Chapter 96.2

2.3K 211 0
                                    

အပိုင်း - ၉၆.၂

ယွမ်ချူးရွယ်ကတော့ ယွမ်ရိနဲ့ အဖွားကျောင်းတို့၏ စကားဝိုင်းတွင် ဝင်ရောက်ပြောဆိုခြင်းအလျဉ်းမရှိဘဲ ဘေးနားမှာဘဲ တိတ်တိတ်လေးထိုင်နေခဲ့သည်။

"စာချုပ်စာတမ်းတွေ ပါခဲ့ပြီလား"
အဖွားကျောင်းက ယွမ်ရိကို မေးလိုက်သည်။

ယွမ်ရိလည်း သူမလွယ်အိတ်အတွင်းမှ စာချုပ်စာတမ်းတွေကို ထုတ်ကာ အဖွားကျောင်းထံ ပေးလိုက်၏။

အဖွားကျောင်းဟာလည်း ထိုစာရွက်စာတမ်းများကို မျက်စိမှေးကျဉ်းလျက် ဖတ်လိုက်ပြီးနောက် ယွမ်ရိဘက်ကိုလှည့်ကာ
"ရှောင်ရိ။ အဖွားက အသက်လည်း ကြီးနေပြီကွယ်။ဒီလိုမျိုး စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ကိစ္စမျိုးကို အဖွား တစ်ခါမှ မကြုံဖူးဘူး။ ဒါက လက်မှတ်လေးထိုးရုံဘဲမလား"
ဟု မေးလိုက်သည်။

"ဟုတ်တယ်၊ အဖွား။ အဲ့တာလေးတင်ရယ်"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။

အဖွားကျောင်းလည်း ယွမ်ရိထံကနေ မှင်တံတစ်ချောင်းငှားလိုက်ပြီး လက်မှတ်ထိုးမည့်နေရာအား ‌ယွမ်ရိကို ထပ်မေးလိုက်သည်။

ယွမ်ရိလည်း အဖွားကျောင်းလက်မှတ်ထိုးရမည့်နေရာကို ပြလိုက်၏။

အဖွားကျောင်းလည်း စာချုပ်ပေါ်မှ ယွမ်ရိပြသည့် နေရာတွင် လက်မှတ်ထိုးရန်ပြင်လိုက်သည်။

ထိုအချိန်မှာဘဲ အဖွားကျောင်း၏အိမ်ပေါက်ဝမှ
"အမေ၊ ဘာတွေလုပ်နေတာလဲ"
ဟုသော အသံထွက်လာခဲ့သည်။

အဖွားကျောင်းလည်း အိမ်ရှေ့ကို လှမ်းကြည့်လိုက်ရာ သူမ၏သားဖြစ်သူကိုမြင်လိုက်ရပြီး
"အိမ်ကို ရောင်းနေတာကွဲ့။ ဘာပဲဖြစ်ဖြစ် အမေတို့လည်း နိုင်ငံခြားကို သွားကြတော့မှာဘဲဟာကို။ ဒီအိမ်ကြီး ဘယ်သူမှ မနေတော့မယ့် အတူတူရောင်းလိုက်တော့မလို့"
ဟု ရှင်းပြလိုက်၏။

အဖွားကျောင်း၏သားကလည်း အိမ်ထဲကို ဝင်လာခဲ့ပြီး ယွမ်ရိနဲ့ယွမ်ကျဲအား ချိုသာစွာပြုံးပြလျက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အဖွားကျောင်း၏လက်ထဲမှ စာချုပ်ကို ယူကြည့်လိုက်ပြီး ယွမ်ရိကိုကြည့်ကာ
"မင်းက အိမ်ဝယ်မလို့လား"
ဟု မေးလိုက်သည်။

