Chapter 15

4.1K 456 2
                                    

အပိုင်း-၁၅


ယွမ်ရိလည်း ငှားလာသော စာအုပ်များအား‌ သစ်သား သေတ္တာအတွင်း သေသေချာချာ ပြန်သိမ်းထားလိုက်၏။ သိမ်းဆည်းပြီးသွားတာနဲ့ ယွမ်ကျဲအား

"ငါတို့ စာလုပ်ရာမှာ အခက်အခဲတွေ့ရင် ရှင်းပြပေးဖို့ တစ်ယောက်ယောက်ကို ငါ အကူအညီ တောင်းထားတယ်။ ဒါပေမယ့် ဒီကိစ္စကို ငါတို့ နှစ်ယောက် ကြားထားမှာ လျှို့ဝှက်ချက် အဖြစ်ထားရမယ်။ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်ဘူးနော်"

ယွမ်ကျဲက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ပါ အစ်မ။ ဒါနဲ့ အစ်မ အကူအညီ တောင်းထားတဲ့ သူက ဘယ်သူလဲ"

"လင်းယောင်လေ"

ယွမ်ကျဲလည်း ထိုနာမည်ကို ကြားတာနဲ့ အံ့အားတကြီး ရေရွတ်လိုက်မိ၏။

"မိုးပျံမျှော်စင်က အရူးကောင်လေးလား"

ယွမ်ကျဲ၏ ရေရွတ်စကားကြောင့် ယွမ်ရိလည်းအနည်းငယ် စိတ်ဆိုးနေသော လေသံဖြင့် ...

"ဟေး၊ သူ့ကို အဲ့လို မခေါ်ရဘူး။ အဲ့ဒါ အရမ်းရိုင်းတယ်နော်"

ယွမ်ကျဲလည်း သူ့ရဲ့လျှာလေး ထုတ်ပြီး ပြုံးလိုက်ကာ ...
"ဒါပေမယ့် တောင်ပေါ်က လူတွေ အကုန်လုံး သူ့ကို အဲ့အတိုင်း ခေါ်ကြတယ်လေ။ သူ့ကို ကောင်းဟိုင်ယန်က အမြဲ အနိုင်ကျင့်နေပေမယ့် သူက ဘာမှ ပြန်မလုပ်ဘူး။ ဒီတော့ လူတွေက သူ့ဦးနှောက်မှာ တစ်ခုခု မှားယွင်းနေတယ်လို့ သတ်မှတ်လိုက်ကြတာ"

ယွမ်ရိလည်း အသက်ကို ခပ်ဖွဖွလေး ရှူလိုက်ပြီး
"အဲ့တာ သူက ပြဿနာ ဖြစ်မှာကို ကြောက်လို့။ ဒါပေမယ့် သူက တကယ့်ကို ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ သူတစ်ယောက်နော်"

ယွမ်ကျဲက ယွမ်ရိအား မယုံသလို ကြည့်ကာ
"တကယ်လား"

ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"တကယ်ပေါ့"

"ဒါဆိုရင် သူ ဉာဏ်ကောင်းပြီး ထက်မြက်တာ‌ကို တောင်ပေါ်က လူတွေက ဘာလို့ မသိရတာလဲ"

ယွမ်ရိက
"ဘာလို့လည်း‌ ဆိုတော့ သူ့အမေက အခြားလူတွေနဲ့ ပေါင်းသင်း ဆက်ဆံတာကို တားမြစ်ထားတာမို့ သူက တောင်းပေါ်က လူတွေနဲ့ ပြောဆို ဆက်ဆံလေ့ မရှိလို့။ ဒါ့ကြောင့် တောင်ပေါ်က လူတွေလည်း သူ့အကြောင်း ဂဃဏန မသိကြဘဲ လျှောက်ပြီး ကောလဟာလတွေ ဖြန့်နေကြတာ"

ထိုအခါမှ ယွမ်ကျဲလည်း သဘောပေါက်သွားပြီး
"ဪ၊ အဲ့လို ဖြစ်နေခဲ့တာကိုး"

