Chapter 60.2
August 3, 2023 by Yamin Aung
အပိုင်း - ၆၀.၂တူဝရီးလေးယောက်ဟာ တော်တော်လေးညဉ့်နက်သည်အထိ စကားတွေပြောပြီးမှ အိပ်စက်အနားယူခဲ့ကြ၏။
နောက်ရက်မနက်ရောက်သည့်အခါ နှစ်သစ်ကူးအကြိုနေ့ကိုရောက်လာပြီဖြစ်၍ သူတို့တွေအကုန်လုံး စိတ်တွေ အရမ်းလှုပ်ရှားနေကြတော့သည်။အိပ်ရာထပြီး မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ သူတို့ခြောက်ယောက်လုံး ဖန်းယန်ရွာကို ထွက်လာခဲ့ကြတော့သည်။
ယွမ်အိမ်ကိုရောက်တာနဲ့ သူတို့တွေဟာ နှစ်သစ်ကူးအတွက် ပြင်ဆင်စရာရှိတာတွေကို တက်ကြွစွာဖြင့် ဝိုင်းဝန်းကူညီပြင်ဆင်ပေးကြ၏။
အထူးသဖြင့် တက်ကြွသောကြက်ဖကြီးဖြစ်နေသည့် ယွမ်ဟောင်ဂျန်ပင်။ သူကအလုပ်တွေအကုန်လုံးကို ပျော်ရွှင်တက်ကြွစွာဖြင့် ဝိုင်းပြီးလုပ်ကိုင်ပေးနေ၏။နှစ်သစ်ကူးမုန့်တွေလုပ်တဲ့နေရာမှာလည်း သူကဝင်ကူညီလိုက်သေးသလို၊ ကောင်းချီမင်္ဂလာစက္ကူနီကပ်တဲ့နေရာမှာလည်း ဝင်ကူလိုက်သေး၏။
နေရာတိုင်းဝင်ပြီး ကူညီနေသည့် ယွမ်ဟောင်ဂျန်ကိုကြည့်ရင်း ယွမ်ချန်းရှန်က
"ဟေ့ကောင်၊ ဖန်းမင်းတောင်ရဲ့ဆရာကြီးဘွဲ့ကို မင်းယူလိုက်တော့"
ဟု စနောက်လိုက်၏။
"တကယ်လား။ အဲ့တာဆို အခုချိန်ကစပြီး ကျွန်တော်က ဖန်းမင်းတောင်ရဲ့ဆရာကြီးဘဲ"
ဟု ယွမ်ဟောင်ဂျန်ကလည်း စပ်ဖြဲဖြဲဖြင့် ပြန်နောက်လိုက်တော့သည်။
ဒီလိုနဲ့တဖြည်းဖြည်းမိုးချုပ်လာကာ နေဝန်းကြီးသည်လည်း အနောက်အရပ်သို့ ဝင်ရောက်သွားပြီဖြစ်သည်။
နှစ်သစ်ကူးကျရောက်လာတော့မှာဖြစ်၍ ညဉ့်နက်လာတာနဲ့အမျှ ဖန်းမင်းတောင်ဟာ တိတ်ဆိတ်သွားရမည့်အစား ပိုပြီးဆူညံလာတော့သည်။
ယွမ်ရိတို့သည်လည်း နှစ်သစ်ကူးညစာကိုစားလိုက်၊နှစ်သစ်ကူးအတွက်ပြင်ဆင်ထားသည့် မုန့်ပဲသရေစာများကို စားလိုက်ဖြင့် နှစ်သစ်ကူးအား စောင့်ကြိုလို့နေ၏။
ဒီလိုဖြင့် ညသန်းခေါင်ယံကိုရောက်လာချိန်မှာတော့ ဖန်းမင်းတောင်အနှံ့မီးရှူးမီးပန်းများဖောက်လွှတ်ကြကာ နှစ်သစ်ကူးရောက်ရှိလာပြီဖြစ်ကြောင်း လောကကြီးအား အသိပေးလိုက်ကြတော့သည်။
ယွမ်ရိတို့မောင်နှမတစ်သိုက်ဟာလည်း ပျော်ရွှင်စွာဖြင့် မီးရှူးမီးပန်းများကို ဖောက်လွှတ်ကြတော့သည်။ထိုနေ့က သူမတို့တတွေဟာ မိုးလင်းခါနီးမှသာ အိပ်ယာဝင်ခဲ့ကြတော့သည်။
