Chapter 73.2

2.4K 250 0
                                    

အပိုင်း - ၇၃.၂

အရင်ဆုံး ယွမ်ရိဟာ စာတိုက်ပုံးအတွင်းမှ ယူလာသည့်စာတွေကို ထုတ်လိုက်သည်။ ပြီးတာနဲ့သူမက ယွမ်ကျဲနဲ့အတူစာတွေကို ဖွင့်ကာ ဖောက်ဖတ်လိုက်သည်။

ပထမဆုံးစာက သူမ၏အဖိုး ယွမ်ကျီကောင်းထံမှဖြစ်သည်။ စာထဲမှာ အကြောင်းအရာအများကြီးမပါဘဲ ဒေါ်လေးချန်ခွန်းက ကလေးလေးမွေးကာ ယောက်ျားလေးဖြစ်သည့်အကြောင်း ရေးထားသည်။

အဒေါ်ချန်ခွန်းက ကလေးကို ၁၉၇၇ ခုနှစ်ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းအရာတွေကို ဖတ်ပြီးတာနဲ့ ယွမ်ကျဲက
"ဦးလေးငါးတော့ အဖေဖြစ်သွားပြီ"
ဟု ဝမ်းသာစရာသတင်းအား ပျော်ရွှင်စွာရေရွတ်လိုက်တော့သည်။

ယွမ်ရိကလည်း ပြုံးလိုက်ကာ
"ဦးလေးငါးတော့ အရမ်းပျော်နေတော့မှာဘဲ"
ဟု ပြောလိုက်သည်။

ယွမ်ကျဲကလည်း ခေါင်းညိတ်ကာ
"ညီမတို့တောင် ဒီလောက်ပျော်နေမှတော့ ဦးလေးငါးဆို ‌သေချာပေါက် ပျော်နေမှာပေါ့"

ထို့နောက် ယွမ်ရိက စာကိုသေချာပြန်ခေါက်ကာ စားပွဲအံဆွဲအတွင်း ထည့်သိမ်းလိုက်တော့သည်။

တစ်ဖက်အခန်းမှာတော့ ရဲ့ချူးဝမ်ဟာ စာရွက်တွေကိုမီးရှို့လို့နေ၏။

ဒီတစ်ကြိမ်နဲ့ဆိုလျှင် သူမီးရှို့ခဲ့သည့် စာရွက်လေးရွက်ရှိပြီဖြစ်သည်။


ထိုလေးရွက်ထဲမှ တစ်ရွက်ဟာ လုယွမ်ကျန်းပေးပို့ထားခြင်းဖြစ်သည်။ လုယွမ်ကျန်းက ပေးပို့သူနေရာမှ သူ့နာမည်အရင်းကို မသုံးဘဲ မိန်းကလေးနာမည်သုံးလျက် ပေးပို့ခြင်းဖြစ်သည်။ သူပို့လိုက်သည့်စာထဲတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲစတင်တော့မည့်အကြောင်း၊ ထိုစာမေးပွဲတွင် အတူတူဝင်ဖြေပြီး အနာဂတ်မှာ နှစ်သားအတူတူရှိဖို့ ကြိုးစားကြမည့်အကြောင်းတွေနဲ့အခြား ချစ်ရေးချစ်ရာအကြောင်းတွေ ရေးဖွဲ့လို့ထားသည်။

ကျန်သည့်သုံးစောင်ကတော့ သူမထံသို့ပေးပို့သည့်စာတွေမဟုတ်ပေ။ ထိုစာ‌သုံးစောင်အား ရှန်ဟိုင်းမြို့မှ ပေးပို့ခြင်းဖြစ်သည်။

စာရွက်အား မီးရှို့ပြီးသည့်နောက် အောက်ထပ်ကနေ ထမင်းစားဖို့အတွက် အော်ခေါ်နေသည့် ယွမ်ဟောင်ဂျန်​၏အသံကို သူမကြားလိုက်ရ၏။

