အပိုင်း - ၁၁၀.၂
ယွမ်ရိစကားပြောပြီးတာနှင့် ယွမ်တပေါင်လေးက လက်ခုပ်တီးပေးလာရှာကာ
"မမကြီးနဲ့ ဒုတိယမမကြီးတို့ အရမ်းတော်တာပဲ။"
ယွမ်ရွယ်နဲ့ချန်းရှုတို့ကလည်း သူတို့၏အသံဆာဆာလေးများဖြင့် နောက်ကနေ ပျော်ရွှင်စွာ လိုက်အော်ကြသည်။
"မမကြီးနဲ့ ဒုတိယမမကြီးတို့ အကောင်းဆုံးပဲ။"
ယွမ်ကျဲက ဘေးကနေ ပြင်ပေးလာကာ
"သားလေး ကိုယ့်အမေကိုတော့ အမေလို့ခေါ်ရတယ်လေ။"
ယွမ်ကျဲစကားဆုံးတာနှင့် တစ်စားပွဲလုံးက လူတွေဝိုင်းရယ်ကြတော့သည်။
အဓိကအကြောင်းအရာက အတူတူအရသာရှိတာတွေစားပြီး စကားစမြည်ပြောကြဖို့ပင်။ အားလုံး တူတွေကောက်ကိုင်ကာ စားလိုက်ကြတော့သည်။ သို့သော်နှစ်လုတ်လောက်ပဲ စားရသေးသည် အပြင်ကနေ တံခါးခေါက်သံကို ကြားလိုက်ရလေ၏။
အသံကြားတာနှင့် လူတိုင်းမသိလိုက်ပဲ တံခါးဘက်ကို ငေးကြည့်လာကြလေသည်။ လင်းယောင် ထကာ သွားကြည့်ပေးဖို့ လုပ်ပေမဲ့ ရွယ်ဟောင်ဖန်းက တားလိုက်ကာ၊ "စား စား၊ ဦးသွားကြည့်လိုက်မယ်။"
"အိမ်ရှင်တို့ ရှိလားဗျ?"
ရွယ်ဟောင်ဖန်း ဒုတိယမြောက်တံခါးကို ဖွင့်ပေးလာသည်နှင့် တံခါးအပြင်မှာ လူတွေရပ်နေတာကို တွေ့လိုက်ရလေသည်။ ထိုလူတွေထဲ ရဲနှစ်ယောက်နှင့် လူငယ်နှစ်ယောက် ပါလေသည်။
ရဲသားတွေက ပုံမှန်အတိုင်း ရဲဝတ်စုံကို ဝတ်ဆင်ထားတာ သူသတိထားမိလိုက်ပေမဲ့ အနောက်က လူငယ်လေးတွေကတော့ ၂၀ လောက်ပဲ ရှိလောက်ဦးမည်။ လူငယ်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ဖြစ်ကြကာ နယ်ဘက်ကလာကြသည့်ပုံရပြီး နှစ်ယောက်လုံး ဖုန်တွေနှင့်ညစ်ပတ်နေကြလေသည်။
"တစ်ခုခုဖြစ်လို့လားဗျ?"
"ဒါက ယွမ်ချီကျီတို့ အိမ်လားဗျ။"
"ဟုတ်ကဲ့၊ ယွမ်ချီကျီတို့ အိမ်ပါ။"
"မဝင်နဲ့ဦးနော်။ ဒါနဲ့ ယွမ်ချီကျီရော ထွက်လာခဲ့လို့ရလား?"
ရွယ်ဟောင်ဖန်း ရင်တွေတုန်နေကာ ဘာတွေဖြစ်နေမှန်း မမှန်းတတ်တော့ပေ။ တံခါးနှစ်ဆင့်ကို အမြန်ဖြတ်ကာ ယွမ်ချီကျီကို လာခေါ်ရလေသည်။
"ချီကျီ၊ ရဲတွေက မင်းကိုတွေ့ချင်ကြလို့တဲ့။"
ရဲတွေ ရောက်လာတာတဲ့လား?