"ဟုတ်ပါတယ်ရှင်"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။


တကယ်တော့ အဖွားကျောင်း၏သားဟာ အိမ်ရောင်းအိမ်ဝယ်လုပ်မည့်ကိစ္စကို သိပြီးသားပင်။ ဒါ့ကြောင့်လည်း အဖွားကျောင်းအိမ်ကို ပြန်လာခဲ့ခြင်းပင်။ သူက သူ့အမေ အလိမ်အညာမိသွားမှာကို စိုးရိမ်နေခဲ့သည်။

သူက စာချုပ်စာတမ်းကို သေသေချာချာဖတ်ပြီးသည့်နောက် ယွမ်ရိကိုကြည့်ကာ
"ဒါဆိုရင် ဒီလိုလုပ်ကြတာပေါ့။ စရန်ရိုက်တဲ့အနေနဲ့ မင်းတို့ဘက်က ငါတို့ကို ယွမ် ၄၀၀၀ ကြိုပေးထားရမယ်။ စာချုပ် ချုပ်ပြီးတဲ့နောက်မှာ နောက်ထပ် ယွမ် ၄၀၀၀ ထပ်ပေးရမယ်။ အဲ့ဒီ‌နောက် အိမ်သော့ကို ပေးမယ်။ စာချုပ်ပြီးပြီးလို့ အဲ့ဒီစာချုပ်ကို သက်ဆိုင်ရာက အသိအမှတ်ပြုလိုက်တာနဲ့ ကျန်တဲ့ယွမ် ၄၀၀၀ ထပ်ပေးရမယ်။"
ဟု ပြောလိုက်သည်။

ယွမ်ရိဟာ အစကတည်းက အဖွားကျောင်းအပေါ်တွင် မမှန်မကန်မလုပ်ခဲ့ပေ။ ဒါ့ကြောင့် အဖွားကျောင်း၏သားဖြစ်သူရဲ့ တောင်းဆိုချက်များကို မလိုက်လျောရဲစရာ ‌အကြောင်းမရှိခဲ့တာမို့
"ကောင်းပြီ၊ ရှင်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့"
ဟု အဖွားကျောင်း၏သားဖြစ်သူအား ပြန်ပြောလိုက်တော့သည်။

ထို့နောက် သူတို့ဟာ စာချုပ်စာတမ်းတွင် လက်မှတ်ကိုယ်စီထိုးလျက် အရောင်းအဝယ်လုပ်ကြတော့သည်။ စာချုပ်တွင် လက်မှတ်ထိုးပြီးသည့်နောက် ယွမ်ရိက သူမလွယ်အိတ်အတွင်းမှ ယွမ် ၄၀၀၀ ထုတ်လျက် အဖွားကျောင်းထံပေးလိုက်သည်။

ထို့နောက် သူတို့လေးယောက်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ထွက်ခဲ့ကြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အိမ်ရောင်းအိမ်ဝယ်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြခဲ့ပြီး အသိသက်သေလုပ်ပေးဖို့ တောင်းဆိုခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အသိသက်သေလုပ်ပေးမှုအောက်တွင် ယွမ်ရိက အဖွားကျောင်းအား နောက်ထပ် ယွမ်လေးထောင်ထပ်ပေးခဲ့သည်။

မြို့တွင်းမှာ အိမ်ဝယ်တာက မြို့စွန်မှာကဲ့သို့ မရိုးရှင်းပေ။ စစ်ဆေးစရာရှိသည်များကို စစ်ဆေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာလည်း လိုအပ်ပေသေးသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့ရဲ့ထောက်ခံစာကို တစ်ရက်၊ နှစ်‌ရက်လောက်နေမှ ရမည်ဟု ယွမ်ရိတို့အား ပြောလိုက်သည်။

ဒါ့ကြောင့် ယွမ်ရိတို့တွေလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှ ပြန်ထွက်လာခဲ့ကြသည်။