အချိန်အတော်ကြာပြီးတဲ့နောက်မှာ ယွမ်ရိဟာ လက်ရှိဘဝနဲ့ အသားကျလာတော့သည်။‌ ဒါပေမယ့်လမ်းပန်းဆက်သွယ်ရေးက သိပ်မကောင်းမွန်သေး၍ တောင်ပေါ်ဒေသက လူတွေဟာ အပြင်လောကကို ရောက်ဖူးသူ မရှိသလောက် နည်းပါးလှပေသည်။ ယွမ်ရိလည်း နေဝင်သွားသည့် အနောက်အရပ်ကို ကြည့်ရင်း သူမ စိတ်ထဲ အမျိုးမျိုးသော အတွေးများဖြင့် ပြည့်နေတော့၏။

နောက်ရက် မနက် လင်းကြက်တွန်တာနဲ့ သူမတို့ နှစ်ယောက်လုံး အိပ်ရာ စောစောထကြ၏။ သူမကတော့ အိမ်အတွက် အလုပ်များ ဝိုင်းကူပြီးတဲ့နောက်မှာ ရွှေသရဖူရွာသို့ အပ်ချုပ်သွားသင်၏။

နေ့လည်အထိ အပ်ချုပ်သင်ပြီးတဲ့နောက်မှာ အိမ်ကို ခဏ ပြန်လာခဲ့တော့သည်။

လမ်းမှာ ဝက်များကို ထိန်းကျောင်းနေသည့် လင်းယောင်ကို တွေ့လိုက်ရ၍ သူ့ အနီးကို ပြေးသွားကာ
"ယောင်ယောင်လေး"
လို့ ခေါ်ရင်း နှုတ်ဆက်လိုက်၏။

လင်း‌ယောင်လည်း ယွမ်ရိကို မြင်သွားကာ ပြန်လည်ပြုံးပြလိုက်၏။
'အင်း၊ သူမကို ကြည့်ရတာ အမြဲကို ပြုံးရွှင်နေတော့တာပဲ။ ဒီလိုမျိုး ဘဝတွေမှာ ကိုယ့်ကိုယ်ကိုယ် ပျော်ပျော်ရွှင်ရွှင် နေတတ်တာကလည်း ကောင်းချီးတစ်မျိုးပါလေ'

ယွမ်ရိ သူ့အနားကို ရောက်လာတာနဲ့ သူက အရင်ဆုံး မေးလိုက်သည်။
"မင်း လိုချင်တဲ့ စာအုပ်တွေ ရှာတွေ့ရဲ့လား"

ယွမ်ရိက
"လောလောဆယ်တော့ တစ်တန်းကနေ ငါးတန်းအထိ တရုတ်စာနဲ့ သင်္ချာ သင်ရိုးစာအုပ်တွေပဲ ရသေးတယ်။ တခြား ငါလိုချင်တဲ့ စာအုပ်တွေ ရှိနေသေးပေမယ့် အရင်ဆုံး ဒီစာအုပ်တွေ သုံးပြီး အခြေခံ အုတ်မြစ် ချဖို့ ကြိုးစာရမယ်"

လင်းယောင်းကခေါင်းတညိတ်ညိတ်ဖြင့်
"ဒါဆိုရင် မနက်ဖြန်မှာ စပြီး သင်ကြမလား"

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"မဖြစ်သေးဘူး။ မနက်ဖြန်ကျရင် ငါ့ ဆရာနဲ့ တစ်‌ယောက်ယောက်ရဲ့ အိမ်မှာ အင်္ကျီတစ်ထည် သွားချုပ်ပေးဖို့ ရှိသေးတယ်။ နှစ်‌ရက်လောက် ငါ အားမှာ မဟုတ်ဘူး"

လင်းယောင်လည်း
"ကောင်ပြီလေ။ ဒါဆိုရင် နင် ပြန်လာမှ သင်ကြတာပေါ့"
လို့ ပြန်ပြောလိုက်၏။

ယွမ်ရိလည်း တောင်စောင်းမှာ ထိုင်ရင်း ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ကာ
"ဘယ်အချိန်မှများ ဖန်းမင်းတောင်ပေါ်ကနေ ထွက်ပြီး အပြင်လောကကို ကြည့်ရှုနိုင်မလဲ မသိဘူး"
လို့ ရေရွတ်လိုက်၏။

