အပိုင်း - ၅၀
မြောက်ဘက်အစွန်ဆုံးအခန်းမှာတော့ ယွမ်ချူးယန်နဲ့ယွမ်ချူးရွယ်တို့ နှစ်ယောက်ဟာ တစ်ကုတင်တည်းအိပ်စက်နေကြသည်။
အစပိုင်းတွင် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်လေကဲ့သို့ လျစ်လျူရှုထားကာ ကောင်းကောင်းမွန်မွန်အိပ်စက်နေခဲ့၏။
ရုတ်တရက် ယွမ်ချူးယန်က ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်ပြောင်းရင်းဖြင့် ယွမ်ချူးရွယ်အား ခြေထောက်ဖြင့် ထိလိုက်၏။ ယွမ်ချူးရွယ်လည်း သူမခန္ဓာကိုယ်အား ခြေထောက်ဖြင့် ထိတာကိုမကြိုက်၊ မနှစ်သက်၍ ကုတင်တစ်ဖက်သို့ တိုးသွား၏။
ဒါပေမယ့် သိပ်မကြာခင်မှာဘဲ ယွမ်ချူးယန်၏ခြေထောက်က သူမခန္ဓာကိုယ်ကို ထပ်ပြီးတော့ထိတွေလာပြန်သည်။ ဒါ့ကြောင့် သူမက ကုတင်အစွန်းသို့ ထပ်တိုးလိုက်၏။
သူမတိုးပြီး မကြာခင်မှာဘဲ ယွမ်ချူးယန်၏ခြေထောက်က နောက်တစ်ကြိမ် ထပ်ပြီး သူမခန္ဓာကိုယ်ကို ထိတွေ့လာပြန်၏။ ဒီတစ်ကြိမ်မှာတော့ ယွမ်ချူးရွယ်လည်း စိတ်ပေါက်လာပြီဖြစ်ကာ ယွမ်ချူးယန်၏ခြေထောက်အား ပြန်ကန်ထုတ်လိုက်တော့သည်။
ယွမ်ချူးယန်ဟာ သူမလည်း ပြန်အကန်ခံရလိမ့်မည်ဟု မျှော်လင့်မထားတာကြောင့် ဒေါသတွေထွက်သွားကာ
"ဟဲ့ကောင်မ။ နင် သေချင်နေတာလား။"
ဟု အော်ဟစ်လိုက်၏။
ယွမ်ချူးရွယ်ကလည်း
"နင်က ကုတင်တစ်ခုလုံးကို အပိုင်းသိမ်းဖို့ ကြံနေတာလား"
ဟု ပြန်အော်လိုက်၏။
ထိုအခါ ယွမ်ချူးယန်က ယွမ်ချူးရွယ်အား ကုတင်အစွန်းထိ ရောက်သွားအောင် ကန်ထုတ်လိုက်ပြီး
"ငါ့ဘာသာငါ ဘယ်လိုပဲ အိပ်,အိပ် နင့်အပူပါလို့လား။ နင်မကျေနပ်ရင် တခြားအခန်းကိုသွားအိပ်လေ"
ဟု ပြောလိုက်၏။
သူမဟာ ဒီနေ့ ယွမ်ရိကြောင့် ဒေါသတွေထွက်နေရသည့်အပြင် ယွမ်ချူးရွယ်က ယွမ်ရိအပေါ်အကောင်းမြင်နေခြင်းကြောင့် ယွမ်ချူးရွယ်အား အနိုင်ကျင့်နေခြင်းဖြစ်၏။
ယွမ်ချူးရွယ်ဟာ ကုတင်အစွန်းထိအောင် ကန်ထုတ်ခံလိုက်ရတာမို့ သူမလည်း ဒေါသတွေထွက်လာတော့၏။ ဒါ့ကြောင့် ဘာစကားမှထပ်မပြောတော့ဘဲ ခြေထောက်ဖြင့်သာ ပြန်ကန်လိုက်ဝောာ့သည်။
ယွမ်ချူးယန်ကလည်း ခြေထောက်ဖြင့် ပြန်ကန်၏။
ညီအမနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ခြေထောက်များဖြင့် အပြန်အလှန်ကန်ထုတ်ကြကာ ရန်ဖြစ်ကြတော့သည်။ ဒါပေမယ့် အင်အားမမျှ၍ ယွမ်ချူးရွယ်ဟာ ယွမ်ချူးယန်၏ကန်ချက်တစ်ချက်မှာ ကုတင်အောက်သို့ ပြုတ်ကျသွားရတော့၏။