‌အပြင်ကိုရောက်တော့ ယွမ်ရိက အဖွားကျောင်းကို ကြည့်ကာ
"အဖွားကျောင်း၊ ကျန်တဲ့ငွေကိုတော့ အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာကို ရမှပေးမယ်နော်။ အိမ်သော့ကိုတော့ သမီးကို တစ်ခါတည်းပေးလိုက်တော့မလား။ အဖွား ပစ္စည်းတွေ သယ်ပြီးမှ ပေးမှာလား"
ဟု မေးလိုက်သည်။

အဖွားကျောင်းက
"ငါ့ပစ္စည်းတွေက အကုန်ပြောင်းပြီးသွားပြီ။ ဒါ့ကြောင့် အိမ်သော့ကို တစ်ခါတည်း ယူလိုက်တော့။ကျန်တဲ့ငွေကိုတော့ ထောက်ခံစာရမှ ပေးတော့"
ဟု ပြောကာ အိမ်သော့အား ယွမ်ရိတို့ထံ ကမ်းပေးလိုက်သည်။

ယွမ်ရိလည်း အဖွားကျောင်းပေးသော အိမ်သော့ကို ယူပြီးသည့်နောက် အဖွားကျောင်းတို့သားအမိအား နှုတ်ဆက်လိုက်သည်။

ထို့နောက် ယွမ်ချူးရွယ်နဲ့အတူ ယွမ်ကျဲ၏အိမ်ကို ထွက်လာခဲ့၏။ ယွမ်ကျဲ၏အိမ်ကိုရောက်တော့ ‌ရေအေးအေးလေး တစ်ယောက်တစ်ခွက်စီသောက်ရင်းရုပ်ရှင်ကြည့်လျက် ညနေခင်းအထိ အနားယူခဲ့ကြသည်။

ညနေရောက်မှ ယွမ်ဟောင်ဂျန်၊ ယွမ်ဟောင်ဘင်းတို့နဲ့အတူတူ မြို့စွန်က အိမ်သို့ ပြန်လာခဲ့ကြ၏။ မပြန်ခင်တွင် ယွမ်ရိက မှတ်စုတိုလေးတစ်စောင်ရေးလျက် ယွမ်ကျဲ၏အိမ်မှ စားပွဲပေါ်တွင် တင်ထားခဲ့သည်။

ဒီနေ့ ယွမ်ရိက မြို့အတွင်းပိုင်းမှ အိမ်ဝန်းတစ်ဝန်းဝယ်နိုင်လိုက်ပြီ ဖြစ်တာမို့ ပျော်ရွှင်လို့နေ၏။

ညနေခင်းမှ လေဖြူးဖြူးလေးအောက်တွင် မောင်နှမလေးယောက်စီးနင်းလာသည့် စက်ဘီးနှစ်စီးဟာ သူကျော်တက်လိုက်၊ ကိုယ်ကျော်တက်လိုက်ဖြင့် မြို့စွန်ပိုင်းကို ရောက်ရှိလာခဲ့တော့သည်။

သူတို့တွေ အိမ်ကိုပြန်ရောက်တော့ အိမ်ကလူတွေဟာ ညစာစားရန် ပြင်ဆင်နေကြချိန်ဖြစ်သည်။ ဒါ့ကြောင့် သူတို့မောင်နှမလေးယောက်လည်း စက်ဘီးပေါ်မီ အမြန်ဆင်း၍ လက်ဆေးကာ ညစာ ဝင်စားလိုက်တော့သည်။

ယွမ်ချန်းဖူဟာ ထမင်းဝိုင်း၏တဖက်တွင် ထိုင်လျက် ညစာ စားနေ၏။ ယွမ်ရိကတော့ သူမ‌အဖေနဲ့ မျက်နှာချင်းဆိုင်လိုနေရာမျိုးတွင် ဝင်ထိုင်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းက စကားများထားကြသည်ဖြစ်၍ သားအဖနှစ်ယောက်ကြား လေထုက အနည်းငယ်အေးစက်စက်နိုင်နေသည်။