မူလ ယွမ်ရိ၏ မှတ်ဉာဏ်များဟာ တကယ့်ကိုအကန့်အသတ်နဲ့ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူမက ဖန်းမင်း‌တောင်ပေါ်မှ ကျေးရွာများနဲ့ ဖန်းမင်းတောင် အပြင်ဘက်မှ မြို့တစ်မြို့ကိုသာ ရောက်ဖူးလို့ ဖြစ်သည်။ ထိုမြို့ကလည်း သူမ၏ တတိယ အဒေါ် အိမ်ထောင်ကျနေသည့် မြို့ဖြစ်ကာ ထိုမြို့ကို ရောက်ဖို့အတွက် သုံး၊ လေးရက်လောက် ကြာအောင် သွားရပါသည်။

ယွမ်ရိ၏ စကားတွေက လင်းယောင်၏ စိတ်နှလုံးကို လှိုင်းထန်သွားစေ၏။

ဒါပေမယ့် သူက ဘာစကားမှ မပြောပဲ သူ့ လက်ထဲမှ သစ်သားတုံးလေးကိုသာ ဓားဖြင့် ထွင်းထုနေခဲ့သည်။

ယွမ်ရိလည်း လင်းယောင်ကို ခေါင်းစောင်းကြည့်လိုက်သည်။ သူမဟာ လင်းယောင်နဲ့ အချိန် အတော်ကြာအောင် ခင်မင်ပြီးသည့်နောက် တော်တော်လေးကို ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။ ဒါ့ကြောင့် သူမက
"နင် အိမ်မပြန်ချင်ဘူးလား"
လို့ မေးလိုက်၏။

အကယ်၍ သည်မေးခွန်းကို အခြားသူတွေက မေးခဲ့ရင် လင်းယောင်က လုံးဝ ပြန်ဖြေမှာ မဟုတ်ပေ။ သူ အိမ်ကို ဘယ်လောက် လွမ်းနေတဲ့အကြောင်း၊ သည်တောင်ပေါ်ကနေ ထွက်ခွာချင်တဲ့အကြောင်း၊ စတဲ့ အကြောင်းအရာတွေကို လုံးဝ ဖွင့်ဟ ပြောဆိုမှာ မဟုတ်။

ဒါပေမယ့် မေးတဲ့သူက ယွမ်ရိ ဖြစ်နေချိန်မှာတော့ သူ့ လက်ထဲမှ ထွင်းနေသည့် ဓားကို ရပ်လိုက်ကာ
"အခွင့်အရေး ရှိခဲ့ရင်ပေါ့"
လို့ ပြန်ဖြေလိုက်တော့သည်။

ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"အင်း၊ အခွင့်အရေး ရှိခဲ့ရင် အပြင်လောကက နင်တို့အိမ်ကို ငါ အလည်လာခဲ့ပါ့မယ်"

ယွမ်ရိဟာ သည်စကားကို ပြောရသည့် အကြောင်းအရင်းကတော့ လင်းယောင်ကဲ့သို့ ထက်မြက်သည့် သူတစ်ယောက်က အခွင့်အရေး တစ်ခုကို မရ ရအောင် ဖန်တီးကာ ဖန်းမင်းတောင်ပေါ်ကနေ ထွက်ခွာနိုင်မှာကို မြင်ယောင်နေလို့ ဖြစ်၏။

လင်းယောင်လည်း ညင်ညင်သာသာ ပြုံးပြလိုက်ကာ
"ကောင်းပြီလေ၊ လာလည်ပေါ့"
လို့ ပြန်ပြောလိုက်၏။

ယွမ်ရိလည်း လင်းယောင်အား ပြန်ပြုံးပြလိုက်သည်။ ထို့နောက် လင်းယောင် လက်ထဲမှာ ထွင်းထုနေသည့် သစ်သားရုပ်အား ကြည့်ကာ
"ဒီနေ့ ဘာအရုပ်ကို နင် ထွင်းနေတာလဲ"