တဖက်အခန်းမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲဟာ အိပ်ပျော်တော့မည် ဖြစ်၏။ ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်ကုတင်ပေါ်ကနေ ပြုတ်ကျသည့်'ဒုန်း'ဆိုသည့် အသံထွက်လာခဲ့၏။
ဒါ့ကြောင့် အိပ်ပျော်ခါနီးဖြစ်နေသည့် ယွမ်ရိနဲ့ယွမ်ကျဲတို့ မျက်လုံးပွင့်လာကြတော့သည်။
ယွမ်ကျဲက
"အမ ဘာဖြစ်တာလဲ"
ဟု မေးလိုက်၏။
ယွမ်ရိလည်း မျက်မှောင်ကြုတ်ကာ အသံကြားရာ အခန်းကို စိုက်ကြည့်လိုက်ပြီး
"အသံက ချူးရွယ်တို့ ဘေးခန်းက လာတာဘဲ။ မဟုတ်မှ ချူးရွယ်နဲ့ယွမ်ချူးယန်တို့ ရန်ဖြစ်နေကြတာလား မသိဘူး"
သူမက ထို့သို့ ရေရွတ်ပြီးတာနဲ့ ချက်ချင်းပဲ ကုတင်ပေါ်ကနေ ဆင်းကာ တစ်ဖက်အခန်းကိုသွားတော့သည်။ ယွမ်ကျဲကလည်း ယွမ်ရိနောက်ကနေ ချက်ချင်းဘဲလိုက်သွား၏။
တဖက်အခန်းတံခါးကိုဖွင့်ပြီး မီးထွန်းပီ့းသည့်နောက် ကြမ်းပြင်ပေါ်မှာ တသ်ယောက်ဆံပင်တသ်ယောက်ဆွဲရင်း ရန်ဖြစ်နေကြသည့် ယွမ်ချူးယန်နဲ့ယွမ်ချူးရွယ်ကိုညဟူမတို့နှစ်ယောက် တွေ့မြင်လိုက်ရ၏။
ယွမ်ရိလည်း ချက်ချင်းဘဲ အခန်းထဲကိုပြေးဝင်ကာ ယွမ်ချူးယန်၏ဆံပင်ကို ဝင်ဆွဲတော့သည်။
ယွမ်ချူးယန်လည်း ဆံပင်ဆွဲခံလိုက်ရတာကြောင့် နာနာကျင်ကျင်အော်ဟစ်ပြီး ယွမ်ချူးရွယ်၏ဆံပင်ကို ဆွဲထားရာကနေ လွှတ်လိုက်၏။
ထို့နောက် ယွမ်ချူးယန်က ယွမ်ရိအား မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ
"သောက်တောသူမ။ ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်မပါနဲ့နော်။ မဟုတ်လို့ကတော့ နင်သေသွားမယ်"
ဟု ကြိမ်းဝါးလိုက်သည်။
ယွမ်ရိကတော့ ယွမ်ချူးယန်နဲ့စကားကို အဖက်လုပ်ပြောနေဖို့ပင် ပျင်းရိနေ၏။ ဒါ့ကြောင့် ယွမ်ချူးယန်၏ဆံပင်ကနေဆွဲကာ အခန်းအပြင်ကို ခေါ်သွားတော့သည်။ ယွမ်ချူးယန်က ယွမ်ရိအောက် လေးနှစ်ငယ်တဲ့အပြင် လူကောင်လည်း သေးတာမို့ ယွမ်ရိဆွဲခေါ်ရာနောက်ကို နာကျင်စွာအော်ဟစ်လျက် ပါလာတော့၏။
ယွမ်ရိက ယွမ်ချူးယန်ကို ရဲ့ချူးဝမ်၏အခန်းတံခါးရှေ့ကို ဆွဲခေါ်လာသည်။ ထို့နောက် သူမက လက်တဖက်ဖြင့် ယွမ်ချူးယန်၏ဆံပင်ကို ဆွဲထားကာ ကျန်တစ်ဖက်ဖြင့် ရဲ့ချူးဝမ်၏အခန်းတံခါးကို ခေါက်လိုက်၏။
အခန်းတံခါးပွင့်သွားတာနဲ့ ယွမ်ရိက ယွမ်ချူးယန်အား ရဲ့ချူးဝမ်၏အခန်းအတွင်း တွန်းပို့ကာ
"ဒီနေ့ကစပြီး နင်ဒီအခန်းမှာ အိပ်လိုက်တော့"
ရဲ့ချူးဝမ်လည်း ယွမ်ရိစကားကြောင့် ကြောင်အသွား၏။
မိသားစုအတွင်းမှာ သူမကို ဘယ်သူနဲ့အိပ်ပါ၊ ဟိုလူနဲ့အိပ်ပါလို့ စီစဉ်ပေးတာမျိုး တစ်ကြိမ်မှမရှိခဲ့ပေ။
