အပိုင်း - ၄၄
မနက်ခင်း၏နေရောင်အောက်မှာ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့သုံးယောက်သည် တောင်ပေါ်ရှိလတ်ဆတ်သည့် လေပြေလေညင်းများကို ရှူရှိုက်ရင်း ရွှေသရဖူရွာမှတဆင့် ဖန်းယန်ရွာကို ထွက်လာခဲ့ကြသည်။ နေရောင်ဟာ တောင်ရိုးတောင်တန်းတွေအပေါ်မှာ ဖုံးလွှမ်းနေသဖြင့် တောင်အရိပ် တောအရိပ်တွေက မြင်ကွင်းတလျှောက်ဖုံးလွှမ်းလို့နေ၏။
ယွမ်ချီကျီက
"မင်းတို့ရဲ့ဦးလေးက နေ့လည်ခင်းလောက်ဆိုရင် သတို့သမီးနဲ့အတူတူ ပြန်ရောက်လောက်တယ်"
ဟုပြောကာ ခန့်မှန်းလိုက်၏။
ယွမ်ချန်းရှန်က အချိန်ကိုက်တွက်ချက်ပြီးမှ
ချန်ခွန်းကို သွားခေါ်ခဲ့ခြင်းဖြစ်ကာ နေ့လည်ခင်းမှာ ပြန်ရောက်ဖို့ မှန်းထားကြ၏။ ဒါမှာသာလျှင် မင်္ဂလာပွဲကို အချိန်မှီကျင်းပနိုင်မှာပဲ ဖြစ်ပေသည်။
ယွမ်ရိက ယွမ်ကျဲအား
"ဦးလေးငါးရဲ့ မိန်းမပုံစံက ဘယ်လိုနေမလဲမသိဘူးနော်"
ဟု ပြောလိုက်၏။
ယွမ်ကျဲက
"အဲ့တာတော့ ငါလည်း မသိဘူးလေ။ ဒါပေမယ့် မနှစ်တုန်းက သူမကို မြင်လိုက်ရတဲ့ရွာသားတွေပြောတာတော့ သူမက တော်တော်လေးကို လှတယ်တဲ့"
ဟု ပြန်ပြောလိုက်၏။
သုံးယောက်သား စကားတပြောပြောဖြင့် ယွမ်အိမ်ကို ရောက်လာကြတော့သည်။ ယွမ်အိမ်ကလူတွေလည်း မနက်စာစားနေကြပြီဖြစ်လို့ ယွမ်ရိတို့သုံးယောက်လည်း မနက်စာ တစ်ခါတည်းဝင်စားလိုက်တော့သည်။
တစ်ရက်ကုန်ဆုံးသွားပြီးသည့်နောက် ယွမ်ချန်းဖူနဲ့ဖန်းရှုံးဟန်တို့ရဲ့အမူအရာတွေလည်း သက်တောင့်သက်သာဖြစ်လာကာ မိသားစုအတွင်း သဟဇာတဖြစ်လာတော့သည်။ ဒါ့ကြောင့် မနေ့ကကဲ့သို့ မဟုတ်ပဲ မိသားစုထမင်းဝိုင်းလေးဟာ နွေးနွေးထွေးထွေးဖြစ်လို့နေသည်။
လျူရှင်းဟွာက နံနက်စာစားနေရင်းဖြင့် ဖန်းရှုံးယန်အား
"ရှောင်ဘင်းလေးက အသက်ဘယ်လောက်ရှိပြီလဲ"
ဟု မေးလိုက်၏။
လျူရှင်းဟွာ၏မေးခွန်းကြောင့် ဖန်းရှုံးယန်လည်း သူမဘေးမှာ ထိုင်စားနေသည့် သူမ၏သားငယ်ကို တလှည့်ပြန်ကြည့်လိုက်ပြီး
"သူက ဒီနှစ်ဆိုရင် ခြောက်နှစ်ရှိသွားပြီ။ နောက်နှစ်ဆိုရင် သူ့ကိုကျောင်းထားတော့မှာလေ"
ဟု ပြုံးပြုံးလေးဖြင့် ပြောပြလိုက်၏။
လျူရှင်းဟွာက အခြားသော ကလေးများ၏ အသက်အရွယ်၊ အတန်းပညာတွေအကြောင်း မေးမြန်းလိုသေးသော်လည်း ထိုကလေးများနဲ့ သူမ တွေ့ဖူးတာက တစ်ကြိမ်နှစ်ကြိမ်ခန့်သာဖြစ်ကြောင်း အမှတ်ရသွား၏။ ဒါ့ကြောင့်မို့ မမေးဖြစ်လိုက်တော့ပေ။
သူမက
"ဪ၊ ကျောင်းတက်ရတာ ကောင်းပါတယ်ကွယ်။တောင်ပေါ်မှာတော့ ကျောင်းတက်ဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူးကွယ်"
လို့ပြောကာ ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့ကို ကြည့်လိုက်၏။ ဆက်လက်ပြီး
