Chapter 86

2.4K 221 0
                                    

အပိုင်း - ၈၆

ထိုအချိန်မှာဘဲ ရွယ်ဟောင်ဖန်၏ပေါင်ပေါ်မှာ ထိုင်နေသည့် ယွမ်ရွယ်လေးကလည်း ယွမ်ရိ၏လေသံကိုလိုက်တုလျက်
"လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါ်လေး"
ဟု ပြောလိုက်၏။

ထိုကလေးသံ ပိစိလေးကြောင့် တစ်မိသားစုလုံး တဟားဟားဖြင့် ရယ်မောပွဲကျကုန်တော့သည်။

ယွမ်ရိဟာ သူမလက်ကိုဆန့်ထုတ်လျက် ယွမ်ရွယ်၏ပါးလေးကို ညင်သာစွာပွတ်သပ်ကာ
"ညီမလေးက စကားတောင်ပြောတတ်နေပြီဘဲ"

ယွမ်ရွယ်က ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်တို့၏သမီးလေးဖြစ်သည်။

သူတို့၏ရယ်မောပျော်ရွှင်သံတွေဟာ တိတ်ဆိတ်နေသည့်ညမှာ ပတ်ဝန်းကျင်တစ်ခွင်ပျံ့နှံ့သွား၏။

ထိုရယ်မောသံတွေကို အိမ်နီးနားချင်းဖြစ်နေသည့် ဆန်းရှောင်ဟိုင်သည်လည်း ကြားလိုက်ရ၍
"ဘာတွေ ရယ်စရာပါလို့ ဒီလောက် ရယ်နေကြမှန်းကို မသိတော့ဘူး"
ဟု ငြူစူလိုက်၏။

ယွမ်ချန်းကွေ့ဟာ သူ့မိန်းမ၏ငြူစူသံကို ကြားပေမယ့် ဘာမှပြန်‌မပြောခဲ့ပေ။

ကုန်လွန်ခဲ့သည့် အချိန်များအတွင်း သူဟာပိုပြီးတော့ ဒေါသထွက်တတ်လာ၏။ သူ့မိဘတွေ၊ သူ့ညီအကိုမောင်နှမတွေဆီက လျစ်လျူရှုထားခြင်းခံထားရသည့်အတွက် ဆန်းရှောင်ဟိုင်ဟာ အပြစ်တင်ခဲ့မိသည်။ သူ့စိတ်ထဲမှာ 'အကယ်၍ ဆန်းရှောင်ဟိုင်သာ အိမ်ခွဲဖို့မတောင်းဆိုခဲ့လျှင် ဤကဲ့သို့ ဖြစ်နေမှာ မဟုတ်ဘူး' ဟု ယူဆထားခဲ့သည်။

ဆန်းရှောင်ဟိုင်အခုပြောလိုက်သည့် စကားဟာလည်း သူ့အား ဒေါသထွက်လာစေခဲ့သည်။

ဒါပေမယ့် သူပြန်ပြောလိုက်ပါက လင်မယားနှစ်ယောက် ရန်ဖြစ်နေရမှာ စိုးသဖြင့် ဘာမှမပြောဘဲ တိတ်နေလိုက်ခြင်းဖြစ်သည်။

တစ်ဖက်မှာတော့ ယွမ်ရိဟာ သူ့မိသားစုဝင်တွေနဲ့အတူ ရိုးရာမုန့်တွေ စားသောက်ရင်းဖြင့် နှစ်သစ်ကူးအား ကြိုဆိုနေကြသည်။

ထိုသို့ကြိုဆိုနေရင်းဖြင့်လည်း ပေကျင်းမှာ အပ်ချုပ်ဆိုင်ဖွင့်သည့် ကိစ္စနဲ့ပတ်သက်ပြီး စကားတွေအများကြီးပြောခဲ့ကြသည်။

ယွမ်ရိက သူမ၏အဖိုးနဲ့အဖွားတို့ကိုကြည့်ကာ
"အဖိုး‌တို့လည်း ပေကျင်းကို လိုက်ခဲ့ကြပါလား"
ဟု ပြောလိုက်သည်။

ဒါကိုကြားတော့ ယွမ်ကျီကောင်းက ခေါင်းလေးအသာယမ်းကာ
"တော်ပါပြီ၊ ငါ့မြေးရယ်။ အဖိုးတို့ မလိုက်တော့ပါဘူး"
ဟု ပြန်ပြောလိုက်၏။

"ဘာဖြစ်လို့ မလိုက်ချင်ရတာတုန်း"
ယွမ်ရိက
"သမီးတို့က အဖိုးတို့ကို မပြုစုနိုင်ဘူးထင်လို့ မလိုက်ချင်ရတာလား"
ဟု မေးလိုက်သည်။

