အပိုင်း - ၁၀၂.၂
ယွမ်ကျဲ ပြန်သွားတာနဲ့ ယွမ်ရိလည်း အလုပ်စားပွဲမှာ ထိုင်ကာ ဒီဇိုင်းတွေ ရေးဆွဲတော့သည်။ ဖန်းမင်းတောင်ပေါ်ပြန်နေသည့်အချိန်အတွင်း သူမ၏ခန္ဓာကိုယ်ကြီးကသာ အနားယူနေပေမယ့် သူမ၏စိတ်ကတော့ ဝတ်စုံဒီဇိုင်းအဆန်းများကို အချိန်နဲ့မပြတ် စဉ်းစားတွေးတောနေခဲ့သည်။
ဒါ့ကြောင့် အခု အိမ်ကိုပြန်ရောက်သည့်အခါ သူမစဉ်းစားမိသမျှ ဝတ်စုံဒီဇိုင်းများကို ချဆွဲတော့သည်။
အလုပ်ထဲ စိတ်နစ်သွားသဖြင့် မိုးချုပ်သွားမှသာ ရပ်လိုက်သည်။ လက်က နာရီလေးကို တစ်ချက်မြှောက်ကြည့်လိုက်သည့်အခါ ဆယ်နာရီခွဲနေပြီဖြစ်ကြောင်း ပြသနေ၏။
ယွမ်ချန်းရှန်၊ ချန်ခွန်းနဲ့ယွမ်တပေါင်တို့ကတော့ ညစာပါ စားပြီး၍ အိပ်စက်အနားယူနေကြပြီဖြစ်သည်။
ယွမ်ရိလည်း ညောင်းညာကိုက်ခဲနေသည့် ခန္ဓာကိုယ်ကြီးကို လန်းဆန်းသွားစေရန် မျက်နှာသစ်လိုက်သည်။ ပြီးသည့်နောက် သူမဆွဲထားသည့် ဒီဇိုင်းမူကြမ်းကို သေချာပြန်ကြည့်လိုက်သည်။
သူမ စိတ်တိုင်းမကျသေးပေ။ ဒါ့ကြောင့် ကြည့်နေရင်းဖြင့် သူမမျက်ခုံးတွေ တွ့န်ကွေးသွားတော့သည်။
ထိုဒီဇိုင်းအား ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ ပြုပြင်ရမလဲ စဉ်းစားနေချိန်မှာပဲ သူမ၏အနောက်ဘက်မှ ချောင်းဟန့်သံကို ကြားလိုက်၏။
ဒါ့ကြောင့် လှည့်ကြည့်လိုက်သည့်အခါ သူမအား ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် ကြည့်နေသော လင်းယောင်ကို တွေ့လိုက်ရသည်။
ဒါ့ကြောင့် ယွမ်ရိလည်း ပြုံးကာ
"ပြန်လာပြီပေါ့ လင်းယောင်"
ဟု ပြောလိုက်၏။
လင်းယောင်က ယွမ်ရိအား ခပ်ဆွေးဆွေးမျက်ဝန်းများဖြင့် ကြည့်ကာ ယွမ်ရိ၏အနီးကို တိုးကပ်လာပြီး ဆွဲဖက်လိုက်သည်။
"လင်းယောင်လို့ ခေါ်လိုက်တာလား။ ဘယ်လိုခေါ်ရမလဲဆိုတာကို မသိသေးဘူးထင်တယ်"
ဟု မေးလိုက်သည်။
ယွမ်ရိလည်း မျက်ခုံး အနည်းငယ်ပင့်လိုက်ပြီး
"သိပါ့၊ မောင်ရယ်"
ဟု ပြန်ဖြေလိုက်၏။
ယွမ်ရိကို တင်းတင်းကျပ်ကျပ်ဖက် ထားရင်းမှ လင်းယောင်က
"ပြောပါဦး။ မတွေ့ရတဲ့ ရက်တွေအတွင်း မောင့်ကို မလွမ်းဘူးလား"
ယွမ်ရိ : "..........."