"တော်လှန်ရေးမစခင်တုန်းကတော့ သူတို့လေးယောက်လုံး ကျောင်းတက်ကြသေးတယ်လေ။ တော်လှန်ရေးကြီးစတော့ ကျောင်းမှာသင်ပေးတဲ့ဆရာကလည်း အဆင်မပြေဖြစ်သွားတာနဲ့ သူတို့လည်း ကျောင်းနားလိုက်ကြရတာ"
ဟု ပြောလိုက်၏။
လျူရှင်းဟွာက ထိုစကားကို ဒီတိုင်းဘာသဘောမှမပါဘဲ ပြောလိုက်ခြင်းဖြစ်ပေမယ့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့နှစ်ယောက်သားဟာ ထိုစကားတွေကိုနားထောင်ပြီး မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားတော့သည်။
သူတို့ဟာ ကျန်သည့်သားသမီးတွေကို မြို့ပေါ်မှာ ကောင်းကောင်းမွန်မွန်ထားပြီး ပညာတွေသင်ယူခိုင်းနေချိန်မှာ သူတို့၏သမီးအကြီး ယွမ်ရိကတော့ တောင်ပေါ်မှာ စာမသင်ရဘဲ ပင်ပင်ပန်းပန်း နေ,နေရ၏။
ယွမ်ချန်းဖူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"ဒီတစ်ခေါကပြန်ရင် ယွမ်ရိကိုပါ ခေါ်သွားတော့မယ်။ ဟိုမှာဆိုရင် သူမအနေနဲ့ ပညာတွေ ဆက်သင်လို့ရတယ်"
ဟု ပြောလိုက်၏။
မူလက သူကိုယ်တိုင်လည်း စာတွေဘာတွေ သိပ်မတတ်ချေ။ စစ်တပ်အတွင်း ဝင်ရောက်ပြီးမှသာ စာတွေကို ပြန်လေ့လာခဲ့ရခြင်းဖြစ်ပေသည်။
ယွမ်ချန်းဖူ၏စကားကြောင့် ယွမ်ချီကျီနဲ့ယွမ်ရိတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်မိလိုက်ကြသည်။ ဒါပေမယ့် ဘာစကားမှတော့ မပြောခဲ့ကြပေ။
"ဒါဆိုရင် ရှောင်ရိကို အကိုတို့အမတို့နဲ့အတူတူ ပြန်ခေါ်သွားမယ်ဆိုတာက တကယ်ကြီးပေါ့"
ဆန်းရှောင်ဟိုင်က ထိုသို့မေးရင်း စကားဝိုင်းအတွင်း ဝင်လာခဲ့၏။
ဖန်းရှုံးယန်က ပြုံးလိုက်ပြီး
"အင်း။ အခြေအနေကောင်းရင်တော့ သူမကို တစ်ခါတည်း ခေါ်သွားဖို့ ဆုံးဖြတ်ထားတယ်"
ဟု ပြောလိုက်တော့သည်။
သူမတို့က ယွမ်ရိကို အမှန်တကယ်ပင် ခေါ်သွားဖို့ဆုံးဖြတ်ထားခြင်းပင်။ ယွမ်ရိကလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သူမ၏ရှေ့ရေးက အရေးပါလာပြီဖြစ်သည်။
ဒီဖန်းမင်းတောင်မှာဘဲ ဆက်နေခဲ့ပါက ယွမ်ရိရှေ့ရေးအတွက် စိုးရိမ်ရပေသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ယွမ်ရိ၏မိဘများဖြစ်သည့်အတွက် ကိုယ့်သမီး၏ရှေ့ရေးကိုတော့ လျစ်လျူရှုမထားနိုင်ကြပေ။
ဆန်းရှောင်ဟိုင်က ယွမ်ရိကိုကြည့်ကာ ပြုံးလိုက်ပြီး
"ရှောင်ရိလေးဟာ မင်းမိဘတွေနဲ့ ပြန်လိုက်သွားရင် အဒေါ်တို့တော့ လွမ်းပြီးကျန်နေရစ်တော့မှာဘဲ"
ဟု ပြောလိုက်၏။
ယွမ်ရိကတော့ ထမင်းစားရင်းဖြင့် မော့ပင်မကြည့်ပဲ
"ဪ၊ ဟုတ်လား"
ဟု ခပ်ရွဲ့ရွဲ့ပြန်မေးလိုက်သည်။
ဆန်းရှောင်ဟိုင် : "..........."
