Chapter 62.1
August 7, 2023 by Yamin Aung
အပိုင်း - ၆၂.၁ဒါပေမယ့် ယွမ်ရိကတော့ ဘာမှပြန်မပြောခဲ့ဘဲ သူမရှေ့က လူငါးယောက်အား လျစ်လျူရှုထားခဲ့သည်။
ထိုယောက်ျားလေးငါးယောက်၏ပုံစံများကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ကျောင်းတွေမှာ အလေလိုက်နေသည့်လူတွေမှန်း ယွမ်ရိအတပ်ပြောနိုင်၏။
ဒါကလည်း ဒီခေတ်၏ပညာရေးစနစ်အခြေအနေကအရမ်းကြီးအရေးပါနေတာမဟုတ်၍ပင်။ ဒါ့ကြောင့် ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားတွေ၊ ကျောင်းသူတွေအပေါ်မှာ ကြပ်ကြပ်မတ်မတ်မရှိကြ။စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီးလည်း ထိန်းသိမ်းတာမျိုးမရှိကြချေ။
ဒီအချက်တွေကြောင့် ကျောင်းသားအများဟာ ကျောင်းမှာ စာတွေကိုသေချာမလေ့လာကြတော့ဘဲ အလေလိုက်လာကြတော့သည်။ အထူးသဖြင့် ယောက်ျားလေးများပင်။
ထိုသို့သော ယောက်ျားလေးများတွင် ယွမ်ရှိရှေ့မှ လူငါးယောက်နဲ့ယွမ်ဟောင်ဂျန်တစ်ယောက်လည်း အပါအဝင်ဖြစ်ပေ၏။
ယွမ်ရိက သူတို့၏အမေးကိုဘာမှပြန်မဖြေတာကိုတွေ့ပေမယ့် ကောင်လေးငါးယောက်ဟာ ရှက်ရွံ့တာမျိုးမဖြစ်သွားဘဲ
"နင့်နာမည်ဘယ်လိုခေါ်လဲ။ ဘယ်မှာနေတာလဲ။ နင့်မိဘတွေကရော ဘယ်သူတွေလဲ"
ဟု ထပ်မေးမြန်းလိုက်ကြပြန်၏။
ယွမ်ရိပြန်မဖြေခင်မှာဘဲ ကျောင်းတက်ခေါင်းလောင်းမြည်သံထွက်ပေါ်လာ၏။
ဒါ့ကြောင့် အတန်းထဲသို့ ကျောင်းသားကျောင်းသူများ အလျှိုလျှိုဝင်လာကြတော့သည်။
ယွမ်ချူးယန်နဲ့စုမန်မန်တို့သည်လည်း အတန်းထဲကိုဝင်လာကြကာ သင့်တော်သည့်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကြ၏။ သူမတို့နှစ်ယောက်လုံးဟာ အတန်းထဲဝင်လိုက်တာနဲ့ နောက်ဆုံးတန်းမှာ ကောင်လေးငါးယောက်ဝိုင်းနေသည့်အနားထိုင်နေသည့် ယွမ်ရိနဲ့ယွမ်ကျဲကို မြင်လိုက်ရသည်။
စုမန်မန်က ကောင်လေးငါးယောက်ကိုကြည့်ကာ
"နင့်အမတွေနားဝိုင်းနေတဲ့ကောင်လေးငါးယောက်က ငါတို့အတန်းကမဟုတ်ပါဘူ"
ဟု ယွမ်ချူးယန်အား ပြောလိုက်၏။
ယွမ်ချူးယန်ကတော့ နှာခေါင်းရှုံ့လျက်
"မြူစွယ်နေတဲ့ပန်းတွေရှိတော့လည်း နှာဗူးပျားတွေလာတာဘာဆန်းတုန်း"
ဟု ရှုံ့ချပြောဆိုလိုက်သည်။
ကျောင်းတက်ပြီးမကြာခင်မှာဘဲ ဆရာမတစ်ယောက်ဟာ စာအုပ်တချို့ကိုပွေ့ပိုက်လျက် အတန်းထဲကို ဝင်ရောက်လာ၏။ ဒါ့ကြောင့်အတန်းထဲမှာ တီးတိုးပြောနေကြသည့် ကျောင်းသားကျောင်းသူတွေလည်း တိတ်ဆိတ်သွားကြတော့သည်။
