ အမေဆို ကောက်ရိုးဖိနပ်ကို နွေရောက်တဲ့အထိ စီးတုန်းပဲ။"
ပုံတွေကိုကြည့်နေရင်း ခိုခိုအာက မေးလာလေသည်။ "မေမေတို့ငယ်ငယ်က ပုံရောမရှိဘူးလား?"
"အဲ့တုန်းက မေမေတို့ အရမ်းဆင်းရဲတာလေ။ ဘယ်လိုလုပ် ကင်မရာဆိုတာ ရှိမှာတုန်း ကလေးရယ်? ဒီပုံတွေကလည်း အဲ့ရွာကလေး ပြန်ပြင်မယ်ဆိုတုန်းက ရိုက်ထားတာ။ သမီးတို့အဖေနဲ့ တောင်ဘက်ပြန်သွားပြီး ရိုက်ထားကြတာ။"
ထိုအထဲမှာ လင်းယောင်နဲ့သူမပုံရှိကာ ၁၃ နှစ် ၁၄ နှစ် အရွယ်လေးတွေတော့ မဟုတ်ပေ။ သူတို့သာ ၁၃ ၁၄ လေးတွေဆို အတိတ်မှာပဲ နေ,နေလောက်မည်။
"မေမေ၊ မေမေ ၁၄ နှစ်တုန်းက ဘယ်လိုပုံလေးတုန်း?"
လင်းယောင်က ဘေးကနေ ပြောလာလေသည်။ "သမီးက သမီးမေမေငယ်ငယ်တုန်းကနဲ့ အများကြီးတူတယ်လေ။"
၁၄ နှစ်အရွယ် ထူးခြားကာ သွက်လက်ပြီး တက်ကြွသည့်မျက်နှာလေး ပိုင်ဆိုင်ထားကြလေသည်။
ပုံတွေကြည့်နေရင်း လဲ့လဲ့က ပြောလာလေသည်။ "တောင်ကြီးက လှလိုက်တာ။"
ယွမ်ရိက ပုံတွေကို လှန်လိုက်ကာ ဘေးက လင်းယောင်ကတော့ ဆက်ပြောလာလေသည်။ "သားတို့မွေးတုန်းက အဲ့တောင်ပေါ်ကအိမ်တွေက ပြန်လည်ပြင်ဆင်ရေးထဲ ပါကုန်တာလေ။ နို့မို့ဆို အဖေတို့တွေ သားတို့ကို ခေါ်သွားလို့ရတာကို။ အဲ့မှာ အရမ်းလှတာ။"
အခုတော့ ဓာတ်ပုံဟောင်းတွေကိုသာ ကြည့်နေနိုင်လေသည်။
ယွမ်ရိ ဒီအယ်ဘမ်ဟောင်းကို ပြန်ရှာတယ်ဆိုတာ အတိတ်ကို ပြန်လွမ်းမောဖို့ရယ်တော့ မဟုတ်ပေ။ ပရိုဂရမ်အဖွဲ့ဘက်ကို မှတ်တမ်းရုပ်ရှင်ရိုက်တဲ့အခါ နေရာတွေပြင်တဲ့အခါ အဆင်ပြေအောင် ပြချင်လို့ပင်။
ဒီလိုနည်းနဲ့ဖြစ်ဖြစ် သူမ အရင်အတိတ်က ပုံရိပ်ဟောင်းလေးတွေ ပြန်ဖမ်းလို့ရရင်ရမှာပေါ့။
အယ်ဘမ်ကို အခန်းထဲယူသိမ်းလိုက်ကာ နောက်တစ်နေ့မှာတော့ ယွမ်ရိလက်ထောက်ကိုပေးလိုက်ကာ လက်ထောက်ကနေတစ်ဆင့် တစ်ဖက်ကို လွှဲပေးလိုက်လေသည်။
အဲ့တုန်းက အိမ်လေးတွေက ရွာဘက်ကအိမ်ပုံစံလေးတွေမလို့ ပြန်ပုံဖော်ရတာ ပိုက်ဆံလည်း သိပ်အကုန်အကျမများပေ။ ပရိုဂရမ်အဖွဲ့ဘက်က နေရာသုံးခုကို အရင် ပြန်လုပ်ထားလိုက်လေသည်။
