အပိုင်း - ၈၀.၁
"ငါတို့ပို့လိုက်တဲ့စာတွေကို နင်တကယ်မရဘူးလား"
ရူကျောင်းက သေချာအောင် ထပ်မေးလိုက်ပြန်သည်။
ယွမ်ရိက စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းညိတ်ကာ
"တကယ်မရပါဘူးဆိုနေ"
ဟု ပြောပြလိုက်သည်။
"ဒါဆိုရင် ငါတို့ပို့လိုက်တဲ့ စာတွေကို တစ်ယောက်ယောက် ယူထားတာမျိုး ဖြစ်နေမလားမသိဘူးနော်"
ရူကျောင်းက သူ့စိတ်ထဲ တွေးမိသည့်အတိုင်း ချက်ချင်း ထုတ်ပြောလိုက်သည်။
ထိူအချိန်ကာလတွေတုန်းက ယွမ်ရိဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲနဲ့ပတ်သက်ပြီး လုံးပန်းနေရသည့်အတွက် အသေးအမွှားကိစ္စလေးတွေအပေါ်မှာ လျစ်လျူရှုထားမိခဲ့သည်။
စာတိုက်ပုံးကိုတောင်မှ တစ်လလျှင်တစ်ကြိမ်ခန့်သာ သွားခဲ့သည်။
ပုံမှန်အားဖြင့် အိမ်ကမိသားစုဝင်များထဲ စာတိုက်ပုံးမှတစ်ဆင့် စာအများဆုံးလက်ခံရရှိသူက ယွမ်ရိတစ်ယောက်ဘဲဖြစ်သည်။ ဒါ့ကြောင့် အိမ်မှာ ဆိုရင် စာတိုက်ပုံးအား ယွမ်ရိကလွဲပြီး သွားကြည့်သည့်သူက အိမ်မှာမရှိသလောက်ပင်။
တကယ်တော့ အစတုန်းက ရူကျောင်းတို့ သူမဆီ စာမရေးသည့်ကိစ္စနဲ့ပတ်သက်ပြီး သူမ၏စိတ်ထဲမှာ ထူးထွေပြီး ခံစားမနေရပေ။
သူမ၏အရင်ဘဝတွင် ခေတ်မှီတိုးတက်သော ခေတ်ကာလဖြစ်၍ မူလတန်းကသူငယ်ချင်းများ အလယ်တန်းတွင် အဆက်အသွယ်ပြတ်သွားကြတာတွေ၊ အလယ်တန်းမှာ သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ခဲ့ကြပြီး အထက်တန်းရောက်တော့ တစ်ခါအဆက်အသွယ် ထပ်ပြတ်သွားကြတာတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထတွေ မို့လို့ပင်။
ဒါပေမယ့် အခုအခြေအနေက တစ်ခုခုမှားနေပြီဖြစ်၍ သူမအနေနဲ့ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ဖို့ကတော့ လိုနေပြီဖြစ်သည်။
အခုသေချာပြန်စဉ်းစားကြည့်မှ သူမဟာ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့ထံမှ စာများကိုသာမက လင်းယောင်ထံမှ စာမရတာပင် တော်တော်လေး ကြာနေပြီဖြစ်တာကို သတိပြုမိလိုက်သည်။
ခဏကြာမှ သူမက ရူကျောင်းကိုကြည့်ကာ
"ကြည့်ရတာ တစ်ယောက်ယောက်က ကြားထဲကနေ နင်တို့တွေ ပို့ထားတဲ့စာတွေကို ဖြတ်ခုတ်သွားပုံရတယ်"
ဟု ပြောလိုက်တော့သည်။
ရူကျောင်းလည်း ဒေါသထွက်နေသော လေသံဖြင့်
"ဘယ်သူဖြစ်မယ်လို့ထင်လဲ။ အဲ့လူကိုသာ မိလို့ကတော့ အရိုးတခြား အသားတခြားဖြစ်အောင် လုပ်ပစ်မယ်"