မိုးလင်းခါနီးမှ အိပ်ယာဝင်ခဲ့ကြသော်လည်း နောက်ရက်မနက်မှာ သူမတို့တွေ စောစောစီးစီးနိုးခဲ့ကြပါသည်။
နှစ်သစ်ကူး၏ပထမဆုံးနေ့ဖြစ်၍ သူမတို့ဟာ စောစောစီးစီးနိုးပြီးတာနဲ့ မျက်နှာသစ်သန့်ရှင်းရေးလုပ်ကာ ရွာထဲကို ထွက်လာခဲ့ကြ၏။ ပြီးတာနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက်ကာ
'ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးပါ'
ဟု လိုက်ပြောကြတော့သည်။
ယွမ်ရိကတော့ အဖိုးဆောင်းအတွက်ရည်မှန်းပြီး ငွေက္ကူများကိုပင် မီးရှို့ပေးခဲ့သေး၏။
နှစ်သစ်ကူးပြီး ဒုတိယနေ့မှာတော့ ဒုတိယအဒေါ်ယွမ်ချိုင်လန်တို့မိသားစုလည်း ရောက်လာကာ နှစ်သစ်ကူး ပျော်ရွှင်ပွဲအား အတူတူဆင်နွှဲခဲ့ကြ၏။
သုံးရက်နေ့၊ လေးရက်နေ့နဲ့ငါးရက်နေ့အထိ ယွမ်ရိဟာ သူ့မောင်နှမတွေရယ်၊ လင်းယောင်ရယ်ဖြင့် တောင်အနှံ့လျှောက်သွားခြင်း၊ ဆော့ကစားခြင်းတွေ ပြုလုပ်ကာ ဖြတ်သန်းခဲ့၏။
ဤရက်တွေဟာ ယွမ်မိသားစုနဲ့လင်းယောင်အတွက် အပျော်ရွှင်ရဆုံးနေ့ရက်တွေ ဖြစ်လာခဲ့သည်။
ဒါပေမယ့် ပျော်ရွှင်မှုဆိုတာက ဘယ်သောအခါမျှ ကြာရှည်မခံခဲ့ပေ။
ငါးရက်မြောက်နေ့၏ညဘက်မှာတော့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ သူတို့၏အခန်းထဲမှာ အဝတ်အစားတွေကို အထုပ်အပိုးအတွင်းပြန်လည်ထုပ်ပိုးနေကြပြီဖြစ်သည်။ ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့သည်လည်း သူတို့၏အဝတ်များအား ပြန်လည်ထုပ်ပိုးနေကြပြီဖြစ်သည်။
ယွမ်ချီကျီလည်း ယွမ်ရိအား အသာလက်တို့လျက် အခန်းအပြင်သို့ ခေါ်ထုတ်လိုက်၏။ အကွယ်တစ်နေရာကိုရောက်မှ သူမလက်ထဲမှ အထုပ်မဲလေးတစ်ခုအား ယွမ်ရိထံပေးလိုက်ရင်း
"ရှောင်ရိ၊ ဒီမယ် ဒါလေးယူသွား။ မြို့မှာလိုအပ်တဲ့ဟာလေးတွေ ဝယ်သုံးနော်။ ကျန်းမာရေးလည်း ဂရိုစိုက်။ မလိုတာတွေတော့ မဝယ်နဲ့။ သုံးတာနဲ့ဖြုန်းတာကို ကွဲကွဲပြားပြားသိရမယ်နော်"
ဟု ဆုံးမလိုက်၏။
ဒါပေမယ့် ယွမ်ရိက ယွမ်ချီကျီပေးသည့်အထုပ်လေးအား ငြင်းလိုက်၏။
