အပိုင်း - ၆၆.၂
မူလဇာတ်ကြောင်းဟာ တော်လှန်ရေးဝတ္ထုဆိုတာထက် ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့၏ချစ်ခြင်းမေတ္တာအဖြာဖြာကို အလင်္ကာဖွဲ့ကာ ရေးသီထားခြင်းဖြစ်သည်။
ဒါပေမယ့်မူလဇာတ်ကြောင်းအရ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့၏အချစ်ခရီးလမ်းဟာ မဖြောင့်ဖြူးမသာယာခဲ့ပေ။
သူတို့နှစ်ဦးဟာ ငယ်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးခဲ့ကြပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ချစ်နေကြသည်အား မသိခဲ့ကြပေ။ အမျိုးမျိုးသော အခက်အခဲတွေ၊ အနှောင်အယှက်တွေကို အတူတူရင်ဆိုင်ခဲ့ကြရပြီးနောက် မျိုသိပ်ထားသော ခံစားချက်များ ပွင့်အံကုန်ကာ ချစ်သူရည်းစားများ ဖြစ်သွားခဲ့ကြခြင်းပင်။
သူတို့ရင်ဆိုင်ခဲ့ရသည့် အခက်အခဲတွေထဲမှ တချို့က အခြေအနေအမျိုးမျိုးကြောင့် တိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေဖြစ်ပြီး တချို့ကတော့ လူတွေတမင်သက်သက်ဖန်တီးထားတဲ့အရာတွေဘဲဖြစ်သည်။
သူတို့ကိုအခက်အခဲတွေ့အောင်လုပ်သည့်သူတွေထဲမှာ မူလယွမ်ရိလည်း ပါဝင်ပေသည်။
ဒါပေမဲ့ လက်ရှိယွမ်ရိကူးပြောင်းလာပြီးသည့်နောက်မှာ ဇာတ်ကြောင်းဟာ မူရင်းကနေ အများကြီးသွေဖယ်သွားပြီဖြစ်သည်။
ယွမ်ရိက ရဲ့ချူးဝမ်ကိုနှောင့်ယှက်ရင်း မြေစာပင်အဖြစ်မခံနိုင်တော့သလို၊ ယွမ်ကျဲကိုလည်း မြေစာပင်မဖြစ်စေချင်ပေ။ဒါ့ကြောင့် ယွမ်ကျဲကို တားဆီးလိုက်ရခြင်းဖြစ်ပေသည်။
ထို့နောက် ညီအမနှစ်ယောက် စာအုပ်တွေကိုသိမ်းကာ အိပ်ရာဝင်ဖို့အတွက် ပြင်ဆင်ခဲ့ကြတော့သည်။
ယွမ်ကျဲက သူမ၏စာအုပ်များကို လွယ်အိတ်ထဲ ထည့်သိမ်းနေချိန်မှာဘဲ သူမလွယ်အိတ်အတွင်းမှ တစ်စုံတစ်ခုကိုမြင်တွေ့လိုက်ရသည်။ ဒါ့ကြောင့် ထုတ်ယူကြည့်လိုက်သည့်အခါ ချန်းဝေ့တုန်းသူမကိုပေးထားသည့် ချောကလက်တောင့်လေးအား မြင်လိုက်ရတော့သည်။
'ဒါကို ငါငြင်းလိုက်ပါတယ်ဟ။ ဘယ်အချိန်မှာများ ငါ့လွယ်အိတ်ထဲ လာထည့်သွားတယ်မသိဘူး'
ယွမ်ရိကလည်း ယွမ်ကျဲလက်ထဲက ချောကလက်လေးကိုမြင်သွားကာ
"အမ်၊ ကြည့်ရတာ ချန်းဝေ့တုန်းက နင်မသိအောင် ထည့်ပေးလိုက်တဲ့ပုံဘဲ"
"အင်း။ ဟုတ်လောက်တယ်၊ အမ"
ယွမ်ကျဲက ပြန်ပြောလိုက်၏။