ဟု ကြိမ်းဝါးလိုက်တော့သည်။
ထိုအချိန်မှာဘဲ ခေါက်ဆွဲပန်းကန်တွေ ပြန်သွားပို့သည့် ရှဲ့တုန်းယန်ပြန်ရောက်လာသည်။
သူက ယွမ်ရိတို့အနီးဝင်ထိုင်လိုက်ပြီး ရူကျောင်းကိုကြည့်လျက်
"မင်းက စစ်တပ်ထဲ ဝင်သွားတာလား"
ဟု မေးလိုက်သည်။
ရူကျောင်းက ခေါင်းညိတ်လျက်
"ဟုတ်ပါတယ်"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိလည်း ထိုအချိန်မှာ ရူကျောင်းနဲ့ ရှဲ့တုန်းယန်တို့အား မိတ်ဆက်မပေးရသေးတာကို သတိရသွားသည်။
ဒါ့ကြောင့် ယွမ်ရိလည်း ရှဲ့တုန်းယန်ကိုကြည့်ကာ
"တုန်းယန်။ ဒီဘက်က ငါ့ရဲ့အလယ်တန်းကျောင်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းလေ။ သူက စစ်တပ်နယ်မြေထဲမှ နေတာ။ အခုတော့ စစ်တပ်ထဲ ဝင်ထားပြီးသွားပြီ"
ဟု ပြောလိုက်သည်။
တစ်ဖန် သူမက ရူကျောင်းကို ကြည့်လျက်
"ရူကျောင်း၊ ဒီဖက်က ငါဒီမြို့ကိုရောက်မှ ခင်ခဲ့တဲ့ သူငယ်ချင်း။ သူ့နာမည်က ရှဲ့တုန်းယန်တဲ့။ သူ့ကို ဆရာကြီးရှဲ့ဆန်းလို့ ခေါ်လည်း ရတယ်"
ဟု ပြန်မိတ်ဆက်ပေးလိုက်သည်။
ယွမ်ရိ၏စကားလုံးများအတွင်းကနေ ရှဲ့တုန်းယန် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ဒါ့ကြောင့် သူက ယွမ်ရိအား ကြည့်လျက်
"နင်ကရော စစ်တပ်နယ်မြေထဲကဘဲလား"
ဟု မေးမြန်းလိုက်၏။
"ဟုတ်တယ်"
ယွမ်ရိက ချက်ချင်းပြန်ဖြေလိုက်သည်။
ရှဲ့တုန်းယန်လည်း ယွမ်ရိအား အချိန်ခဏမျှစိုက်ကြည့်ပြီးမှ
"ယွမ်ရိ၊ နင်က တကယ့်ကိုတစ်ခုခုတော့ တစ်ခုခုဘဲ။နင်က စစ်တပ်နယ်မြေထဲနေခွင့်ရတယ်ဆိုမှတော့ နင့်မိဘတွေကလည်း စစ်တပ်ထဲမှာ အတော်အသင့်ရာထူးရှိတဲ့သူတွေ ဖြစ်ရမယ်။ ဒီလောက် မိဘနောက်ခံကောင်းနေတာကို ဘာလို့များ အခုလိုမျိုး ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းနေရသေးတာတုန်း"
ဟု နားမလည်ဟန်ဖြင့် ထပ်ပြီးတော့ မေးခွန်းထုတ်လိုက်သည်။
"အဲ့လို ငွေကြေးအာဏာရှိတာက ငါ့မိဘတွေ ဆိုပေမယ့် ငါမှမဟုတ်တာကို"
ယွမ်ရိက ပြောလိုက်သည်။
ရှဲ့တုန်းယန်က ဆက်လက်ပြီးတော့ မေးလိုက်ပြန်သည်။
"ဒါနဲ့ ခုနကတုန်းက နင့်ဆိုင်ရှေ့မှာ စကားများမလိုဖြစ်သွားတဲ့ နှစ်ယောက်က ဘယ်သူတွေတုန်း"
ယွမ်ရိက
"အဲ့တာက ငါ့အမလေ။ အရင်းတော့ မဟုတ်ဘူး။ ငါ့မိဘတွေ မွေးစားထားတာ"
ဟု အမှန်အတိုင်းဖြေပေးလိုက်၏။