ယွမ်ရိက ကြောင်အနေသည့် ရဲ့ချူးဝမ်ကိုကြည့်ကာ
"ကြောင်အ မနေနဲ့။ ချူးယန်နဲ့ချူးရွယ်တို့က ရန်ဖြစ်နေကြတာ။ ဒါ့ကြောင့် သူတို့ကိုတစ်ခန်းထဲ အိပ်ခိုင်းလိုက်မရဘူးလေ။ ဒါ့ကြောင့် နင့်အခန်းထဲလာပို့တာ"
သူမက ထိုစကားကိုပြောပြီးတာနဲ့ ရဲ့ချုးဝမ်၏ပြန်ပြောစကားကိုပင် မစောင့်တော့ဘဲ နောက်ပြန်လှည့်သွား၏။ ထို့နောက် သူမက ယွမ်ချူးရွယ်ကို ခေါင်းညိတ်အချက်ပြရင်း ယွမ်ကျဲနဲ့အတူ အခန်းထဲကိုမြန်မြန်ဝင်၍ ဂျက်ထိုးထားလိုက်တော့သည်။
ယွမ်ချူးရွယ်ကလည်း ပါးနပ်သူတစ်ယောက်မို့ ယွမ်ရိအချက်ပြတာကို မြင်လိုက်တာနဲ့ သူမအခန်းထဲအမြန်ဝင်ကာ ဂျက်ထိုးလိုက်လိုက်သည်။
ယွမ်ချူးယန်လည်း ချက်ချင်းဘဲ ယွမ်ချူးရွယ်အား အခန်းတံခါးဖွင့်ပေးဖို့ ပြောရင်း တဒုန်းဒုန်းဖြင့် ထုရိုက်တော့သည်။
ဒါ့ကြောင့် ဆူညံသံများဟာ အောက်ထပ်ထိ ရောက်လာတော့သည်။
ဒါ့ကြောင့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့နှစ်ယောက်ဟာ ဒေါသထွက်နေဟန်ဖြင့်အပေါ်ထပ်သို့ တက်လာကြတော့သည်။
အောက်ထပ် တစ်ဖက်အခန်းမှာ။
ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့ကလည်း အပေါ်ထပ်က ဆူညံသံများကို ကြားလိုက်ရ၏။
ချက်ချင်းပဲ ယွမ်ဟောင်ဂျန်က အပေါ်ထပ်ကိုနားစွင့်လိုက်ပြီး
"ကြည့်ရတာ အပေါ်ထပ်မှာ ရန်ဖြစ်နေကြတဲ့ပုံဘဲ"
လို့ ရေရွတ်လိုက်၏။
ထိုအချိန်မှာဘဲ သူအဖေနဲ့အမေတို့ အပေါ်ထက်ကို တက်သွားကြသည့် အသံတွေကို သူကြားလိုက်ရသည်။ ဒါ့ကြောင့် အခန်းတံခါးကို ဖွင့်ကာ ချက်ချင်းပဲ အပေါ်ထပ်ကို လိုက်သွားတော့၏။
အပေါ်ထပ်မှာတော့ ယွမ်ချန်းယန်က ဆံပင်တွေ စုတ်ဖွားဖွားဖြစ်နေကာ အခန်းတံခါးကို အဆက်မပြက်ရိုက်နှက်ရင်း အော်ဟစ်နေ၏။
အောက်ကနေ တက်လာကြသည့် ယွမ်ချန်းဖူလည်း ထိုသို့မြင်လိုက်ရတာကြောင့် ဒေါသတွေထွက်လာကာ စီးထားသည့် ဖိနပ်ကို ချွတ်၍ ရိုက်ဖို့ ပြင်လိုက်၏။
ယွမ်ချူးယန်လည်း ချင်ချင်းပဲ သူ့အမ ရဲ့ချူးဝမ်နောက်ကို ဝင်ပုန်းကာ
"အဖေ့။ သမီးကိုရိုက်လို့မရဘူးနော်။ ဒါတွေအားလုံးက ယွမ်ရိကြောင့်ဖြစ်ရတာ။ ယွမ်ရိက သမီးကို ဆံပင်တွေ ဆွဲတဲ့အပြင် အမကြီးနဲ့အတူတူအိပ်ဖို့ပါ ပြောသွားတာ။ ချူးရွယ်ဆိုတဲ့ကောင်မကလည်း သမီးကို အခန်းတံခါးပြန်ဖွင့်မပေးသေးဘူး"
ဟု အော်ပြောလိုက်၏။
ယွမ်ချူးယန်၏စကားများကြောင့် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ ခေါင်းကိုက်ချင်သလို ခံစားလိုက်ရသည်။