"မနက်ဖြန်ကျရင်တော့ ညီမသူ့ကိုပြန်ပေးလိုက်မယ်။ဒီလိုမျိုး ဈေးကြီးတာကြီးကိုတော့ ညီမလက်မခံချင်ဘူး"
ဒီတစ်ကြိမ်မှာတော့ ယွမ်ရိက မည်သို့မျှပြန်မပြောခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူမက ယွမ်ကျဲ၏ကိစ္စတိုင်းမှာ ဝင်စွက်ဖက်တာမျိုး ဖြစ်သွားမှာစိုးလို့ပင်။
ယွမ်ကျဲအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်တာမျိုးလည်း ရှိနေသင့်ပေသည်။
နောက်ရက်မနက် မိုးလင်းသည့်အခါ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အိပ်ရာထ၊ မျက်နှာသစ်၍ မနက်စာစားခဲ့ကြသည်။ ထို့နောက် ရဲ့ဖန်၊ ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်၊ ယွမ်ဟောင်ဘင်းတို့နဲ့အတူတူ မောင်နှမငါးယောက် ကျောင်းကိုထွက်လာခဲ့ကြတော့၏။
ကျောင်းရောက်ခါနီးတော့ ယွမ်ဟောင်ဘင်း၊ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့က မူလတန်းကျောင်းဘက်သို့ လမ်းခွဲသွားခဲ့ကြသည်။ ရဲ့ဖန်၊ ယွမ်ကျဲနဲ့ယွမ်ရိတို့ကတော့ အလယ်တန်းကျောင်းထဲကို ဝင်လာခဲ့ကြတော့၏။
နွေရာသီသို့ရောက်ခါနီးလာပြီဖြစ်၍ ရာသီဥတုက မအေးတော့ဘဲ တဖြည်းဖြည်း ပူ,ပူလာပြီဖြစ်သည်။
နေ့လည်ခင်းရောက်လေ ပိုပူလာလေဖြစ်၏။
နေ့ခင်းထမင်းစားကျောင်းနားချိန် ယွမ်ရိတို့လည်း ကျောင်းထဲကနေ ထွက်လာခဲ့ကြသည်။ ထုံးစံအတိုင်း ရူကျောင်းတို့အဖွဲ့အား ကျောင်းပေါက်ဝမှာ တွေ့လိုက်ရ၏။
ထို့နောက် ရူကျောင်းတို့အဖွဲ့နဲ့အတူတူ အိမ်သို့ပြန်လာခဲ့ကြသည်။
သူမတို့အိမ်ကိုရောက်ခါနီးမှာဘဲ ယွမ်ကျဲကသူမလွယ်အိတ်အတွင်းမှ ချောကလက်တောင့်ကိုထုတ်ယူလိုက်ပြီး ချန်းဝေ့တုန်းထံ ပြန်ပေးလိုက်သည်။
"ချန်းဝေ့တုန်း။ နောက်ဆိုရင် ဒီလိုမျိုး ဈေးကြီးတယတွေ ဝယ်မပေးပါနဲ့။ ငါလက်မခံနိုင်ဘူး"
ထိုစကားတွေအားပြောပြီးတာနဲ့ ချန်းဝေါတုန်းဘာမျှထပ်မပြောခင် ယွမ်ရိလက်ကိုဆွဲလျက် ထိုနေရာမှ အမြန်ထွက်လာခဲ့တော့သည်။
သူမက သူမ၏အမရှောင်ရိလိုမျိုး အခြားသူတွေထံကနေ တန်းဖိုးကြီးပစ္စည်းများကိုလက်ဆောင်မယူရဲချေ။
အဘယ့်ကြောင့်ဆိုသော် ယွမ်ရိထံမှာ သူမအားလက်ဆောင်ပေးသောသူတွေကိုပြန်ပြီးလက်ဆောင်ဝယ်ပေးရန် ငွေရှိပေမယ့် သူမထံမှ ရှိမနေလို့ပင်။ ဒါ့ကြောင့်မို့လည်း ချန်းဝေ့တုန်းအား ချောကလက်ကိုပြန်ပေးလိုက်ခြင်းပင်။
ယွမ်ကျဲထံကနေ သူပေးသောချောကလက်ကြီးပြန်ရလိုက်သဖြင့် အံ့အားသင့်နေသောချန်းဝေ့တုန်းဟာလည်း တစ်ခဏကြာမှ အသိဝင်လာပြီး ခပ်လှမ်းလှမ်းကိုရောက်နေပြီဖြစ်သည့် ယွမ်ကျဲအား
"ဟေးး ဒီချောကလက်က နင့်ကိုစားစေချင်လို့ပေးတာပါ"
ဟု လှမ်းအော်ပြောလိုက်၏။
ယွမ်ကျဲက
"ဘယ်လိုဘဲဖြစ်ဖြစ် အဲ့လိုဈေးကြီးတာမျိုး လက်မခံနိုင်ဘူး"
ဟု ပြန်အော်ပြောလိုက်တော့သည်။ ထို့နောက် ယွမ်ရိနဲ့အတူတူလက်ချင်းတွဲလျက် အဝေးကိုထွက်သွားတော့သည်။
ယွမ်ကျဲထွက်သွားတာကိုကြည့်ရင်း ချန်းဝေ့တုန်းက စိတ်ပျက်စွာဖြင့်အနီးမှ ကျောက်ခဲအား လွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်တော့သည်။
ရူကျောင်းက စိတ်ပျက်နေသည့် ချန်းဝေ့တုန်းကိုကြည့်ကာ
"ဟေ့ကောင်။ မင်းချောကလက်ကို ယွမ်ကျဲကမစားဘူးဆိုမှတော့ စားမယ့်ငါ့ကိုဘဲ ကျွေးလိုက်ပါလား"
ဟု ပြောလိုက်သည်။
ချန်းဝေ့တုန်းလည်း ရူကျောင်းအား မျက်လုံးစွေကြည့်ပြီးမှ သူ့လက်ထဲက ချောကလက်ကို ရူကျောင်းလက်ထဲ ထိုးထည့်ပေးလိုက်ကာ
"စား၊ စား"
ဟု ပြောလိုက်တော့သည်။
ရူကျောင်းက ချက်ချင်းဘဲ ချောက်ကလက်အားဖောက်ကာ ပါးစပ်အတွင်း ထည့်စားလိုက်တော့သည်။
"အိုးးး ဈေးကြီးပေးဝယ်ရတာနဲ့တန်းအောင် ဒီချောကလက်က အရမ်းစားကောင်းတာဘဲ"
ချန်းဝေ့တုန်း : "............"
'ဒီကောင်ကတော့ကွာ။ လာမှ စိတ်ညစ်နေပါတယ်ဆို ကျက်သရေတုန်းအောင် လုပ်ပြနေတယ်'
ထိုအချိန်မှာဘဲ သူတို့မြင်ကွင်းထဲသို့ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့နှစ်ယောက် လမ်းလျှောက်လာတာကိုမြင်လိုက်ရသည်။
ပုံမှန်အားဖြင့် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် စကားပြောလေ့မရှိကြချေ။
ဒါပေမယ့် ဒီနေ့မှာတော့ ယွမ်ချူးယန်က ရူကျောင်းတို့အနားရောက်တာနဲ့ ရှေ့ဆက်မသွားတော့ဘဲရပ်လိုက်၏။ ရဲ့ချူးဝမ်၏လင်ကိုလည်း သူမကတွဲထားသဖြင့် ရဲ့ချူးဝမ်လည်း လိုက်ရပ်လိုက်ရတော့သည်။
ရူကျောင်းနဲ့ချန်းဝေ့တုန်းလည်း သူတို့ရှေ့မှာလာရပ်သည့် ယွမ်ချူးယန်ကြောင့် ရုတ်တရက်ကြောင်သွားကြသည်။
ရဲ့ချူးဝမ်က ဆင်းသွားဖို့ပြင်ပေမယ့် ယွမ်ချူးယန်က တားဆီးကာ အတင်းဆွဲခေါ်ထား၏။
သူမက အသက်ခပ်ပြင်းပြင်းရှူပြီးမှ