ထမင်းဝိုင်းတစ်ခုလုံးလည်း အနည်းငယ် ကသိကအောက်ဖြစ်သွားရ၏။
ဖန်းရှုံးယန်က ချောင်းတစ်ချက်ဟန့်ပြီး သူမ၏သမီးအားကြည့်ကာ
"ရှောင်ရိ၊ လူကြီးကို ဘယ်လိုပြန်ပြောလိုက်တာလဲ"
ဟု နည်းနည်းလေသံမမာတမာလေးဖြင့် ဆူပူလိုက်၏။
ယွမ်ရိလည်း ထိုအခါမှ စားနေရာကခေါင်းမော့ပြီး သူ့မိခင်၏မျက်လုံးထဲကို စိုက်ကြည့်ကာ
"အာ။ တကယ်တော့ စကားကို ယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့ သမီးမိဘတွေဆီကနေ သင်ယူချိန်မရလိုက်ဘူးလေ။ နောက်ပြင်ပါ့မယ်"
ဟု ပြောလိုက်သည်။
သူမစကားကြောင့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ခန္ဓာကိုယ်တွေ သိသိသာသာတုန်သွား၏။ သူတို့စိတ်ထဲမှာလည်း သူတို့၏သမီးကြီးအပေါ်မှာ အားနာစိတ်တွေဖြစ်ပေါ်လာတော့သည်။
ဖန်းရှုံးယန်ကတော့ သူမသမီးအပေါ်မှာ လေသံမာမာပြောမိလိုက်သည့်အတွက် နောင်တရသွား၏။ ဒါ့ကြောင့် သူမက လေသံကိုပြင်လိုက်ကာ ယွမ်ရိအား
"ကောင်းပါပြီကွယ်။ အမေတို့နဲ့ အတူတူနေတဲ့အခါကျရင် တဖြည်းဖြည်းချင်း သင်ယူကြတာပေါ့"
ဟု နူးနူးညံ့ညံ့လေး ပြောလိုက်တော့သည်။
ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်တော့သည်။
ထိုအခါမှ ဖန်းရှုံးယန်လည်း စိတ်သက်သာရာရသွားတော့၏။ သူမစိတ်သက်သာရာရသွားရသည့် အကြောင်းအရင်းကတော့ ယွမ်ရိဟာ သူမတို့အပေါ်မှာ အပြစ်တင်စိတ်လေးတွေ နည်းနည်းပါးပါးရှိနေသေးပေမယ့် သူမတို့နဲ့အတူတူပြန်လိုက်မည့် အရိပ်အယောင်တွေ ပြသနေလို့ပဲဖြစ်ပေသည်။
မူလတုန်းက သူမတို့ဟာ ယွမ်ရိအနေနဲ့ သူမတို့နှင့်ပြန်လိုက်မလာဖို့ ဆုံးဖြတ်လိုက်မှာကို စိုးရိမ်နေခဲ့၏။အခုချိန်မှာတော့ ယွမ်ရိက သူမတို့နဲ့ ပြန်လိုက်မည့်သဘောထားကို ပြသနေပြီဖြစ်သည့်အတွက် သူမတို့စိတ်ထဲ စိုးရိမ်စိတ်မရှိကြတော့ပေ။
သူမသာ သူတို့နဲ့အတူတူ မြို့ပေါ်ကို လိုက်ခဲ့ပါက သူမတို့ နွေးနွေးထွေးထွေးဂရုစိုက်ပေးဖို့ ယွမ်ချန်းဖူရော ဖန်းရှုံးယန်ရောပါ စိတ်ပိုင်းဖြတ်လိုက်ကြတော့သည်။
ဒီနေ့ဟာ ယွမ်ချန်းရှန်၏ လက်ထပ်ပွဲနေ့လေးဖြစ်တာကြောင့် နံနက်စာစားသောက်ပြီးတာနဲ့ တစ်အိမ်သားလုံး အလုပ်ကိုယ်စီဖြစ်သွားကြတော့သည်။ ရွာထဲက လူတွေကလည်း သူတို့ကို ဝိုင်ကူလုပ်ပေးဖို့အတွက် ရောက်ရှိလာကြ၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ ငယ်ရွယ်သေးတာမို့ သူမတို့အတွက် ဝိုင်းကူလုပ်စရာအလုပ်သိပ်ရှိပဲ ယွမ်ချန်းရှန်နဲ့သူခေါ်လာမည့်သတို့သမီးကိုသာ စောင့်မျှော်နေခဲ့ကြသည်။
