အပိုင်း - ၆၅
ယွမ်ရိက
"အင်း သွားဖြစ်မသွားဖြစ် ငါစဉ်းစားလိုက်ဦးမယ်"
ဟုဘဲ ပြန်ဖြေပေးခဲ့သည်။
ယွမ်ရိထံမှ အဖြေကိုရလိုက်ပြီဖြစ်သဖြင့် ရူကျောင်းလည်း ထပ်မမေးတော့ချေ။
တဖြည်းဖြည်းဖြင့် မိုးချုပ်လာကာ ကောင်းကင်ပေါ်မှာလည်း လမင်းကွေးကွေးလေးက တွဲလဲခိုနေ၏။
ရူကျောင်းက ထိုလမင်းကွေးလေးကိုမော့ကြည့်ရင်းဖြင့် ယွမ်ရိအား
"ယွမ်ရိ၊ နင်က ဒီနှစ်မှ ဒီကိုရောက်လာတာလား"
ဟု မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"မဟုတ်ပါဘူး။ မနှစ်တုန်းကတည်းက ရောက်လာတာ။ ဒါပေမယ့် အဲ့ဒီတုန်းက လိုအပ်တဲ့ထောက်ခံစာတွေ၊ ဘာတွေမရသေးတော့ ကျောင်းမတက်သေးဘဲ အိမ်မှာဘဲ နေခဲ့တာ"
"ဪ၊ ဒါ့ကြောင့်မို့ နင့်ကိုဒီနှစ်မှတွေ့ရတာကိုးးး"
ယွမ်ရိသည်လည်း လခြမ်းကွေးလေးအား မော့ကြည့်ရင်းဖြင့်
"ဘာလိုလိုနဲ့ ငါဒီလိုရောက်လာတာက တစ်နှစ်ကျော်ခဲ့ပြီ"
ဟု လွမ်းဆွေးသောလေသံဖြင့် ပြောလိုက်သည်။
ရူကျောင်းက
"အင်းပါ၊ နောက်ပိုင်းကျရင် နင်တဖြည်းဖြည်းပျော်သွားမှာပါ"
ဟု အားပေးလိုက်သည်။
"အင်း၊ မျှော်လင့်ရတာပါဘဲဟာ"
ယွမ်ရိက လေသံလေးဖြင့် ထပ်ပြောလိုက်၏။
ရူကျောင်းက ယွမ်ရိပုခုံးကို ကိုင်ကာ
"မျှော်လင့်ရတာမဟုတ်ဘူး။ နင်သေချာပေါက် ပျော်သွားစေရမယ်ဟာ။ ငါကတိပေးတယ်"
ဟု ပြောရင်း ကတိပေးလိုက်တော့သည်။
...............
ဒီလိုနဲ့ နောက်ရက်စနေနေ့သို့ ရောက်လာတော့သည်။စနေနေ့ဆိုပေမယ့် ကျောင်းမပိတ်ချေ။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကျောင်းကိုထွက်လာခဲ့ကြသည်။ ယွမ်ရိသည် ရူကျောင်းနဲ့ပြောခဲ့သည့်စကားများအား မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီဖြစ်၏။
ဒါပေမယ့် ရူကျောင်းကတော့ မမေ့ချေ။ သူက ချန်းဝေ့တုန်းကို ခေါ်လျက် မြို့ထဲက ပြဇာတ်ရုံတစ်ခုထံကနေ လက်မှတ်တချို့ဝယ်ယူခဲ့သည်။
ပြီးတာနဲ့သူတို့ဟာ ကျောင်းဆင်းချိန်မှာ ကျောင်းပေါက်ဝကနေ ယွမ်ရိနဲ့ယွမ်ကျဲအား စောင့်မျှော်နေခဲ့ကြသည်။
ကျောင်းဆင်း၍ ယွမ်ရိနဲ့ယွမ်ကျဲတို့ထွက်လာတာနဲ့ ရူကျောင်းက ဝယ်ယူလာသည့် လက်မှတ်တွေထဲမှ နှစ်စောင်ကို ထုတ်ကာ ယွမ်ရိနဲ့ယွမ်ကျဲကို ပေးလိုက်သည်။