'ဒီအရှက်မရှိတော့တဲ့ လင်းယောင်အစား အရင်တုန်းက ခပ်ရှက်ရှက် လင်းယောင်လေးကို ပြန်ပေးကြပါ'
သူတို့နှစ်ယောက် ချစ်သူဖြစ်ပြီးသွားသည့်နောက်မှာ လင်းယောင်တစ်ယောက် ပိုပြီးတော့ အရှက်မဲ့လာခဲ့၏။
ဒါ့ကြောင့် ယွမ်ရိလည်း စကားလမ်းကြောင်းအား အမြန်ဆုံး လွှဲရတော့သည်။
"ဒီနွေဦးပွဲတော်တုန်းက အိမ်မပြန်ဘူးလား မောင်"
ဟု မေးလိုက်သည်။
လင်းယောင်က
"ပြန်တာပေါ့။ ဒီတစ်ခေါက်ပြန်တော့ အမေတို့ကို မောင်တို့အကြောင်း ဖွင့်ပြောလိုက်တယ်။ အမေတို့ကတော့ မကို အရမ်းတွေ သဘောကျနေကြတယ်။သူတို့ဆီကိုလည်း အလည်လာခဲ့ပါဦးတဲ့ ဆိုပြီး ဖိတ်ခေါ်လိုက်သေးတယ်"
ဟု ပြောလိုက်၏။
ထိုစကားကိုကြားတော့ ယွမ်ရိလည်း လင်းယောင်၏ ထွေးပွေ့မှုတွေအောက်ကနေ ရုန်းထွက်လိုက်ပြီး လင်းယောင်အား မျက်နှာချင်းဆိုင်လှည့်ကြည့်ကာ
"တကယ်လား။ ဘယ်အချိန် သွားကြမလဲ"
ဟု ပြန်မေးလိုက်သည်။
လင်းယောင်က ခဏမျှ စဉ်းစားပြီးတဲ့နောက်
"မောင်အလုပ်အားတဲ့နေ့ တစ်နေကုန် သွားကြတာပေါ့။ အလုပ်မအားရင်လည်း ခွင့်ယူပြီး သွားကြမယ်"
ဟု အဖြေပြန်ပေးလိုက်၏။
ယွမ်ရိလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေရာမှ တစ်ခုခုကို စဉ်းစားမိသွားပြီး
"နေပါဦး။ အဲ့လိုတွေ့တဲ့ဟာကို ဆွေပြမျိုးပြလို့ သတ်မှတ်လို့ရလား။ ဒါဆိုရင် အဲ့တာပြီးတာနဲ့ ငါတို့နှစ်ယောက် လက်ထပ်ရတော့မှာပေါ့"
ဟု အလန့်တကြားဖြင့် ရေရွတ်လိုက်သည်။
"ဒါကတော့ 'မ'သဘောပါ။"
လင်းယောင်က လေသံအေးအေးလေးဖြင့်
"'မ' လက်ထပ်ချင်ပြီဆိုရင် မောင်တို့ လက်ထပ်ကြမယ်လေ။ တကယ်လို့ 'မ' က လက်မထပ်ချင်သေးဘူးဆိုရင်လည်း ချစ်သူသက်တမ်းထပ်တိုးကြတာပေါ့"
ယွမ်ရိက လင်းယောင်၏မျက်ဝန်းထဲကို သေချာစိုက်ကြည့်ကာ
"ငါက နင့်ကို လက်မထပ်ဘဲ ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား"
ဟု ထပ်မေးလိုက်သည်။
လင်းယောင်၏လက်တွေဟာ ယွမ်ရိ၏ခါးသွယ်သွယ်လေးပေါ်မှာ ယှက်ပြေးသွားပြီးမှ
"အဲ့လို လုံးမဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ 'မ'က မောင့်ရဲ့ဆွဲဆောင်မှုတွေ၊ ဂရုစိုက်မှုတွေအောက်မှာ လုံးဝကျရှုံးနေပြီမို့လို့ဘဲ"
ဟု သေချာနေဟန်ဖြင့် ပြန်ဖြေပေးလိုက်သည်။
လင်းယောင်၏ ရုတ်တရက် ရင်ခုန်အောင်လုပ်မှုတွေအောက်မှာ ယွမ်ရိ၏နှလုံးသားလေးဟာ စဉ်ဆက်မပြတ်ခုန်လာရစမြဲပင်။