ယွမ်ချန်းဖူလည်း ဒေါသကိုလျော့ကာ ဖိနပ်ကို ပြန်ဝတ်လိုက်ပြီး ယွမ်ချူးရွယ်၏အခန်းတံခါးရှေ့သွားကာ
"သမီး၊ ချူးရွယ်။ အခန်းတံခါးဖွင့်ပြီး လေးယောက်မြောက် အမကို ဝင်ခွင့်ပြုလိုက်လေ"
ဟု ပြောလိုက်သည်။
ယွမ်ချူးရွယ်လည်း ခဏမျှတိတ်ဆိတ်နေပြီးသည့်နောက် အခန်းတံခါးကို ဖွင့်လိုက်၏။ သူမမျက်နှာမှာလည်း မျက်ရည်စီးကြောင်းများဖြင့်ပြည့်နေကာ
"အဖေ။ အမချူးယန်က ကောင်းကောင်းမအိပ်ဘူး။ သမီးဘက်ကို တိုးတိုးလာပြီး သမီးကို ကုတင်ပေါ်ကကန်ချတယ်။ အဲ့တာကြောင့် သမီးက ကောင်းကောင်းမွန်မွန်အိပ်ဖို့ ပြောတော့ သမီးကို ဆံပင်တွေအရင်လာဆွဲတယ်။ အဲ့တာနဲ့အမယွမ်ရိတို့လည်း ရောက်လာပြီး သမီးတို့ကို လူခွဲပေးလိုက်တာ။ ပြီးတော့ အမယွမ်ရိက ချူးယန်ကို ဆွဲခေါ်သွားပြီး အမချူးဝမ်နဲ့အိပ်ဖို့ပြောလိုက်တာ"
ဟု ပြောလိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း အခန်းထဲကနေပြန်ထွက်လာကြ၏။ ယွမ်ချူးရွယ်၏စကားတွေကို သူမတို့ကြားလိုက်ရပြီး နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။
ယွမ်ချန်းဖူကတော့ အကျပ်ရိုက်နေပြီဖြစ်သည်။ ပုံမှန်အားဖြင့် သူကပြင်းပြင်းထန်ထန်တုံ့ပြန်မှာဖြစ်ပေမယ့် အခုချိန်မှာ အချိန်အတော်ကြာအောင်ခရီးထွက်ထားရတာကြောင့် ခရီးပမ်းနေပြီဖြစ်သည်။ ဒါ့ကြောင့် သူ့မှာ အားအင်တွေသိပ်မကျန်တော့ချေ။
ဒါ့အပြင် ပြဿနာက သမီးတွေကြားမှာဖြစ်နေတာဆိုတော့ အဖေတစ်ယောက်နေနဲ့ တစ်ဖက်ဖက်မှာ ဘက်လိုက်သလိုဖြစ်သွားမှာလည်း စိုးရွံ့လို့နေ၏။
နောက်ဆုံးမှာ ယွမ်ချန်းဖူလည်း ရဲ့ချူးဝမ်ကိုကြည့်ကာ
"သမီးကြီးရေ။ မင့်ညီမ ချန်းယန်ကို ဒီနေ့ညတစ်ညလောက်ဘဲ မင်းနဲ့အတူတူအိပ်ခိုင်းလိုက်ပါကွယ်။ မနက်ဖြန်ကျရက် အဖေတို့ အဆင်ပြေအောင်လုပ်ပေးမယ်။ ဒီနေ့ည တစ်ညဘဲလေနော်"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ချန်းဖူ၏တောင်းဆိုချက်ကို ရဲ့ချူးဝမ်တစ်ယောက် မငြင်းနိုင်ခဲ့ပေ။ သူမက နှုတ်ခမ်းကိုအသာကိုက်ကာ
"ဟုတ်ကဲ့ပါ။ မိုးလည်း ချုပ်နေပြီ။ အဖေနဲ့အမေတို့လည်း အိပ်ကြတော့လေ။ ချူးယန်ကို သမီးနဲ့အတူတူသိပ်လိုက်ပါ့မယ်"
ဟု ပြောလိုက်ရတော့သည်။
ယွမ်ချန်းဖူလည်း ထိုအခါမှ စိတ်သက်သာရာရသွားကာ သူ့သမီးတွေအကုန်လုံးကို ဝေ့ကြည့်လိုက်ပြီး
"မင်းတို့တွေအကုန်လုံး မင်းတို့အမကြီးကိုကြည့်ပြီး အတုယူသင့်တယ်။ အချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်မယ်။ အော်ဟစ်ငိုယိုမယ်။ စိတ်ကောက်မယ်လောက်ဘဲ တွေးမနေကြနဲ့"