ယွမ်ရိက ယွမ်ကျဲအား အနည်းငယ်လူရှင်းသည့်ဘက်ကို ခေါ်သွားပြီး
"ရှောင်ကျဲ ငါ ငါ့မိဘတွေနဲ့ ပြန်လိုက်သွားတော့မှာကို နင်သိတယ်မလား"
ဟု မေးလိုက်သည်။
ထိုအခါ ယွမ်ကျဲက ခေါက်းညိတ်ပြလိုက်ပြီး
"သိသားဘဲလေ ဘာလို့တုန်းအမ"
ဟု ပြန်မေးလိုက်၏။
ယွမ်ရိလည်း လိုရင်းကိုဘဲ တန်းပြောလိုက်တော့သည်။
"နင် ငါနဲ့လိုက်ခဲ့။ အရင်တုန်းက နင့်ကို ငါကတိပေးထားတယ်လေ။ နင့်ကိုတောင်ပေါ်ကနေ ခေါ်သွားမယ်လို့။ အခု အခွင့်အရေးရနေပြီ။ ဒါ့ကြောင့် ငါနဲ့တစ်ခါတည်း လိုက်ခဲ့လိုက်တော့။ မဟုတ်ရင် တောင်ပေါ်ကနေထွက်ရဖို့ အချိန်ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာ နင်လည်း သိမှာမဟုတ်တော့ဘူးလေ"
ဟု ပြောပြရင်း ယွမ်ကျဲကို ဖျောင်းဖျလိုက်သည်။
ယွမ်ကျဲဟာ ယွမ်ရိစကားကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
သူမက အမှတ်တကယ်လည်း ယွမ်ရိနဲ့အတူတူ ဖန်းမင်းတောင်ကနေ ထွက်သွားချင်မိ၏။ ဒါပေမယ့် သူမအတွက် စဉ်းစားစရာကိစ္စတွေက အများကြီး ရှိလို့နေသေး၏။ ဒါ့ကြောင့် သူမက တောက်လျှောက် အဖြေမပေးနိုင်ဘဲ တွေဝေလို့နေသည်။
ယွမ်ရိကလည်း ထိုအခြင်းအရာကို မြင်တွေ့လိုက်ရတာမို့ ယွမ်ကျဲ၏လက်ကို ကိုင်လိုက်ပြီး
"ရှောင်ကျဲ၊ ဟိုဟိုဒီဒီလျှောက်ပြီး စဉ်းစားတွေဝေမနေနဲ့။ ငါနဲ့ လိုက်ခဲ့မှာလား၊ မလိုက်ခဲ့ဘူးလား။ လိုက်ခဲ့ပါနော်"
ဟု ထပ်ပြီးဖျောင်းဖျပြန်သည်။
နောက်ဆုံးမှာတော့ ယွမ်ကျဲလည်း ယွမ်ရိ၏ဖျောင်းဖျမှုတွေအောက်မှာ ခေါင်းညိတ်လျက် လိုက်ခဲ့မယ်လို့ ပြောလိုက်ရတော့သည်။
ထို့နောက် ညီအမနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြင့် ရယ်မောလိုက်ကြတော့၏။ ညီအမနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ရယ်မောနေကြချိန်မှာဘဲ ဟိုးအဝေးထံကနေ
"သတို့သမီးကို ခေါ်လာကြပြီဟေ့"
ဟု အော်လိုက်သည့်အသံများ ထွက်ပေါ်လာခဲ့၏။
ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲလည်း အိမ်ရှေ့ကို အမြန်ပြေးသွားကာ သတို့သမီးအား ကြည့်ဖို့ ပြင်ကြတော့သည်။ ယွမ်ရိတို့ ညီအမနှစ်ယောင်တင်မကဘဲ အခြားသောလူတွေကလည်း သတို့သမီးအား ကြည့်ရှုဖို့အတွက် အိမ်ထဲကနေ အသီးသီးထွက်လာကြတော့သည်။ ကလေးသူငယ်လေးတွေကတော့ အိမ်အပြင်ကတော့ သတို့သမီးကိုခေါ်ခဲ့သည့် အဖွဲ့အနီးရောက်အောင်ပင် ပြေးလွှားသွားကြတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း လူအုပ်ကြီးကိုတိုးဝှေ့ပြီး အဝေးကို လှမ်းကြည့်လိုက်၏။ ထိုအခါ တောင်ပေါ်လမ်းလေးတလျှောက် တရွေ့ရွေ့တက်လာသည့် လူတစ်စုကိုမြင်လိုက်ရသည်။
ထိုလူစုက ထမ်းစင်တစ်ခုကို ထမ်းလာကြပြီး ထိုထမ်းစင်ပေါ်မှာတော့ အနီရောင် ဝတ်စုံဝတ်ဆင်လို့ထားသည့် မိန်းမလှတစ်ဦး ထိုင်လို့နေသည်။
ထိုလူစုဟာ တဖြည်းဖြည်းဖြင့် နီးကပ်လာ၏။ ဒါ့ကြောင့် ထမ်းစင်ပေါ်က အနီရောင်မိန်းမလှလေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်တွေ့လာကြတော့သည်။
ယွမ်ကျဲဟာ သတို့သမီး၏ မျက်နှာကို မြင်လိုက်ရတာနဲ့ စိတ်လှုပ်ရှားစွာဖြင့် ယွမ်ရိအား
"ရှောင်ရိရေ။ ဦးလေးငါးနဲ့လက်ထပ်မယ့် မိန်းကလေးကိုကြည့်ပါဦးဟယ်။ သူမက အရမ်းလှတာဘဲ"
ဟု ပြောလိုက်သည်။
ယွမ်ရိကလည်း ခေါင်းညိတ်လျက် ယွမ်ကျဲ၏ စကားကို ထောက်ခံလိုက်သည်။
လာကြည့်ကြသည့် ရွာထဲကလူတွေကလည်း ချန်ခွန်း၏မျက်နှာနဲ့အလှတရားကိုမြင်တွေ့လိုက်ကြပြီး ချီးမွမ်းခန်းတွေ အမျိုးမျိုးဖွင့်ကြတော့သည်။
"ငါ့ကောင်ကြီးချန်းရှန်ကတော့ တကယ့်ကံထူးတာဘဲဟေ့။ ရလိုက်တဲ့ ဇနီးလေးကလည်း တကယ်ချေယချောလှလှလေးကွ"
"ဟဲ့ ဟိုက်ဘက်က အကောင်တွေ၊ နင့်တို့ ယွမ်ချန်းရှန်လို ကိုယ့်အားကိုယ်ကိုးပြီး အိမ်ထောင်ဖက်ကို ရှာကြစမ်းပါ။ အားအားရှိရင် နင်တို့စိတ်ထဲ အောင်သွယ်တော်တွေချည်း အားကိုးဖို့ကြံနေကြတာမလား"
အစရှိသဖြင့် အမျိုးမျိုးသော ချီးမွမ်းသံတွေဟာ လာကြည့်ကြသည့် ရွာသူရွာသားတွေကြားမှာ ကျွတ်ကျွတ်ညံလို့နေတော့သည်။
ယွမ်ချန်းရှန်က သတို့သမီးကို တင်လာသည့် ထမ်းင်ရှေ့ကနေ ဦးဆောင်လျက် ယွမ်အိမ်ဘက်ကို လျှောက်လှမ်းလာ၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း လက်တွေကို ဝှေ့ယမ်းလို့
"ဦးလေးငါး"
ဟု အော်ခေါ်လိုက်ကြ၏။
ထိုအခါ ယွမ်ချန်းရှန်ကလည်း သူမတို့ဘက်ကိုလှည့်ကြည့်ကာ လက်ကို ဝှေ့ယမ်းလျက် ပြန်နှုတ်ဆက်လိုက်၏။ ထို့နောက် ထမ်းစင်ကို အောက်ချလိုက်ကြပြီးတော့ သတို့သမီးကို ဆင်းစေလိုက်၏။
ချန်ခွန်းဟာ ဖန်းယန်ရွာထဲကို ဝင်လာကတည်းက သူမအား ချီးမွမ်းနေကြသည့် စကားသံတွေကိုဆက်တိုက် ကြားလာရခြင်းဖြစ်ပေသည်။ ဒါ့ကြောင့် သူမက ခပ်ရှက်ရှက်ဖြင့်ပင် ထမ်းစင်ပေါ်ကဆင်းကာ ယွမ်အိမ်ထဲကို ဝင်လိုက်ပြီး ယွမ်မိသားစုဝင်တွေ ကိုရိုရိုသေသေနှုတ်ဆက်လိုက်တော့သည်။