ဒါ့ကြောင့် ထိုင်နေရာကနေထကာ တံမြက်စည်းနဲ့အမှိုက်ဂေါ်အား သွားယူကာ မီးလောင်၍ပြာဖြစ်သွားသော ပြာများအား လှည့်ကျင်းကာ သန့်ရှင်းရေးလုပ်လိုက်သည်။

အကုန်လုံး ရှင်းလင်းပြီးပြီဆိုမှ ထမင်းစားရန်အတွက် အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။

ညစာစားဝိုင်းမှာ ယွမ်ချန်းဖူက ရဲ့ချူးဝမ်နဲ့ရဲ့ဖန်ကိုကြည့်ကာ
"မင်းတို့နှစ်ယောက်လုံး ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးခဲ့ကြပြီမလား။ အဲ့တော့ အောင်မြင်အောင်သေချာကြိုးစားကြ။ ဒီကြားထဲ တစ်ခုခုလိုအပ်တာရှိလာရင် အဖေ့ကိုပြော။ ဟုတ်ပြီလား"
ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အဖေ"
ရဲ့ဖန်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

ရဲ့ချူးဝမ်က ရဲ့ဖန်ကိုကြည့်ကာ
"ရှောင်ဖန်။ ကျောင်းမှာ ကောလိပ်ဝင်ခွင့်ဖြေဖို့အတွက် လေ့ကျင့်ထားရမယ့် သင်ခန်းစာတွေကို ငါ့ကိုလည်းပြဦး။ အဆင်ပြေရင် ငါ့အတွက် အပိုမိတ္တူကူးပေးဦး"
ဟု တောင်းဆိုလိုက်သည်။

ကျောင်းမှာ သူမက တစ်ယောက်တည်းသမား၊ အပယ်ခံလိုမျိုးဖြစ်သွားပြီး ကျောင်းသားကျောင်းသူတွေက ဖယ်ကြဉ်ထားကြတာမို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေရန်အတွက် အကူအညီတောင်းဖို့က အခက်အခဲဖြစ်နေခဲ့သည်။

ဒါ့ကြောင့် သူမ၏မောင်ကိုဘဲ အကူအညီတောင်းလိုက်ခြင်းပင်။

ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လမ်းညွှန်ချက်နဲ့မေးခွန်းပုံစံတချို့ကို လိုအပ်ကြပေသည်။

ဒါ့ကြောင့် သူမတို့က ညစာစားပြီးသည့်နောက်မှာ ရဲ့ဖန်ထံသွားခဲ့ကြပြီး
"ရှောင်ဖန်၊ ငါတို့ကိုလည်း မေးခွန်းပုံစံနဲ့လမ်းညွှန်ချက်တစ်စုံလောက် အပိုယူခဲ့ပေးပါဦး"
ဟု အကူအညီတောင်းလိုက်သည်။

ရဲ့ဖန်လည်း ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ပြီး ပြုံးလိုက်ကာ
"ဒါဆိုရင် အမတို့နှစ်ယောက်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးထားတာပေါ့"
ဟု မေးလိုက်၏။

ယွမ်ရိလည်း ပြန်ပြုံးပြလိုက်ပြီး
"ဟုတ်တယ်။ ဒီတစ်ကြိမ်မှာ အောင်တာမအောင်တာထက် အတွေ့အကြုံရချင်လို့ ဝင်ဖြေကြည့်ကြမလို့လေ။ ဒီတစ်ခေါက်မအောင်လည်း အထက်တန်းရောက်တဲ့အခါ နောက်တစ်ကြိမ် ထပ်ကြိုးစားလို့ရသေးတာဘဲ"
ဟု ပြန်ဖြေပေးလိုက်သည်။

ရဲ့ဖန်လည်း ခေါင်းတညိတ်ညိတ်ဖြင့်
"အင်းပါ။ အမတို့အတွက် မေးခွန်းပုံစံတွေ ကျွန်တော်ယူခဲ့ပေးမယ်"
ဟု ပြောလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ်"
ယွမ်ရိ ညင်ညင်သာသာလေးပြုံးလျက် ပြောလိုက်၏။