"ဒီမယ်ရော့၊ ဒါက မနက်ဖြန်ကျရင် သွားကြည့်ဖို့အတွက် ပြဇာတ်ရုံလက်မှတ်။ အတူတူသွားကြည့်ကြမယ်နော်"
ယွမ်ရိဟာ ရူကျောင်းထံကနေ ပြဇာတ်ရုံလက်မှတ်နှစ်စောင်အား လက်ဆောင်ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ချေ။ ဒါ့ကြောင့် သူမက အံ့အားသင့်သွားခဲ့ရကာ
"ဒီလောက်မလိုပါဘူးဟာ"
ဟု အားတုံ့အားနာဖြင့် ပြန်ပြောလိုက်သည်။
ရူကျောင်းက လက်ဝှေ့ယမ်းပြကာ
"ရပါတယ်ဟာ၊ တကယ်တော့ ငါတို့အုပ်စုလည်း ပြဇာတ်သွားကြည့်ကြမှာ လူများတော့ ပိုပျော်စရာကောင်းတာပေါ့"
"ဪ"
ယွမ်ရိလည်း 'ဪ'ဟု တချက်ပြောလိုက်ပြီးမှ
"ဒါနဲ့ ပြဇာတ်က ဘာပြမှာတဲ့တုန်း"
ဟု မေးလိုက်၏။
"ဝေဟူးတောင်က ပညာရှိ ဆိုတဲ့ပြဇာတ်ပြမှာတဲ့ဟ"
ရူကျောင်းပြန်မဖြေခင်မှာဘဲ ချန်းဝေ့တုန်းက အရင်ဖြေပေးလိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ကျဲက လေသံတိုးတိုးလေးဖြင့်
"ဒါနဲ့ ပြဇာတ်ဆိုတာက ဘာကြီးတုန်း"
ဟု မေးလိုက်၏။
ထိုအခါ ချန်းဝေ့တုန်းက ယွမ်ကျဲကို အံ့အားသင့်ဟန်ဖြင့်ကြည့်ကာ
"ပြဇာတ်ကိုမသိဘူးလား၊ ပြဇာတ်ဆိုတာက စင်မြင့်ပေါမှာ လူတွေက သီချင်းဆိုရင်း သရုပ်ဖော်ပြရတဲ့ဖျော်ဖြေမှုတစ်ခုဘဲ။ တစ်ခါတလေဆိုရင် ကပြမှုတွေတောင်ပါသေးတယ်။ အရင်တုန်းက မကြည့်ဖူးဘူးလား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ကျဲက ခေါင်းညိတ်ကာ
"မကြည့်ဖူးဘူး။ ဘာလို့လည်းဆိုတော့ ငါတို့ဆီမှာ အဲ့လိုဟာတွေ မရှိဘူးလေ"
ဟု ပြန်ပြောလိုက်သည်။
ချန်းဝေ့တုန်းက
"ဘာပဲဖြစ်ဖြစ် အခုလက်မှတ်တွေရှိနေပြီဘဲ။ အတူတူသွားကြည့်ကြမယ်"
ယွမ်ရိက သူမလက်ထဲမှ လက်မှတ်ကိုကြည့်လိုက်ပြီးမှ ယွမ်ကျဲကိုကြည့်ကာ
"သွားကြည့်ချင်လား"
ဟု မေးလိုက်၏။
ယွမ်ကျဲလည်း ခဏမျှတိတ်ဆိတ်တွေဝေပြီးသွားမှ
"သွားချင်တယ်"
ဟု လေသံတိုးတိုးလေးဖြင့် ပြန်ဖြေပေးလိုက်တော့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း ရူကျောင်းကိုကြည့်လိုက်ပြီး
"ကောင်းပြီလေ။ ငါတို့တွေ ပြဇာတ်ကိုအတူတူသွားကြည့်ကြတာပေါ့။ ပြီးရင် ညစာလည်း အတူတူစားကြမယ်"
ဟု ပြောလိုက်တော့သည်။
ရူကျောင်းက ရယ်လိုက်ပြီးမှ
"ကောင်းပါပြီဟာ၊ ဪ ဒါနဲ့ ပြဇာတ်က မနက်ဖြန် ညနေနှစ်ရာရီခွဲလောက်ပြမှာနော်"
ဟု ပြဇာတ်ပြမည့်အချိန်အား ပြောလိုက်သည်။