ရှဲ့တုန်းယန်တစ်ယောက်ကတော့ သိချင်စိတ်တွေ ပိုပြင်းပြလာကာ
"ဒါဆိုရင် မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ မတည့်ကြတာလဲ"
ဟု ထပ်မေးလိုက်ပြန်သည်။
"အဲ့တာက ပြောရရင် အရှည်ကြီးဘဲ။ နောက်မှဘဲ ပြောပြတော့မယ်"
ယွမ်ရိက ထိုအကြောင်းတွေကို ပြန်မပြောပြချင်သဖြင့် စကားစကို ဖြတ်ပစ်လိုက်သည်။
ရှဲ့တုန်းယန်ကလည်း ယွမ်ရိထပ်မပြောချင်တာကို သိလိုက်တာမို့ အလိုက်သိစွာဖြင့် ထပ်မမေးတော့ချေ။
ယွမ်ရိက ရူကျောင်းဘက်ကိုလှည့်ကာ
"ငါ့ဆိုင်က ညနေအထိဖွင့်မှာ နင့်မှာ လုပ်စရာရှိနေသေးရင် သွားလုပ်ချေလေ။ နောက်ရက် ငါအားတဲ့နေ့ကျမှ နင့်ကို မုန့်လိုက်ကျွေးဦးမယ်"
ဟု ပြောလိုက်သည်။
ရူကျောင်းက ခေါင်းယမ်းလိုက်ပြီး
"ငါ့မှာ လုပ်စရာ ဘာမှမရှိဘူး။ ဒီမှာဘဲ နင့်ဆိုင် သိမ်းတဲ့အထိ ဝိုင်းစောင့်ပေးမယ်"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း ရူကျောင်းအား မျက်လုံးလှန်ကြည့်ကာ
"တော်တော်အားနေတယ်ပေါ့"
ဟု စနောက်လိုက်၏။
ရူကျောင်းကတော့ ခပ်တည်တည်ဖြင့်ပင်
"ဟုတ်တယ်"
ဟု ပြန်ဖြေလိုက်သည်။
ဘယ်လိုမှ ထွက်သွားမည့်ပုံမပေါ်တာမို့ ယွမ်ရိကဘဲ အရှုံးပေးကာ နေခိုင်းလိုက်ရတော့သည်။
နေ့ခင်းဘက်မှာ ဈေးလာဝယ်သည့်သူက အလွန်ပါး၏။
ဒါ့ကြောင့် ယွမ်ရိနဲ့ရူကျောင်းတို့ဟာ အေးအေးဆေးဆေးစကား ပြောလို့ရနေတော့သည်။ သူတို့နှစ်ယောက်ဟာ အရင်တုန်းက အမှတ်တရတွေ၊ အဖြစ်အပျက်တွေအကြောင်း စမြုံပြန်နေခဲ့ကြသည်။
အမှန်အတိုင်းဆိုရလျှင် ယွမ်ရိတွင် ပြောစရာစကားသိပ်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏အလယ်တုန်းဘဝက အိမ်ကနေ ကျောင်းသွားလိုက်၊ ကျောင်းကနေ အိမ်သွားလိုက်ဖြင့် နေ့ရက်တွေကို ပုံသေတစ်ခုလို ဖြတ်သန်းခဲ့တာမို့လို့ပင်။
ရူကျောင်းဟာ ယွမ်ရိအား သူ၏စစ်တပ်အတွင်းက အကြောင်းတွေကို စိတ်ဝင်စားဖွယ် ပြန်ပြောပြနေခဲ့သည်။ လေ့ကျင့်ရေး ဘယ်လိုဆင်းခဲ့ရတာတွေ၊ ဘယ်လိုအစားအစာတွေ စားခဲ့ရတာတွေကအစ ယွမ်ရိအား ပြန်ပြောပြခဲ့သည်။
တစ်ဖက်မှာတော့ ရှဲ့တုန်းယန်က လာသမျှဈေးဝယ်များအား ယွမ်ရိကိုယ်စား ရောင်းချပေးနေခဲ့သည်။ နေ့ခင်းဘက်မှာ ဈေးဝယ်ပါးတယ်ဆိုပေမယ့် လုံးဝမလာတာတော့ မဟုတ်ချေ။
ဒီလိုနဲ့ ညနေစောင်းလာကာ ဈေးဝယ်လည်း တဖြည်းဖြည်း ပိုကျလာတော့သည်။