ကောလိပ်ဝင်ခွင့်စာမေးပွဲအား ကျင်းပတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပြီးသည့်နောက် ကျောင်းဝန်းအတွင်းရှိအငွေ့အသက်တွေဟာ အပုံကြီးပြောင်းလဲသွားတော့သည်။

ယခင်ကဆိုလျှင် ကျောင်းဝန်းအတွင်း သင်ကြားရေးက ဖရိုဖရဲဖြစ်နေပေမယ့် ယခုအခါ ကျောင်းထဲရှိ စာသင်ခန်းတိုင်းမှ စာအံသံ၊ စာဖတ်သံ၊ စာကျက်သံများဖြင့် ကျယ်လောင်စွာဖုံးလွှမ်းလို့နေသည်။

ယွမ်ရိတို့သည်လည်း ကျောင်းမတက်ခင်လေးမှာ အမိအရစာကို ရနိုင်သလောက်လေး ကုပ်ကပ်‌လုပ်နေကြသည်။

ကျောင်းတက်ခေါင်းလောက်ထိုးပြီးသည့်နောက် အတန်းထဲကို အတန်းပိုင်ဆရာမရှဲ့ဝင်လာခဲ့သည်။

ဆရာမရှဲ့က သူမ၏ကျောင်းသားကျောင်းသူများကိုကြည့်လျက်
"ကောလိပ်ဝင်ခွင်စာမေးပွဲကို တစ်လနေတဲ့အခါ ကျင်းပလိမ့်မယ်"
ဟု ပြောလိုက်သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်အချိန်အား အတိအကျသိလိုက်ရပြီမို့ ယွမ်ရိနဲ့ယွမ်ကျဲတို့၏အကြည့်တွေ တောက်ပသွားတော့သည်။

ဆရာမရှဲ့က ဆက်လက်ပြီး
"အချိန်တစ်လဘဲလိုတော့တာမို့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဖြေဆိုဖို့စာရင်းသွင်းထားတဲ့ကျောင်းသားကျောင်းသူတွေကို လေ့လာချိန်ပိုရအောင်လို့ ကျောင်းကနေပြီး တန်းခွဲတစ်ခုဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့မှာဆိုရင် ဆရာ၊ ဆရာမတွေကို မင်းတို့သိချင်တဲ့အရာတွေကို အချိန်တိုင်းမေးမြန်းလို့ရမယ်။ ကဲ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းထားတဲ့သူတွေ မင်းတို့ရဲ့လွယ်အိတ်တွေကို ယူခဲ့ပြီး တန်းခွဲသစ်ကို သွားကြမယ်"
ဟု ပြောလိုက်၏။

တကယ်တော့အတန်းထဲမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးထားသူ အများကြီးမရှိချေ။

အားလုံးက ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဝင်ဖြေရန် ငယ်ရွယ်ကြသေးတာမို့ပင်။ တကယ်တော့ သူတို့တွေက ကျောင်းကနေသင်ယူထားတဲ့စာတွေကို ပြန်လေ့ကျင့်ခြင်းမရှိတာကြောင့် ဘာမှမသိကြ‌သဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းမပေးသွင်းကြခြင်းပင်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ညီအမနှစ်ယောက်ဟာ သူမတို့၏ စာအုပ်များအား လွယ်အိတ်အတွင်း သေချာပြန်ထည့်လိုက်ပြီး အခြားသောကျောင်းသားအနည်းငယ်နဲ့အတူ အတန်းထဲကနေ ထွက်လာကြတော့သည်။

သူမတို့ အတန်းထဲကနေ ထွက်လာတဲ့အခါ ယွမ်ချူးယန်နဲ့စုမန်မန်တို့က နောက်လှည့်ပြီး ကြည့်လိုက်ကြသည်။

စုမန်မန်က ယွမ်ချူးယန် နားကပ်လျက်
"ဟဲ့၊ နင့်အမနှစ်ယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေဖို့ စာရင်းပေးထားကြပုံဘဲ"
ဟု လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