လင်းယောင်က ယွမ်ရိ၏ခေါင်းလေးကို အသာထိန်းကိုင်လျက် နှုတ်ခမ်းဖူးဖူးလေးများကို ငြင်သာစွာဖြင့် အကြင်နာပေးလိုက်သည်။
ရက်အတော်ကြာ ခွဲခွာနေခဲ့ရတာမို့ ငြင်သာစွာဖြင့် စတင်ခဲ့သော အကြင်နာခရီးလမ်းဟာ တဖြည်းဖြည်းဖြင့် ကြမ်းတမ်းကာ လာတော့သည်။
လင်းယောင်ဟာ ရိုးရိုးတန်းတန်း နမ်းရှိုက်ရသည်ကို အားမရတော့ဘဲ ယွမ်ရိ၏ကိုယ်လုံးလေးကို စွေ့ခနဲ ကောက်ပွေ့ကာ စားပွဲပေါ် မတင်လိုက်သည်။
ထို့နောက် လေထုထဲမှာ ပန်းရောင်ချစ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
နောက်ရက်အနည်းငယ်အကြာမှာတော့ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့၏ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပတော့သည်။
မင်္ဂလာပွဲတွင် 'တောင်တန်းနဲ့ပင်လယ်ပမာအချစ်' ဟူသော သီချင်းကို ဖွင့်ထားသဖြင့် သံစဉ်ခပ်မြူးမြူးလေးဖြင့် ဖုံးလွှမ်းလို့နေသည်။
'ငါတို့ အချစ်တွေ များစွာ
တောင်စဉ် တောင်တန်းကြီးများပမာ။
မပြိုလဲ၊ မယိမ်းယိုင် အတူတူ ရှေ့ဆက်လျှောက်ကြမှာ။
ငါတို့ အချစ်တွေ များစွာ
ပင်လယ်ပြင်ကျယ်ကြီးများပမာ။
မုန်တိုင်း လှိုင်းထန် အတူတူ ရင်ဆိုင် ကျော်ဖြတ်ကြမှာ။
ဘာမှ မကြောက်နဲ့ အချစ်ရယ်။
တောင်တန်းနဲ့ပင်လယ်ပမာ'
တက်တက်ကြွကြွလေထုထဲမှာ ယွမ်ရိနဲ့လင်းယောင်တို့ဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာဖြင့် ပြုံးလျက် အကြည်ဆိုက်နေကြသည်။
သီချင်းတစ်ပုဒ်ဆုံးသွားသည့်နောက် ချန်းဝေ့တုန်းက မင်္ဂလာခန်းမအတွင်းမှ ထွက်လာပြီး အခြားသော အခန်းတစ်ခုထဲကို ဝင်လာလိုက်သည်။
ထိုအခန်းထဲမှာတော့ စစ်ဝတ်စုံလေးဖြင့် သပ်ရပ်စွာ ကြည့်ကောင်းနေသော ရူကျောင်းကို ချန်းဝေ့တုန်းတွေ့လိုက်ရသည်။
သူက ရူကျောင်းကို ကြည့်ကာ
"ဘာလို့ ခန်းမထဲ မဝင်ခဲ့တာလဲ"
ဟု မေးလိုက်သည်။
ရူကျောင်းက အပြုံးတစ်ခုကို ဆင်မြန်းလျက်
"ငါ့မှာ အချိန်သိပ်မရလို့ပါကွာ။ မင်းသိတဲ့အတိုင်းပဲ ငါ့အလုပ်က အားလပ်ရက် သိပ်မရှိဘူးကွ။ ခုတောင်မှ မင်းရဲ့မင်္ဂလာဆောင်မို့လို့ လာ လက်ဖွဲ့တာ။ခဏနေ ငါပြန်ရတော့မှာ"
ဟု ပြောလိုက်သည်။
"တွေ့ပြီးသွားပြီလား"
ချန်းဝေ့တုန်းက ရုတ်တရက် ကောက်မေးလိုက်သည်။
ရူကျောင်းက စကားခဏရပ်သွားပေမယ့် ပြန်မဖြေခဲ့ပဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"အာ၊ ငါသွားရတော့မှာဘဲ။ ခု မသွားရင် ငါနောက်ကျတော့မယ်"
ရူကျောင်း မဖြေချင်တာကို မြင်လိုက်တာမို့ ချန်းဝေ့တုန်းလည်း နောက်ထပ် ထပ်မမေးတော့ဘဲ