"ယွမ်ရိနဲ့ယွမ်ကျဲက နင်တို့ဝယ်ပေးတဲ့ပစ္စည်းတွေလက်ခံထားပြီး နောက်ကွယ်မှာနင်တို့အကြောင်း မကောင်းပြောနေတာတာကို နင်တို့သိကြလား"
ဟု မေးလိုက်သည်။
ယွမ်ချူးယန်ထံမှ ယွမ်ရိနဲ့ယွမ်ကျဲတို့၏အမည်များကိုကြားလိုက်ရ၍ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့မျက်ခုံး ပင့်သွားကြသည်။
"နင်ပြောချင်တာ ဘာသဘောလဲ"
သူတို့က ယွမ်ချူးယန်အား မေးလိုက်သည်။
ယွမ်ချူးယန်က ပြုံးလိုက်ပြီးမှ
"ယွမ်ရိနဲ့ယွမ်ကျဲက ပြောတယ်။ နင်တို့တွေက လူဆိုးလူမိုက်တွေမို့လို့ အပေါင်းအသင်းသိပ်မလုပ်ချင်ဘူးတဲ့"
ထိုကဲ့သို့ပြောပြီးတာနဲ့ ယွမ်ချူးယန်တစ်ယောက် စိတ်ထဲမှာ အလွန်ပေါ့ပါးသွားပြီး ပျော်ရွှင်မှုကိုခံစားလိုက်ရတော့သည်။ သူမစိတ်ထဲမှာ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့က ယွမ်ရိနဲ့ယွမ်ကျဲတို့အား ဒေါသတကြီးဖြင့် ပြဿနာရှာနေကြသည့် မြင်ကွင်းကိုပင် မြင်ယောင်နေပြီဖြစ်သည်။
မည်သို့သောလူကများ သူတို့ကို 'လူဆိုးလူမိုက်' ဟု ခေါ်ခံရသည်အား သဘောကျကြလို့တုန်း။ ဒါ့ကြောင့်လဲ ယွမ်ချူးယန်ဒီအကွက်ကို ထုတ်သုံးလိုက်ခြင်းပင်။
ဒါပေမယ့် သူမ၏အပျော်တွေဟာ ကြာရှည်မခံခဲ့ပေ။
ချန်ဝေ့တုန်းက မျက်မှောင်ကြုတ်လိုက်ပြီး
"အဲ့တာ နင်နဲ့ဆိုင်လား။ နင့်စောက်ကြောင်းတစ်ပြားပါလား။ ယွမ်ရိနဲ့ယွမ်ကျဲက ငါတို့ကိုဘယ်လိုပဲပြောပြော နင်နဲ့ဘာဆိုလဲ။ နင်က နောက်ကွယ်ကနေ ငါတို့ကိုလာသွေးခွဲတာလား"
ဟု ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။
ယွမ်ချူးယန်လည်း တစ်ကိုယ်လုံးအေးခဲသွားကာ မျက်နှာကလည်း သွေးဆုတ်ဖြူလျော်သွား၏။
'ဘာဖြစ်တာတုန်း။ ငါပြောတဲ့ထဲမှာ အမှားပါသွားလို့လား။ ဘာလို့များ ချန်းဝေ့တုန်းတို့က ယွမ်ရိနဲ့ယွမ်ကျဲကို ဒေါသမထွက်ဘဲ ငါ့ကိုလာအော်နေရတာတုန်း'
ဒါ့ကြောင့် သူမက မျက်နှာချိုသွေးသကဲ့သို့အပြုံးတစ်ခုထပ်ဆင်မြန်းလိုက်ပြီး
"ငါပြောတာတွေအကုန်လုံးက အမှန်တွေချည်းဘဲ။လုပ်ကြံပြောတာတစ်ခုမှ မပါဘူး"
ဟု ထပ်ပြောလိုက်သည်။
ဒါပေမယ့် ရလဒ်အနေနဲ့ ချန်းဝေ့တုန်းထံကနေ ဒေါသတကြီး စကားတစ်ခုကိုဘဲ ပြန်ရလိုက်တော့သည်။
"ငါတို့ရှေ့က အခုထွက်သွားလိုက်တော့"
ယွမ်ချူးယန် : "........."