ယွမ်ကျီကောင်းလည်း သူ့လက်ထဲက ဆေးလိပ်ကြမ်းကြီးကို ဘေးချလိုက်ပြီးမှ
"ရှောင်ရိ၊ သမီးအဖိုးနဲ့အဖွား နှစ်ယောက်လုံးက သန်သန်မာမာကြီးတွေ ရှိပါသေးတယ်ကွယ်။ ပေကျင်းကို မလိုက်ချင်ရတဲ့အဓိက အကြောင်းအရင်းက အဖိုးတို့လယ်တွေကြောင့်ဘဲ။ အဖိုးတို့ တစ်မိသားစုလုံးသာ ပေကျင်းကို သွားလိုက်ရင် လယ်လုပ်မယ့်သူမရှိတော့ဘူးလေ။ ဒါ့ကြောင့် လယ်လုပ်ဖို့အတွက် အဖိုးတို့က နေခဲ့မှကို ဖြစ်မှာ"
ဟု ရှင်းပြလိုက်သည်။

တောင်ပေါ်မှာမွေး၊ တောင်ပေါ်မှာဘဲ ကြီးပြင်းခဲ့သည့် သူတို့အတွက် တောင်ပေါ်လယ်ယာမြေများအပေါ်ထားသည့် သံယောဇဉ်ဟာ အလွန်ကြီးမားပေသည်။ ဒါ့ကြောင့် လယ်မြေတွေကို ပစ်ပယ်ပြီး ပေကျင်းမြို့ကို မလိုက်လိုကြခြင်းဖြစ်၏။

လျူရှင်းဟွာကလည်း ခေါင်းတညိတ်ညိတ်ဖြင့် သူမယောက်ျား၏စကားကို ထောက်ခံလိုက်သည်။

ယွမ်ကျီကောင်းက ဆက်လက်ပြီးတော့
"အကယ်၍ ငါတို့အကုန်လုံး ပေကျင်းကို ရောက်သွားပြီဆိုပါစို့။ ဟိုမှ ဆန်တွေဝယ်မရဖြစ်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ ဒါ့ကြောင့် အဖိုးတို့က ဒီမှာဘဲနေခဲ့ပြီး လယ်စိုက်မယ်။ လယ်က ထွက်တဲ့သီးနှံတွေကို ငါ့သားတွေမြေးတွေ စားဖို့ ပေကျင်းကို ပို့ပေးမယ်။ အဲ့လိုဆို ဘယ်လောက် အဆင်ပြေလိုက်သလဲ"
ဟု ‌သူ့အစီအစဉ်အား ပြောပြလိုက်၏။

ယွမ်ရိလည်း သူမအဖိုး၏စကားတွေကြောင့် ပေကျင်းကိုလိုက်ခဲ့ဖို့ ထပ်မဖျောင်းဖျတော့ပေ။

ယွမ်ချန်းရှန်က သူ့အဖေကို ကြည့်ကာ
"အဖေတို့မလိုက်ခဲ့ဘူး ဆုံးဖြတ်ထားရင်လည်း  အဖေတို့သဘောပါဘဲ။ ဒါပေမယ့် လယ်အလုပ်ကို  တအားကြီး ပင်ပင်ပန်းပန်းမလုပ်နဲ့နော်။ မလုပ်နိုင်တာတွေ ရှိလာခဲ့ရင် ရွာထဲက လူတွေကို ငှားပြီးတော့ လုပ်ခိုင်း"
ဟု ပြောလိုက်၏။

ယွမ်ကျီကောင်းက
"အဲ့တာကို တွေးပူမနေစမ်းနဲ့။ ဒီရွာ‌မှာနေလာတာ ငါ့တစ်သက်နဲ့တစ်ကိုယ်ဘဲ။ ဘယ်လိုနေရထိုင်ရမယ်ဆိုတာကို ငါကသိပြီးသားပါကွ။ မင်းသာ ပေကျင်းရောက်သွားရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြားလား"
ဟု သတိပေးလိုက်၏။

လျူရှင်းဟွာကလည်း
"မင်းအဖေပြော‌တာ ဟုတ်တယ်။ မင်းတို့သာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ။ မင်းတို့သာ အဆင်ပြေရင် အဖေနဲ့အမေတို့လည်း အဆင်ပြေပါတယ်ကွယ်"
ဟု ဝင်ပြောလိုက်သည်။

ဒီလိုနဲ့ ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာကလွဲပြီး ကျန်သည့်သူများက ပေကျင်းလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။

နှစ်သစ်ကူးနွေဦးပွဲတော်ပြီးသွားသည့် နောက်မှာတော့ ယွမ်အိမ်တစ်အိမ်လုံးဟာ ခရီးအတွက် လိုအပ်တာတွေ ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြတော့သည်။

အဝတ်အစားတွေ၊ လမ်းမှာစားဖို့ အစားအသောက်တွေ အကုန်လုံးကို ပြင်ဆင်ပြီးသည့်နောက်မှာတော့ သူတို့တွေဟာ ခရီးထွက်ခဲ့ကြတော့သည်။

ကျန်နေခဲ့သည့် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကတော့ အဝေးကိုထွက်ခွာသွားသည့် သားသမီးတွေ၊ မြေးတွေကိုကြည့်ကာ အထီးကျန် လွမ်းဆွတ်နေကြတော့၏။

ယွမ်ရိတို့တွေ ပေကျင်းကိုပြန်သွားပြီး နှစ်ရက်လောက်ကြာမှ ဆန်းရှောင်ဟိုင်တို့ဟာ ယွမ်ချိကျီတို့‌တတွေပါ ယွမ်ရိတို့နဲ့လိုက်သွားကြတာကို သိလိုက်ရသည်။

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်က ဒေါသတကြီးဖြင့် သူမ၏ယောက်ျားအား
"ရှင့်တူမရဲ့လုပ်ပုံ ကောင်းသေးရဲ့လား။ သူ့ရဲ့အခြား အဒေါ်တွေနဲ့ဦးလေးတွေကိုကျ‌ သူနဲ့အတူတူ ပေကျင်းကိုခေါ်သွားပြီး ကျွန်မတို့ကိုကျတော့ ချန်ထားခဲ့တယ်လေ။ ဘာလဲ။ ရှင့်တူမက ကျွန်မတို့ကို မိသားစုအဖြစ် မသတ်မှတ်တော့တာလား"
ဟု တိုင်တန်း ငြီးငြူလိုက်သည်။

ယွမ်ချန်းကွေ့လည်း သူ့မိန်းမ၏ဆူညံပူညံလုပ်မှုအား သည်းမခံနိုင်တော့ချေ။ ဒါ့ကြောင့် သူက စိတ်မရှည်သောလေသံဖြင့်
"ငါတို့က အိမ်ခွဲပြီးပြီ။ ဒီတော့ ငါတို့ကို မခေါ်တာက ဘာများ ထူးဆန်းသွားလို့တုန်း"
ဟု ပြန်ပြောလိုက်တော့၏။

တစ်ဖက်မှာတော့ ယွမ်ရိတို့အုပ်စုဟာ အထုပ်အပိုးအများအပြားရယ်၊ ကလေးပေါက်စနှစ်ယောက်ရယ်ကြောင့် တုန်းဖန်မြို့ကိုရောက်ရန် နှစ်ရက်ကျော် ကြာသွားသည်။

တုန်းဖန်မြို့ကိုရောက်တော့ ချန်ခွန်းက သူမ၏အိမ်မှာ ထမင်းဝင်စားဖို့ ဖိတ်လိုက်သည်။ ဒါပေမယ့် ယွမ်ရိက သူမတို့၏လူအုပ်က လူများသဖြင့် အဒေါ်ချန်ခွန်း၏အိမ်အား ဒုက္ခပေးမိသလို ဖြစ်မှာကို စိုးရိမ်ကာ ဆိုင်တစ်ဆိုင်မှာဘဲ ဝင်စားကြဖို့ပြောလိုက်၏။

ဆိုင်မှာ နေ့လယ်စာ စားပြီးသွားမှ အဒေါ်ချန်ခွန်း၏အိမ်ကို သွားလည်ခဲ့ကြသည်။ အဒေါ်ချန်ခွန်း၏အိမ်တွင် ခဏမျှလည်ပြီးသည့်နောက် တည်းခိုခန်းတစ်ခုတွင်ဝင်ကာ အခန်းယူလိုက်ကြသည်။

ထို့နောက် အထုပ်အပိုးတွေကို တည်းခိုခန်းမှာ နေရာချလိုက်ကြသည်။ ပြီးနောက် သူတို့ဟာ လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူရန် ဈေးဝယ်ထွက်ခဲ့ကြတော့သည်။

ယွမ်ရိတို့တတွေ ဈေးဝယ်ပြီး ဆိုင်ထဲကနေ ပြန်အထွက် ရင်းနှီးသောလူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရ၍ တုန်လှုပ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူမတို့ဟာ လျူရှောင်းကိုမြင်တွေ့လိုက်၍ပင်။

လျူရှောင်သည်လည်း သူမတို့ကို မြင်တွေသွားကာ အံ့အားသင့်သွား၏။

ထို့နောက် သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး
"ယို့၊ ဒါက ယွမ်ချီကျီမလား"
ဟု ပြောလိုက်၏။