ယွမ်ချီကျီသာမက အိမ်ထဲကလူတွေပါ မျက်နှာတွေပြောင်းကုန်ကြတော့သည်။
ယွမ်ချီကျီ တူကို ချလိုက်ကာ ထလိုက်လာလိုက်လေသည်။ ယွမ်ရိ ပထမကြောင်နေပေမဲ့ သူမလည်း တူကိုချကာ အတူတူနောက်ကနေ လိုက်လာလိုက်လေသည်။ ကျန်တဲ့မိသားစုဝင် အကုန်လုံးလည်း ဆက်မစားတော့ပဲ တူတွေအသီးသီးချကာ ယွမ်ချီကျီ၊ ရွယ်ဟောင်ဖန်းနှင့်အတူ အပြင်ထွက်လိုက်လာကြတော့သည်။
လူတိုင်းဂိတ်မှာစုနေကြကာ သူတို့မြင်လိုက်ရတာက ရဲနှစ်ယောက်နှင့် လူငယ်နှစ်ယောက်သာ။
"ဘယ်သူက ယွမ်ချီကျီလဲ?"
"ကျွန်မပါ ကျွန်မက ယွမ်ချီကျီပါ။"
ရဲတစ်ယောက်က အနောက်ကလူနှစ်ယောက်ကိုလှည့်ကြည့်လိုက်ကာ "ဒါမင်းတို့ရှာနေတဲ့လူလား?"
လူငယ်နှစ်ယောက်က ပြန်ဖြေမလာသေးပဲ ရုတ်တရက် တစ်ယောက်က ငိုလာပြီး ပြောလာလေသည်။ "အမေ၊ ကျွန်တော့်ကို မမှတ်မိတော့ဘူးလား? ကျွန်တော်လေ အမေ့သား ကျားပေါက်လေးလေ။"
ကျားပေါက်လေး????
ယွမ်ချီကျီကိုယ်တိုင်အပါအဝင် မိသားစုကလူတွေအကုန်လုံး ကြောင်နေကြတော့သည်။
ယွမ်ရိကတော့ ယွမ်ချီကျီ၌ ရှောင်ဟူဇီဟုခေါ်သည့် သားအငယ်တစ်ယောက်ရှိထားမှန်း မှတ်မိလာလေသည်။ ယွမ်ချီကျီ ကွာရှင်းတုန်းက ထိုကျားပေါက်လေးက ငါးနှစ်သာရှိသေးကာ အခုကြည့်တော့ လူငယ်လေးတစ်ယောက်ပင် ဖြစ်လေချေပြီ။
အချိန်က ကြာနေပြီမလို့ ယွမ်ကျဲတို့နဲ့ တခြားလူတွေက အတော်ကြာသည်အထိတော့ မမှတ်မိကြသေးပေ။ လင်းယောင်ဆိုလည်း တစ်ခါလောက်ပဲ မြင်ဖူးတာမလို့ ပိုမမှတ်မပေ။
အားလုံးထဲကမှ ယွမ်ချီကျီ တစ်ယောက်တည်းကသာ ထိုငါးနှစ်သား ကျားပေါက်လေးမျက်နှာနဲ့ တံခါးအပြင်က ကောင်လေးရုပ်နှင့်တွဲကာ မှတ်မိလေသည်။
လျို့ရှောင်းဟူကို လှမ်းကြည့်လိုက်တုန်း ရဲသားကမေးလာကာ "ဒါတစ်ကယ် ဒီဘက်က သားတော်စပ်သူပါလား?"
ယွမ်ချီကျီ ခုမှ သတိသေချာပြန်ကပ်မိကာ ဘာမှပြန်မပြောနိုင်သေးပေ။
"ဒီဘက်က မွေးရပ်မြေက ဖန်းမင်တောင်၊ ထျန်ဖုန်းမြို့ကပါလား?"
"ဟုတ်ကဲ့။"
"ဒါ ဒီဘက်က သားတော်စပ်သူလား သေချာကြည့်ပါဦး။"
သူမ ရဲရှေ့မှာတော့ မလိမ်ရဲပေ "ကျွန်မသိပ်တော့ မသေချာဘူးရှင့်။"
ရဲခမျာ သူမအဖြေကို မမျှော်လင့်ထားပုံပင်၊ "ကိုယ့်သားကို မမှတ်မိဘူး!"