'နင်တို့ရူးနေကြလား'
ထိုစကားလုံးတွေဟာ သူမနှုတ်ဖျားကနေ ထွက်သွားလုမတတ်ဖြစ်သွား၏။ ကံကောင်းတာက သူမအမြန်ထိန်းလိုက်ပြီး စိတ်ထဲကနေဘဲ ပြောလိုက်လို့ပင်။ဘယ်လိုဘဲ ဖြစ်ဖြစ် ရူကျောင်းရော၊ ချန်းဝေ့တုန်းရောဟာ လက်ရဲဇက်ရဲနိုင်သူတွေဖြစ်တာမို့ သူမအမှန်တကယ်ကြောက်ပေသည်။
သို့ဖြင့် သူမက ဘာစကားမှ ထပ်မပြောရဲတော့ဘဲ ရဲ့ချူးဝမ်ကိုခေါ်ကာ ထိုနေရာမှ ကုပ်ကုပ်,ကုပ်ကုပ် ထွက်လာခဲ့တော့သည်။
ခပ်ဝေးဝေးထိရောက်အောင် လျှောက်လာခဲ့ပြီး ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့၏မျက်ကွယ်ရာကို ရောက်ပြီဆိုမှ ယွမ်ချူးယန်လည်း လေပူတွေကိုမှုတ်ထုတ်လိုက်ပြီး
"အမ၊ ယွမ်ရိနဲ့ယွမ်ကျဲက ရူကျောင်းတို့ကို မကောင်းတဲ့ပညာတွေနဲ့ ပြုစားထားတယ်လို့ ထင်လား"
ဟု ရဲ့ချူးဝမ်ကိုမေးလိုက်၏။
ရဲ့ချူးဝမ်က
"မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ချူးယန်တစ်ယောက် အမှန်ပင် စိတ်ဓာတ်ကျနေသည်။
'ဘာလို့လည်း။ ငါအမှန်အတိုင်း မချွင်းမချန်ပြောခဲ့တာလေ။ ဒါကိုဘာလို့များ ငါက အဆူခံနေရတာတုန်း'
အိမ်ပြန်ရောက်၍ ညစာစားချိန်မှာလည်း သူမစိတ်ထဲမှာ ညနေကကြုံခဲ့ရသည့် အဖြစ်အပျက်များကိုဘဲ ပြန်တွေးနေမိတော့သည်။
'သေချာတယ်။ ယွမ်ရိနဲ့ယွမ်ကျဲတို့က စုန်းမတွေဘဲ။သူတို့က မကောင်းတဲ့အတတ်ပညာတွေသုံးပြီးတော့ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ကို ပြုစားထားတာဘဲဖြစ်ရမယ်'
သူမက ထိုအတွေးတွေကို စိတ်ထဲမှာသာ တွေးခဲ့ပြီး အပြင်မှာတော့ ထုတ်မပြောဝံ့ခဲ့ချေ။
ထို့နောက် မိသားစုတွေအကုန်လုံး ကိုယ့်ထမင်းကိုယ်ငုံ့စားနေကြသဖြင့် ထမင်းဝိုင်းလေးဟာ လူများသလောက် တိတ်ဆိတ်နေတော့သည်။
ညစာစားပြီးခါနီးမှာ ယွမ်ချန်းဖူက ရဲ့ချူးဝမ်ကိုကြည့်လျက်
"ချူးဝမ်၊ သမီး မနေ့ညတုန်းက ဘယ်အချိန်အိမ်ပြန်ရောက်တာတုန်း"
ဟု မေးလိုက်သည်။
ရဲ့ချူးဝမ်လည်း သူမအဖေ၏အမေးအား ပြန်ဖြေဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူမမဖြေနိုင်ခင်မှာဘဲ ယွမ်ချူးရွယ်ထံမှ
"ဆယ်နာရီလေ"
ဟု ရုတ်တရက်ထဖြေလိုက်သံ ထွက်လာခဲ့တော့သည်။
ထိုအသံကြောင့် ရဲ့ချူးဝမ်၏မျက်နှာဟာ သွေးဆုတ်သွားရတော့သည်။
ယွမ်ချန်းဖူကလည်း ယွမ်ချူးရွယ်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ရဲ့ချူးဝမ်ကိုကြည့်လျက်
"သမီး။ ဘာလို့အဲ့လောက်တောင် မိုးချုပ်တဲ့အထိ အပြင်မှာ နေရတာတုန်း"
ဟု မေးလိုက်သည်။
ရဲ့ချူးဝမ်လည်း အကျပ်ရိုက်သွားရတော့သည်။ဒါပေမယ့် ဉာဏ်ကောင်းသူပီပီ