ယွမ်ချီကျီက လျူရှောင်းကို တွေ့လိုက်ရတာမို့ တုန်လှုပ်သွားပေမယ့် သူမ၏မျက်ဝန်းအတွင်း ရွံရှာမှုများဖြင့် ပြည့်လို့နေသည်။
'ဒီလိုလူမျိုးနဲ့ ပေါင်းသင်းမိတဲ့အထိ အရင်တုန်းက ငါ့ရဲ့မျက်လုံးတွေ တော်တော်ကန်းခဲ့တာဘဲ'

လျူရှောင်းက သူ့ဘေးမှ သက်လတ်ပိုင်းအမျိုးသမီး၏ လက်ကို ဆွဲလျက်
"မိတ်ဆက်ပေးရဦးမယ်။ ဟိုတစ်ယောက်က ယွမ်ချီကျီလေ။ ကျွန်တော့်ရဲ့ဇနီးဟောင်းပေါ့။ သူနဲ့မတွေ့ရတာတောင် တော်တော်ကြာနေပြီ"
ဟု ပြောကာ ယွမ်ချီကျီကို ညွှန်ပြလိုက်၏။

ထို့နောက် လျူရှောင်းက ယွမ်ချီကျီကိုကြည့်ကာ မိတ်ဆွေရင်းတစ်ယောက်နဲ့ ပြောနေသည့်ပုံဖြင့်
"ငါ့ဘေးက ငါ့အမျိုးသမီးလေ။ ဒါနဲ့နင်ရော နောက်ထပ် အိမ်ထောင်ပြုပြီးသွားပြီလား"
ဟု မေးလိုက်၏။

ဒါပေမယ် သူ့မျက်လုံးထဲမှာတော့ လှောင်ပြောင်မှုများက အပြည့်ဖြင့်ပင်။
'နင့်လိုမျိုး မိန်းကလေးကို ဘယ်ယောက်ျားလေးက အိမ်ထောင်ပြုရဲမှာတုန်း'

ယွမ်ချီကျီလည်း တစ်ခုခုပြန်ပြောရန်အတွက် လည်ချောင်းအား ရှင်းလိုက်သည်။

သူမ ပြန်မပြောနိုင်ခင်မှာဘဲ ရွယ်ဟောင်ဖန်က သူမနောက်ကနေထွက်လာပြီး သူမဘေးမှာ ဝင်ရပ်ကာ လျူရှောင်းအား စူးစူးရဲရဲစိုက်ကြည့်လျက်
"တွေ့ရတာဝမ်းသာပါတယ်။ ငါက ချီကျီရဲ့ခင်ပွန်းပါ"
ဟု သူ့ကိုယ်သူ အရင် မိတ်ဆက်လိုက်တော့သည်။

လျူရှောင်းဟာ ထိုစကားကြောင့် အံ့အားသင့်သွားပြီး မျက်နှာပေါ်မှ အပြုံးသည်လည်း ပျောက်ကွယ်သွား၏။ သူ့မျက်လုံးထဲမှာတော့ လက်မခံနိုင်မှုများက အပြည့်ပင်။

ယွမ်ချီကျီလည်း သူမယောက်ျား၏လက်မောင်းကိုတွဲလိုက်ပြီး လျူရှောင်းကို ကြည့်ကာ
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟယ်။ တကယ်တော့ ငါက လက်ထပ်ပြီးသွားပြီဟ။ ငါ လက်ထပ်လိုက်တဲ့သူက နင့်ထက်လည်း ငယ်တယ်။နင့်ထက်လည်း ထက်မြက်တယ်။ နင့်ထက်ပိုပြီးတော့လည်း မိန်းမ‌အပေါ် သိတတ်တယ်။ ဪ၊ ပြီးတော့ နင့်လိုမျိုး မိန်းမအပေါ် အနိုင်ကျင့်လက်ပါတာမျိုးလည်း မရှိဘူး။ ဘယ်လိုလည်း ငါ့ခင်ပွန်းက အရမ်းတော်တယ်မလား။ ပြီးတော့ ငါတို့က ပေကျင်းကိုသွားကြတော့မလို့လေ"
ဟု ဂုဏ်ယူစွာဖြင့် ဝံ့ကြွားလိုက်သည်။

လျူရှောင်းဟာ သူ့ရှေ့က အမျိုးသားကို ကြည့်ပြီး မျက်နှာဟာ မထိန်းနိုင်တော့လောက်အောင် ပျက်ယွင်းသွားတော့သည်။
‌သူ့ရှေ့မှ ငယ်ရွယ်ခန့်ညားသည့် အမျိုးသားဖြင့် ယှဉ်ပါက သူဟာ အိုကြီးအိုမနဲ့ပင် တူနေပါသည်။