ရှဲ့တုန်းယန်လည်း သူ့ပစ္စည်းရောင်းလိုက်၊ ယွမ်ရိပစ္စည်း ရောင်းလိုက်ဖြင့် လက်ကိုမလည်တော့ချေ။ ဒါ့ကြောင့် ယွမ်ရိလည်း ရူကျောင်းနဲ့ စကားပြောနေရာမှ ရပ်လိုက်ပြီး ဈေးကိုသာ ရောင်းပေးလိုက်တော့သည်။
ခဏမျှဈေးဝယ်ကျပြီးသည့်နောက် လူနည်းနည်းပါးနေသည့်အချိန်တွင် ယွမ်ရိက ရူကျောင်းအား
"ရူကျောင်း၊ ငါ့ဆိုင်ကို ခဏကြည့်ထားပေးဦး။ ငါ မြန်မြန်ပြန်လာမှာပါ"
ဟု ပြောလိုက်သည်။
ရူကျောင်းလည်း ယွမ်ရိက အပေါ့အလေးသွားချင်သည်ထင်၍ ခေါင်းညိတ်ကာ ဆိုင်အား သူစောင့်ကြည့်ထားလိုက်မည်ဖြစ်ကြောင်း ပြောလိုက်၏။
ယွမ်ရိဟာ အမှန်လည်း အပေါ့အလေးသွားတာဖြစ်ပေမယ့် အပေါ့အလေးသွားပြီးသည့်နောက်မှာ သူမက ချက်ချင်းပြန်မသွားခဲ့ချေ။
သူမက အနီးမှာ ရှိသည့် စာတိုက်ရုံးသို့သွားကာ ယွမ်ချန်းဖူအား ဖုန်းခေါ်ရန်ပြင်လိုက်သည်။
ဒါပေမဲ့ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်၍ သူမအဖေအနေနဲ့ အလုပ်ထဲမှ ရှိ၊ မရှိတော့မသေချာပေ။ အဘယ့်ကြောင့်ဆိုသော် သူမအဖေ ပေးထားသည့် ဖုန်းနံပါတ်က သူမအဖေ၏ ရုံးဖုန်းဖြစ်နေ၍ပင်။
ဒါပေမဲ့ ယွမ်ရိက သူမ၏နားအနီးသို့ မိုက်ခရိုဖုန်းကပ်လျက် ခေါ်ကြည့်လိုက်သည်။
ဖုန်းဟာ လေးငါးခါခန့်မြည့်ပြီးမှ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။
"ဘယ်သူလဲမသိဘူး"
တစ်ဖက်မှ သူမအဖေ၏အသံကိုကြားလိုက်ရတာကြောင့် ယွမ်ရိ ဝမ်းသာသွားတော့သည်။
ဒါပေမယ့် ဒီခေတ်မှာ ဖုန်းပြောရင် မိနစ်အလိုက်အရမ်းဈေကြီးတာမို့ ယွမ်ရိက လိုရင်းကိုဘဲ တန်းပြောလိုက်တော့သည်။
"အဖေ၊ သမီး ယွမ်ရိပါ။ ဒီနှစ်တွေထဲ အိမ်ကို သမီးနာမည်နဲ့ စာတွေ မရောက်ဘူးလား"
ဟု မေးလိုက်၏။
ယွမ်ချန်းဖူက
"အဖေလည်း အိမ်မှာ အမြဲရှိနေတာမဟုတ်တော့ အဲ့တာတွေ သိပ်မသိဘူး"
ဟု ပြန်ပြောလိုက်၏။
ယွမ်ရိက
"အဲ့တာဆို အဖေ ညနေ အိမ်ပြန်ရောက်တဲ့အခါကျရင် အိမ်ကလူတွေကို တစ်ချက်လောက် မေးကြည့်ပေးပါဦး"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ချန်းဖူန်က
"အခြားတစ်ယောက်ယောက်က မင်းရဲ့စာကို တစ်ဆင့် ယူထားတယ်လို့ ထင်လို့လား"
ဟု တစ်ဖက်ကနေ ပြန်မေးလိုက်သည်။
ယွမ်ရိက
"ဟုတ်တယ် အဖေ၊ သမီးစိတ်ထဲ သံသယ နည်းနည်းရှိနေလို့။ အဲ့တာ မနက်ဖြန်ကျရင် သမီးထပ်ခေါ်လိုက်မယ်နော်။ အခုက လုပ်စရာလေး ရှိနေသေးလို့"