စက်ချုပ်သမား၏ အိမ်ရယ်၊ ယွမ်မိသားစု၏ အိမ်ဟောင်းလေးရယ်နှင့် တိုက်ဟောင်းလေးတို့ပင်။
ပြန်လည်ရိုက်ကူးတဲ့နေ့မှာ ယွမ်ရိလည်း ရောက်လာကာ ကြည့်ပေးလာသည်။ စက်ချုပ်သမားအိမ်လေးရှေ့ရပ်ကာ ခြံဝင်းအပြင်နားမှာရပ်နေရင်း တံခါးကိုဆွဲဖွင့်လိုက်တာနှင့် စက်ချုပ်သမားအိုကြီး သူ့ရှေ့မှာထိုင်နေသလိုပင်။
သို့သော် သူမတံခါးကို ဆွဲဖွင့်လိုက်တော့ စက်ချုပ်သမားအိုကြီးမရှိတော့ပေမဲ့ စပျစ်သီးအိတ်တွေနှင့် ထိုင်ခုံအစုတ်လေးကတော့ ရှိသေးသည်။
အိမ်ကအတုဖြစ်ကာ အိမ်ထဲက အရာအားလုံးအတုတွေပင်။ အကုန်လုံးက ပုံထဲကအတိုင်း တုထားတာဖြစ်ကာ တကယ့်အစစ်ဆိုလို့ သူမနဲ့စက်ချုပ်သမားအိုကြီးတို့သုံးခဲ့သည့် အခန်းအလယ်က စက်ချုပ်ခုံလေးသာပင်။
သူ ဒီအတိုင်း ထိုင်နေရင်တောင်မှ သူမအရင်ကလို ၁၄ နှစ်သမီးလေး မဟုတ်တော့တာကို ခံစားမိလိုက်ရလေသည်။
ပြီးတာနှင့် သူမ ပရိုဂရမ်အဖွဲ့နှင့်ဆွေးနွေးကာ ခိုခိုကိုတက်ချုပ်ခိုင်းကြည့်လိုက်လေသည်။
ပြီးတာနှင့် သူမအဝတ်ချုပ်ကြည့်ဖို့ လုပ်လိုက်လေသည်။
သူမ ဖန်းမင်တောင်က ထွက်လာကတည်းက ဒီလိုစတိုင်နှင့် အဝတ်မျိုးကို မချုပ်ခဲ့ဖူးပေ။
ဖန်းမင်တောင်မှာ နေခဲ့တဲ့ ၂ နှစ်မှာ သူမထိုကဲ့သို့ အဝတ်မျိုးကိုသာ ဝတ်ခဲ့ကာ ရွာထဲကလူတွေအတွက်လည်း ထိုကဲ့သို့ပင် ချုပ်ပေးခဲ့ချေသည်။
မြို့ကိုရောက်လာပြီးတော့ ခုလိုပုံမျိုး မချုပ်ဖြစ်ခဲ့တာ နှစ် ၂၀ ခန့်ပင် ရှိချေပြီဖြစ်ရာ တစ်နေ့မှာတော့ သူမကတ်ကြေးကိုင်ကာ ရိုးရိုးရှင်းရှင်း အပ်ချည်ရာနှင့်ချုပ်ရာရှိသည့် အဝတ်မျိုးကို ပြန်ချုပ်ဖြစ်မည်ဟု မတွေးမိခဲ့တာတော့ အမှန်ပင်။
ယွမ်ရိ ခိုခိုအာလေးအတွက် ဘောင်းဘီနဲ့အဝတ်ချုပ်ပေးလိုက်ကာ အရောင်ကလည်း သူမဝတ်ခဲ့တုန်းကလိုပင် တစ်ထပ်တည်း ဖြစ်လေသည်။ ယွမ်ချီကျီကတော့ အပေါ်ပိုင်းလေးကို ပြန်ပြင်ပေးလာကာ သူတို့ဝတ်ခဲ့သလို လေးထောင့်ပုံစံအကွက်ကလေးတွေပါသည့် ဖိနပ်လေးကို လုပ်ပေးလာရှာသည်။