"အင်း၊ ငါသိပြီ"
ထိုသို့ ပြောပြီးတာနဲ့ ယွမ်ရိဟာ ယွမ်ကျဲကိုခေါ်လျက် ထိုနေရာကနေ ထွက်လာခဲ့တော့သည်။
ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ကတော့ နောက်ကနေ လိုက်မလာကြတော့ပေ။
အိမ်ပြန်လမ်းမှာ ယွမ်ကျဲက
"အမ၊ ဝေဟူးတောင်ပေါ်က ပညာရှိဆိုတာက ဘယ်လိုမျိုးပြဇာတ်လည်း အမသိသလား"
ဟု မေးလိုက်၏။
ယွမ်ရိလည်း ခဏမျှစဉ်းစားပြီမှ သူမမှတ်ဉာဏ်အတွင်းမှာ ပြန်အမှတ်ရသွားကာ
"အဲ့တာက တကယ်တော့ လူကောင်းက လူဆိုးကိုနှိမ်နင်းတဲ့ဇာတ်ဝင်ခန်းမျိုးပါဘဲ။ ဇာတ်လိုက်ရယ် သူ့ရဲ့နောက်လိုက်တွေက တောလင်းယုန်လို့အမည်ရတဲ့ ဓားပြဂိုဏ်းတစ်ဂိုဏ်းကို နှိမ်နင်းကြပုံကို ကပြကြမှာလေ"
"ဪ၊ ဒါက ဓားပြတွေကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ကြတဲ့သူရဲကောင်းတွေရဲ့ ဇာတ်လမ်းကို ကပြကြမှာကိုး"
ယွမ်ကျဲက ယွမ်ရိနောက်ကနေ သံယောင်လိုက်ရေရွတ်လိုက်တော့သည်။
ညီအမနှစ်ယောက် အိမ်ပြန်ရောက်တာနဲ့ ယွမ်ရိက ပြဇာတ်လက်မှတ်များအား သူမ၏လွယ်အိတ်အတွင်းထည့်ကာ သိမ်းဆည်းလိုက်သည်။ ပြီးမှ အပေါ်ထပ်သို့ တက်လာခဲ့ကြတော့သည်။
အခန်းထဲကိုရောက်တာနဲ့ တစ်ခဏမျှအနားယူလိုက်၏။ ပြီးတာနဲ့စာအုပ်ကိုယ်စီဖွင့်ကာ သင်ခန်းစာများအား ပြန်လေ့လာတော့သည်။
ယွမ်ချူးရွယ်သည်လည်း ကျောင်းကနေပြန်ရောက်လာတာနဲ့ယွမ်ရိတို့၏အခန်းထဲကို စာလုပ်ဖို့အတွက် ဝင်လာခဲ့သည်။
သူမက စာအုပ်တွေကိုထုတ်နေရင်းဖြင့် ယွမ်ရိ၏စာအုပ်အကြားမှ ပြဇာတ်လက်မှတ်နှစ်ခုကို မြင်တွေ့သွားကာ ယွမ်ရိအား
"အမ၊ ဒီပြဇာတ်လက်မှတ်နှစ်စောင်က ဘယ်ကရခဲ့တာတုန်း"
ဟု မေးလိုက်၏။
"ဪ၊ ဒါလား"
ယွမ်ရိက ပြဇာတ်လက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်ပြီး
"ဒါ ရူကျောင်း လက်ဆောင်ပေးထားတာ။ မနက်ဖြန်ကျရင် သူတို့အဖွဲ့နဲ့အတူတူ ပြဇာတ်သွားကြည့်ဖို့အတွက်တဲ့"
ယွမ်ချူးရွယ်ဟာ ယွမ်ရိလက်ထဲမှ ပြဇာတ်လက်မှတ်နှစ်စောင်ကို ယူလိုက်ပြီး
"ညီမသိသလောက်တော့ ဒီလိုမျိုး ပြဇာတ်လက်မှတ်တွေက အရမ်းဝယ်ရခက်တယ်တဲ့။ တနင်္ဂနွေနေ့လိုမျိုး အားလပ်ရက်တွေမှာ ပြဇာတ်ကြည့်ချင်တဲ့လူတွေ များလွန်းလို့ လက်မှတ်တစ်စောင်ရဖို့ဆိုတာက မလွယ်ဘူးတဲ့"
ထိုစကားကြောင့် ယွမ်ရိလည်း အံ့အားသင့်သွားခဲ့ရပြီး
"ဟုတ်လို့လားဟယ်။ ရူကျောင်းပြောတာတော့ သူတို့အဖွဲ့တောင်မှ တစ်ယောက် တစ်စောင် ဝယ်ပြီးသွားပြီဆိုဘဲ"
ယွမ်ချူးရွယ်ဟာ သူမလက်ထဲမှ ပြဇာတ်လက်မှတ်များကို ယွမ်ရိထံပြန်ပေးလိုက်ပြီးမှ
"အဲ့တာကတော့ သူတို့မှာ နည်းလမ်းရှိလို့နေမှာပေါ့"
ဟု ပြောလိုက်တော့သည်။
ယွမ်ရိက ခေါင်းညိတ်ကာ
"အင်း၊ နောက်ပိုင်းကျရင် ရူကျောင်းဆီကနေ ပြဇာတ်လက်မှတ်တချို့တောင်းပေးမယ်။ ပြီးမှ ရဲ့ဖန့်၊ ယွမ်ဟောင်ဂျန်တို့ကိုခေါ်ပြီး အတူတူသွားကြည့်ကြပေါ့"
ဟု ပြောလိုက်သည်။
ထိုအခါ ယွမ်ချူးရွယ်လည်း ဝမ်းသာအားရဖြစ်သွားကာ
"ကျေးဇူးတင်ပါတယ်နော်။ ညီမလေ ပြဇာတ်ကို တကယ်ကြည့်ချင်နေခဲ့တာ"
"အင်းပါ၊ အင်းပါ။ လောလောဆယ် စာကိုဘဲ အာရုံစိုက်လုပ်စို့"
ဟု ပြောရင်း ပြဇာတ်လက်မှတ်များအား သေချာပြန်လည် သိမ်းဆည်းလိုက်တော့သည်။
နောက်ရက်မနက်ကိုရောက်တဲ့အခါ ရာသီဥတုကလည်း အလွန်သာယာနေသလို ကောင်းကင်ကြီးကလည်း တိမ်ကင်းစင်နေ၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ မနက်ခင်းကနေ နေ့လည်ခင်းထိအောင် စာတွေပြန်လည်ကျက်မှတ်ခဲ့ကြသည်။ နေ့လယ်ရောက်တာနဲ့ စာအုပ်တွေကိုပြန်လည်သိမ်းကာ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ခဲ့ကြ၏။
ပြီးတာနဲ့ ပြဇာတ်လက်မှတ်နှစ်စောင်ကိုကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့ကြတော့သည်။
ယွမ်ချန်းဖူကတော့ စစ်တပ်ထဲကို သွားပြီဖြစ်၍ အိမ်မှာမရှိချေ။ ဒါ့ကြောင့် သူမတို့က ဖန်းရှုံးယန်ကိုဘဲ
"အမေ၊ ဒီနေ့ အပြင်ခဏသွားဦးမယ်နော်။ နည်းနည်းကြာမှာမို့လို့ ညစာစားချိန်မမှီလောက်ဘူး။ သမီးတို့ကိုစောင့်မနေနဲ့"
ဟုဘဲပြောကာ အိမ်ကနေထွက်လာခဲ့ကြတော့သည်။
သူမတို့ကလည်း ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို အသေးစိတ်မပြောသလို ဖန်းရှုံးယန်ကလည်း ဘာတစ်ခွန်းမှ ပြန်မမေးခဲ့ချေ။
ယွမ်ရိနဲ့ယွမ်ကျဲတို့အိမ်ထဲကနေ ထွက်ပြီးတာနဲ့ အပေါက်ဝမှာ ကြိုစောင့်နေသည့် ရူကျောင်းကို မြင်လိုက်ရ၏။
မနီးမဝေးက သစ်ပင်အရိပ်အောက်မှာလည်း ရူကျောင်း၏သူငယ်ချင်းတစ်စုက သူမတို့အား လက်ဝှေ့ယမ်းလို့ နှုတ်ဆက်နေကြတာကိုလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့ တွေ့မြင်လိုက်ရသည်။