ဟု ပြောလိုက်၏။
"အေး၊ အေး။ အဖေ အိမ်ပြန်ရောက်တဲ့အခါကျရင် အိမ်ကလူတွေကို မေးကြည့်ပေးမယ်။ သမီးလည်း ကျန်းမာရေး ဂရုစိုက်ဦးနော်"
ဟု မှာလိုက်၏။
"ဟုတ်ကဲ့ပါ၊ အဖေ"
ယွမ်ရိက ထိုသို့ပြောလျက် ဖုန်းချလိုက်တော့သည်။
ပြီးတာနဲ့ စာတိုက်ရုံးအား ဖုန်းပြောခ ကျသင့်ငွေ ပေးချေပီတာနဲ့ သူမ၏ဆိုင်ကို ပြန်လာခဲ့တော့သည်။
အချိန်အားဖြင့်တော့ ညနေပိုင်းကို ရောက်သွားပြီ ဖြစ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်း တော်လှန်ရေးကာလဖြစ်၍ မြို့အတွင်းဆူပူမှုတွေကို ထိန်းကျောင်းရန် အစိုးရက ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့သည်။ယခုအချိန်တွင် ထိုအမိန့်အား ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် နှစ်အတော်ကြာအောင် ညဘက်မထွက်သည့် အလေ့အကျင့်ကြီး ရှိနေကြ၍ လူတော်တော်များများက ညဘက်ဆိုလျှင် ကိုယ့်အိမ်မှာဘဲ ကိုယ်နေကြကာ အပြင်မထွက်ကြပေ။
ဒါ့ကြောင့် ယွမ်ရိရော ရှဲ့တုန်းယန်တို့ပါ ဆိုင်ကိုပိတ်ကာ ပစ္စည်းများအား သိမ်းဆည်းကြတော့သည်။ ရူကျောင်းကလည်း သူတို့နှစ်ယောက်အား ဝိုင်းသိမ်းပေးခဲ့သည်။
ပြီးတာနဲ့ သုံးယောက်သား ရှဲ့တုန်းယန်၏စက်ဘီးပြင်ဆိုင်သို့ ပြန်လာကြ၏။ စက်ဘီးပြင်ဆိုင်ကို ရောက်တော့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ နေရာချ သိမ်းဆည်းလိုက်သည်။
ပြီးတာနဲ့ တစ်နေ့တာရောင်းရငွေအား ရေတွက်ကြတော့သည်။
ရူကျောင်းဟာ ဘေးမှာထိုင်လျက် ယွမ်ရိနဲ့ ရှဲ့တုန်းယန်တို့ ငွေတွေ ရေတွက်နေတာကို ထိုင်ကြည့်နေခဲ့သည်။ ကြည့်ရင်း၊ ကြည့်ရင်းဖြင့် သူ့မျက်လုံးများဟာ အံ့အားသင့်မှုကြောင့် တဖြည်းဖြည်း ပြူးကျယ်လာတော့သည်။
အစက သူ့စိတ်ထဲမှာ ယွမ်ရိအနေနဲ့ လမ်းဘေးတွင် ဈေးဆိုင်ဖွင့်ခြင်းက အရမ်းရှက်စရာကောင်းတယ်ဟု ထင်မြင်ခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာတော့ ထိုသို့ထင်မြင်ချက်ဟာ လေထဲမှာ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။
'မျက်စိရှေ့မှာ မြင်နေရလို့သာ ယုံလိုက်ရတယ်။ ငွေရှာရတာ အရမ်းလွယ်တာဘဲ'
ငွေတွေ ရေတွက်ပြီးသည့်နောက်မှာ ရှဲ့တုန်းယန်က ယွမ်ရိကို ကြည့်လျက်