"အဒေါ်၊ သမီးမှာ အရင်တစ်ခါတုန်းက အဖွားပေးလိုက်တဲ့ဟာတွေတောင်မကုန်သေးဘူး။ ဒါတွေကိုတော့ အဒေါ်ဘဲ ပြန်သိမ်းထားလိုက်ပါ။ သမီးမယူပါရစေနဲ့"
အရင်တစ်ခေါက် အဖွားလျူရှင်းဟွာပေးလိုက်သည့်ငွေတွေက တကယ်လည်း မကုန်သေးပေ။ ဘာလို့လည်းဆိုတော့ မြို့ပေါ်မှာတုန်းက ယွမ်ရိနှင့်ယွမ်ကျဲတို့ မုန့်သွားစားကြရုံကလွဲပြီး ဘာမှမသုံးခဲ့လို့ပင်။
သူမမှာကျန်နေသေးသည့် လက်ကျန်ငွေဖြင့် ကောလိပ်ကိုပင်တက်ရောက်ဖို့အတွက်ပင် လုံလောက်နေသေး၏။
"ရှောင်ရိရယ်။ ဒီတောင်ပေါ်မှာက ဘယ်နေရာများ ငွေသုံးစရာရှိလို့လဲ။ မြို့ပေါ်မှာတော့ ငွေသုံးစရာနေရာတွေက ခပ်များများလေ။ ပြီးတော့ ယွမ်ကျဲကိုလည်း ဂရုစိုက်ပေးရဦးမယ်။ ဒီတော့လက်ထဲမှာ ငွေများများရှိထားတော့ မကောင်းဘူးလား။ အဒေါ်ပေးတဲ့ဟာလေးတော့ ယူသွားလိုက်ပါနော်'
ဟု ပြောရင်းထပ်ပေးလိုက်၏။
ယွမ်ရိဟာ ယွမ်ချီကျီထံကနေ ငွေထုပ်ကလေးကို လက်ခံရမလား၊ လက်မခံရဘူးလားဆိုတာကို တွေဝေနေခဲ့၏။
ယွမ်ချီကျီသည်လည်း ယွမ်ရိမယူမှာစိုး၍ တွေဝေနေသည့်အခြေအနေကို အခွင့်ကောင်းယူကာ ယွမ်ရိအိတ်ကပ်အတွင်းသို့ ကတိုက်ကရိုက်ထည့်လိုက်တော့သည်။
"ရှောင်ရိရယ်။ အဒေါ်က မင်းကို ဒါလေးဘဲ ထောက်ပံ့နိုင်တာပါကွယ်။ မင်းသာမယူရင် အဒေါ်တော့ အရမ်းစိတ်မကောင်းဖြစ်ရမှာကွဲ့။ ဒါ့ကြောင့် အဒေါ့်ကို စိတ်မကောင်းဖြစ်အောင်မလုပ်ဘဲ ယူလိုက်ပါနော်"
နောက်ဆုံးမှာ ယွမ်ရိလည်း မငြင်းသာတော့ဘဲ
ဟု ကတိပေးရင်း ငွေကို ယူလိုက်ရတော့သည်။
"ဒီလိုမှပေါ့။ မြို့မှာ ကျန်းမာရေးလည်း ဂရုစိုက်ကြဦးနော်"
ဟု မှာလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"စိတ်မပူပါနဲ့အဒေါ်။ သမီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်"
ထိုနောက် သူမတို့ဟာ အခန်းထဲ ပြန်ဝင်လာကြပြီး ယွမ်ကျဲ၊ ယွမ်ချူးရွယ်တို့နဲ့အတူတူ အဝတ်အစားတွေပို ထုပ်ပိုးခဲ့ကြ၏။ ပြီးတာနဲ့ အိပ်ရာဝင်ခဲ့ကြတော့သည်။
နောက်နေ့မနက်မှာတော့ သူတို့တွေဟာ စောစောထခဲ့ကြပြီး အဝတ်ထုပ်တွေကို တစ်ခါတည်းယူဆောင်လျက် ဖန်းယန်ရွာသို့ ထွက်လာခဲ့ကြသည်။
ယွမ်အိမ်မှာ မနက်စာစားပြီးတာနဲ့ ခရီးထွက်ဖို့အကုန်လုံးအဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ ဒါပေမယ့် ထိုအထဲတွင်တော့ ယွမ်ဟောင်ဂျန်မပါပေ။