ယွမ်ရိတို့လည်း ရူကျောင်းတို့အဖွဲ့ထံသွားလိုက်တော့သည်။
ရူကျောင်းက ယွမ်ရိတို့အနားရောက်တာနဲ့
"သွားကြရအောင်"
ဟု ပြောလိုက်တော့သည်။
ထို့နောက် ရူကျောင်းတို့အဖွဲ့က ရူကျောင်းအပါအဝင်ငါးယောက်နဲ့ယွမ်ရိ၊ ယွမ်ကျဲတို့ ညီအမနှစ်ယောက်အပါအဝင် ခုနှစ်ယောက်အဖွဲ့ကြီးဟာ ပြဇာတ်ရုံကိုသွားဖို့အတွက် ကားမှတ်တိုင်သို့အရင်ထွက်လာခဲ့ကြတော့သည်။
ပြဇာတ်ရုံက နည်းနည်းလှမ်း၍ ကားနဲ့သွားမှသာ အဆင်ပြေမည် ဖြစ်သည်။ ကားမှတ်တိုင်ကိုရောက်တာနဲ့ ပြဇာတ်ရုံဘက်သို့သွားမည့်ကားကို ခဏမျှစောင့်လိုက်ရသေး၏။
ကားရောက်တာနဲ့ ယွမ်ရိတို့ခုနှစ်ယောက်လုံး ကားပေါ်တက်ကာ ဝင်ထိုင်လိုက်ကြတော့သည်။
ကားပေါ်ရောက်တော့ ရူကျောင်းက ယွမ်ရိကိုကြည့်ကာ
"ဟိုရောက်ရင် ဘာစားဦးမလဲ"
ဟု မေးလိုက်၏။
ယွမ်ရိက အပိုငွေမကုန်စေလိုတာကြောင့်
"တော်ပါပြီဟာ။ ငါအိမ်က ထွက်မလာခင်တုန်းက ထမင်းအဝစားခဲ့သေးတယ်"
ဟု ပြောရင်း ရူကျောင်းအား ငြင်းလိုက်သည်။
ဒါပေမယ့်လည်း ပြဇာတ်ရုံသို့ရောက်သည့်အခါ ရူကျောင်းက သူတို့အကုန်လုံးအား ရေခဲမု့န်များ ဝယ်ကျွေးခဲ့၏။
သူတို့တွေဟာ အခြားသောစားစရာအနည်းငယ်ကိုလည်း ဝယ်ခဲ့ကြသေးသည်။ ပြီးမှ ပြဇာတ်ရုံထဲဝင်ထိုင်ကြကာ ပြဇာတ်ပြမည့်အချိန်အား စိတ်လှုပ်တရှားဖြင့် စောင့်နေခဲ့ကြတော့သည်။
ယွမ်ကျဲက ရေခဲမုန့်တစ်ဇွန်းအား ပါးစပ်ထဲ ထည့်လိုက်ရင်းဖြင့် ယွမ်ရိဘက်သို့လှည့်ကာ
"အမ မြို့ပေါ်ကလူတွေက ဘဝကို ဘယ်လိုမျိုး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမလဲဆိုတာကို တကယ်သိကြတာဘဲ။ ညီမဖြင့် အခုလိုမျိုး ရေခဲမုန့်ကို တစ်ခါမှ မစားဖူးဘူး။ ဒါလေးက အေးအေးချိုချိုလေးနဲ့အရမ်းစားကောင်းတာဘဲ"
ဟု ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"ဟုတ်လား။ ဒါဆိုရင် နောက်ကျရင်လည်း ငါတို့တွေ ဝယ်စားကြတာပေါ့"
ယွမ်ရိက ပြောလိုက်၏။
ယွမ်ကျဲက ခေါင်းယမ်းကာ
"တော်ပါပြီ အမရယ်။ ဒီရေခဲမုန့်က ဒီလောက်ကောင်းတာ ဈေးကလည်း အရမ်းကြီးမှာဘဲ"
ယွမ်ရိက တစ်ချက်လောက် အသံထွက်အောင်ရယ်လိုက်ပြီးမှ
"ဒါက တအားဈေးမကြီးပါဘူး။ ဒီလောက်တော့ အမ ဝယ်ကျွေးနိုင်ပါတယ်"