"သွားကြစို့။ ညစာသွားစားကြမယ်။ ဒီညစာကို ငါဝယ်ကျွေးမယ်။ ပြီးတော့ ငါက ဒီမြို့က မြို့ခံဆိုတော့ ဘယ်ဆိုင်မှာ ဘာစားကောင်းလဲဆိုတာ အကုန်သိတယ်။ သွားစားကြမယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်လျက်
"သွားစားကြတာပေါ့"
ဟု ထောက်ခံလိုက်သည်။
ဒီလိုဖြင့် ရှဲ့တုန်းယန်၊ ယွမ်ရိနဲ့ ရူကျောင်းတို့ဟာ ညစာ စားရန်အတွက် စက်ဘီးပြင်ဆိုင်လေးအတွင်းမှ ထွက်ခွာလာခဲ့ကြတော့သည်။
တစ်ဖက် ယွမ်မိသားစု။
ယွမ်ချန်းဖူဟာ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ မီးဖိုခန်းအတွင်းမှ သူ့မိန်းမထံသွားကာ
"ရှုံးယန်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စာတိုက်ပုံးက စာတွေ သွားယူသေးလား။ အဲ့စာတွေထဲ ယွမ်ရိနာမည်နဲ့ စာပါသေးလား"
ဟု မေးလိုက်၏။
ဖန်းရှုံးယန်က
"ကျွန်မဖြင့် စာတိုက်ပုံးကိုတစ်ခါမှ သွားဖွင့်မကြည့်ဘူးလေ။ ဒီတော့ ဘယ်လိုလုပ်ပြီးတော့ ယွမ်ရိနာမည်နဲ့ စာပါလား၊ မပါဘူးလား သိမှာလဲ"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ချန်းဖူလည်း မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါဆိုရင်ရော နင့်သားသမီးတွေထဲ ဘယ်သူကများ စာတိုက်ပုံးကို သွားဖွင့်လေ့ရှိလဲ သိလား"
ဟု ထပ်မေးလိုက်သည်။
"ရှင်ကလဲတော်။ ကျွန်မက အိမ်အလုပ်တွေနဲ့တောင် အလုပ်ရှုပ်နေရတဲ့ကြားထဲ ဘယ်လိုလုပ်ပြီးတော့ အဲ့တာတွေကို သတိထားမိမှာတုန်း"
ဖန်းရှုံးယန်က ညည်းညူဟန်ဖြင့် ပြန်ဖြေပေးလိိုက်ပြန်သည်။
ယွမ်ချန်းဖူလည်း သူ့မိန်းမ အမှန်တကယ်မသိတာကို မြင်လိုက်ရတာကြောင့် ထပ်မမေးမြန်းတော့ချေ။
ညဘက် မိသားစု ညစာစားကြသည့်အချိန်မှာ ယွမ်ချန်းဖူက သူ့သားသမီးတွေကို ကြည့်လျက်
"ရှောင်ရိနဲ့ရှောင်ကျဲတို့ တက္ကသိုလ်မတက်ခင်တုန်းက စာတိုက်ပုံးကို သွားဖွင့်ပြီး သူမတို့နှစ်ယောက်ထံပို့ထားတဲ့ စာတွေကို ယူထားကြသေးလား"
ဟု မေးလိုက်ပြန်သည်။
ရုတ်တရက် ကလေးတွေအားလုံး တိတ်ဆိတ်သွားပြီးမှ ခေါင်းယမ်းကာ သူတို့ယူမထားကြောင်း ပြောပြလိုက်ကြသည်။
ယွမ်ချန်းဖူက ယွမ်ချူးယန်အား ခဏမျှစိုက်ကြည့်လိုက်ပြီးမှ
"မင်း ယူထားသေးသလား"
ဟု မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ယွမ်ချူးယန်၏မျက်နှာဟာ အနည်းငယ်ရှုံ့မဲ့သွားပြီး
"သမီး၊ တကယ် မယူပါဘူး။ ပြီးတော့ အဲ့စာတွေကို ဘာကိစ္စ သမီးက ယူထားရမှာလဲ"
ဟု အမြန် ပြန်ပြောလိုက်သည်။