ဟု ဆုံးမလိုက်၏။
ထို့နောက် သူက ယွမ်ချူးယန်ကိုစိုက်ကြည့်ကာ
"အဓိက,က နင်ဘဲ။ နင်သာ နင့်အမကြီးရဲ့ တဝက်လောက် ရင့်ကျက်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"
ဟု ဆူလိုက်၏။
ယွမ်ချူးယန်က
"ဘာလို့ သမီးကိုဘဲ ဆူရတာလဲ။ ဒါတွေက ယွမ်ရိရောက်လာလို့ ဖြစ်ရတာတွေချည်းဘဲလေ"
ဟု ပြန်အော်၏။
"ပါးစပ်ပိတ်ထား"
ယွမ်ချန်းဖူက ယွမ်ချူးယန်ကို စူးစူးရဲရဲစိုက်ကြည့်ရင်း ပြောလိုက်၏။ ပြီးတာနဲ့ ဘာမှထပ်မပြောတော့ဘဲ အောက်ထပ်ကို ဆင်းလာလိုက်တော့သည်။
လှေကားအဆင်းကိုရောက်တဲ့အခါ သူက ယွမ်ဟောင်ဂျန်ကိုမြင်လိုက်ရ၏။ ဒါ့ကြောင့် မျက်မှောင်ကြုတ်ကာ
"ဟေ့ကောင်။ မအိပ်သေးဘဲနဲ့ ဘာလုပ်နေတာလဲ"
ဟု လေသံမာမာဖြင့် ပြောလိုက်သည်။
ထိုအခါ ယွမ်ဟောင်ဂျန်က တချိုးတည်းအောက်ဆင်းပြေးကာ သူ့အခန်းထဲကို လှစ်ကနဲ ဝင်သွားတော့၏။ အခန်းထဲကို ရောက်၍ ကုတင်ပေါ်လှဲပြီးမှ ရင်ဘက်ကိုအသာဖိရင်း သက်ပြင်းချကာ
"တော်သေးတယ်။ မြန်မြန်ပြေးခဲ့ပေလို့။ မဟုတ်ရင် ဘာတွေများ ထပ်အဆူခံရဦးမလဲမသိဘူး"
ဟု ရေရွတ်လိုက်တော့သည်။
ရဲ့ဖန်က ကုတင်ကိုမှီနေရင်းဖြင့်
"အပေါ်မှာ ဘာတွေဖြစ်နေတာလဲ ဆိုတာမြင်ခဲ့ရလား"
ဟု မေးလိုက်၏။
ယွမ်ဟောင်ဂျန်က
"ငါရောက်သွားတော့ ရန်ပွဲက ပြီးသွားပြီကွ။ ဒါ့ကြောင့် သူတို့တွေ ရန်ဖြစ်နေတာကိုတော့ ငါမမြင်ခဲ့ရဘူး"
ဟု ပြောလိုက်၏။
ဆက်လက်ပြီးသူက ရဲ့ဖန်ကိုကြည့်ကာ
"အမယွမ်ရိကိုကြည့်ရတာ တောကနေရောက်လာတဲ့သူလို့ မထင်ရလောက်အောင် အရမ်းရဲရင့်တာဘဲ။ သူမက အမချူးယန်ကို တကယ်ကြီးပြန်လုပ်တာဟ။ အမချူးယန်ဆိုတာများ ဆံပင်တွေ ဘယ်လောက်တောင် အဆွဲခံထားရတယ် မသိဘူး ဖွာလန်ကြဲနေတာဘဲ"
ဟု သူမြင်ရသလောက်ကို ဖောက်သည်ချနေ၏။
ရဲ့ဖန်ကတော့ ယွမ်ဟောင်ဂျန်ပြောသည့် အကြောင်းအရာတွေကို စိတ်ဝင်စားခြင်းမရှိချေ။ သူက ကုတင်ကို မှီနေရာကနေ လှဲလိုက်ပြီး
"မိုးချုပ်နေပြီ။ အိပ်တော့။ မနက်ကျရင်လည်း စောစောထပြီး ကျောင်းသွားရဦးမှာဟ"
ဟု ပြောလိုက်၏။
ထိုအခါ ယွမ်ဟောင်ဂျန်က ခေါင်းတယမ်းယမ်းဖြင့်
"မင်းက ကျောင်းတက်ရတာကို ဘာလို့ ဒီလောက်ကြိုက်နေရတာတုန်း။ ဘာပဲဖြစ်ဖြစ် အဖေက ငါတို့ကို စစ်တပ်ထဲဝင်ရဖို့အတွက် ထောက်ခံချက်လုပ်ပေးမှာဘဲကို"
ဟု ပြောလိုက်၏။
ရဲ့ဖန်ကတော့ ယွမ်ဟောင်ဂျန်၏စကားကို ဘာမှတ်ချက်မှမပေးဘဲ မျက်စိကိုမှိတ်လို့သာ အိပ်စက်လိုက်တော့သည်။