ယွမ်ချန်းရှန်လည်း အိမ်ထဲကို ဝင်ခဲ့၏။ အိမ်ထဲကို ရောက်မှ သူ့အကိုကြီးယွမ်ချန်းဖူတို့လည်း ပြန်ရောက်လာကြတာကို သူသိလိုက်ရတော့သည်။
ယွမ်ချန်းရှန်လည်း အလွန်ဝမ်းသာသွားပြီး သူ့အကိုကြီးအနီးကို သွားလျက်
"အကိုကြီး၊ မင်းပြန်လာခဲ့တာဘဲ"
ဟု ပြောလိုက်၏။
ယွမ်ချန်းဖူဟာ ရပ်ရွာလူကြီးတစ်ဦးဖြင့် စကားလက်ဆုံကျနေခြင်းဖြစ်ကာ သူ့ညီချန်းရှန်အနီးကို ရောက်လာတာကို သတိပြုမိလိုက်ပြီး
"မင်းရဲ့လက်ထက်ပွဲဘဲဟာကို။ ငါပြန်လာရမှာပေါ့ကွာ"
ယွမ်ချန်းရှန်လည်း သူ့ခန္ဓာကိုယ်ကို တန်းတန်းမတ်မတ်ဖြစ်အောင်ပြင်လိုက်ပြီး
"အခုလို အရာရှိကြီးကိုယ်တိုင် ကျွန်တော့်လက်ထပ်ပွဲကို တက်ရောက်ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လို့ နောက်တီးနောက်တောက်ပြောလိုက်၏။
ယွမ်ချန်ဖူးလည်း သူ့ညီ၏လက်မောင်းကို အသာထိုးလိုက်ရင်း
"ဘယ်ကအရာရှိတွေကို ပြောနေတာလဲဟ။ အခုချိန်မှာ ငါက မင်းရဲ့အကိုကြီးဘဲ"
ဟု ပြောလိုက်သည်။
ထို့နောက်ညီအကိုနှစ်ယောက် ရယ်ရယ်မောမောမောဖြင့် ရှေးဟောင်းနှောင်းဖြစ်အကြောင်းအရာများကို ပြန်လည် ပြောဆိုခဲ့ကြသည်။
မကြာခင်မှာဘဲ မင်္ဂလာပွဲစတင်တော့သည်။ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ မိုးကောင်းကင်နဲ့မြေကမ္ဘာကို ကန်တော့ခဲ့ကြ၏။ မိဘတွေကိုလည်း ကန်တော့ခဲ့ကြ၏။ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်လည်း ပြန်ကန်တော့ခဲ့ကြသည်။
ထို့နောက် မင်္ဂလာပွဲလေးဟာလည်း ကျင်းပလို့ပြီးစီးသွားကာ ကြင်စဦးဇနီးမောင်နှံနှစ်ယောက်သားဟာ သူတို့အတွက် ပြင်ဆင်ပေးထားသည့် အိပ်ခန်းအတွင်းကို ဝင်သွားကြတော့သည်။
မိုးချုပ်လာပြီဖြစ်၍ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့လည်း ရွှေသရဖူရွာကို ပြန်ကာ အိပ်စက်အနားယူလိုက်ကြတော့၏။
နောက်ရက်မနက်ရောက်တဲ့အခါမှာ သူမတို့သုံးယောက် စောစောထကြပြီး ယွမ်အိမ်ကို ပြန်လာကြ၏။ ထိုအခါ မနက်စာကို ထမင်းစားပွဲမှာ ငြိမ်သက်စွာထိုင်စားနေသည့် ချန်ခွန်းကို မြင်တွေ့လိုက်ကြရသဖြင့် ပြုံးပြကာ နှုတ်ဆက်လိုကြ၏။