အဝတ်အစားတွေဝတ်ကြည့်ကာ ဖိနပ်လေးလဲပြီးတာနှင့် ယွမ်ရိ ခိုခိုအာလေးကို ရိုက်ကွင်းထဲပို့လိုက်လေသည်။
ကျန်တဲ့မိသားစုတွေကလည်း လုပ်စရာမရှိတာမလို့ သူတို့ပါ လာကြည့်ကြလေသည်။
ယွမ်ရိ ခိုခိုအာလေးကို ကျစ်ဆံမြီး ကျစ်ပေးလာကာ မှန်ထဲကသမီးလေးကို ကြည့်နေရင်း "ဒီဝတ်စုံလေးက အရင်ကနဲ့ တော်တော်တူတာပဲ။"
"မေမေ ၁၄ နှစ်တုန်းက ဒီလိုပုံလေးလား?"
"ဒါပေါ့။ လူတွေက ဖန်းမင်တောင်မှာ မေမေကအချောဆုံးပဲဆိုပြီးတောင် ပြောကြတာလေ။"
"သမီးလည်း ကျောင်းမှာ အချောဆုံးပါနော်။"
ကျစ်ဆံမြီးနှစ်ဖက်လုံး ကျစ်ပြီးသွားတော့ ခိုခို မှန်ရှေ့သွားရပ်ကာ သူ့မေမေကို မေးလာချေသည်။ "မေမေ သမီး ကြည့်ကောင်းလား?"
"အင်း အရမ်းလှတယ်။"
"အဲ့တော့ မေမေက အဲ့တုန်းက ဒီလိုပုံလေးပေါ့။"
"အင်း အဲ့တုန်းက မိန်းကလေးငယ်လေးတွေက ကျစ်ဆံမြီးလေးနှစ်ဖက် ကျစ်ထားတတ်ကြတယ်လေ။"
"၁၄ နှစ် - အရွယ် - စက်ချုပ်သမလေးရှင့်"
ယွမ်ရိ သူ့သမီးလေကို သေချာပြင်ပေးလာကာ ရိုက်ကွင်းထဲ ခေါ်လာလိုက်လေသည်။
ဒီမှတ်တမ်းရုပ်ရှင်ထဲ ပါမှာတွေကို ယွမ်ရိ သိပြီးသားဖြစ်ကာ ဘယ်လိုဘယ်ပုံရိုက်မလဲဆိုတာလည်း သူမစိတ်မဝင်စားတာမလို့ လင်းယောင် ဘေးထိုင်ကာ ခိုခိုစက်ချုပ်ခုံနားသွားတာကို ယွမ်ချီကျီတို့နှင့်အတူ ကြည့်နေလိုက်ကြလေသည်။
ခိုခိုထိုင်ပြီးတာနှင့် စက်ခုံကို နင်းလိုက်သည့်အချိန်လေးမှာ ယွမ်ရိမျက်လုံးတွေက ဝေဝါးလာကြသလိုပင်။
သူကိုယ်တိုင်ပဲ ခိုခိုလေးအစား ထိုစက်ခုံကို နင်းနေသလိုပင်။
သူ တကယ် ၁၄ နှစ်အရွယ် စက်ချုပ်သမလေး ပြန်ဖြစ်သွားတာပဲ။
စက်ချုပ်သမလေးက စက်ချုပ်ခုံရှေ့ထိုင်ကာ နောက်ဆုံးပိတ် အပ်ချည်ကို ဖြတ်လိုက်ပြီး အဝါရောင် ကျောပိုးအိတ်လေးကို လွယ်လျက် ပြန်ဖို့ပြင်လိုက်လေသည်။ ထို့နောက်မှာတော့ စပျစ်ပင်အောက်မှာ ထိုင်နေတဲ့ စက်ချုပ်သမားအိုကြီးကို နှုတ်ဆက်လိုက်ကာ "အဖိုးဆောင်း၊ သမီးပြန်ပြီနော်။"
စက်ချုပ်သမားအိုကြီးက ခုံအစုတ်လေးပေါ်ထိုင်ရင်း နှုတ်ဆက်လာသည်။ "အင်း ပြန်တော့။"
.....