အပေါ်ထပ် ရဲ့ချူးဝမ်၏အခန်းအတွင်း။
ရဲ့ချုးဝမ်က ယွမ်ချူးယန်အား သူမအခန်းထဲ ခေါ်လာကာ စုတ်ဖွားဖွားဖြစ်နေသည့် ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ဖြီးပေးနေ၏။
ယွမ်ချူးယန်က ရဲ့ချူးဝမ်ဆံပင်ဖြီးပေးတာကို ခံနေရင်းဖြင့်
"အမ၊ ညီမ ဒီမှာအိပ်လို့ အဆင်ပြေပါ့မလား"
ဟု မဝံ့မရဲဖြစ်နေဟန်ဖြင့် မေးမြန်းလိုက်သည်။
ရဲ့ချူးဝမ်က ခေါင်းညိတ်ကာ
"ဘာမှ လျှောက်မတွေးနဲ့ အိပ်လို့ရပါတယ်ကွယ်"
ဟု ပြောလိုက်၏။
ယွမ်ချူးယန်လည်း ထိုအခါမှ စိတ်သက်သာရာရသွား၏။ ပြီးနောက် သူမက အံကြိတ်ကာ
"ယွမ်ချူးရွယ်က ယွမ်ရိအားကိုးနဲ့ အကန်းတက်လာတာ။ နောက်ပိုင်းယွမ်ရိကိုသာ အဖေနဲ့အမေတို့ အရေးမလုပ်တော့တဲ့အချိန်ကျရင် အခုလိုမျိုး အကန်းတက်နိုင်ဦးမလား စောင့်ကြည့်ဦးမယ်။ အဲ့အချိန်ကျရင်တော့ ညီမရဲ့ဒေါသတွေကို ကောင်းကောင်းကြီး ခံစားရစေမယ်"
ဟု ကြိမ်းလိုက်၏။
ရဲ့ချူးဝမ်က ယွမ်ချူးယန်၏ကြိမ်းဝါးစကားများကြောင့် သက်ပြင်းချကာ
"အင်းပါ။ အခုတော့ အိုးချုပ်နေပြီ။ အိပ်တော့"
ဟု ပြောကာ အနီးမှ မီးကို မှိတ်လိုက်တော့သည်။
တဖက်ယွမ်ရိတို့အခန်းမှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ကုတင်ပေါ်မှာ လှဲလျောင်းနေရင်းဖြင့် ရယ်မောလို့နေ၏။
ယွမ်ကျဲက ရယ်မောရင်းဖြင့်
"ချူးရွယ်က အခန်းထဲဝင်သွားတဲ့အချိန်တုန်းက ငိုမနေခဲ့ပါဘူး။ ဒါပေမဲ့ ဦးလေးခေါ်လို့ အပြင်ထွက်လာတဲ့အချိန်ကျတော့ ငိုထားလိုက်ပုံများ မျက်ရည်တွေကို စိုရွှဲနေတာဘဲ။ သူက တကယ့်ကို လူလည်မလေးဘဲ"
ဟု ပြောလိုက်၏။
"ဟုတ်တယ်"
ယွမ်ရိကလည်း ခေါင်းညိတ်ကာ ယွမ်ကျဲစကားကို ထောက်ခံလိုက်၏။
"ဒါနဲ့ ယွမ်ချူးယန်တစ်ယောက် အခု ဘယ်လိုနေမလဲ မသိဘူး"
ဟု ယွမ်ကျဲက ပြောလိုက်၏။
ယွမ်ရိက
"သူမကတော့ အဖေနဲ့အမေရဲ့ မျက်စိထဲမှာ စိတ်ပျက်စရာကြီးဖြစ်သွားလောက်ပြီ။ ဒါကလည်း ငါတို့တမင်လုပ်တာမဟုတ်ဘဲ သူ့အကျိုးပေးနဲ့သူဖြစ်သွားတာဘဲလေ"
ဟု ပြောပြီးသည့်နောက်
"ကဲပါ အဲ့ဒီအကြောင်းတွေ လျှောက်တွေးမနေနဲ့တော့။ မိုးလည်း တော်တော်ချုပ်နေပြီ။ အိပ်တော့"
ဟု ပြောလိုက်တော့သည်။
မကြာခင်မှာပဲ ယွမ်ကျဲက အိပ်ပျော်သွားတော့သည်။ ဒါပေမယ့် သူမကတော့ အိပ်မပျော်သေးချေ။
မနက်ရောက်တဲ့အခါမှာ သူမနဲ့ယွမ်ကျဲတို့က အကျင့်ဖြစ်နေ၍ အစောကြီးအိပ်ရာထခဲ့ကြ၏။
သူမတို့အိပ်ရာထပြီး မကြာခင်မှာပဲ အိမ်ကကျန်တဲ့လူတွေလည်း အိပ်ရာထခဲ့ကြသည်။