ဆရာမက အတန်းထဲကို တချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် နောက်ဆုံးတန်းမှာ မတ်တတ်ကြီးတွေဖြစ်နေသည့် ကျောင်းသားငါးယောက်ကိုမြင်သွားကာ
"ဟေ့။ နင်တို့ငါးယောက်က ဒီအခန်းကမဟုတ်ဘူး မလား"
ထိုကျောင်းသားငါးယောက်က ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ငုံ့လိုက်ကြသည်။
ဒါ့ကြောင့် ဆရာမက မျက်မှောင်ကြုတ်ကာ
"နင်တို့တွေ ငါ့အခန်းထဲကမဟုတ်ဘူးဆိုရင်လည်း အခန်းအပြင်ထွက်ကြ။ အခြားသူတွေကို စာသင်ချိန်မှာ အနှောင့်အယှက်မဖြစ်စေနဲ့"
ဟု ဆူလိုက်၏။
ဒါ့ကြောင့် ကောင်လေးငါးယောက်လည်း ကုပ်ကုပ်,ကုပ်ကုပ်ဖြင့် အတန်းထဲကနေ ထွက်သွားတော့သည်။
သူတို့ထွက်သွားပြီးမကြာခင်မှာဘဲ အပေါက်ဝကနေ နောက်ထပ်ကောင်လေးတစ်ယောက်အမောတကောပြေးလာပြီး
"ဆရာမ၊ ဝင်ခွင့်ပြုပါ"
ဟု ခွင့်တောင်းသံထွက်ပေါ်လာတော့သည်။
"ကျောင်းတက်ခေါင်းလောက်ထိုးပြီးတာ တော်တော်ကြာနေပြီနော်။ ဘယ်သွားနေလို့အခုမှ ရောက်လာရတာလဲ"
ဟု ပြောရင်း လက်ထဲက မြေဖြူတောင့်ဖြင့် ထိုကျောင်းသားအား လှမ်းပေါက်လိုက်၏။
ဒါပေမယ့် ဆရာမဟာလက်ချော်သွားပြီး မြေဖြူကအပေါက်ဝမှာရပ်နေသည့် ကျောင်းသားအား သွားမမှန်ဘဲ ထိုအနီးမှာထိုင်နေသည့် ယွမ်ချူးယန်၏ခေါင်းအား သွားမှန်တော့သည်။
ဒါ့ကြောင့် တစ်ခန်းလုံးရယ်မောသံများဖြင့် ညံသွားတော့သည်။
ယွမ်ချူးယန် : ".............."
ဆရာမဟာလည်း ရှက်ရွံ့သွားပြီး
"တောင်းပန်ပါတယ်ကွယ်။ ဆရာမ လက်ချော်သွားတယ်"
ယွမ်ချူးယန်လည်း သူမရှေ့မှာကျနေသည့် မြေဖြူတောင့်အား ကောက်ကိုင်လိုက်ရင်းဖြင့်
'ယွမ်ရိသာ ငါ့အနားအမြဲတမ်းရှိနေရင် ငါတော့အမြဲကံဆိုးတော့မယ်ထင်တယ်'
ဟု တွေးလိုက်မိတော့သည်။
ဆရာမက အရှက်ပြေချောင်းဟမ့်လိုက်ပြီး ဆူညံနေသည့်အတန်းအား တိတ်သွားအောင် ထိန်းလိုက်၏။
တစ်ခန်းလုံးတိတ်သွားပြီဆိုမှ
"မင်္ဂလာပါ ကလေးတို့ရေ။ ဆရာမရဲ့မျိုးရိုးကရှဲ့ပါ။မင်းတို့ရဲ့အတန်းပိုင်ဆရာမပေါ့။ ဒီနှစ်တစ်နှစ်ကို ဆရာမတို့က အတူတူဖြတ်သန်းရမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားအောင် တစ်ယောက်ချင်းမိတ်ဆက်ကြမယ်"
ဟု ပြောလိုက်၏။