ယွမ်ဟောင်ဂျန်ဟာ အဖိုးအဖွား၊ ဦးလေး၊ ဒေါ်လေးများဖြင့် မခွဲခွာလိုသည့်အတွက် မျက်ရည်များ စမ်းစမ်း,စမ်းစမ်းဖြစ်နေသည်။
သူ့ကြောင့်နဲ့ပင် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကပါ မျက်ရည်တွေ ဝိုင်းလာရ၏။
ယွမ်ကျီကောင်းဟာ မိုးပေါ်ကို မော့ကြည့်လို့ မျက်ရည်မဝိုင်းအောင် ထိန်းလိုက်ပြီးမှ ယွမ်ဟောင်ဂျန်၏ပုခုံးကို အသာပုတ်ကာ
"ငါ့မြေး ယောက်ျားဆိုတာ မျက်ရည်မကျရဘူးကွ"
ဟု ဆုံးမလိုက်၏။
ထိုအခါမှ ယွမ်ဟောင်ဂျန်လည်း မျက်ရည်ဝိုင်းနေတာကို သုတ်ဖယ်လိုက်ပြီး စစ်သားတစ်ယောက်ကဲ့သို့ အလေးပြုရင်း
"ဟုတ်ကဲ့ပါ အဖိုး"
ယွမ်ရိတို့ဟာ မိသားစုအား နှုတ်ဆက်နေရတာနဲ့တင် အချိန်တော်တော်လေးကုန်သွားခဲ့၏။ လင်းယောင်ဟာလည်း ယွမ်မိသားစုထံရောက်လာကာ ယွမ်ရိတို့ထွက်ခွာတော့မည်အား လာရောက်နှုတ်ဆက်ခဲ့၏။
ဒီတစ်ကြိမ်မှာတော့ လင်းယောင်ဟာ ယခင်တစ်ကြိမ်ကကဲ့သို့ မျက်လုံးတွေ နီရဲနေတာမျိုး မရှိတော့ဘဲ ချိုသာသောအပြုံးတစ်ခုကိုသာ ဆင်မြန်းလျက် ယွမ်ရိ၏လာရောက်နှုတ်ဆက်ခြင်းအား တုံ့ပြန်ခဲ့သည်။
သူက ယွမ်ရိက ခေါင်းကိုအသာအယာလေးဖွလိုက်ပြီး
"ဟိုရောက်ရင် ဂရုစိုက်နော်"
ဟု တည်ကြည်သော လေသံဖြင့် မှာကြားလိုက်သည်။
"အင်းပါ၊ ငါကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်ပါ့မယ်။ နင်လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်"
ဟု ပြောရင် ယွမ်ရိက လင်းယောင်အား ဖက်လိုက်၏။
"အင်းပါ"
ဟု ပြန်ပြောရင်း လင်းယောင်သည်လည်း ယွမ်ရိအား ပြန်လည်ပွေ့ဖက်လိုက်တော့သည်။
လူတိုင်းကိုနှုတ်ဆက်ပြီးသည့်နောက် ယွမ်ရိတို့ဟာ ယွမ်အိမ်ကနေ စတင်ထွက်ခွာလာခဲ့ကြတော့သည်။အပြန်ခရီးမှာတော့ ယွမ်ချန်းရှန်ကလည်း လိုက်ပါပို့ဆောင်ပေးခဲ့၏။
သူတို့တွေဟာ သုံးလေးလှမ်းခန့်လျှောက်ပြီး ပြန်နောက်ကိုလှည့်၍ ယွမ်အိမ်ကိုငေးကြည့်ပြန်ရင်း အဝေးဆီသို့ မှုန်ဝါးပျောက်ကွယ်သွားတော့သည်။
ယွမ်အိမ်ထဲမှာတော့ ယွမ်ကျီကောင်းဟာ ဟိုးအဝေးဆီမှုန်ဝါးပျောက်ကွယ်သွားကြသည့် သူ့မြေးတွေကိုကြည့်ရင်း