"အေးပါကွာ။ နောက်ကျရင် ငါတို့ ထပ်တွေ့ကြတာပေါ့"
ဟု ချိန်းဆိုလိုက်၏။
"အေး၊ ဘိုင့်ဘိုင်"
ရူကျောင်းက နှုတ်ဆက်ကာ ချန်းဝေ့တုန်း မင်္ဂလာဆောင်မှ ထွက်သွားတော့၏။
ချန်းဝေ့တုန်းသည်လည်း မင်္ဂလာခန်းမထဲကို ပြန်ဝင်လာခဲ့သည်။
ယွမ်ကျဲက ခန်းမထဲပြန်ရောက်လာသည့် ချန်းဝေ့တုန်းကို ကြည့်ကာ
"ရူကျောင်းလား"
ဟု မေးလိုက်သည်။
ရူကျောင်းက သူမတို့၏မင်္ဂလာပွဲကို တက်မယ်လို့ ကတိပေးထားသည်။ ခုတော့ သူက သူမတို့မင်္ဂလာပွဲကို တက်ပေမယ့် လူကြားထဲတော့ ပေါ်လာချင်ပုံမရချေ။
ချန်းဝေ့တုန်းက ပျော်ရွှင်ကြည်နူးနေသည့် ယွမ်ရိနဲ့လင်းယောင်ကို တစ်ချက်ကြည့်ပြီးမှ ယွမ်ကျဲကိုပြန်ကြည့်ကာ
"လာပါ၊ ဧည့်သည်တွေကို ဧည့်ခံကြရအောင်"
ဟု ပြောလိုက်တော့သည်။
ယွမ်ကျဲလည်း ဘာမျှမပြောတော့ဘဲ ချန်းဝေ့တုန်းနဲ့အတူတူ ဧည့်သည်တွေကို လိုက်လံ ဧည့်ခံလိုက်တော့၏။
ဒီနေ့ကျင်းပသည့် ချန်းဝေ့တုန်းနဲ့ယွမ်ကျဲတို့၏ မင်္ဂလာပွဲလေးဟာ အလွန်ပဲ စည်ကားသိုက်မြိုက်လှပေသည်။ အတီးအမှုတ်တွေကလည်း မြိုင်ဆိုင်လှသလို၊ အကျွေးအမွေးကလည်း ကောင်းမွန်လှ၏။
ယွမ်ရိ၊ ယွမ်ချီကျီ၊ ချန်ခွန်းနဲ့ အခြားသူတွေအားလုံးဟာ အလွန်အမင်း ပျော်ရွှင်ခဲ့ကြပြီး အိမ်ပြန်လမ်းမှာတောင်မှ အရှိန်မသတ်နိုင်ကြသေးဘဲ ဆူညံလို့နေတော့သည်။
လမ်းမှာ ချန်ခွန်းက ယွမ်ရိကိုကြည့်လျက် အပြုံးလေးဖြင့်
"ကဲ၊ ရှောင်ကျဲရဲ့ပွဲလေးကတော့ ပြီးသွားပြီ။ ရှောင်ရိ နင့်အလှည့်ကရော ဘယ်တော့လဲ"
ဟု စနောက်ကာ မေးမြန်းလိုက်သည်။
လင်းယောင်ကလည်း ယွမ်ရိဘက်ကို လှည့်ကာ
"ရှောင်ရိ၊ ကိုယ့်မိဘတွေကို ဘယ်နေ့ သွားတွေ့ကြမလဲ"
ဟု မေးလိုက်သည်။
ယွမ်ရိက လင်းယောင်၏လက်ကိုတွဲလျက်
"ငါက ဘယ်အချိန် သွားတွေ့,တွေ့ ရပါတယ်။ ဦးလေးတို့ အဒေါ်တို့နဲ့ကလည်း ရင်းနှီးပြီးသားဘဲဟာကို။ နင့်အလုပ်သာ အားအောင် အရင်လုပ်စမ်းပါ"
ဟု ပြန်ပြောလိုက်သည်။
လင်းယောင်က အပြုံးပေးဖြင့်
"ကောင်းပြီ ဒါဆိုရင် မောင် အမြန်ဆုံး စီစဉ်လိုက်ပါ့မယ်"
လျူရှင်းဟွာဟာ ရှည်လျားသော သက်ပြင်းတစ်ခုကို ချလိုက်ပြီးမှ
"ရှောင်ရိလေးပါ လက်ထပ်ပြီးသွားရင် ငါစိတ်သက်သာရာရပါပြီအေ"
ဟု ရေရွတ်လိုက်သည်။
သူမ၏မြေးမတွေသာ လင်ကောင်းသားကောင်းရပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်စေဖို့ လျူရှင်းဟွာတစ်ယောက် ဆုမွန်ကောင်း တောင်းပေးလိုက်တော့သည်။