ဒါ့ကြောင့် သူရဲ့ဟန်ဆောင်မျက်နှာဖုံးလည်း ကွာကျသွားပြီး ယွမ်ချီကျီအား အရုပ်ဆိုးသော လေသံဖြင့်
"ယွမ်ချီကျီ၊ ယွမ်ချီကျီ။ 'နွားအိုမြက်နုကြိုက်' ဆိုတဲ့စကားပုံက နင့်အတွက် ဖန်တီးပေးထားသလားထင်ရတယ်နော်"
ဟု ခနဲ့လိုက်တော့သည်။

"ဪ"
ယွမ်ချီကျီကတော့ 'ဪ' တစ်ခွန်းတည်းဖြင့် လျူရှောင်း၏စကားကို တုံ့ပြန်လိုက်သည်။

ပြီးမှ သူမက လျူရှောင်းဘေးမှ အမျိုးသမီးကို ကြည့်ကာ
"အမ၊ ကျွန်မလေ အမကို တကယ် လေးစားတယ်သိလား။ လျူရှောင်းလိုမျိုး ဘာမှအဖြစ်မရှိတဲ့သူကို လက်ထပ်နိုင်လိုက်တာမို့ အမကို ဘယ်လို လေးစားမိလို့ လေးစားရမှန်းမသိတော့ဘူး"
ဟု ပြောလိုက်သည်။

ထိုစကား‌များကြောင့် လျူရှောင်းဘေးမှ အမျိုးသမီးလည်း မျက်နှာပျက်သွား၏။ လျူရှောင်းသည်လည်း ဒေါသကြောင့် မျက်နှာကြီးနီရဲလာကာ
"ယွမ်ချီကျီ၊ နင် ဘာစကားပြောတာလဲ"
ဟု အော်ဟစ်လိုက်၏။

ထိုသို့အော်ဟစ်ပြီးနောက် ရလဒ်အနေနဲ့ ဖန်ဂေါ်လီတစ်လုံးဟာ သူ့မျက်နှာအား အရှိန်ပြင်းပြင်းဖြင့် ထိမှန်သွား၏။

ရွယ်ဟောင်ဖန်က သူ့သမီး၏လက်ထဲကနေ ယူထားသော ဖန်ဂေါ်လီများကို လက်ထဲမှာလှိမ့်နေကာ အေးစက်စက်မျက်နှာထားဖြင့် လျူရှောင်းအား
"ငါ့မိန်းမကို စကားပြောတဲ့အခါ အော်မပြောနဲ့"
ဟု မာန်လိုက်သည်။


မျက်နှာအား ဖန်ဂေါ်လီဖြင့် အပစ်ခံလိုက်ရ၍ လျူရှောင်လည်း ရွယ်ဟောင်ဖန်အား နည်းနည်းပါးပါးတော့ လန့်မိသည်။ ဒါ့ကြောင့် သတ္တိမွေးလိုက်ပြီးမှ ရွယ်ဟောင်ဖန်အား
"ဒါနဲ့ ငါလည်း မင်းကိုမေးရဦးမယ်။ ယွမ်ချီကျီလိုမျိုး တစ်လင်ကွာပြီး ကလေး လေးယောက်မွေးထားတဲ့မိန်းမမျိုးကို ဘာကြည့်ပြီးတော့ ယူလိုက်တာတုန်း"
ဟု စော်ကားလိုက်၏။

'ဖောင်းးးးး'
ရလဒ်အနေနဲ့ သူ့မျက်နှာ‌အား နောက်ထပ် ဖန်ဂေါ်လီစာမိသွားခြင်းပင်။

ရွယ်ဟောင်ဖန်က
"ဒါတွေအာလုံးက မင်းကြောင့်ဘဲ ဖြစ်ခဲ့တာလေ။အခုမှ သူများကို လိုက်အပြစ်တင်မနေနဲ့ကွ"

ဒီတစ်ကြိမ်မှာတော့ လျူရှောင်းလည်း တိတ်သွားကာ ဘာမျှထပ်မပြောတော့ချေ။

အဓိက,ကတော့ ကလေးလေးတစ်ယောက်အား ပွေ့ရင်း ဆိုင်ထဲကနေ ထွက်လာသည့် ယွမ်ချန်းရှန်ကို မြင်လိုက်ရတာကြောင့်ပင်။ ယွမ်ချန်းရှန်ကြောင့် သူဟာ အိပ်မက်ဆိုးများပင် ခံစားခဲ့ရပါသည်။

ဒါ့ကြောင့် အခုလိုပြန်တွေ့ချိန်မှာ ရိုးတွင်းချဉ်ဆီများထဲကနေပင် နာကျင်မှုကို လျူရှောင်းခံစားလိုက်ရ၏။

ယွမ်ချီကျီဟာ လျူရှောင်းအား ကြည့်လေရွံလေ ဖြစ်လာသည်။ ဒါ့ကြောင့် သူမ၏ယောက်ျား ရွယ်ဟောင်ဖန်၏လက်ကိုဆွဲလို့ လျူရှောင်းရှေ့ကနေ ထွက်လာခဲ့သည်။