ကျောပိုးအိတ်လေးလွယ်ကာ တောင်ဘေးကနေ လမ်းလျှောက်ပြန်လာရင်း ထိုင်နေတဲ့ လင်းယောင်ကိုတွေ့တော့ လက်ဝှေ့ကာ နှုတ်ဆက်လိုက်လေသည်။
"ဟေး"
သူ့ဘေး သွားထိုင်ကာ အိတ်ထဲပါလာသည့် သကြားလုံးထုပ်လေးကို ထုတ်လာရင်း "သကြားလုံး စားဦးမလား?"
.....
လျူရှင်းဟွာကတော့ အိမ်ဟောင်းလေးရှေ့မှာ ဝက်စာကျွေးဖို့ အစာတွေဖြတ်နေရှာသည်။
သူမ လျူရှင်းဟွာကို မြင်သည်နှင့် အော်လိုက်ကာ "ဖွားဖွား၊ သမီး ပြန်ရောက်ပြီ!"
လျူရှင်းဟွာ မော့ကြည့်လာကာ "ရှောင်ရိလေး ပြန်လာပြီလား? သမီးဗိုက်ဆာနေပြီလား?"
"ဘဘရော?"
သူမလှည့်အကြည့်မှာပင် ယွမ်ကျီကောင်းတစ်ယောက် အနောက်ကနေ တံစဉ်ကိုင်ကာ ထွက်လာပြီး "ဟေး ရှောင်ရိလေးပြန်ရောက်ပြီလား?"
....
ယွမ်ချန်းရှန် သူမလက်ထဲကို တစ်ခုခုပစ်ပေးလာကာ "တူမလေး၊ ဦးလေးငါးက အရသာရှိတဲ့ မုန့်တွေဝယ်ကျွေးတယ်နော်။"
....
တောင်စွန်းပေါ်။
ယွမ်ကျဲက သူမခြင်းတောင်းထဲက စပါးနှံကို ယူလိုက်လေသည်။ "မမ၊ အဲ့လို အကျင့်မယုတ်နဲ့လေ။ ညီမလေး ကောက်ထားတာကို။"
....
ကြမ်းတမ်းကာ အကွေ့အကောက်ပေါလှတဲ့ တောင်ပေါ်လမ်းလေးပေါ်မှာတော့ သီချင်းညီးသံလေးက သာယာစွာ ပျံ့လွင့်နေလေသည်။
စက်ချုပ်သမလေးက စက်ချုပ်သမားအိုကြီးနောက်ကနေ အစိမ်းရောင်နွေရာသီတစ်ခုကနေ နှင်းထူတဲ့ဆောင်းရာသီအထိ မိသားစုအလီလီရှေ့က လျှောက်လာကာ သူတို့ကိုနှုတ်ဆက်တဲ့အသံကို ပျော်ရွှင်စွာနားထောင်ရင်း လိုက်လာနေလိုက်သည်။ "စက်ချုပ်သမလေးရေ၊ ရောက်လာပြီလားကွယ်"
....