ကျောင်းသားကျောင်းသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပြီးကြသည့်နောက် ယွမ်ရိအလှည့်ကို ရောက်လာ၏။ ဒါ့ကြောင့် ယွမ်ရိလည်း ထိုင်နေရာက မတ်တတ်ထရပ်လိုက်ပြီး
"ယွမ်ရိပါ။ အားလုံးဘဲ ဂရုစိုက်ပေးကြပါဦး"
ဟု တိုတိုတုတ်တုတ်ဘဲ သူမကိုယ်သူမ မိတ်ဆက်လိုက်၏။
သူမမိတ်ဆက်ပြီးသွားသည့်နောက်မှာ အတန်းထဲက ကျောင်းသားတစ်ယောက်ထံကနေ
"ဟေးး နင်ပုံစံကြည့်ရတာ ငါတို့ထက် အသက်ကြီးတဲ့ပုံဘဲကို။ ဘာလို့ငါတို့နဲ့အတူတူ အလယ်တန်းဘဲတက်နေရသေးတာတုန်း"
ထိုမေးခွန်းကြောင့် ယွမ်ချူးယန်တစ်ယောက် ခေါင်းစိုက်မတတ်အောက်ကို ငုံ့သွားကာ
"အရမ်းရှက်စရာကောင်းတာဘဲ"
ဟု တိုးတိုးလေးရေရွတ်လိုက်၏။
စုမန်မန်ကတော့ ယွမ်ရိ၏မျက်နှာကိုသာ သေချာစိုက်ကြည့်နေခဲ့သည်။
ယွမ်ရိကိုယ်တိုင်ကတော့ ထိုမေးခွန်းတစ်ခုကြောင့် ဘယ်လိုမှဖြစ်မသွားခဲ့ပေ။ သူမက
"ငါက အကြောင်းကိစ္စတချို့ကြောင့် ကျောင်းတက်တာ နောက်ကျသွားတယ်လေ။ ဒါ့ကြောင့်မို့ အလယ်တန်းမှာဘဲကျန်နေရစ်ခဲ့တာ"
ဟာ တည်ငြိမ်သောလေသံဖြင့် ဖြေရှင်းခဲ့သည်။
သူမအဖြေကြောင့် နောက်ထပ်မည်သူကမျှ ဘာမှထပ်မမေးကြတော့ချေ။
ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်တာဟာ ပြီးဆုံးသွားခဲ့၏။ တကယ်တော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ကဲ့သို့ လူသစ်ကတစ်ယောက်နှစ်ယောက်လောက်ပဲ ပါတာဖြစ်ပြီး ကျန်တဲ့သူတွေအကုန်လုံးက အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြပြီးသားဖြစ်ကြ၏။
ဒါ့ကြောင့် စာသင်ခန်းလေးဟာ ရင်းနှီးမှုအငွေ့အသက်တွေချက်ချင်းဘဲ ဖုံးလွှမ်းသွားကာ ဆရာမကလည်း စာကို စတင် သင်ကြားတော့သည်။
ဒီလိုနဲ့နေ့လည် ထမင်းစားနားချိန်ကိုရောက်သည့်အခါ ယွမ်ရိနဲ့ယွမ်ကျဲဟာ သူမတို့၏စာအုပ်တွေ၊ခဲတံတွေ၊ ဘောပင်တွေကို လွတ်အိတ်ထဲထည့်ကာ အိမ်ကိုပြန်လာခဲ့ကြတော့သည်။
လမ်းမှာ ယွမ်ကျဲက ယွမ်ရိလက်ကိုကိုင်ကာ
"အမ နင်ရှိနေပေလို့သာပေါ့။ ညီမတစ်ယောက်တည်းသာဆိုရင် မိတ်ဆက်ဖို့အသာထား ဘာလုပ်လို့လုပ်ရမှန်းသိမှာမဟုတ်ဘဲ ကြောင်တောင်တောင်ကြီးဖြစ်နေမှာ"
ယွမ်ကျဲစကားကြောင့် ယွမ်ရိဟာ ပြုံးမိသွား၏။
"အတန်းထဲကသူတွေကို ဘာမှကြောက်မနေနဲ့။ သူတို့က ငါတို့အမြင်ကနေကြည့်မယ်ဆိုရင် ကလေးတွေလို့ဘဲ မှတ်ထားလိုက်။ ဒါဆိုရင် ကြောက်စိတ်ဝင်လာတော့မှာမဟုတ်ဘူး"
ဟုပြောရင်း ယွမ်ကျဲကိုနှစ်သိမ့်လိုက်သည်။