လင်းယောင်လည်း သူ့ လက်ထဲက သစ်သားရုပ်လေးအား မြှောက်ပြလိုက်ကာ
"ဒါက ဝက်ရုပ်လေးလေ။ အချောသပ်ပြီးသွားရင် အရောင်ဆိုးဖို့အတွက် တောင်ပေါ်မှာ လိုအပ်တဲ့ပစ္စည်းတွေ သွားရှာရဦးမှာ"

ယွမ်ရိလည်း ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်
"အယ်၊ ငါတို့ စကား ကောင်းနေတာနဲ့ ညနေတောင် စောင်းတော့မယ်။ ငါ ပြန်တော့မယ်"
လို့ နှုတ်ဆက်ကာ ထိုနေရာမှ ပြန်လာခဲ့တော့သည်။

အိမ်‌ပြန်ရောက်တာနဲ့ သူမက အဝတ်အစား တချို့ကို သူမ လွယ်အိတ်ထဲ ထည့်လိုက်တော့သည်။ သူမ ဆရာနဲ့အတူ အဝတ်အစား တချို့ကို ပထမဆုံး ချုပ်မှာ ဖြစ်သည့်အတွက် ဟိုမှာ အိပ်ဖို့ ဆုံးဖြတ်ထားခြင်းကြောင့် အဝတ်အစားများကို ထည့်နေခြင်း ဖြစ်၏။

လိုအပ်တာတွေ ထည့်ပြီးတဲ့နောက်မှာ လျူရှင်းဟွာအား နှုတ်ဆက်လိုက်တော့၏။

လျူရှင်းဟွာက
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"
လို့ လှမ်းပြောလိုက်၏။

ယွမ်ရိလည်း ပြုံးပြီးတော့ ပြန်ပြောလိုက်သည်။
"သမီးက သမီးကိုယ် သမီးသာ မကဘူး။ သမီးရဲ့ ဆရာ အဖိုး ဆောင်ကိုပါ ဂရုစိုက်ပေးနိုင်ပါတယ်နော်"

လျူရှင်းဟွာက
"ရှောင်ရိ၊ အဖိုး ဆောင်းကို ဆရာလို့ပဲ ခေါ်လေကွယ်။ ဒါမှ ယဉ်ကျေးတဲ့ အပြုသဘောကို ဆောင်တာကွဲ့"

"ဟုတ်ကဲ့ပါ၊ အဖွား ရှင့်"
ယွမ်ရိလည်းသူမ၏ အဖွားကို ဖက်နမ်းလိုက်ပြီး အပြင်ကို ထွက်သွားတော့သည်။

ထိုမြင်ကွင်းကို လျူရှင်းဟွာထံ လာနေသည့် အဖွား ကျောင်းက မြင်တွေ့သွားကာ လျူရှင်းဟွာအား
"နင်က တကယ့်ကို လိမ္မာတဲ့ မြေးမလေး တစ်ယောက် ရထားတာပဲ။ နင့် မျက်နှာပေါ်မှာလည်းအပြုံးတွေကို ဝေဆာနေတဘဲ"

လျူရှင်းဟွာက တစ်ချက် ရယ်မောလိုက်ပြီး
"ဒါကို မျက်နှာပန်း ပွင့်တယ်လို့ ခေါ်တယ်တော့"

အဖွား ကျောင်းက ထွက်ခွာသွားသည့် ယွမ်ရိ၏ နောက်ကျောကို ကြည့်ကာ
"ယွမ်ရိက လူအိုကြီး ဆောင်ဆီမှာ အပ်ချုပ်သွားသင်နေတာလား"

လျူရှင်းဟွာလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ ဒီနေ့တော့ လူအိုကြီး ဆောင်က သူမကို အင်္ကျီချုပ်ရာမှာ ကူဖော်လောင်ဖက်အဖြစ် ညအိပ်ညနေ ခေါ်သွားမလို့တဲ့။ ဒါ့ကြောင့် သူမက အင်္ကျီတွေ ပြန်လာယူတာ"

အဖွား ကျောင်းက ယွမ်ရိအား ချီးမွမ်းလိုက်၏။
"ရှောင်ရိက တကယ့်ကို အဖေတူ သမီးပဲ။ သူမက လိမ္မာတဲ့ အပြင် တော်လည်း တော်တယ်တော့။ ရှင်တို့ ယွမ်အိမ်ကို‌ ဘိုးဘေးတွေ ကောင်းချီးပေးတာပါ ရှင်"