ဖန်းရှုံးယန်က မနက်စာချက်ပြုတ်ဖို့အတွက် မီးဖိုချောင်ဝင်နေပြီဖြစ်သလို၊ ယွမ်ချန်းဖူကလည်း အလုပ်သွားဖို့ ပြင်ဆင်ခဲ့၏။
ကျန်တဲ့ မောင်နှမတွေကလည်း ကျောင်းသွားဖို့အတွက် ပြင်ဆင်ကြတော့သည်။
အကုန်လုံးပြင်ဆင်ပြီးတာနဲ့ မနက်စာစားကြဖို့အတွက် ထမင်းစားပွဲမှာနေရာယူလိုက်ကြတော့သည်။
ယွမ်ချန်းဖူက ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ဘာမှလဲလုပ်စရာမှမရှိတာကို ဘာလို့ စောစောထကြတာတုန်း။ ခရီးပန်းလာကြမှာဘဲကို ထပ်အိပ်ကြတာမဟုတ်ဘူး။ အိပ်ရေးရောဝကြရဲ့လား"
ဟု မေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"သမီးတို့ အိပ်ရေးဝပါတယ် အဖေ"
ဟု ပြန်ဖြေပေးလိုက်သည်။
ယွမ်ချန်းဖူက
"မင်းတို့နှစ်ယောက် ကျောင်းတက်ဖို့အတွက်က အထောက်အထားတချို့လုပ်ရဦးမှာမို့ နည်းနည်းတော့ စောင့်ကြဦး။ တကယ်လို့ မစောင့်ချင်ဘူးဆိုရင်လည်း ကျောင်းကိုလိုက်သွားလို့ရတယ်နော်။ ဟိုရောက်ရင် အခန်းရဲ့နောက်ဆုံးမှာတိတ်တိတ်လေးထိုင်ပြီး ဆရာတွေသင်သမျှကို လိုက်မှတ်နေလို့ရတယ်"
ဟု ပြောလိုက်၏။
ယွမ်ရိကခေါင်းညိတ်ကာ
"ဟုတ်ကဲ့"
ယွမ်ချန်းဖူက ဆက်လက်ပြီးတော့
"ဒါနဲ့ ရှောင်ရိနဲ့ရှောင်ကျဲတို့က မူလတန်းမပြီးကြသေးဘူးနော်။ ဒါ့ကြောင့် သမီးတို့အသက်အရွယ်နဲ့ကိုက်မယ့် အလယ်တန်းကိုတက်ရမှာမဟုတ်ဘဲ မူလတန်းကနေ ပြန်တက်ကြမလား။ ဒါမှမဟုတ် အတန်းကျော်ပြီးအလယ်တန်းကို တက်ကြမလား"
ဟု ထပ်မေးလိုက်၏။
ယွမ်ရိက ချက်ချင်းပင်
"သမီးတို့ အလယ်တန်းကို တစ်ခါတည်း အတန်းကျော်တက်မှာပါ"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုအခါ ယွမ်ချူးယန်က ချက်ချင်းဘဲ
"အရူးမ။ မူလတန်းတောင်မပြီးဘဲနဲ့ အလယ်တန်းကို ကျော်တက်ချင်နေတယ်။ ငါ့အမလို့ပြောရမှာတောင် ရှက်တယ်"
ဟု ဝင်ပြောလိုက်သည်။
ဒါ့ကြောင့် ရဲ့ချူးဝမ်က လက်တို့ကာ ယွမ်ချူးယန်အား ဆက်မပြောဖို့ တားဆီးလိုက်၏။
ယွမ်ချန်းဖူကလည်း ယွမ်ရိစကားကြောင့် ခဏမျှစဉ်းစားတွေးတောလိုက်ပြီး
"ကောင်းပြီလေ။ သမီးက အတန်းကျော်တက်ချင်တယ်ဆိုရင်လည်း အဖေစီစဉ်လိုက်မယ်"
ဟု ပြောလိုက်၏။
ယွမ်ရိလည်း ဝမ်းသာအားရပြုံးလိုက်ပြီး
"ကျေးဇူးပါ အဖေ"
ယွမ်ရိ၏အပြုံးကြောင့် ယွမ်ချန်းဖူ၏စိတ်ထဲမှာ အဖေတစ်ယောက်အနေနဲ့ ကြည်နူးသွားခဲ့ရ၏။ ဒါ့ကြောင့် သူ့ရဲ့လေသံကလည်း နူးညံ့သွားကာ
"စားတော့"
ဟု ပြောလိုက်၏။
ထို့နောက် သူက ရဲ့ချူးဝမ်ဘက်ကိုလှည့်ကာ