ထိုအချိန်မှာဘဲ စက်ဘီးတချို့က 'ကလင်၊ ကလင်' မြည်သံပေးလျက် သူမတို့အနားကနေ ဖြတ်သွား၏။
ယွမ်ရိတို့လည်း လှည့်ကြည့်လိုက်သည့်အခါ ကျောင်းတုန်းက သူမတို့အနား လာရပ်ကာစပ်စုစိန်လာလုပ်သည့် ကျောင်းသားငါးယောက်ဖြစ်မှန်းသိသွား၏။
ဒီခေတ်ဒီကာလမှာ စက်ဘီးက ခေတ်မီသောဇိမ်ခံပစ္စည်းတစ်ခုဖြစ်ပြီး ယောက်ျားလေးတိုင်းမှာ စက်ဘီးတစ်စီးတော့ ရှိတတ်ကြသည်။
ထိုလူတွေဟာ သွားစရာရှိတာကို မသွားကြဘဲ အချိန်တစ်ခုကြာအောင် ယွမ်ရိတို့အနားမှာဘဲ ရစ်သီရစ်သီလုပ်နေကြသေး၏။
ယွမ်ကျဲက ယွမ်ရိအနားကပ်ကာ
"အမ ဒီလူတွေကို သိသလား"
ဟု တိုးတိုးလေးမေးလိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ
"အမလည်း ဘယ်လိုလုပ်သိမှာတုန်း"
ထို့နောက် ညီအမနှစ်ယောက် ဘာစကားမှ မပြောတော့ဘဲ အိမ်ကိုဘဲ ခပ်သွက်သွက်လေးပြန်လာခဲ့ကြတော့သည်။
ယွမ်ချူးယန်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ထက်စောပြီး အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူမက အိမ်ကိုပြန်ရောက်တာနဲ့ မီးဖိုချောင်ထဲကိုဝင်ကာ သူမ၏အမေအား
"အမေ အမေ့သမီးတွေအကြောင်းတော့ ပြောကိုမပြောချင်တော့ဘူး"
ဟု စကားအစချီလိုက်၏။
ဖန်းရှုံးယန်လည်း ချက်ပြုတ်နေရာမှ ယွမ်ချူးယန်ကိုကြည့်ကာ
"အမေ့သမီးယွမ်ရိနဲ့ယွမ်ကျဲပေါ့။ ကျောင်းသွားတာရိုးရိုးတန်းတန်းမသွားဘဲ အလှအပတွေကိုအစွမ်းကုန်ပြင်သွားကြတယ်လေ။ ကျောင်းရောက်တော့လည်း ငြိမ်ငြိမ်မနေဘဲ ဟိုလူ့မြူစွယ်၊ ဒီလူ့မြူစွယ်နဲ့။သမီးတို့အတန်းထဲက မဟုတ်တဲ့သူတွေနဲ့တောင်မှ သွားကြူနေလိုက်နေတယ်"
ဖန်းရှုံးယန်လည်း ချက်ပြုတ်နေရာကနေ ရပ်တန့်လိုက်ပြီး ယွမ်ချူးယန်ကိုကြည့်ကာ မျက်နှာထားတည်တည်ဖြင့်
"ချူးယန်၊ သမီးပြောတာတွေက သေချာလို့လား။မသေချာဘဲနဲ့ ယမ်းမပြောရဘူးနော်"
ဟု မာန်လိုက်၏။
ယွမ်ချူးယန်လည်း ပုခုံးအသာတွန့်ကာ
"သေချာပါတယ်အမေရဲ့။ သမီူကိုယ်တိုင် သမီးရဲ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာပါဆိုနေ"
"ဟုတ်လို့လားအေ။ ယွမ်ရိနဲ့ယွမ်ကျဲတို့က ကျေးလက်ကနေ လာကြတာနော်။ အဲ့လိုတွေလုပ်တတ်မယ်မထင်ဘူး"
ဖန်းရှုံးယန်က ပြောလိုက်၏။