ယွမ်ကျဲဟာ တစ်ခုခုပြန်ပြောမလို့ ပြင်လိုက်ချိန်မှာဘဲ ပြဇာတ်ရုံအတွင်း သူမရင်းနှီးနေသောလူရိပ်တစ်စုအား မြင်တွေ့လိုက်ရသည်။ ဒါ့ကြောင့် ယွမ်ရိလက်ကို ဆွဲလျက် ထိုလူရိပ်အား အမြန်ညွှန်ပြလိုက်တော့သည်။
ယွမ်ရိသည်လည်း ယွမ်ကျဲညွှန်ပြရာကို ကြည့်လိုက်ရာ ရဲ့ချူးဝမ်အား မြင်တွေ့လိုက်ရသည်။ ရဲ့ချူးဝမ်ဘေးမှာလည်း အခြားလူတစ်ယောက်ပါသေး၏။ထိုလူကတော့ လုချင်းယွမ်ပင်ဖြစ်သည်။
"ကြည့်ရတာ ကျောင်းတုန်းက ကြားတဲ့သတင်းတွေက အမှန်ဖြစ်ပုံဘဲ"
ယွမ်ကျဲက ရေရွတ်လိုက်၏။
"သက်သေမရှိဘဲနဲ့ ရမ်းပြောလို့မဖြစ်ဘူး"
ယွမ်ရိက သတိပေးလိုက်၏။
ယွမ်ကျဲပြန်မပြောနိုင်ခင်မှာဘဲ သူတို့ဘေးမှာထိုင်နေသည့် ရူကျောင်းက သူတို့အနားကိုကပ်လာပြီး
"ဟေး၊ ညီအမနှစ်ယောက် ဘာတွေတိုးတိုး,တိုးတိုးနဲ့ပြောနေကြတာတုန်း"
ဟု ရုတ်တရက် မေးလိုက်၏။
ယွမ်ကျဲသည့် ရူကျောင်း၏ရုတ်တရက်အမေးကြောင့် ကြောင်,အသွားကာ စကားတွေထစ်ကုန်တော့သည်။
"ဘာ,ဘာမှမ ဘာမှမဟုတ်"
ယွမ်ကျဲအနေနဲ့ စကားတွေအများကြီးပြောလျှင် အမှားပါမည်စိုးသဖြင့် ယွမ်ရိလည်း ယွမ်ကျဲစကားဆုံးသည်အထိ စောင့်မနေတော့ဘဲ ယွမ်ကျဲပါးစပ်ထဲသို့ ရေခဲမုန့်တစ်ဇွန်းအမြန်ခွံ့ရင်း နှုတ်ပိတ်လိုက်ရတော့သည်။
ဒါ့ကြောင့် ယွမ်ကျဲသည်လည်း အလိုက်တသိဖြင့် ခေါင်းကို တစ်ဖက်လှည့်သွားကာ ရေခဲမုန့်ကိုဘဲ အာရုံစိုက်စားနေလိုက်တော့သည်။
ထိုအချိန်မှာဘဲ သူမဘေးမှာထိုင်နေသည့် ချန်ဝေ့တုန်းက ခေါင်းလှည့်လာပြီး
"ကလေးပေါက်စ၊ ရော့။ မင်းစားဖို့အတွက် ချောကလက်ဝယ်လာတာ။ ဒါကအရမ်းလည်းဈေးကြီးသလို အရမ်းလည်းစားကောင်းတယ်နော်"
ဟု ပြောကာ သူ့လက်ထဲမှ ချောကလက်တောင့်အား ယွမ်ကျဲထံပေးလိုက်၏။
ချန်းဝေ့တုန်း၏၏စကားသံအား ယွမ်ရိနဲ့ရူကျောင်းတို့လည်း ကြားလိုက်ရ၍ သူတို့၏ခေါင်းများအား လှည့်ကာ ကြည့်လိုက်ကြ၏။
ရူကျောင်းက ချန်းဝေ့တုန်းအား မျက်စိမှေးကြည့်ကာ
"ဈေးကြီးတယ်ဆိုပါလား"
ဟု ရေရွတ်လိုက်သည်။
ယွမ်ကျဲသည်လည်း သူစိမ်းတစ်ယောက်ထံမှ လက်ဆောင်တစ်ခါမှမရဖူး၍ မျက်နှာတစ်ခုလုံးနီရဲလာကာ ရှက်ရွံ့လို့လာ၏။
ဒါ့ကြောင့်သူမက ချောကလက်တောင့်အား ချန်းဝေ့တုန်း၏လက်ထဲပြန်ထိုးထည့်ပေးလိုက်ကာ
"လက်မခံပါရစေနဲ့"