"ကျွန်မ မတွေ့ဖြစ်တာ ၁၅ နှစ်ကျော် ကြာပြီလေ။"
တကယ် မမှတ်မိတဲ့ပုံပင်။
လျို့ရှောင်းဟူက ဘေးကနေ စိတ်ရှုပ်လာကာ အမြန်ဝင်ပြောလာလေသည်၊ "အမေ၊ ကျွန်တော့်အဖေက လျို့ရှီရုန်၊ ကျွန်တော့်မှာ အမသုံးယောက်ရှိတယ်လေ၊ အမနှစ်ရယ် အမသုံးရယ်လေ။ အမေကျွန်တော်ဘယ်လိုပုံလဲ မမှတ်မိတော့ပေမဲ့ သူတို့ကိုတော့ အမေမှတ်မိတယ်မလား?"
ဒါသေချာပေါက် ထိုကျားပေါက်လေးပင်။
ရဲကလည်း ဘေးကနေ ယွမ်ချီကျီကို မေးလာလေသည်။ "ဟုတ်တယ်မလား?"
ယွမ်ချီကျီ ဆက်မလိမ်နိုင်တော့ပေ။ သူမခေါင်းညိတ်လိုက်ကာ "ဟုတ်ပါတယ်။"
ပြဿနာလည်း ရှင်းသွားပြီမလို့ ရဲတွေလည်း အခုမှစိတ်အေးသွားကာ "ဒါ ဒီဘက်က သားဖြစ်သူဆိုလည်း ပြန်ခေါ်လို့ရပါပြီ၊ သူတို့တွေ ဒီလမ်းပေါ်မှာ လျှောက်သွားလျှောက်အိပ်ဖြစ်နေကြတာ ကြာပြီ။"
ရဲတွေက သူတို့အလုပ်ပြီးတာနှင့် တန်းပြန်သွားကြလေတော့သည်။
လျို့ရှောင်းဟူနှင့်ချွေးမဖြစ်သူတို့က အခုတော့ ခြံဝန်းရှေ့ကဂိတ်မှာ ယွမ်ချီကျီ၊ ရွယ်ဟောင်ဖန်း၊ ယွမ်ရိတို့နှင့် မျက်နှာချင်းဆိုင် ရပ်နေကြလေသည်။ အခြေအနေက ပိုပိုထူးဆန်းလာကာ လေထုကလည်း အနည်းငယ် ကသိကအောက်ဖြစ်လို့နေသည်။
ယွမ်ရိနဲ့တခြားလူတွေ စကားမပြောသေးဘဲ လျို့ရှောင်းဟူတို့နှစ်ယောက်ကို အကဲခတ်နေကြသည်။
တိတ်ဆိတ်နေမှုအား လျို့ရှောင်းဟူဘက်
အရင်ဖြိုခွဲလိုက်၏။
"အမေ၊ ကျွန်တော် ပေကျင်းကို အလုပ်လုပ်ဖို့လာရင်းနဲ့ ဒီမှာအမေရှိတာသိလို့ ကျွန်တော်လည်း ဟွေ့ကျန်းကိုခေါ်ပြီး တွေ့ဖို့လာခဲ့လိုက်တာ။"
လို့ ပြောလိုက်သည်။
ပြီးတာနဲ့ သူ့ဘေးမှ မိန်းမငယ်လေးအား
"ဟွေ့ကျန်း၊ အမေ့ကို နှုတ်ဆက်လိုက်ပါဦး။"
ဟု ပြောလိုက်သည်။
ထိုမိန်းမငယ်လေးဟာလည်း ရိုသေလေးစားသော ဟန်ပန်အမူအရာဖြင့် "အမေ၊ ကျွန်မက အမေ့ချွေးမလေးပါ။" ဟု ပြောကာ ယွမ်ချီကျီအား နှုတ်ဆက်လိုက်လေသည်။