ယွမ်ချန်းရှန်ကလည်း သူ့ကလေးကို ပွေ့ချီလျက်
"လာကြဟေ့ ငါတို့တွေ ရထားပေါ်မှာစားဖို့ မုန့်လေးဘာလေး သွားဝယ်ရအောင်"
ဆိုပြီး ပြောလိုက်တော့သည်။

"သမီးကတော့ ပေါင်မုန့် စားမှာနော်"
ယွမ်ရိက သူမစားချင်သည့်မုန့်ကို ကြိုပြောလိုက်သည်။

ယွမ်ကျဲကလည်း
"သမီးလည်း ပေါင်မုန့်စားမယ်။ ပြီးတော့ နို့သကြားလုံးရောဘဲ"
ဟု ဝင်ပြောလိုက်၏။

ထို့နောက် သူတို့တွေဟာ လျူရှောင်းအနားကနေ ထွက်လာခဲ့ကြတော့သည်။

လျူရှောင်းဟာ ထွက်ခွာသွားသည့် ယွမ်ရိတို့တတွေအား ကြည့်ကာ အံ့တကြိတ်ကြိတ်ဖြင့် ဖြစ်နေတော့၏။

သူ့ဘေးမှ အမျိုးသမီးက
"နင့်အရင်မိန်းမကို ကြည့်ရတာ စိတ်ချမ်းသာနေတဲ့ပုံဘဲ"
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် လျူရှောင်း၏မျက်နှာကြီး မဲမှောင်သွားကာ သူ့မိန်မအသစ်ကို ခေါ်လျက် ထိုနေရာကနေ ထွက်လာခဲ့တော့၏။

ယွမ်ရိတို့ဟာ တုန်းဖန်မြို့မှာ တစ်ညတာ တည်းခိုအနားယူခဲ့ကြသည်။ နောက်နေ့မနက်ရောက်တာနဲ့ မနက်စာကို အရင်စားသောက်ခဲ့ကြသည်။ ထို့နောက် ရထားဘူတာရုံကို ထွက်လာခဲ့ကြတော့သည်။


ရထားဘူတာရုံသို့သွားရာတွင် အဒေါ်ချန်ခွန်း၏ ဖခင်က သူ၏ထော်လာဂျီဖြင့် လိုက်ပို့ပေးခဲ့သည်။

ထို့နောက် သူတို့ဟာ ရထားလက်မှတ် ဝယ်ယူပြီး  ရထားပေါ်သို့ တက်လိုက်ကြတော့သည်။ မကြာခင်မှာဘဲ ရထားဟာ တုန်းဖန်မြို့ဘူတာရုံအတွင်းမှ ဥဩဆွဲလျက် တရွေ့ရွေ့ ထွက်ခွာသွားတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့မှလွဲ၍ ကျန်သောသူများအတွက် ရထားစီးရသည့် ပထမဆုံးအကြိမ်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေကြသည်။ ကလေးပေါက်စနှစ်ယောက်ဖြစ်သည့် ယွမ်တပေါင်နဲ့ယွမ်ရွယ်တို့ပင် မြူးတူးနေကြသည်။

သူတို့ဟာ ရထားပြတင်းပေါက်မှတဆင့် အပြင်ဘက်မှ မြင်ကွင်းများကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြတော့သည်။

နောက်တစ်နေ့ နေမွန်းတည့်ချိန် ရောက်သည့်အခါ ယွမ်ရိတို့တွေလည်း သူမဝယ်ယူထားသည့် ပေကျင်းမြို့စွန့်မှ အိမ်သို့ ရောက်ရှိလာကြ၏။

အိမ်ဟာ အနည်းငယ် အိုဟောင်းနေပေမယ့် ထမင်းစားပွဲ၊ ကုတင် အစရှိသည့် ပရိဘောဂများအားလုံး ရှိနေပါသည်။

သန့်ရှင်းရေးလုပ်ပြီး နေ့စဉ်အသုံးအဆောင်များ ဝယ်ယူပြီးပါက သူတို့အတွက် ဤအိမ်တွင်နေဖို့ထိုင်ဖို့ အဆင်ပြေသွားမှာဖြစ်သည်။ ယွမ်ရိတို့တွေလည်း အထုပ်အပိုးချပြီး ခဏမျှအနားယူပြီးသည့်နောက်မှာ အိမ်ကို သန့်ရှင်းရေး စ‌လုပ်ကြတော့သည်။