ယွမ်ချူးယန်က
"စားရင်းသွင်းတာများ။ ဘာခက်တာမှတ်လို့။ ဆရာမရှဲ့ဆီသွားပြီး လျှောက်လွှာဖြည့်လိုက်ရုံဘဲကို။ အဲ့တာကို လူတိုင်းလုပ်နိုင်ပါတယ်"
ဟု ပြန်ပြောလိုက်သည်။

"သူတို့တွေ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မယ်ထင်လား"
ဟု စုမန်မန်က ထပ်မေးလိုက်၏။

ထိုအခါ ယွမ်ချူးယန်က နှာခေါင်းတစ်ချက်ရှုံ့လျက်
"ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတာကို ထမင်းစားရေသောက်လုပ်နေတယ်ထင်နေလား။ သူတို့နှစ်ယောက်မှာ အခြေခံတောင်ကောင်းကောင်းမရှိတဲ့ဟာကို ဘယ်လိုလုပ်ပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မှာတုန်းဟဲ့"
ဟု ပြန်ပြောလိုက်သည်။

စုမန်မန်က ခဏမျှစဉ်းစားပြီးမှ
"ငါတော့ အမယွမ်ရိနဲ့ယွမ်ကျဲတို့ကို စာမေးပွဲအောင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ကို ကျောင်းမှာငါတို့အမြဲတွေ့နေရတာဘဲ။တွေ့တဲ့အချိန်တိုင်းမှာလည်း အမနှစ်ယောက်က စာထဲမှာဘဲ အာရုံစိုက်လုပ်နေကြတာလေ။ ကျောင်းမှာဆိုရင် အမယွမ်ရိနဲ့ယွမ်ကျဲတို့လောက် စာလုပ်တာဆိုလို့သူတို့ဘဲရှိတယ်။ သူတို့မှ ကောလိပ်ဝင်ခွင့်စာမေးပွဲမအောင်ရင် အခု ဘယ်သူမှ အောင်မယ်မထင်တော့ဘူး"
ဟု သူမအတွေးများအား ယွမ်ချူးယန်ကိုပြောလိုက်တော့သည်။

"အဲ့တာတွေ ငါမသိဘူး"
ယွမ်ချူးယန်က ကောလိပ်ဝင်ခွင့်စာမေးပွဲအား လုံးဝစိတ်မဝင်စားသောဟန်ပန်ဖြင့် စကားကို အပြတ်ပြောချလိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သီးသန့်ပြင်ဆင်ပေးထားသည့် တန်းခွဲသစ်ကို ရောက်လာကြတော့သည်။ အတန်းတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရင် စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများဖြင့် ပြည့်လို့နေသည်။

ထိုအတန်းအား သင်ကြားမည့် ဆရာ၊ ဆရာမကလည်း ကျောင်းကနေပြီး သေချာစီစစ်ရွေးချယ်ပေးထားသည့် အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမတစ်ယောက်ပင်။

ထိုတန်းခွဲသစ်တွင် ညနေခင်းအတွက် အတန်းချိန်နှစ်ချိန်ကိုပါ အပိုထပ်ပေါင်းထားသေးသည်။

မူလက ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ သူမတို့လည်း ကေညလိပ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ဖြေမည်ဖြစ်‌သည့်အကြောင်းအား မိသားစုထံ ပြောမထားခဲ့ကြပေ။ဒါပေမယ့် သူမတို့တန်းခွဲအသစ်တွင် တက်ရောက်လိုက်ပြီးသည့်နောက် သူမတို့လည်း စာရင်းပေးထားကြောင်း သူမတို့အိမ်မှ သိသွားတော့မည် ဖြစ်သည်။

ညနေခင်း ညစာစားကြသည့်အချိန်မှာ ယွမ်ချန်းဖူက ရဲ့ဖန်နဲ့ရဲ့ချူးဝမ်တို့အား ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးမေးမြန်းခဲ့သည်။