"အဲ့တာကလေ။ သမီးတို့လည်း မနေ့တုန်းက စောစောပြန်လာကြတာဘဲ။ ဒါပေမယ့် လမ်းမှာ အသက်အရွယ်ကြောင့် အိမ်ပြန်လမ်းကိုမမှတ်မိတော့တဲ့ အဖွားတစ်ဦးကို တွေ့လိုက်ရတယ်လေ။ အဲ့တာနဲ့ အဲ့အဖွားကို အိမ်လိုက်ရှာပေးနေကြတာနဲ့ မိုးချုပ်သွားတာ"
ဟု လိမ်ပြောလိုက်၏။
တကယ်တော့ သူမဟာ ပြဇာတ်ကြည့်ပြီးတာနဲ့ ပြန်ဖို့စိတ်ကူးထားပေမယ့် ရည်စားနဲ့လျှောက်လည်ပြီးသည့်နောက်မှာ အချိန်ကို သတိမထားမိတော့ဘဲ မေ့သွားပြီး မိုးချုပ်သွားခြင်းပင်။ ဒါ့ကြောင့်မို့လည်း မနေ့ညတုန်းက ဆယ်နာရီထိုးသည်အထိဖြစ်သွားရခြင်းပင်။
ယွမ်ချန်းဖူကတော့ ရဲ့ချူးဝမ်၏စကားများအား သံသယမရှိယုံကြည်သွားပြီး
"ဟုတ်လား။ သမီးမှာ သူတစ်ပါးကို ကူညီလိုစိတ်အပြည့်ရှိတာဘဲ အဲ့တာအရမ်းကောင်းတယ်"
ဟုပင် ချီးမွမ်းလိုက်၏။
ရဲ့ချူးဝမ်လည်း ဖျစ်ညှစ်ပြုံးလိုက်ပြီး
"သမီးနေရာမှ အခြားတစ်ယောက်ဆိုရင်လည်း အဖွားကို ကူညီပေးကြမှာပါ"
ဟု ပြန်ပြောလိုက်တော့သည်။
တစ်ဖန် ယွမ်ချန်းဖူက အခြားသောသားသမီးများအား ဝေ့ကြည့်လိုက်ပြီး
"မင်းတို့အကုန်လုံး တွေ့ကြရဲ့လား။ မင်းတို့အမကြီးက အခြားသူတွေအပေါ်မှာ ဘယ်လောက်တောင် ကူညီပေးတတ်လိုက်လဲဆိုတာ။ မင်းတို့လည်း မင်းတို့အမကြီးထံကနေ သင်ယူကြပြီး သူတစ်ပါးကို ကူညီတတ်တဲ့စိတ်ထားလေးတွေ မွေးမြူထားကြ"
ဟု ဆုံးမလိုက်တော့သည်။
"အဟွတ် အဟွတ်"
အဖြစ်မှန်တွေကို သိထားသည့် ယွမ်ရိဟာ ယွမ်ချန်းဖူ၏ဆုံးမစကားကိုကြားပြီး မထိန်းနိုင်ဘဲ ထမင်းသီးသွားရတော့သည်။
ယွမ်ချန်းဖူလည်း ယွမ်ရိကိုကြည့်ကာ
"သမီး။ အဆင်ပြေရဲ့လား"
ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ယွမ်ရိလည်း လည်ချောင်းအရင်ရှင်းလိုက်ပြီးမှ
"ဒီနေ့ ပြဇာတ်သွားကြည့်တာလေ။ အဲ့တာ ပြဇာတ်ရုံထဲမှ ဘယ်ကလူမှန်းမသိဘူး ဆေးလိပ်တွေ သောက်နေတာနဲ့ ကြုံလိုက်ရတယ်။ အဲ့တာနဲ့ ဆေးလိပ်နံ့တွေ ရှူမိပြီး လည်ချောင်းတွေ ယားနေလို့
ဟု လျှောက်ဖြီးလိုက်ရတော့သည်။
ယွမ်ချန်းဖူက
"အေးပါ။ လည်ချောင်းတွေ ယားယံခြောက်သွေ့နေတာဆိုတော့ ရေများများသောက်ပေး"
ဟု လမ်းညွှန်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ။ အဖေ"
ယွမ်ရိက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က ယွမ်ရိကိုကြည့်ကာ
"အမ၊ နင်ရယ်အမရှောင်ကျဲရယ် မနေ့တုန်းက ပြဇာတ်သွားကြည့်ကြတာဆို ဟုတ်သလား"
ဟု စပ်စုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