ယွမ်ချန်းဖူကလည်း 'ငါက အဖေဘဲ ဘာလို့ ငါက အရင် စကားသွားပြောရမှာလဲ' ဟူသော တလွဲမာနထား၍ ယွမ်ရိကို စကားမပြောခဲ့ပေ။

သူက ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ဘက်ကို လှည့်၍
"စားပြီးလို့ ရှိရင် အထုပ်အပိုးတွေ ပြင်ထားကြ။မနက်ဖြန် ရထားထွက်တာနဲ့ ပြန်ကြမယ်"
ဟု ပြောလိုက်သည်။

ယွမ်ချူးရွယ်လည်း စားသောက်နေရင်းမှ သူမ၏ဖခင်ဖြစ်သူအား အသာမော့ကြည့်လျက်
"အဖေ၊ သမီးတို့မပြန်ချင်သေးဘူး။ နွေရာသီအားလပ်ရက်ကလည်း ကုန်ဖို့ လိုသေးတာဘဲကို။ ဒီမှာ နေခဲ့ချင်သေးတယ်"
ဟု တောင်းဆို‌လိုက်၏။

ယွမ်ချန်းဖူလည်း ယွမ်ချူးရွယ်အား စူးစိုက်ကြည့်ကာ
"ဘာလဲ။ နင်တို့က ဒီနှစ်ရက်လောက် အပြင်မှာ လျှောက်လည်ရတာကို မဝကြသေးဘူးလား"
ဟု မာန်လိုက်သည်။

ဆက်လက်ပြီး သူက
"ပြီးတော့ နင်တို့က သုံးယောက်တောင်မှလေ။ နေစရိတ်၊ စားစရိတ်က လွယ်တာများ မှတ်နေတာလား။ အလကားချောက်တိုက် ငွေကုန်ကြေးကျများအောင် မလုပ်ကြစမ်းနဲ့"
ဟု ဆုံးမလိုက်သည်။

ယွမ်ချန်းဖူးစကားဆုံးတာနဲ့တပြိုက်နက် ယွမ်ချီကျီက
"အကိုကြီးကလည်း ကျွန်မတို့က အကိုကြီးတို့ကိုတော့ ‌တင်ကျွေးထားနိုင်ပါတယ်ရှင်။ အဲ့တာအတွက်တော့ တွေးပူမနေပါနဲ့"
ဟု ဝင်ပြောလိုက်သည်။

ယွမ်ရိကလည်း
"ငွေရေးကြေးရေးကိုလည်း ဘာမှစိတ်ပူမနေပါနဲ့"
ဟု ဝင်ထောက်လိုက်၏။

ယွမ်ချန်းဖူလည်း သူ့သမီးကြီး ယွမ်ရိကိုကြည့်ကာ
"အခုချိန်မှာ ငွေရေးကြေးရေးက စိတ်ပူစရာမလို‌တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ရှေ့ဆက်ပြီး အဆင်ပြေမယ်လို့က မသေချာဘူး။ ဒါ့ကြောင့် အခုလိုမျိုး အဆင်ပြေနေတဲ့ကာလမှာ စုထားဆောင်းထားမှ တော်ကာကျမယ်လေ။ သုံးဖြုန်းပစ်လို့ကောင်းတာများမှတ်နေတာလား။ ပြီးတော့ နင်က သေချာတိကျတဲ့ အစိုးရအလုပ်ကနေ ထွက်ထားပြီးပြီလေ။ ကိုယ့်အနာဂတ်အတွက်လည်း ကြိုပြင်ဆင်ထားဦး"
ဟု ဆုံးမလိုက်သည်။

"အဲ့ဒီအတွက်တော့ စိတ်ပူမနေပါနဲ့။ သမီးမှာ အရာအားလုံးအတွက် ကိုယ်ပိုင်အစီအစဉ်တွေ ရှိပါတယ် အဖေ။ အခုတော့ သမီးရဲ့မောင်နှမတွေတောင်းဆိုတာကို လိုက်လျောပေးပါနော်"
ဟု ပြန်ပြောလိုက်သည်။

ယွမ်ချီကျီကဟာလည်း သူမ၏ခေါင်းကို တညိတ်ညိတ်လုပ်ရင်း ယွမ်ရိ၏စကားများကို ထောက်ခံပေးလိုက်သည်။

ယွမ်ချန်းဖူလည်း သူ့သမီးကြီးနဲ့ သူ့ညီမကိုကြည့်ကာ သက်ပြင်းအား ဖြည်းညင်းစွာချလိုက်၏။ ထို့နောက် ယွမ်ချူးရွယ်တို့ မောင်နှမသုံးယောက်ဘက်ကိုလှည့်ကာ
"ကောင်းပြီ။ မင်းတို့ သုံးယောက် ဒီမှာ နေခဲ့နိုင်တယ်။ ဒါပေမယ့် မင်းတို့အမနဲ့ဦးလေးတွေ ဒေါ်လေးတွေရဲ့စကားကိုတော့ ကောင်းကောင်းနားထောင်ကြနော်။ လိမ်လိမ်မာမာလည်း နေကြ၊ ဟုတ်ပြီလား"
ဟု ပြောလိုက်တော့သည်။

ထိုအခါ ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့လည်း ပျော်ရွှင်သွားကြပြီး
"ဟုတ်ကဲ့ပါ၊ အဖေ"
ဟု တက်ညီလက်ညီ ပြောလိုက်ကြတော့၏။

ဒီလိုဖြင့် ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်နဲ့ယွမ်ဟောင်ဘင်းတို့ သုံးယောက်ဟာ ပေကျင်းမြို့တွင် ကျန်နေရစ်ဖို့ ဖြစ်လာတော့၏။

နောက်ရက်နံနက်စောစောတွင် ယွမ်ချန်းဖူတစ်ယောက် နံနက်အစောကြီးထကာ ရထားဘူတာရုံကို ထွက်လာခဲ့၏။ သူ့အား ယွမ်ချန်းရှန်နဲ့ရွယ်ဟောင်ဖန်းတို့က လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

ယွမ်ရိတို့မောင်နှမတတွေကတော့ အိပ်ရာကနေပင် မထခဲ့ကြသေးပေ။

ယွမ်ရိဟာ သူမ၏ဖခင်ဖြစ်သူပြန်သွားပြီး နှစ်ရက်ခန့်ကြာအောင် အနားယူခဲ့သည်။

ထို့နောက်မှ ဝတ်စုံတွေကို ပြန်လည်ချုပ်လုပ်ခဲ့သည်။

နောက်နေ့ မွန်းလွဲပိုင်းခန့်တွင် ယွမ်ရိက ယွမ်ရိကချူးရွယ်ကို ခေါ်လျက် အိမ်ကနေ ထွက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဖွားကျောင်းထံမှ ဝယ်ယူထားသော အိမ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာတွေ၊ အခွန်အခတွေကို သွားဖြေရှင်းရမှာ ဖြစ်၍ပင်။

ထိုသို့ လိုအပ်တာတွေအား ဖြေရှင်းပြီးသည့်နောက် ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာ အဖွားကျောင်းနဲ့သူမ၏သားဖြစ်သူတို့ထံ ထွက်လာခဲ့ကြတော့သည်။

ဟိုကိုရောက်တော့ ယွမ်ရိက သူမလွယ်အိတ်ထဲမှ ယွမ်လေးထောင်ကိုထုတ်ယူ၍ အဖွားကျောင်းတို့အား ပေးကာ ငွေအကြေချေလိုက်တော့သည်။

အဖွားကျောင်းဟာ ယွမ်ရိပေးသော ငွေများအား သိမ်းဆည်းလိုက်ပြီးနောက် ယွမ်ရိကိုကြည့်ကာ အနည်းငယ်ဝမ်းနည်းဟန်ဖြင့်
"နောက်ဆိုရင် ရှောင်ရိလက်ရာဝတ်စုံအသစ်တွေကို ဝတ်ရဖို့က မလွယ်တော့ဘူး။ အဖွားတော့ သမီးကို လွမ်းနေရတော့မှာဘဲ"
ဟု ပြောလိုက်သည်။

"အဖွားရယ်၊ တအားကြီးလည်း ဝမ်းနည်းမနေပါနဲ့။ နောက်ပိုင်းကျရင် သမီးနိုင်ငံခြားတွေ ထွက်ဖြစ်ချင် ထွက်ဖြစ်မှာ။ အဲ့ခါကျရင် အဖွားတို့ဆီကို လာလည်လှည့်ပါ့မယ်"
ယွမ်ရိက ညင်သာသော အပြုံးတစ်ခုအား ဆင်မြန်းလျက် အဖွားကျောင်းအား နှစ်သိမ့်ပေးလိုက်သည်။

ထိုအခါမှ အဖွားကျောင်းလည်း ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်သွားကာ
"လာဖြစ်အောင်လာခဲ့နော်။ အဖွားစောင့်နေမယ်"
ဟု ပြန်ပြောလိုက်တော့သည်။

ယွမ်ရိဟာ အရင်ဘဝတွင်တုန်းက နိုင်ငံခြားသို့တစ်ကြိမ်တစ်ခါမျှ ရောက်ဖူးခြင်းမရှိခဲ့ချေ။ ဤအတွက်ကြောင့် သူမဟာ ယခုဘဝတွင် နိုင်ငံခြားသို့ အလည်အပတ်ထွက်ရန် ဆုံးဖြတ်ထားပါသည်။
....................
တနင်္ဂနွေနေ့ နံနက်စောစော၌၊ ယွမ်ရိဟာ မြို့စွန်မှအိမ်ကနေ ပစ္စည်းပစ္စယများကို သယ်လျက် အဖွားကျောင်းထံမှ ဝယ်ယူထားဆသာ အိမ်ထံ ပြောင်းရွှေ့နေ၏။

ယွမ်ရိဟာ အိမ်ရှေ့ကို ထွက်လာပြီး သုံးဘီးစက်ဘီးပေါ်မှ ပိတ်စထုပ်ကြီးကို တစ်ပွေ့တစ်ပိုက်ကြီး သယ်ယူလိုက်၏။

ပိတ်စပုံကြီးအား သယ်ယူခဲ့၍ သူမ၏မြင်ကွင်းကိုပင် ပိတ်ဆို့နေတော့သည်။

ထိုအချိန်မှာဘဲ တစ်စုံတစ်ယောက်က သူမထံကနေ ပိတ်စထုပ်တွေကို ဝိုင်းကူသယ်လိုက်သည်။

အစက ပိတ်စတွေအား ဝိုင်းကူသယ်လိုက်သည့်လူအား ယွမ်ဟောင်ဂျန်ဟု ယွမ်ရိက ထင်နေခဲ့၏။တစ်ဖက်ကို လှည့်ကြည့်လိုက်မှ ယွမ်ဟောင်မဟုတ်ဘဲ လင်းယောင်ဖြစ်နေမှန်းသိသွားကာ အံ့သြတကြီး ဖြစ်သွားပြီး
"အယ်၊ လင်းယောင်ပါလား။ ဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်လာတာလဲ"
ဟု မေးလိုက်သည်။


"ဒီနေ့က တနင်္ဂနွေနေ့လေ။ ငါလည်း အားနေတာနဲ့ နင့်ဆီဘဲ သက်သက်ကိုလာတာ"
လင်းယောင်က ပြန်ဖြေပေးလိုက်သည်။

ပြီးမှ သူက သူပွေ့ထားသော ပိတ်စကြီးကို ကြည့်ကာ
"ဒါနဲ့ ယွမ်ရိ၊ ဒီပိတ်စထူထူကြီးတွေက ဘာလုပ်ဖို့လဲ"
ဟု ပြန်မေးလိုက်သည်။