မနက်စာစားပြီးတဲ့နောက်မှာ ယွမ်ချန်းရှန်ကသူ့၏ပူပူနွေးနွေးဇနီးလေး ချန်ခွန်းကို ခေါ်ကာ ရွာထဲက သက်ကြီးရွယ်အိုလူတွေထံ အလည်အပတ်သွားရင်း တစ်ရွာလုံးကို ကြွားဖို့အတွက် အိမ်ကနေ ထွက်သွားတော့သည်။
ယွမ်ချန်းရှန်၏လက်ထပ်ပွဲပြီးသွားပြီ ဖြစ်ပေမယ့် ယွမ်အိမ်သားတွေအကုန်လုံး အလုပ်သွားကြတာမျိုမရှိသေးချေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ချန်းဖူတို့မိသားစု မပြန်သေးသည့်အတွက် တစ်မိသားစုလုံး အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ နေခဲ့ကြသည်။
ယွမ်ချန်းဖူတို့ကလည်း ဒီနေ့တစ်ရက်ထပ်နေပြီး နောက်ရက်ကိုရောက်တာနဲ့ ပြန်ကြတော့မှာပင်။ ဘာလို့လည်းဆိုတော့ သူယူခဲ့သည့် ခွင့်ရက်က ပြည့်တော့မှာ မို့လို့ပင်။
ဖန်းရှုံးယန်က သူမ၏သမီးယွမ်ရိနဲ့ လျူရှင်းဟွာအား အခန်းတစ်ခု ခေါ်ကာ
"ရှောင်ရိ ဒီနှစ်တွေထဲမှာ အမေတို့တွေ မင်းအပေါ်ကို အကြွေးတွေအများကြီးတင်နေတာကို သိပါတယ်ကွယ်။ အခု သမီးကို အမေတို့နဲ့အတူတူပြန်ခေါ်သွားဖို့ ဆုံးဖြတ်ထားတယ်။ သမီးဘက်က ဘာများ လိုအပ်သေးလဲကွယ်"
ယွမ်ရိလည်း ထိုစကားကိုကြားတာနဲ့ မျက်ဝန်းအတွင်း အလင်းတစ်ချက် လက်ခနဲဖြစ်သွား၏။ ဒါပေမယ့် သူမက အမြန်ဖုံးကွယ်လိုက်ပြီး
"သမီးတောင်းဆိုချင်တာ တစ်ခုတော့ရှိတယ်၊ အမေ။ ဟိုကိုရောက်ရင် သမီးရဲ့ညီအကိုမောင်နှမတွေနဲ့လဲ စိမ်းနေတာကြောင့် အပေါင်းအသင်းမရှိမှာကို ကြောက်တယ်။ ဒါ့ကြောင့်မို့လို့ ရှောင်ကျဲကို သမီးနဲ့အတူတူ ခေါ်လာလို့ရမလား"
ဟု ပြန်မေးလိုက်၏။
သူမ၏စကားကြောင့် ဖန်းရှုံးယန် အံ့အားသင့်တုန်လှုပ်သွားကာ လျူရှင်းဟွာကိုကြည့်လိုက်၏။
လျူရှင်းဟွာကိုယ်တိုင်လည်း ယွမ်ရိ၏စကားတွေကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သူမက ယွမ်ရိအနေနဲ့ယွမ်ကျဲကိုပါ သူမနဲ့အတူတူခေါ်သွားနိုင်ဖို့ တောင်းဆိုလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအရာကလည်း တစ်မျိုးတော့ ကောင်းပေသည်။ ယွမ်ရိလည်း အဖော်ရသွားသလို၊ ယွမ်ကျဲသည်လည်း သူမအမေ ဆန်းရှောင်ဟိုင်လက်ထဲကနေ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားနိုင်သည်။
ဒါ့ကြောင့် သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဖန်းရှုံးယန်အား