ယွမ်ရိက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ
"ဟုတ်တယ်။ ငါတို့တင်မဟုတ်ဘူး။ ကျောင်းကလူတော်တော်များများလည်း ပြဇာတ်သွားကြည့်ကြတယ်။ အမချူးဝမ်လိုမျိုး စံပြကျောင်းသားတစ်ယောက်ဖြစ်တဲ့လုယွမ်ကျန်းကိုတောင်မှ ပြဇာတ်ရုံထဲမှ မြင်လိုက်ရသေးတယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိ နောက်ဆုံးစကားကြောင့် ရဲ့ချူးဝမ်၏မျက်နှာဟာ ပိုပြီးတော့ ဖြူဆုတ်သွားကာ ခြေဖျားလက်ဖျားတွေပါ အေးစက်သွားသည်။
ယွမ်ချန်းဖူကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"အဲ့ဒီကလေးကို အဖေသိတယ်။ သူကလည်း တကယ်တော်တဲ့ကလေးဘဲ"
ဟု လုယွမ်ကျန်းကို ချီးကျူးလိုက်သည်။
"သမီးတို့ရဲ့ အမကြီးကလည်း ထူးချွန်ပါတယ်နော်"
ယွမ်ရိက ရဲ့ချူးဝမ်ကိုကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
ယွမ်ချန်းဖူက ယွမ်ရိ၏စကားအား
"ဟုတ်တာပေါ့"
ဟု ပြောရင်း ထောက်လိုက်၏။ ပြီးတာနဲ့ ရဲ့ချူးဝမ်ကို အစပြုပြီး ကိုယ်ကျင့်တရားကောင်းအောင်၊ ကျောင်းစည်းကမ်းလိုက်နာတတ်အောင်၊ လိမ္မာရေးခြားရှိအောင်တွေ ဆုံးမတော့သည်။
ရဲ့ချူးဝမ်ကိုယ်တိုင်ကတော့ ယွမ်ချန်းဖူ၏ဆုံးမစကားတွေ နားထောင်လေ သူမမျက်နှာအား အကြိမ်ကြိမ်ဖြတ်ရိုက်ခံရသလို ခံစားလာရလေပင်။ ဒါ့ကြောင့် သူမမျက်နှာက ဖြူဆုတ်နေရာကနေ ရှက်ရွံ့စိတ်ကြောင့် တဖန်နီရဲလာပြန်ကာ ခေါင်းကိုသွင်သွင်ငုံ့ထားလိုက်တော့သည်။
ဒါကိုမြင်လိုက်သည့် ယွမ်ချူးရွယ်က ဒက်ကနဲ
"အမချူးဝမ်၊ ရှေ့မှာ အဖေက အမအကြောင်းတွေ၊ အမဘယ်လိုစည်းကမ်းလိုက်နာတတ်ပုံတွေ၊ လိမ္မာရေးခြားရှိပုံတွေကိုပြောပြီး ဆုံးမနေတာလေ။ ဒါကိုကာယကံရှင်ဖြစ်တဲ့အမက ခေါင်းကြီးငုံ့ပြီး မျက်နှာကြီးနီနေတာကနေ မသင့်တော်ပါဘူး"
ဟု ဝင်ထောက်လိုက်တော့သည်။
ရဲ့ချူးဝမ်လည်း အရှက်ပြေပြုံးလိုက်ပြီး
"မဟုတ်ပါဘူး။ ရာသီဥတုက ပူလို့ မျက်နှာနီနေတာပါ"
ဟု အကြောင်းပြချက်ရှာပေးလိုက်သည်။
ရဲ့ချူးဝမ်၏'ပူတယ်'ဆိုသော စကားကြောင့် ဖန်းရှုံးယန်က ချက်ချင်းပင် ရဲ့ချူးဝမ်အား ယပ်တောင်လှမ်းပေးလိုက်သည်။
ရဲ့ချူးဝမ်လည်း သူမအမေပေးသည့်ယပ်တောင်ကို ယူပြီး ခပ်ပြလိုက်ကာ 'အခုမှဘဲ အေးသွားတော့တယ်' ဟူသော ဟန်ကို လုပ်ပြလိုက်သည်။
ယွမ်ချန်းဖူကတော့ ဆုံးမဩဝါဒခြွေနေရာကနေ ရပ်သွားပြီဖြစ်သည်။ သူက ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ကိုကြည့်ကာ တစ်ခုခုအား ထိုးဖောက်မြင်အောင် တွေးတောနေတော့သည်။