"အမေကလည်း သူတို့ကို ကျေးလက်တောင်ပေါ်သူတွေဆိုပြီး အရမ်းအထင်သေးမနေနဲ့။ သူတို့တောင်ပေါ်ကနေ ဆင်းလာကတည်းက အကြံအစည်တွေအပြည့်နဲ့နေမှာ။ မနှစ်က ကျောင်းကိုမတက်ဘဲ ဒီတိုင်းသွားတုန်းက ကျောင်းရဲ့အခြေအနေ၊ လူကုံထံသားသမီးတွေအကြောင်း စနည်းနာချင်လို့သွားတာနေမှာ။ ဒီနှစ်မှ အပီအပြင်အလှပြင်ပြီး ဆွဲဆောင်ဖို့ကြိုးစား။ အကောင်ကြီးကြီးတစ်ကောင်ရဲ့သားသမီးကို လက်ထပ်နိုင်တာနဲ့ သူတို့ဘဝတွေကောင်းစားသွားမှာဆိုပြီး အစီအစဉ်ချထားချင် ချထားကြမှာ အမေရဲ့"
ထိုစကားကြောင့် ဖန်းရှုံးယန်တစ်ယောက်ပြုံးမိသွားကာ
"သမီးပြောတဲ့အတိုင်းဆို ယွမ်ရိက အကောင်ကြီးကြီးတစ်ကောင်ရဲ့သားကို ထောင်ဖမ်းမယ်ပေါ့ဟုတ်လား။ ဆိုတော့ ပြောပါဦး သူမ မိသွားလား"
ဟု ဟာသလေးဖောက်ရင်းပြန်မေးလိုက်၏။
"မိတာပေါ့။ ဒီနေ့ယွမ်ရိအနားကိုလာတဲ့အထဲမှာ တပ်မှူးရဲ့သား ရူကျောင်းလည်းပါနေတာကို သမီးတွေ့လိုက်ရတယ်"
ယွမ်ချူးယန်က ခေါင်းညိတ်ရင်းပြန်ပြောလိုက်၏။
"ဪ"
ဖန်းရှုံးယန်ကတော့ 'ဪ'တစ်လုံးကလွဲပြီး ဘာမှထပ်မပြောတော့ချေ။
ထို့နောက် ကျန်သည့်သားသမီးတွေလည်း ရောက်လာကြပြီဖြစ်၍ သားအမိနှစ်ယောက်စကားပြောနေရာကနေ ရပ်တန့်ကာ နေ့လည်စာအတွက် ပြင်ဆင်ကြတော့သည်။
ယွမ်ချန်းဖူဟာ နေ့လယ်စာ စားဖို့ပြန်မလာခဲ့၍ အလုပ်မအားသေးသည့်ပုံပင်။
နေ့လယ်စာ ထမင်းဝိုင်းလေးမှာ လူစုံတာနဲ့ ဖန်းရှုံးယန်က ယွမ်ရိနဲ့ယွမ်ကျဲအား
"ဒီနေ့ ကျောင်းမှာ အခြေအနေ ဘယ်လိုလဲ"
ဟု မေးလိုက်၏။
ဘာပဲဖြစ်ဖြစ် ယွမ်ရိဟာလည်း သူမသမီးဖြစ်တာမို့ နည်းနည်းပါးပါး ဂရုစိုက်ပြရပေဦးမည်။
"ကောင်းပါတယ်"
ယွမ်ရိက လိုရင်းကိုသာ တန်းဖြေပေးလိုက်သည်။
"အမ။ နင်ကဒီနေ့မှသာကျောင်းစတက်ပေလို့ဘဲနော်။ အလယ်တန်းကို အရမ်းလှနဲ့ကောင်မလေးတစ်ယောက်ပြောင်းလာတယ်ဆိုတဲ့ အကြောင်းတွေက ငါတို့မူလတန်းဘက်ထိအောင်တောင် သတင်းမွှေးနေတာဘဲ"
ယွမ်ချူးယန်ကတော့ လှောင်ပြုံးတစ်ခုဆင်မြန်းရင်းဖြင့်သာ ယွမ်ရိကိုစိုက်ကြည့်နေခဲ့၏။
ရဲ့ချူးဝမ်ကတော့ နေ့လယ်စာကိုငုံ့စားရင်းဖြင့် အနည်းငယ်စိတ်ရှုပ်ထွေးနေတော့သည်။
ဒီနေ့ ယွမ်ရိကိုဘဲ ကျောင်းကလူတွေက အာရုံစိုက်နေကြ၍ သူမ၏တောက်ပမှုဟာ မှေးမှိန်သွားရပေသည်။ အမြဲတမ်း လူအများ၏အာရုံဟာ သူမအပေါ်မှာပဲရှိနေခဲ့ပြီး ယွမ်ရိကြောင့် အကုန်ပြောင်းလဲကုန်ပြီဖြစ်သည်။
ဒါ့ကြောင့် ရဲ့ချူးဝမ်တစ်ယောက် စိတ်ရှုပ်ထွေးနေသလို ယွမ်ရိအပေါ်မှာလဲ မနာလိုစိတ်တွေ ပိုတိုးလာရတော့သည်။