"ချူးဝမ် မနေ့ညက သမီးရဲ့ညီမလေးနဲ့တစ်ခန်းတည်းအိပ်ရတော့ သမီးကောင်းကောင်းအိပ်လိုက်ရမှာမဟုတ်ဘူး။ ဒီနေ့ ကျောင်းမသွားဘဲ အိမ်မှာပဲ အိပ်ချင်ရင်အိပ်နေလေ"
ဟု ပြောလိုက်၏။
ရဲ့ချူးဝမ် ဘာမှမပြောခင်မှာဘဲ ယွမ်ချူးယန်က
"အမ မနေ့တုန်းက ကောင်းကောင်းအိပ်ပျော်ပါတယ်။ ဒါ့ကြောင့်မို့ ဒီနေ့ ကျောင်းနားဖို့မလိုပါဘူး"
ဟု ရုတ်တရက်ဝင်ပြောလိုက်၏။
ဒါ့ကြောင့် နံနက်စာစားနေကြသည့် လူတွေအကုန်လုံးရဲ့အကြည့်တွေဟာ ရဲ့ချူးဝမ်ပေါ်သို့ ကျရောက်လာတော့သည်။
ယွမ်ဟောင်ဂျန်က အံ့အားသင့်ဟန်ဖြင့်
"အမ အမပြောတော့ တစ်ခန်းတည်းလူနှစ်ယောက် အိပ်ရရင် အိပ်မပျော်ပါဘူးဆို"
ဟု မေးလိုက်၏။
ရဲ့ချူးဝမ်လည်း ရှက်ရွံ့မှုကြောင့် မျက်နှာကြီးနီရဲနေကာ
"အဲ့ အဲ့တာက မနေ့တုန်းက ပင်ပန်းလို့ အိပ်ပျော်သွားတာပါ"
ဟု ဖြေပေးလိုက်၏။
ထိုအခါ ယွမ်ချူးရွယ်က အပြစ်ကင်းသော မျက်ဝန်းများဖြင့်
"မနေ့တုန်းက ဘာမှ ပင်ပင်ပန်းပန်းလုပ်ရတာဟာ မရှိတာကို အမက ဘယ်လိုလုပ် ပင်ပန်းသွားရတာတုန်း"
ဟု မေးရင်း အချွန်ဖြင့် ဝင်မလိုက်သည်။
ရဲ့ချူးဝမ် : "......"
သူမ၏မျက်နှာဟာ ရှက်ရွံ့စိတ်တွေကြောင့် ပိုပြီးနီရဲလာတော့သည်။
ထမင်းစားဝိုင်းလေး၏ လေထုဟာလည်း အနည်းငယ်ထူးဆန်းလို့လာတော့သည်။
ထိုအခါမှ ယွမ်ချူးယန်လည်း သူမ စကားပြောမှားသွားမှန်းသိသွားကာ
"မဟုတ်ဘူး။ သမီးစကားမှားပြောမိတာ။ အမကြီးက မနေ့တုန်းက ကောင်းကောင်းမအိပ်လိုက်ရဘူး"
ဟု ကမန်းကတန်းဝင်ပြောလိုက်၏။
ထိုအခါ ယွမ်ဟောင်ဂျန်က ခါးကိုမတ်လျက်
"အမ လိမ်လည်တယ်ဆိုတာက မကောင်းတဲ့ အလေ့အကျင့်နော်။ အထူးသဖြင့် အဖေ့လိုမျိုး စစ်တပ်ရဲ့အရာရှိကြီးတစ်ဦးရဲ့ရှေ့မှာ လိမ်တာမျိုးက လုံးဝမလုပ်သင့်ဘူး"
ဟု ဖြောင့်မတ်သည့်ဟန်ပန်အပြည့်ဖြင့် ပြောလိုက်သည်။
ယွမ်ချန်းဖူလည်း ယွမ်ဟောင်ဂျန်၏ခေါင်းကို လှမ်းပုတ်လိုက်သည်။
ယွမ်ဟောင်ဂျန်လည်း ဘာစကားမှ ဝင်မပြောတော့ဘဲ နံနက်စာကိုပဲ ကုန်းစားလိုက်တော့သည်။
ယွမ်ချန်းဖူက သူ့သားသမီးတွေကိုကြည့်လိုက်ပြီး
"မြန်မြန်စားကြ၊ စားပြီးရင် ကျောင်းသွားကြတော့"
ဟု ပြောလိုက်၏။
ရဲ့ချူးဝမ်ဟာ ခေါင်းကိုငုံ့လို့ သူမ၏မနက်စာကို မြန်မြန်စားလိုက်၏။ စားပြီးတာနဲ့
"သမီး ဝပြီ။ကျောင်းကို သမီးအရင်သွားတော့မယ်"
ဟု လေသံတိုးတိုးလေးဖြင့်ပြောကာ ထမင်းစားဝိုင်းအတွင်းမှ ခပ်သွက်သွက်လေး ထထွက်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြ၏။