လူအများဖြင့် သန့်ရှင်းရေးလုပ်သဖြင့် တစ်နာရီဝန်းကျင်အတွင်းမှာဘဲ ပြီးစီးသွားခဲ့ကြသည်။ သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ယွမ်ရိတို့ဟာ အိုး၊ ခွက်၊ ပန်းကန်၊ အိပ်ရာ၊ ခေါင်းအုံး၊ ခေါက်ဆွဲခြောက်၊ ဆီ၊ ဆားနဲ့အခြားလိုအပ်သည့်အရာများကို သွားဝယ်ခဲ့ကြသည်။

ညနေခင်းရောက်သည့်အခါမှာတော့ ခေါက်ဆွဲခြောက်ကိုပြုတ်ကာ ခပ်ပါးပါးလှီးထားသော အသားပြားများဖြင့် အရသာရှိရှိ ရောနယ်လိုက်၏။ ထို့နောက် ယွမ်ရိတို့အားလုံးဟာ အရသာရှိသော ခေါက်ဆွဲသုပ်အား ညစာအဖြစ် ပျော်ရွှင်စွာ သုံးဆောင်ကြတော့၏။

ရွယ်ဟောင်ဖန်က ခေါက်ဆွဲစားနေရင်းဖြင့်
"အိမ်ရှေ့မှာ စိုက်ခင်းလေးရှိတယ်။ နောက်ရက်ကျရင် အဲ့စိုက်ခင်းထဲမှာ အသီးအရွက်အချို့ စိုက်ထားလိုက်မယ်"
ဟု ပြောလိုက်သည်။

ယွမ်ချီကျီကလည်း ခေါင်းညိတ်ကာ
"ရှင်ပြောတာဟုတ်တယ်။ ခြံဝန်းထဲက မြေကွက်က အသီးအရွက်တော်တော်များများ စိုက်ပျိုးနိုင်တဲ့အထိ ကျယ်တာဘဲလေ"

ယွမ်ရိဟာ သူမ၏ဦးလေး‌တွေနဲ့ဒေါ်လေးတွေကို ကြည့်ပြီး ပီတိဖြစ်စွာ ပြုံးလိုက်မိ၏။ ထို့နောက် အလုပ်ကိစ္စနဲ့ပတ်သက်သည့် အစီအစဉ်များကို စတင်ပြောတော့သည်။
"ဦးလေးငါးနဲ့ဒေါ်လေးချန်ခွန်းတို့က အနီးအနားက ရပ်ကွက်ထဲက လူတွေနဲ့ရင်းနှီးအောင် အရင်လုပ်ရမယ်နော်။ ဘာလို့လည်းဆိုတော့ ဦးလေးတို့လင်မယားက ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းလို့လေ။ ပြီးရင် ရပ်ကွက်ထဲက ဆယ့်ရှစ်၊ ဆယ့်ကိုးအရွယ် မိန်းကလေးတွေကို စက်ချုပ်အခမဲ့သင်ပေးမယ့်အကြောင်းနဲ့ အလုပ်သင်ခေါ်နေတဲ့အကြောင်း ကြေညာပေးပါ"

ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ"
ဟု ပြောလိုက်ကြသည်။

တဖန် ယွမ်ရိက ရွယ်ဟောင်ဖန်ကို ကြည့်လိုက်ပြီး
"ဦးလေးဟောင်ဖန်းကတော့ သမီးတို့ လိုအပ်တဲ့ပစ္စည်းတွေကို စက်ရုံကနေ တိုက်ရိုက်သွားဝယ်ပေးရမယ်နော်။ ပထမတစ်ခေါက်ကို သမီးရော လိုက်ခဲ့ပေးမယ်။ နောက်အခေါက်တွေကျရင်တော့ ဦးလေးဘဲသွားပေးနော်။ စက်ရုံက သမီးဝယ်နေကြမို့လို့ စိတ်ချရတယ်ရယ်"
ဟု ပြောလိုက်သည်။

ရွယ်ဟောင်ဖန်ကလည်း ခေါင်းညိတ်ကာ
"ကောင်းပြီ။ နင်စီစဉ်ပေးတဲ့အတိုင်း လုပ်ကြတာပေါ့"
ဟု ပြန်ပြောလိုက်သည်။

နောက်ဆုံးကျန်နေသည့် ယွမ်ချီကျီဘက်ကို လှည့်လိုက်ပြီး ယွမ်ရိက
"တတိယအဒေါ်ကတော့ ခဏ‌နားနေရဦးမယ်။ ဒါပေမယ့် အလုပ်သင်တွေ ရောက်လာ‌ရင်တော့ အဒေါ်ကအလုပ်အရှုပ်ဆုံးဖြစ်တော့မှာနော်"
ဟု ပြောလိုက်သည်။

ယွမ်ချီကျီလည်း ခေါင်းညိတ်လိုက်ပြီး
"အင်းပါ ဘာပဲဖြစ်ဖြစ် အလုပ်သင်တွေ မရသေးတဲ့အချိန် အိမ်မှာ အပင်တွေစိုက်ရင်း ကလေးတွေကို ထိန်း‌နေမှာပေါ့။ ဒါမှ ချန်းရှန်တို့လင်မယားလည်း အေးအေးဆေးဆေး ဖြစ်သွားမှာ"
ဟု ပြန်ပြောလိုက်သည်။