ထိုအချိန်မှာဘဲ ယွမ်ချူးယန်က
"အဖေ၊ တကယ်တော့ အိမ်မှာ အမချူးဝမ်နဲ့အကိုရဲ့ဖန်တို့အပြင် နောက်ထပ်နှစ်ယောက်ကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဖို့ စာရင်းသွင်းထားကြသေးတယ်"
ဟု ပြောကာ ယွမ်ရိနဲ့ယွမ်ကျဲအား စိုက်ကြည့်လိုက်သည်။

ယွမ်ချူးယန်စကားဆုံးတာနဲ့ ယွမ်ချူးရွယ်နဲ့ရဲ့ဖန်မှတစ်ပါး ကျန်သောသူတွေအကုန်လုံးဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့အား အံ့အားတကြီး စိုက်ကြည့်လိုက်တော့သည်။

အကုန်လုံးက သူမတို့ကို အံ့အားတကြီးစိုက်ကြည့်နေတာကိုတွေ့တော့ ယွမ်ရိက ပုခုံးအသာတွန့်လျက်
"စာရင်းသွင်းတာလေးတစ်ခုက ဘာများ အံ့အားသင့်စရာပါနေလို့တုန်း"
ဟု မေးလိုက်၏။

ယွမ်ချန်းဖူက
"အင်း၊ အဖေတို့ နည်းနည်းတော့ အံ့အားသင့်သွားတယ်။ သမီးတို့ကို ကောလိပ်ဝင်ခွင့်အတွက် ဝင်မဖြေဖြစ်လောက်ဘူးထင်နေတာ။ အလယ်တန်းတွေလည်း ဖြေလို့ရတယ်လို့ခွင့်ပြုထားပေမယ့် ကောလိပ်နဲ့ယှဉ်ရင် အသက်အရွယ်ကွာသေးတာမို့လို့လေ"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိက ဘာမျှပြန်မပြောတော့ဘဲ ညစာကိုဘဲ ငုံ့စားနေလိုက်တော့သည်။

ညစာစားပြီးသည့်နောက်မှာ ကျောင်းက တန်းခွဲသစ်မှာ ကောလိပ်ဝင်ခွင့်ဝင်ဖြေမည့် ကျောင်းသားကျောင်းသူများအတွက် အသစ်စီမံထားသော အတန်းချိန် နှစ်ချိန်အား သွားတက်ရန်ပြင်ကြတော့သည်။

ရဲ့ချူးဝမ်က သူ့မောင်ရဲ့ဖန်အား သူမနဲ့အတူတူသွားဖို့ကြိုပြောထားသည်။

ဒါ့ကြောင့် ညစာစားပြီးတာနဲ့ ရဲ့ချူးဝမ်က ရဲ့ဖန်နဲ့အတူတူ ကျောင်းကိုပြန်သွားတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း ညစာစားပြီးသည့်နောက်မှာ လွယ်အိတ်ကိုယ်စီလွယ်လျက် ကျောင်းကိုပြန်သွားကြ၏။

အိမ်ကလူတွေထွက်သွားပြီးသည့်နောက် ယွမ်ချူးရွယ်က အပေါ်ထပ်ကိုတက်ကာ သူမအခန်းထဲဝင်သွားတော့သည်။

ယွမ်ချူးယန်ကတော့ ဖန်းရှုံးယန်နဲ့အတူ မီးဖိုချောင်ထဲမှာ ဝိုင်းကူလုပ်ပေးနေခဲ့သည်။

ဖန်းရှုံးယန်က ယွမ်ချူးယန်အား
"ချူးယန်၊ နင်ကရော ဘာလို့ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ စာရင်းမသွင်းရတာလဲ"
ဟု မေးလိုက်သည်။