အဖွား ကျောင်းရဲ့ ချီးမွမ်းစကားတွေကြောင့် လျူရှင်းဟွာရဲ့ အပြုံးတွေဟာ ဖုံးမနိုင် ထိန်းမရ ဖြစ်လာတော့သည်။
"ဒါတော့ ဒါပေါ့ ရှင်။ ဒါပေမယ့် ယွမ်ရိ အဖေကိုတော့ ကျွန်မတို့ မတွေ့ရတာ တော်တော်လေး ကြာနေပြီ။ သူကလည်း အိမ်ကို ပြန်မလာနိုင်သလို၊ ကျွန်မတို့ကလည်း သွားမတွေ့နိုင်ဘူးလေ"

အဖွား ကျောင်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တာပေါ့ ရှင်။ ရှင့်သားက စစ်တပ်ထဲကနေ ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ထွက်ခွာလို့ ဖြစ်ပါ့မလဲ"

.......................

အဖိုးဆောင် အိမ်သို့ ယွမ်ရိ ရောက်ပြီး မကြာခင်မှာ သန်မာ ထွားကြိုင်းသည့် အမျိုးသား  လေးယောက်ဟာ ခြံတံခါးကို အသာခေါက်၍ ခြံထဲဝင်လာတော့သည်။

အဖိုး ဆောင်ဟာ အသက်အရွယ် ကြီးနေပြီ ဖြစ်လို့ သွားသွားလာလာ လုပ်ဖို့က မလွယ်ကူတော့ချေ။ ဒါ့ကြောင့် အဝတ်အထည် ချုပ်ချင်တဲ့ သူတွေဟာ အဖိုး ဆောင်ကို ခေါ်ဆောင်ဖို့အတွက်‌ သန်မာသည့်ယောက်ျား လေးဦးကို စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။

ထိုလူလေးဦးထဲမှ နှစ်ယောက်ဟာ အပ်ချုပ်စက်အား သယ်ဆောင်ကြမှာ ဖြစ်ပြီး ကျန်နှစ်ဦးကတော့အဖိုဆောင်းအား သယ်ဆောင်ကြမှာ ဖြစ်သည်။

အဖိုး ဆောင်လည်း ထိုလူ လေးယောက် ဝင်လာတာကို မြင်တာနဲ့ လိုအပ်သည့် အရာတစ်ချို့အား ယွမ်ရိထံ ပေးလိုက်၏။ ထို့နောက် ဆေးလိပ်ကို လက်မှာ ဟန်ပါပါ ညှပ်ကာ ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်၏။

ချက်ချင်းပဲ ယောက်ျား နှစ်ယောက်ဟာ အဖိုး ဆောင် ထိုင်သည့် ကုလားထိုင်အား ရှေ့တစ်ယောက်၊ နောက်တစ်ယောက် မ,လိုက်ကြသည်။ထိုအခါမှ ယွမ်ရိလည်း ကုလားထိုင်ဟာ ထမ်းစင် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ကျန်သည့် ယောက်ျား နှစ်ယောက်ကလည်းအပ်ချုပ်စက်ကို မ လိုက်ကြ၏။ ထို့နောက် သူတို့တွေဟာ အဖိုး ဆောင် ခြံဝန်းထဲကနေ ထွက်လာခဲ့ကြတော့သည်။ ယွမ်ရိလည်း သူတို့ နောက်ကနေလိုက်ရင်း ခြံ အပြင်ကို ထွက်လိုက်၏။ အပြင်ရောက်တာနဲ့ ခြံတံခါးကို သေချာ ပိတ်ကာ လွယ်အိတ် နှစ်လုံးကို သေသေချာချာ လွယ်လျက် အဖိုးဆောင်းတို့ နောက်ကနေ လိုက်သွားတော့သည်။

သူမတို့ဟာ အချိန်အတော် ကြာတဲ့အထိ ခရီးပန်းတိုင်ကို မရောက်သေးချေ။ သူမမှာ နာရီ မရှိ၍ အဖိုး ဆောင်တို့ အိမ်ကနေ ထွက်ခွာလာခဲ့သည်မှာ အချိန် ဘယ်လောက် ကြာပြီမှန်း မပြောနိုင်ချေ။