"ဪ၊ အဲ့ ပိတ်စတွေလား။ အဲ့တာတွေက ဆောင်းတွင်းဝတ်စုံတွေ ချုပ်ဖို့လေ။ နင်လည်း သိတဲ့အတိုင်း ဆောင်းဝင်တော့မှာဘဲဟာကို"
ယွမ်ရိက ပြန်ဖြေပေးလိုက်သည်။

ထို့သို့ ပြန်ဖြေပေးရင်းဖြင့် ယွမ်ရိက လင်းယောင်လက်ထဲကနေ ပိတ်စထုပ်ကြီးကို ပြန်ယူဟန်ပြင်လိုက်၏။

လင်းယောင်လည်း ယွမ်ရိလက်ကို ရှောင်တိမ်းလိုက်ပြီး
"ရတယ်၊ နေ၊ နေ။ ဒီဟာကို ငါဘဲ သယ်ခဲ့ပါ့မယ်ဟာ"
ဟု ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား ခြံဝန်းထဲ ပြန်ဝင်လာခဲ့ကြ၏။

ခြံဝန်းထဲကိုရောက်တော့ အိမ်ထဲကနေ  ထွက်လာကြသည့် ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့ ညီအကိုနှစ်ယောက်အား တွေ့မြင်လိုက်ရသည်။

ထိုညီအကိုနှစ်ယောက်ကလည်း လင်းယောင်ကို မြင်တွေ့သွားကြပြီး အံ့အားသင့်ကုန်ကြ၏။

ယွမ်ဟောင်ဂျန်က လင်းယောင်ကိုကြည့်ကာ
"ဘယ်သူများလဲလို့။ ဟိုတနေ့က စင်ပေါ်ကနေ အော်လိုက်တဲ့သူကိုးးး"
ဟု ပြောရင်း စနောက်လိုက်သည်။

လင်းယောင် : "..................."

ယွမ်ရိကတော့ ခေါင်းကို အသာစောင်းလျက် ကြိတ်ရယ်နေရတော့သည်။

လင်းယောင်လည်း ကူကယ်ရာမဲ့စွာဖြင့် ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ အဲ့နေ့တုန်းက ငါ့လုပ်ရပ်က တော်တော်လေး ရယ်စရာကောင်းလား"
ဟု မေးလိုက်သည်။

ယွမ်ရိလည်း ရယ်မောနေသည်အား အရှိန်သတ်ကာ
"မကောင်းပါဘူးဟယ်"
ဟု ပြန်ဖြေပေးလိုက်သည်။

"သေချာလို့လားဟာ"
လင်းယောင်က
"ငါ့လုပ်ဖော်ကိုင်ဖက်တွေကတော့ အဲ့ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ့ကို နေ့တိုင်း စနေတာဟ"

ယွမ်ရိလည်း ရယ်ချင်ပက်ကျိဖြစ်ဟန်ဖြင့်
"အင်းးးးးး အမှန်အတိုင်းပြောရရင် နည်းနည်းတော့ ရယ်စရာကောင်းတယ်"
ဟု ပြောပြလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သား တဟားဟားဖြင့် ရယ်မောလိုက်ကြတော့၏။

ခဏမျှကြာအောင် ရယ်မောပြီးသွားမှ ယွမ်ရိက လည်ချောင်းရှင်း၊ အရှိန်သတ်လိုက်ပြီး
"အဲ့တာကြီးသယ်ထားရတာ လေးနေလိမ့်မယ်၊ ဒီနေရာမှာ မြန်မြန်ချလိုက်တော့"
ဟု လင်းယောင်အား ပြောလိုက်သည်။

လင်းယောင်လည်း ပိတ်စထုပ်ကြီးအား ယွမ်ရိပြသည့်နေရာတွင် ချထားလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now