ယွမ်ချူးယန်က
"အမေကလည်း အဲ့‌ဒီကောလိပ်ဝင်ခွင့်စာမေးပွဲဆိုတာကြီးက လွယ်လွယ်နဲ့အောင်မယ့်အရာကြီးများထင်နေတာလား။ မယုံရင် ကြည့်ထားပါ အခုစာရင်းသွင်းထားတဲ့လူအများကြီးထဲကနေ ဘယ်နှစ်ယောက်များ ‌စာမေးပွဲအောင်ပြီး ကောလိပ်တက်ရမလဲဆိုတာကို။ အချို့ကတော့ ကိုယ့်အတိုင်းအတာကို ကိုယ်မသိဘဲ ကံစမ်းချင်နေကြတာလေ။ သမီးကတော့ ကိုယ့်ကိုယ်ကိုယ်သိပြီးသားမို့ စားရင်းမသွင်းလိုက်တာပါ"
ဟု ပြောပြလိုက်သည်။

ဖန်းရှုံးယန်လည်း သူ့သမီးကို မျက်စောင်းထိုးကြည့်လျက်
"ပြောလိုက်ရင် ဆင်ခြေဆင်လက်ဆင်နားရွက်နဲ့လွတ်တာကို မရှိဘူးနော်"
ဟု ပြောလိုက်သည်။

ဆက်လက်ပြီး သူမက
"ဒါနဲ့ ယွမ်ရိနဲ့ယွမ်ကျဲတို့က နင်နဲ့အတန်းအတူတူဘဲမလား။ သူတို့ရော ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မယ်ထင်လား"
ဟု မေးလိုက်၏။

ယွမ်ချူးယန်က ထိုမေးခွန်းကို ချက်ချင်းပြန်မဖြေခဲ့ပေ။ သူမက သူမအမေကို သေချာပြန်စိုက်ကြည့်လျက်
"အမေရော ဘယ်လိုထင်လဲ"
ဟု ပြန်မေးခွန်းထုတ်လိုက်သည်။

ဖန်းရှုံးယန်မှာ ပြန်ဖြေပေးဖို့ အဖြေရှိမနေခဲ့ချေ။

တိတ်ဆိတ်နေသည့် ‌အမေဖြစ်သူကြောင့် ယွမ်ချူးယန်က ပြုံးကာ
"အမေရယ်။ သမီး ရှည်ရှည်ဝေးဝေး မပြောချင်ပါဘူး။ အမေဘဲ စဉ်းစားသာကြည့်လိုက်တော့‌။ မူလတန်းကို တောင်ပေါ်ကကျေးလက်ဒေသမှာဘဲ တက်ခဲ့ပြီး၊ ဒါတောင်မှ တစ်နှစ်၊ နှစ်နှစ်လောက်ဘဲ သင်ခဲ့ရတာနော်။ အခု ဒီကိုရောက်လာတော့လည်း အလယ်တန်းစာတွေဘဲ သင်ရသေးတာ။ အထက်တန်းတောင် မရောက်သေးဘူး။ အဲ့တော့ အမယွမ်ရိနဲ့ယွမ်ကျဲတို့အနေနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ဖို့ဆိုတာကြီးက ဖြစ်နိုင်ပါ့မလား"
ဟု ပြောလိုက်တော့သည်။

ဖန်းရှူံယန်လည်း ယွမ်ချူးယန်၏စကားများကြောင့် အတွေးများ သွားရတော့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အချိန်အကြာကြီးပြင်ဆင်လေ့လာထားသူတွေတောင်မှ သေချာပေါက်အောင်မည်ဟု အတပ်မသိနိုင်ချေ။ ဒါ့ကြောင့် အချိန်ခဏလေးသာ ပြင်ဆင်လေ့လာထားသည့် ယွမ်ရိတို့အတွက်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အောင်ဖို့ အခွင့်အရေးက မရှိသလောက်ပင်။

အချိန်ခဏကြာမှ သူမက သက်ပြင်းချလိုက်ပြီး
"ဘာပဲဖြစ်ဖြစ်၊ အောင်တယ် မအောင်ဘူးဆိုတာထက် ဝင်ဖြေပြီး အတွေ့အကြုံယူထားတာကလည်း မဆိုးပါဘူး"
ဟု ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now