"ဒါဆို ငါကရော အမ"
ယွမ်ကျဲက ဝင်မေးလိုက်သည်။

ယွမ်ရိက ယွမ်ကျဲကိုကြည့်ကာ ပြုံးလိုက်ပြီး
"နင်ကတော့ ကျောင်းစာထဲမှာဘဲ အာရုံစိုက်"
ဟု အဖြေပြန်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"
ယွမ်ကျဲလည်း စိတ်မပါစွာဖြင့် ယွမ်ရိစကားကို နားထောင်လိုက်ရတော့သည်။

ဒီလိုနဲ့ အစီအစဉ်၏ပုံကြမ်းကိုတော့ သူမတို့ဆုံးဖြတ်ပြီးသွားကြပြီဖြစ်သည်။

ညဘက် အိပ်စက်ကြသည့်အခါ အိမ်မှာ အခန်းကိုးခန်းတောင် ပါသည့်အတွက် သူတို့အတွက် လွတ်လွတ်လပ်လပ်ဖြစ်ခဲ့သည်။

နောက်နေ့ရောက်သည့်အခါ ယွမ်ရိက လိုအပ်သည့်ပစ္စည်းများကို စီစဉ်ရန်အတွက် မြို့တွင်းကို သွားခဲ့သည်။

သူမ၏ အဓိက ဦးတည်ရာကတော့ ရှဲ့တုန်းယန်၏ စက်ဘီးပြင်ဆိုင်လေးကိုပင်။ ဟိုရောက်တော့ စက်ဘီးပြင်ဆိုင်လေးက ပိတ်ထား၏။

ဒါ့ကြောင့် ယွမ်ရိလည်း သူမတို့အခါတိုင်း ဆိုင်ဖွင့်နေကြ လမ်းဘေးသို့ လိုက်သွားလိုက်သည်။

သူမဟာလမ်းထဲဝင်လိုက်တာနဲ့ လမ်းဘေးဆိုင်တွေအများအပြားကို မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သည့်နှစ်က ရှဲ့တုန်းယန်နဲ့ ပြောခဲ့ကြသည့်အတိုင်း လူအများအပြားဟာ မိုးဦးမျှစ်ပေါက်များကဲ့သို့ လမ်းဘေးဈေးဆိုင်တွေကို ကိုယ်စီဖွင့်လှစ်လာကြတော့သည်။

ယွမ်ရိလည်း ဈေးဆိုင်အများကြီးကြားမှာ ရှဲ့တုန်းယန်၏ဆိုင်အား လိုက်ရှာလိုက်သည်။

ထိုအချိန်မှာဘဲ ဈေးဆိုင်များအတွင်းမှ ဈေးဆိုင်တစ်ဆိုင်ကို သူမမြင်သွားကာ အံ့အားသင့်သွား၏။အထူးသဖြင့် ထိုဆိုင်၏ပိုင်ရှင်ကို မြင်လိုက်ရသည့်အခါတွင် ဖြစ်သည်။

ထိုဆိုင်ပိုင်ရှင်ကလည်း ယွမ်ရိကိုမြင်သွားသည့်အခါ ထိတ်လန့်တုန်လှုပ်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုဆိုင်ရှင်က ရဲ့ချူးဝမ်ဖြစ်နေ၍ပင်။

ယွမ်ရိလည်း ရဲ့ချူးဝမ်၏ဆိုင်အနီးကို သွားပြီး ပြုံးပြလိုက်ကာ
"နင်ဒီလိုမျိုး လမ်းဘေးမှာ ဈေးရောင်းနေတာကို အဖေနဲ့အမေတို့ သိကြရဲ့လား"
မေးလိုက်၏။

ထိုမေးခွန်းကြောင့် ရဲ့ချူးဝမ်‌တစ်ယောက် ဒေါသတွေ ထွက်လာကာ အသက်ရှူရပ်မတတ်ပင် ဖြစ်သွားတော့သည်။
'ကောင်မ ဒါ.ဒါ တမင်သက်သက် ငါ့ကို ချိုးနှိမ်တာဘဲ'

အဘယ်ကြောင့်ဆိုသော် ယွမ်ရိ ပြောလိုက်သည့်စကားများဟာ ပေကျင်းတွင် ယွမ်ရိနဲ့ရဲ့ချူးဝမ်တို့ ပထမဆုံးပြန်တွေ့ချိန်တုန်းက ရဲ့ချူးဝမ်ပြောခဲ့သည့် စကားတွေဘဲ ဖြစ်နေလို့ပင်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now