"နောက်တစ်ကြိမ်ပြန်ဆုံဖို့ ဘယ်လောက်ကြာဦးမလဲမသိဘူး"
ဟု သက်ပြင်းချလျက် ရေရွတ်လိုက်၏။
ယွမ်ချီကျီလည်း သူမအဖေ၏လက်မောင်းအား အသာပွတ်သပ်ပေးလျက် အားပေးနှစ်သိမ့်လိုက်၏။
တစ်ဖက်မှာတော့ ယွမ်ရိတို့ဟာ ကလေးများသာဖြစ်ကြ၍ အချိန်အကြာကြီး လမ်းမလျှောက်နိုင်ကြဘဲ ခဏမျှအနားယူခဲ့ကြသည်။ ထိုသို့ အနားယူနေကြသည့်အချိန်မှာဘဲ ခုနကမျက်ရည်တစမ်းစမ်းဖြစ်ခဲ့တာ သူမဟုတ်သည့်အလား ပြောင်းလဲသွားသည့် ယွမ်ဟောင်ဂျန်က သူ့ဦးလေးယွမ်ချန်းရှန်၏အနားကိုကပ်လျက် အရင်တုန်းကအကြောင်းတွေကို ပြန်ပြောပြဖို့တောင်းဆိုလိုက်သည်။
ဒီလိုနဲ့ယွမ်ချန်းရှန်ခဗျာ အနားယူသည့်ချိန်တွင်သာမက ခရီးလမ်းတစ်လျှောက်လုံး သူ့အတိတ်အကြောင်းများအား မနားတမ်းပြောပြလာရတော့သည်။
ဒါပေမယ့်လည်း ယွမ်ချန်းရှန်လိုက်ပါလာသည့်အတွက်ကြောင့်ပင် ယွမ်ရိတို့လည်း ခရီးပိုတွင်ခဲ့ကြ၏။အဘယ်ကြောင့်ဆိုသော် ယွမ်ချန်းရှန်က သူ့တူမတွေရဲ့အထုပ်အပိုးတွေကို ဝိုင်းသယ်ပေးခဲ့လို့ဘဲဖြစ်သည်။
ဒါ့ကြောင့်ယွမ်ရိတို့တတွေဟာ အလာတုန်းကထက်စောပြီး တုန်းဖန်းမြို့သို့ ရောက်ရှိခဲ့ကြတော့သည်။ တုန်းဖန်းမြို့ကို စောစောစီးစီးရောက်ရှိခဲ့ကြသော်လည်း ယွမ်ရိတို့ဟာ ချက်ချင်းပြန်ဖို့အလျင်မလိုခဲ့ကြပေ။ သူမတို့က အလာတုန်းကကဲ့သို့ပင် တုန်းဖန်းမြို့မှာ တစ်ညတည်းခိုဖို့စီစဉ်ထားခဲ့ကြ၏။
တည်းခိုခန်းသို့ရောက်ပြီး အခန်းထဲသို့ အထုပ်အပိုးများထားပြီးသည်နှင့်တပြိုက်နက် ယွမ်ရိဟာ တည်းခိုခန်းမှ ဖုန်းဖြင့် ယွမ်ချန်းဖူအား ဆက်သွယ်ကာ သူမတို့မနက်ဖြန် ပြန်လာတော့မည်ဖြစ်ကြောင်းနဲ့ လမ်းခရီးအတွက် စီစဉ်စရာရှိတာအချို့အား စီစဉ်ပေးထားဖို့ အကြောင်းကြားထားလိုက်၏။
ယွမ်ချန်းဖူသည်လည်း စီစဉ်စရာရှိတာကို အမြန်စီစဉ်လိုက်၏။ ဒါ့ကြောင် ယွမ်ရိတို့ မနက်အိပ်ယာထ၍ တည်းခိုခန်းအပြင်ကို ထွက်လိုက်သည့်အခါမှာ သူမတို့ကို လာကြိုသည့် ကားတစ်စီးအား တည်းခိုခန်းအပြင်မှာ အရံသင့်တွေ့လိုက်ကြတော့သည်။
ဒါပေမယ့် ယွမ်ရိတို့က ကားပေါ်တက်ဖို့ အလျင်လိုခြင်းလုံးဝမရှိခဲ့ကြပေ။ သူမတို့တွေဟာ အရင်ဆုံး မနက်စာကို အေးအေးဆေးဆေးစားခဲ့ကြ၏။
မနက်စာစားပြီးသွားသည့်နောက်မှာသာ ကားပေါ်သို့ အထုပ်အပိုးများကို တင်ခဲ့ကြသည်။ အထုပ်အပိုးများကိုတင်ပြီးတာနဲ့ လူတွေပါ တက်လိုက်ကြတော့သည်။
ယွမ်ချန်းရှန်ဟာ သူ့တူတွေတူမတွေ ကားပေါ် တက်သွားကြတာကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
ယွမ်ရိတို့သည်လည်း ကားထဲကနေ လက်ကို ဝှေ့ယမ်းလို့ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ကားလေးဟာ တရွေ့ရွေ့ဖြင့် ယွမ်ချန်းရှန်အနီးကနေ ထွက်ခွာသွားတော့သည်။
ယွမ်ချန်းရှန်သည်လည်း တရွေ့ရွေ့ထွက်ခွာသွားသည့် ကားလေးကို ကြည့်ရင်း အတွေးပေါင်းများစွာဖြင့် ကျန်နေရစ်တော့သည်။
တစ်ဖက်မှာတော့ ယွမ်ရိတို့ဟာ ရထားဘူတာရုံကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့နောက် ကားကနေတဆင့် ရထားပေါ်သို့ ပြောင်းစီးကြရင်း အချိန်နှစ်ရက်တာကို ရထားပေါ်မှာဘဲ ကုန်ဆုံးတော့မှာဖြစ်သည်။
ရထားပေါ်ကို ရောက်တာနဲ့ ယွမ်ချူးရွယ်က
"အမ၊ တတိယအဒေါ်က လက်ထပ်ထားတာမဟုတ်ဘူးလား။ သူ့ယောက်ျားကိုလည်း မတွေ့မိဘူးနော်"
ဟု ပြောလိုက်၏။
ထိုအခါ ယွမ်ရိက မျက်နှာနည်းနည်းပျက်သွားပြီး
"အဲ့ကိစ္စက နည်းနည်းရှုပ်ထွေးတယ်။ ကလေးတွေ သိဖို့ အဆင်မပြေသေးဘူး။ ဒါ့ကြောင့် အဆင်ပြေတဲ့အချိန်ရောက်လာပြီဆိုရင် အမပြောပြမယ်နော်"
ဟု ပြောလိုက်ရတော့သည်။
တကယ်တော့ ယွမ်ရိက ယွမ်ချီကျီ၏အကြောင်းအား အခြားသူတွေထံ ပြောပြလိုခြင်းလုံးဝမရှိချေ။
ယွမ်ချူးရွယ်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ သူတို့တွေဟာ ယွမ်ချီကျီကွာရှင်းထားကြောင်း လုံးဝမသိကြပေ။ သူတို့တင်မက ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့လည်း မသိကြချေ။
အရင်တစ်ခေါက် တောင်ပေါ်သွားတုန်ကလည်း ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ဟာ ရက်အနည်းငယ်သာ နေထိုင်ခဲ့ကြ၍ ယွမ်ချီကျီကွာရှင်းသည့်အကြောင်း၊ယွမ်ချန်းကွေ့နှင့်ဆန်းရှောင်ဟိုင်တို့ အိမ်ခွဲသွားကြသည့်အကြောင်းတွေကို လုံးဝမသိသွားကြပေ။