ဟု ပြောရင်းငြင်းလိုက်သည်။
ထိုအချိန်မှာဘဲ ချန်းဝေ့တုန်း၏တစ်ဖက်မှာထိုင်နေသည့် ကောင်လေးတစ်ယောက်က
"ငါလည်း အဲ့လိုဈေးကြီးတဲ့ချောကလက်ကိုကြိုက်ပါတယ်ဟ။ သူမစားဘူးဆိုမှတော့ ငါ့ကိုပေးလေ"
ဟု ပြောကာ ချန်းဝေ့တုန်းအား စနောက်လိုက်သည်။
"သွားစမ်းပါကွာ"
ချန်းဝေ့တုန်းက ထိုကောင်လေးအား တစ်ဖက်သို့ ပြန်တွန်းပို့လိုက်တော့သည်။
ထိုအချိန်မှာဘဲ ပြဇာတ်စင်မြင့်ဟာ လင်းထိန်သွားပြီး ကာထားသောကားချပ်ကြီးလည်း ပွင့်ဟသွားတော့သည်။ အစီအစဉ်ကြေညာသူဟာ စင်မြင့်ပေါ်ကနေပြီး ကပြမည့်ပြဇာတ်၏အကြောင်းအရာတချို့အား ကြေညာခဲ့သည်။
ပြီးတာနဲ့ပြဇာတ်အား စတင်ကပြကြတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ ပြဇာတ်အား စိတ်ဝင်တစားဖြင့်ကြည့်နေခဲ့ကြသည်။
ဒါပေမယ့်ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့၏အာရုံကတော့ ပြဇာတ်ပေါ်မှာမရှိကြချေ။ ရူကျောင်းက အမှောင်ထဲကနေ ယွမ်ရိကိုဘဲ စိုက်ကြည့်နေခဲ့သလို၊ ချန်းဝေ့တုန်းသည်လည်း ယွမ်ကျဲ၏လွယ်အိတ်အတွင်းသို့ ချောကလက်တောင့်အား တိတ်တဆိတ်ထည့်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။
ပြဇာတ်ဟာ နှစ်နာရီနီးပါးကြာခဲ့သည်။
ပြဇာတ်ပြီး၍ အပြင်ကို ယွမ်ရိတို့ထွက်လာချိန်မှာ ငါးနာရီထိုးနေပြီဖြစ်ကာ ညစာစားဖို့အတွက်တော့ စောနေပေသေးသည်။
ဒါ့ကြောင့် သူတို့ဟာ စားသောက်ဆိုင်ကိုသွားဖို့ အလျင်လိုခြင်းမရှိကြဘဲ အခြားနေရာတွေကို လျှောက်သွားကြည့်ကြဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
လျှောက်လည်ကြရင်းဖြင့် သူတို့တွေဟာ ပြဇာတ်ထဲကအကြောင်းများအား ပြန်ပြီးတော့ စမြုံ့ပြန်ခဲ့ကြသည်။
"မင်းသားက ဓားပြခေါင်းဆောင်ကို အနိုင်ယူလိုက်တဲ့အချိန်က အရမ်း မိုက်တာဘဲကွာ"
"အေး။ ဟုတ်တယ်ဟ။ မင်းသားတို့အဖွဲ့နဲ့ ဓားပြတွေချတဲ့အချိန်ဆို ငါကိုယ်တိုင်တောင် ဝင်ပြီးတော့ ချချင်သွားတယ်ကွ"
"ဒါပေမယ့် ဇာတ်သိမ်းကိုတော့ ငါ သိပ်မကြိုက်ဘူး။ဘယ့်နှယ့်ကွာ အကုန်လုံးကိုနိုင်အောင်တိုက်ပြီးမှ ဝေဟူးတောင်ပေါ်မှာဘဲနေပြီး ကလေးတွေကိုစာသင်ပေးတဲ့ပညာရှိဘဲ လုပ်တာတဲ့။ ဇာတ်သိမ်းက မမိုက်ပါဘူးကွာ"