"ရှောင်ရိနဲ့ရှောင်ကျဲတို့က ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းသံယောဇဉ်တွယ်ကြတာ။ မင်းတို့ အဆင်ပြေရင် ရှောက်ကျဲကိုပါ အတူတူခေါ်သွားကြလေ။ ရှောင်ကျဲက အရွယ်ရောက်တဲ့ကလေးတစ်ယောက်ဖြစ်တာမို့ သူမကိုယ်သူမ ဂရုစိုက်နိုင်နေပါပြီကွယ်။ သူမအတွက် ငွေလိုလို့ရှိရင်လည်း အမေတို့ကပဲ ပေးပါ့မယ်"
လို့ ပြောလိုက်၏။
လျူရှင်းဟွာ၏ စကားကြောင့် ဖန်ရှုံးယန်က
"ငွေရေးကြေးရေးကတော့ စိတ်ပူစရာမလိုပါဘူး အမေရယ်"
ဟု အမြန်ပြောလိုက်၏။
လျူရှင်းဟွာက ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့ ငြင်းကြမှာကိုလည်း စိုးရိမ်ရသေး၏။ ဒါ့ကြောင့် သူမက ဆက်လက်ပြီး
"ရှုံးယန်၊ နင်တို့ရဲ့သမီးကို ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့က အချိန်အတော်ကြာအောင် ပြုစုစောင့်ရှောက်ပေးထားတာ။ ဒါ့ကြောင့် အခုချိန်မှာ သူတို့ရဲ့သမီးကို နင်တို့က တလှည့်ပြန်လည်စောင့်ရှောက်ပေးရမယ်နော်"
ဟု စကားကို အပိတ်ပြောထားလိုက်တော့သည်။
တကယ်တော့ လျူရှင်းဟွာက ဖန်းရှုံးယန်ကို ပြောသလိုလိုဖြင့် သူမ၏သားကြီးယွမ်ချန်းဖူကို ကွေ့ဝိုက်၍ ပြောဆိုနေခြင်းပင်။ အမေတစ်ယောက်ဖြစ်တာမို့ သူမသား၏စိတ်နေစိတ်ထားကို တိတိကျကျသိကာ သူမထိုသို့ပြောလိုက်ပါက ယွမ်ချန်းဖူဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုပါ သူမ သိနေပြီးဖြစ်သည်။
သူမတွေးထားသည့်အတိုင်းပင် ယွမ်ချန်းဖူကလည်း အခန်းထဲကို လိုက်ဝင်လာရင်းဖြင့်
"အမေပြောတာမှန်တယ်။ ဒုတိယညီက အချိန်အကြာကြီး ငါ့သမီးကို ပြုစုပျိုးထောင်ပေးထားရတာ။ အခုချိန်မှာ ငါကသူ့သမီးကို ပြုစုပျိုးထောင်ပေးရမှာဘဲ"
ဟု ဝင်ပြောလိုက်သည်။
ဖန်းရှုံးယန်ကလည်း သူမယောက်ျား သဘောတူနေပြီဖြစ်သည့်အတွက် ဖန်းရှုံးယန်လည်း
"ကောင်းပါပြီကွယ်။ ဒါဆိုရင် ကျွန်မတို့ပြန်တဲ့အခါကျရင် ရှောင်ကျဲကိုပါ ခေါ်သွားလိုက်ပါ့မယ်"
လို့ ပြောလိုက်တော့၏။
ယွမ်ရိလည်း ထိုစကားကြောင့် ဝမ်းသာအားရပြုံးလိုက်မိတော့သည်။
ထိုအချိန်မှာဘဲ ဖန်းရှူံးယန်က တစ်ခုခုကို အမှတ်ရသွားပြီး
"အိုးး ကျွန်မ မေ့နေတာ။ ဒီရက်ပိုင်း ချန်းရှန်ရဲ့ လက်ထပ်ပွဲနဲ့အလုပ်ရှုပ်နေကြတာဆိုတော့ ကျွန်မယူလာခဲ့တဲ့ အစားအသောက်ကို မေ့တောင်နေပြီ။ အဲ့ဒီအစားအသောက်က တကယ်အရသာကောင်းတာနော်"
ဟု ပြောလိုက်၏။
လျူရှင်းဟွာလည်း စိတ်ဝင်စားသွားပြီး
"အဲ့တာဆိုလည်း အရသာမြည်းစမ်းကြည့်ရအောင် မြန်မြန်သွားယူချေတော့လေ"
ဟု ပြောရင်း နှိုးဆော်လိုက်တော့သည်။