ယွမ်ရိဟာ ရထားစီးသည့်အခါမှာ နည်းနည်းမူးတတ်၍ ထိုင်စရာနေရာတစ်ခုကို အမြန်ရှာပြီး သက်တောင့်သက်သာဖြစ်စေမည့် အနေအထားသို့ အမြန်အနားယူလိုက်တော့၏။
ယွမ်ဟောင်ဂျန်ကတော့ အလာတုန်းကလိုပင် တက်ကြွလျက်ရှိနေဆဲဖြစ်ပြီး ရဲ့ဖန်နဲ့စကားပြောလိုက်၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဖြင့်စကားပြောလိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။
နှစ်ရက်ခွဲခန့်ကြာပြီးသည့်နောက်မှာတော့ ရထားဟာ တဖြည်းဖြည်းအရှိန်နှေးသွားပြီး ရပ်တန့်သွားတော့သည်။
"အမ၊ သမီးတို့ရောက်ပြီ"
ယွမ်ကျဲက အိပ်နေသည့် ယွမ်ရိအား နှိုးလိုက်၏။
ပြီးတာနဲ့ မောင်နှမငါးယောက်သား ရထားပေါ်ကနေ အထုပ်ကိုယ်စီဆွဲလို့ ဆင်းလာခဲ့ကြတော့သည်။
ယွမ်ဟောင်ဂျန်က ရထားပေါ်ကနေ ဆင်းပြီးတာနဲ့ ခါးဆန့်လိုက်ကာ
"ကျောင်းပိတ်ရက်ကလည်း ခဏလေးရယ်။ နောက်ရက်တွေ ကျောင်းဖွင့်ပြီး ကျောင်းတက်ရတော့မယ်ဆိုတာကြီးကို တွေးပြီး ပျင်းလိုက်တာ"
ဟု ရေရွတ်လိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"
ရဲ့ဖန်က ယွမ်ဟောင်ဂျန်အား ကန်ထုတ်လိုက်ပြီး ဘူတာရုံအပြင်သို့ ထွက်ခွာသွားတော့သည်။
ဘူတာရုံအပြင်မှာတော့ သူမတို့အလာတုန်းက လိုက်ပို့သည့်ကားကပင် စောင့်ကြိုနေခဲ့၏။
ယာဉ်မောင်းက ယွမ်ရိတို့မောင်နှမတသိုက်ကိုမြင်တော့ ပြုံးပြလိုက်ပြီး
"ပျော်ခဲ့ကြရဲ့လား"
ဟု မေးလိုက်၏။
ထိုအခါ ယွမ်ဟောင်ဂျန်ကဘဲ တက်ကြွစွာဖြင့်ပင်
"ပျော်ခဲ့တာကတော့ မေးမနေနဲ့တော့ဗျို့။ ဒီကို ပြန်မလာချင်တော့လောက်အောင်ဘဲဗျ။ အဖိုးကလည်း ကျွန်တော့်ကို ရိုင်ဖယ်သေနတ်ပစ်နည်း သင်ပေးသလို၊ အဖိုးနဲ့အတူတူ တောကောင်တချို့ကိုတောင်မှ အမဲလိုက်ခဲ့ကြသေးတယ်ဗျ။ အဖွားနဲ့တတိယအဒေါ်ကလည်း ကျွန်တော်တို့ကို အရသာအရမ်းရှိတဲ့မုန့်တွေ လုပ်ကျွေးကြတာဗျ။ ပြီးတော့ ဦးလေးငါးကလည်း ကျွန်တော်တို့ကိုအရမ်းအလိုလိုက်တာဗျ"
ဟု ပြောရင်း တောင်ပေါ်မှာ သူကြုံတွေ့ခဲ့ရတာတွေကို ကြွားနေခဲ့၏။
ယွမ်ရိကတော့ ယာဉ်မောင်းဘေးမှာ ဝင်ထိုင်လိုက်ရင်း ခေါင်းကို အသာယမ်းလိုက်မိတော့သည်။
'ဒီနှစ်ရဲ့နှစ်သစ်ကူးက သူတို့အတွက်အမှတ်တရကောင်းလေးတွေ ဖြစ်ခဲ့တော့မယ့်ပုံဘဲ'