"မင်းကလည်းကွာ ပြဇာတ်နာမည်ကိုက ဝေဟူးတောင်ပေါ်က ပညာရှိပါဆိုနေ။ ဇာတ်သိမ်းကိုလည်း ပြဇာတ်နာမည်နဲ့လိုက်အောင် သိမ်းပေးတာနေမှာပေါ့"
သူတို့တွေဟာ အချိန်တော်တော်ကြာအောင် လျှောက်လည်ခဲ့ကြပြီးမှ ညစာစားဖို့အတွက် စားသောက်ဆိုင်တစ်ခုအတွင်းသို့ ဝင်ခဲ့ကြသည်။
စားသောက်ဆိုင်ထဲကိုရောက်တာနဲ့ စားစရာသောက်စရာများကို မှာယူစားသောက်ခဲ့ကြသည်။
စားသောက်၍ ပြီးစီးခါနီးမှာဘဲ ယွမ်ရိက သန့်စင်ခန်းခဏသွားဦးမယ်ဟု လိမ်ပြောခဲ့ပြီး ကောင်တာမှာ စားသောက်တာတွေအကုန် ကုန်ကျငွေကို တစ်ခါတည်းရှင်းလိုက်သည်။
ညစာစားပြီး ငွေရှင်းမလို့လုပ်သည့်အခါမှ ရူကျောင်းလည်း ယွမ်ရိက ကြိုပြီးရှင်းပေးပြီးသွားတာကို သိသွားတော့သည်။ သူက ယွမ်ရိအား ကျသင့်ငွေကိုပြန်ပေးခဲ့ပေမယ့် ယွမ်ရိကတော့ လက်သင့်ခံခြင်းမပြုခဲ့ပေ။
ညစာစားပြီးတာနဲ့သူတို့ဟာ ဘယ်ကိုမှ ထပ်မသွားကြတော့ဘဲ အိမ်ကိုဘဲ တန်းပြန်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဒါ့ကြောင့် စားသောက်ဆိုင်ကနေ ထွက်လာပြီးတာနဲ့ ကားမှတ်တိုင်မှာ သူမတို့အိမ်နားထိ ရောက်မည့်ကားအား စောင့်နေခဲ့ကြသည်။
ကားရောက်လာတာနဲ့ ကားပေါ်တက်ကာ အိမ်ကိုပြန်ခဲ့ကြတော့သည်။
အိမ်နားရောက်တာနဲ့ ယွမ်ရိတို့ဟာ ကားပေါ်မှဆင်းလိုက်ပြီး ရူကျောင်းအား
"ကျေးဇူးဘဲ။ ဒီနေ့ပျော်ခဲ့ရတယ်"
ဟု ပြောလိုက်၏။
ရူကျောင်းကလည်း
"အေးပါ။ စောစောအိပ်ရာဝင်ကြနော်။ ကောင်းသောညပါ။ မနက်ဖြန်မှ တွေ့ကြမယ်"
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ယွမ်ရိနဲ့ယွမ်ကျဲဟာ အိမ်သို့ တန်းတန်းမတ်မတ်ပြန်လာခဲ့ကြတော့သည်။
လမ်းမှာ ယွမ်ကျဲက စိတ်လှုပ်ရှားသောလေသံဖြင့်
"အမ ဘဝကြီးက စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတော့ ပိုပြီးတော့တောင် ပျော်လာသလိုဘဲ"
ဟု ပြောလိုက်သည်။
ယွမ်ရိက ယွမ်ကျဲစကားကြောင့် ပြုံးမိသွားသည်။
"ရှောင်ကျဲရေ။ ဒီလောက်လေးကို စိတ်လှုပ်ရှားစရာလို့ မခေါ်ဘူးနော်။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာတွေ မလာသေးဘူး"
ထိုစကားကြောင့် ယွမ်ကျဲ၏မျက်ဝန်းတွေ တလက်လက်တောက်ပသွားကာ
"ဟုတ်လား အမ"
ဟု ပြန်မေးလိုက်သည်။
"အမ ဘယ်တုန်းက ညာဖူးလို့လဲ"
ယွမ်ရိက ပြန်ပြောလိုက်တော့သည်။