ဒါပေမယ့် အင်္ကျီအစိမ်းဝတ် အမျိုးသမီး၏ အိမ်ကို ရောက်တဲ့ အခါမှာတော့ နေအတော်လေး မြင့်နေပြီဖြစ်သည်။

ဤခေတ်၊ ဤကာလမှာ ဖန်းမင်းတောင်ပေါ်မှ တစ်ဦးတည်းသော အပ်ချုပ်ဆရာကို ငှားယမ်းနိုင်သည့်သူ အလွန်ရှားပေးသည်။ ဒါ့ကြောင့် အပ်ချုပ်ဆရာအား ငှားယမ်းသည့် ကိစ္စဟာ အလွန် အရေးပါလှပေသည်။

အဖိုး ဆောင်းအား ထမ်းစင်ဖြင့် ထမ်းလာတာကို ကျေးရွာအတွင်းမှ ကလေး သူငယ်များ မြင်ကြတာနဲ့ အမြန် ပြေးလာကြကာ
"အပ်ချုပ်တဲ့ အဖိုး၊ ဒီတစ်ခါ ဘယ်သူက အင်္ကျီ ချုပ်ဖို့ ငှားထားတာလဲ"
လို့ စပ်စပ်စုစု မေးမြန်းကြ၏။

အဖိုး ဆောင်းကတော့ လူတွေ အုံ့အုံ့၊ အုံ့အုံ့ ဖြစ်နေတာကို မကြိုက်ပေ။ ဒါ့ကြောင့် ကုလားထိုင်အား လက်ဖြင့် ပုတ်လိုက်ကာ
"ကလေးတွေ၊ ဝေးဝေးကို သွားကြ။ ဒါ ဆော့ရမယ့်နေရာ မဟုတ်ဘူး"

ကလေးတွေထဲက‌ တစ်ယောက်ကတော့ ယွမ်ရိ အနားကပ်ကာ
"ဟေး၊ မမက ဘယ်သူလဲ။ ဘာလို့ အပ်ချုပ်တဲ့ အဖိုးနဲ့ လိုက်လာတာလဲ"

ယွမ်ရိလည်း ခရီး အတော်ကြာအောင် လမ်းလျှောက်ထားရ၍ အနည်းငယ် မောပန်းနေ၏။ ဒါပေမယ့် သူမအား စကား‌လာပြောသည့် ကလေး၏ အသုံးအနှုန်းတွေက ရိုင်းစိုင်းတယ်လို့ခံစားလိုက်ရ၍ ...
"ကလေး။ အဖိုးကို အပ်ချုပ်ဆရာကြီးဖြင့် အပ်ချုပ်ဆရာကြီး၊ အဖို့ဖြင့် အဖိုး၊ တစ်ခုခု ခေါ်ပါကွယ်။ ဒီလိုမျိုး အပ်ချုပ်တဲ့ အဖိုးလို့ ခေါ်တာကြီးက ရိုင်းရာကြတယ်ကွဲ့"
လို့ သွန်သင်လိုက်၏။ ဒါပေမယ့် ကလေးကတော့ သူမအား မျက်လုံးပြူးပြူးဖြင့် ကြည့်ကာ
"ကျွန်တော့ဘာသာ ဘယ်လိုခေါ်ခေါ်လေ၊ အစ်မ ကိစ္စလား"

ယွမ်ရိလည်း ထိုကလေးနဲ့ ဘာမျှ ထပ်မပြောချင်တော့တာမို့
"ဟေး၊ ယွမ်ချန်းရှန်ဆိုတဲ့ သူကို သိလား။ သူက ငါ့ရဲ့ ဦးလေး ငါး နော်"
လို့ ပြောရင်း ခြောက်လိုက်သည်။

ထိုအခါ ကလေးငယ်၏ ပြူးနေသော မျက်လုံးများဟာ ပိုပြူးသွား၏။ ထို့‌နောက် ယွမ်ရိ အနားကနေ အဝေးကို တစ်ချိုးတည်း ထွက်ပြေးတော့လေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora