အပိုင်း - ၇၀.၂
အိမ်ပြန်ရောက်သည့်အခါမှာလည်း ရဲ့ချူးဝမ်က သူမအခန်းထဲကိုတန်းဝင်သွားခဲ့သည်။ သူမက အခန်းထဲမှာဘဲ အောင်းနေကာ မည်သူနဲ့မျှ မတွေ့ဆုံအောင် ရှောင်ကြဉ်နေခဲ့သည်။
ကျောင်းက လူအများရှေ့မှာ သုံးသပ်စာကိုဖတ်ပြခဲ့ပြီးပြီဖြစ်ပေမယ့် အိမ်ကလူတွေရှေ့မှာတော့ တောင်းပန်စကားလေးတစ်ခွန်းတောင်မှ သူမ မပြောခဲ့ချေ။
သူမက သူမအခန်းထဲ ကုတင်ပေါ်မှာလည်း လဲလျောင်းနေကာ မျက်စိကိုမှိတ်ထားလိုက်တော့သည်။ ထိုသို့နေလိုက်ပါက လောကကြီးနဲ့ ခဏမျှအဆက်အသွယ်ပြတ်သွားတယ်လို့ သူမစိတ်ထဲခံစားရလို့ပင်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ သူမနဖူးပေါ်မှ ကျောက်ခဲပေါက်ခံထားရသည့် ဒဏ်ရာဟာလည်း သက်သာသွားခဲ့သည်။
သူမက ရက်အနည်းငယ်လောက်ပစ်ထားမိသည့် ကျောင်းလွယ်အိတ်အား ယူကာ ဖွင့်ကြည့်လိုက်သည်။
ထိုအခါ စာရွက်အနီရောင်လေးမြင်လိုက်ရ၍ ထုတ်ယူကာ ဖြန့်ကြည့်လိုက်သည်။
"ဒီအဖြစ်အပျက်ကြီးက မကြာခင်မှာဘဲ ပြီးသွားမှာ၊ လူတွေကလည်း မကြာခင်မေ့သွားမှာရယ်။ ဒါ့ကြောင့် ဖြစ်ခဲ့သမျှကို နောင်တမရနဲ့နော်။ အားတင်းထား"
ဟု ထိုအနီရောင်စာရွက်ထဲမှာ ရေးသားထား၏။
ပြေးကြည့်စရာမလိုအောင်ပင် ထိုစာအား လုယွမ်ကျန်းက ရေးထည့်ပေးလိုက်ခြင်းဖြစ်သည်။
ထိုစာကို ဖတ်ပြီးသည့်နောက် ရဲ့ချူးဝမ်မျက်ဝန်းအိမ်အတွင်း ငွေ့ရည်များဖွဲ့သီလာတော့သည်။ ဒါပေမဲ့ သူမနှုတ်ခမ်းများကတော့ ပြုံးယောင်ယမ်းလာကာ
"စိတ်မပူပါနဲ့။ ဖြစ်ခဲ့သမျှကို ငါလုံးဝနောင်တရမှာမဟုတ်ဘူး။ ငါ့ကိုယ်ငါလည်း အားတင်းထားတယ်"
ဟု သူမကြားရုံမျှသောအသံလေးဖြင့် ရေရွတ်လိုက်တော့သည်။
ရဲ့ချူးဝမ်၏အဖြစ်အပျက်နဲ့ပတ်သက်ပြီး ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့အပေါ်မှာ သက်ရောက်မှုတချို့ရှိခဲ့ပေမယ့် သက်ရောက်မှုက သိပ်မကြီးမားချေ။ အဘယ်ကြောင့်ဆိုသော် သူတို့လေးယောက်က ရဲ့ချူးဝမ်နဲ့ဆက်ဆံရေးကျဲပါးကာ သိပ်မရင်းနှီးကြလို့ဘဲဖြစ်သည်။
ရဲ့ဖန်ကတော့ ရဲ့ချူးဝမ်၏မောင်အရင်းဖြစ်တာကြောင့် ယွမ်ရိတို့ထက် ပိုပြီး သက်ရောက်ခဲ့ပေမယ့် သူက ဘာမှမပြောဘဲ မျိုသိပ်ထားခဲ့သည်။
ရဲ့ချူးဝမ်နဲ့ပတ်သက်ပြီး သက်ရောက်မှုအပြင်းဆုံးကတော့ ယွမ်ချန်းဖူ၊ ဖန်းရှုံးယန်နဲ့ယွမ်ချူးယန်တို့ သုံးယောက်ဘဲဖြစ်သည်။
ယွမ်ချန်းဖူဟာ သူ့သမီးရဲ့ချူးဝမ်၏လုပ်ရပ်တွေကို ရှက်လွန်းသဖြင့် တပ်ထဲမှာ မိတ်ဆွေတွေနဲ့တောင် စကားဖြောင့်ဖြောင့်မပြောနိုင်တော့ချေ။ အရှင်းဆုံးပြောရပါက သူဟာ အပေါင်းအသင်းတွေကြားမှာ မျက်နှာမဖော်နိုင်အောင် ဖြစ်နေတော့သည်။
ဖန်းရှုံးယန်သည်လည်း ရှက်လွန်းသဖြင့် အိမ်ထဲက အိမ်အပြင်ကိုတောင်မှ မထွက်တော့ချေ။ ထွက်ရပြီဆိုပါကလည်း အမြန်သွားကာ ဘယ်သူနဲ့မှမတွေ့ခင် ဝယ်စရာရှိတာဝယ်ပြီး အိမ်ကိုအမြန်ပြန်လာခဲ့လေ့ရှိသည်။
ယွမ်ချူးယန်သည်လည်းဘဲ ယခင်ကကဲ့သို့ ရဲ့ချူးဝမ်နဲ့တပူးပူးတတွဲတွဲမနေတော့ဘဲ ရှောင်ခွာပြီး နေတော့သည်။
ရဲ့ချူးဝမ်ကလည်း သူမဘာသာသူမတစ်ယောက်တည်းနေတော့သည်။
ခွင့်ရက်ပြည့်၍ ကျောင်းကိုပြန်တက်ရသည့်အခါမှာလည်း သူမက ဘယ်သူနဲ့မှစကားမပြောတော့ဘဲ တစ်ယောက်တည်း သီးသန့်နေတော့သည်။
ဒါပေမယ့် သူမ၏မျက်ဝန်းထဲမှာတော့ အရာရာကို ရင်ဆိုင်ရဲသည့်စိတ်ဓာတ်တွေအပြည့်ဖြင့်ပင်။ သူမက ဘယ်တော့မှ ခေါင်းငုံ့မနေဘဲ ကိုယ့်လမ်းကိုယ်ဖောက်သွားမည့် အရှိန်ပြင်းပြင်းရထားတစ်စီးကဲ့သို့ပင် ကိုယ်လုပ်စရာရှိတာကိုသာ လုပ်ခဲ့သည်။
ပတ်ဝန်းကျင်၏ တီးတိုးတစ်မျိုး၊ ပေါ်တင်တဖုံ ကဲ့ရဲ့စကားများကိုလည်း လျစ်လျူရှုထားခဲ့သည်။
ဒါတွေအားလုံးဟာ အချစ်ရဲ့စွမ်းအားတွေကြောင့်ပင်။ ပိုပြီးရှင်းအောင်ပြောရလျှင် ရဲ့ချူးဝမ်ဟာ သူမနဲ့လုယွမ်ကျန်းတို့ကြားက ချစ်ခြင်းမေတ္တာအား ယုံကြည်ချက်ထားပြီး အားတင်းထားခြင်းဖြစ်သည်။
သူမတို့အားတင်းထားသရွေ့ တစ်နေ့မှာ သူမတို့နှစ်ယောက်အတွက် သာယာသောနေ့ရက်လေးတွေ ရောက်လာနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားခဲ့ပေသည်။
ဒါပေမယ့် သူမအတွက် ပြောင်းလဲသွားတာတစ်ခုတော့ရှိပေသည်။ ထိုအရာကတော့ သူမဟာ မိသားစု၏အချစ်တော် စံပြသမီးလေးဘဝအဖြစ်မှ အပယ်ခံတစ်ယောက်ဘဝအဖြစ်ကို ရောက်သွားခြင်းဘဲဖြစ်ပေသည်။
ရည်းစားထားမိလိုက်သည့်အတွက် မိသားစုအတွင်း သူမ၏အဆင့်အတန်းဟာလည်း အလွန်အမင်းနိမ့်ကျသွားတော့သည်။
ယွမ်ချူးယန်နဲ့ဖန်းရှုံးယန်တို့ဟာ ယခင်ကဆိုလျှင် ရဲ့ချူးဝမ်နဲ့အရင်းနှီးဆုံးဖြစ်ခဲ့သည်။ အခုချိန်မှာ ရဲ့ချူးဝမ်ရဲ့ကိစ္စက သူတို့သားအမိနှစ်ယောက်လုံးအပေါ်မှာ သက်ရောက်မှုအလွန်ပြင်းထန်ခဲ့သည်။
သူတို့သားအမိနှစ်ယောက်ဟာ ရဲ့ချူးဝမ်နဲ့အရင်ကလိုမျိုး ရင်းရင်းနှီးနှီးမနေကြတော့ပေ။ သူတို့သားအမိနှစ်ယောက်ဘဲ အချင်းချင်းဖေးမကာ နေကြတော့သည်။
သူတို့သားအမိနဲ့ ရဲ့ချူးဝမ်ကြားက ဆက်ဆံရေးက ပြတ်မလိုလို၊ မပြတ်မလိုလိုဖြစ်နေသည်။
ယွမ်ချန်းဖူနဲ့ရဲ့ချူးဝမ်တို့၏ဆက်ဆံရေးကတော့ လုံးဝအေးစက်သွားပြီဖြစ်သည်။
ယွမ်ချန်းဖူ၏ပါးရိုက်ချက်က ရဲ့ချူးဝမ်၏ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အကြီးအကျယ်ထိခိုက်စေခဲ့သည်။ သူမက သူမအဖေအပေါ်မှာ လုံဝကြောက်ရွံ့သွားကာ မျက်နှာချင်းမဆိုင်ရဲသလိုဖြစ်သွား၏။
ယွမ်ချန်းဖူဟာလည်း သူ့သမီး၏လုပ်ရပ်ကြောင့် သူ့အလုပ်မှာရော၊ ပတ်ဝန်းကျင်မှာပါ မျက်နှာမဖော်နိုင်ဖြစ်သွားသဖြင့် သူ့သမီးအပေါ်မှာ အကြီးအကျယ်စိတ်ဆိုးနေကာ ခွင့်မလွှတ်နိုင်ဘဲဖြစ်နေသည်။
ရဲ့ချူးဝမ်ဟာ ကျောင်းကထုတ်ထားသည့် ရည်းစားမထားရဘူးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်ခဲ့သည်။ ထိုအရာကို ရဲ့ချူးဝမ်ထက်ငယ်သည့် အခြားကလေးများက လိုက်နာခဲ့ကြပေမယ့် ရဲ့ချူးဝမ်က နောက်ကွယ်မှာ ထိုစည်းကမ်းအား ချိုးဖောက်ခဲ့သည်။
သူမက သူတို့လင်မယားကိုပင် လိမ်ကာ နောက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့သည်။
သူတို့လင်မယားအား မိဘတွေအဖြစ် သတ်မှတ်သေးရဲ့လားဟုပင် ယွမ်ချန်းဖူတစ်ယောက် တွေးတောမိ၏။
သူတို့ဟာ ဘယ်လိုဘဲ မိဘအရင်းတွေမဟုတ်ဘူးပြောပြော ရဲ့ချူးဝမ်အပေါ်မှာ သားသမီးအရင်းနဲ့မခြား၊ မခွဲခြားဘဲ တန်းတူဆက်ဆံပေးခဲ့သည်။ ကုန်ကုန်ပြောရလျှင် သားသမီးအရင်းတွေထက်တောင်မှ ရဲ့ချူးဝမ်တို့အား ချစ်ပေးခဲ့သည်။ ဆက်ဆံပေးခဲ့သည်။
ရဲ့ချူးဝမ်တို့ကို ပျိုးထောင်ရာမှာ အခက်အခဲကြုံရသည့်အတွက် သူတို့၏သွေးရင်း ယွမ်ရိကိုပင် တောင်ပေါ်ကအဖိုးအဖွားတွေထံ ပို့ပစ်တာကိုကြည့်ရင် ရဲ့ချူးဝမ်တို့အပေါ် ဘယ်လောက်ကရုဏာထားပြီးပြုစုပျိုးထောင်ခဲ့တယ်ဆိုတာ သိနိုင်ပေသည်။
ဒီလောက် အလိုလိုက်ပြီး သွေးရင်းသားသမီးတွေထက်သာတဲ့ ပြုစုပျိုးထောင်မှုတွေနဲ့ ပြုစုပျိုးထောင်ခဲ့တာကိုတောင်မှ သူတို့အပေါ်မှာ အရှက်ရအောင် လုပ်သွားသည့်အတွက် ယွမ်ချန်းဖူက ရဲ့ချူးဝမ်အပေါ်မှာ ခွင့်မလွှတ်နိုင်ဖြစ်နေရခြင်းပင်။
မိသားစုအတွင်းက အခြားသောမိသားစုဝင်တွေအပေါ်မှာ သူကအကြွေးတင်နေသလိုမျိုး ခံစားရပေမယ့် ရဲ့ချူးဝမ်၏အပေါ်မှာတော့ သူကလိပ်ပြာလုံပေသည်။
ရဲ့ချူးဝမ်အား နွေးနွေးထွေးထွေးဖြင့် လိုလေသေးမရှိအောင် ထားသည့်မိသားစုဖြစ်သော သူတို့က ဒုတိယပါဆိုလျှင် မည်သူမျှပထမနေရာယူရဲကြမှာမဟုတ်ပေ။
မိသားစုထဲမှာ သားသမီးရှစ်ယောက် (သားသမီးခုနှစ်ယောက်၊ ယွမ်ကျဲရောဆိုလျှင်ရှစ်ယောက်) ရှိပေမယ့် သမီးကြီးဖြစ်သည့် ရဲ့ချူးဝမ်သည်သာ အလိုလိုက်အခံရဆုံးဖြစ်ပေသည်။
"ကြည့်ရတာ ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်ဘူးထင်တယ်။ ကိုယ့်သားသမီးတွေကို လမ်းမှားရောက်သွားပြီးမှ သိရတာဆိုတော့ ငါက တကယ့်ကို ဖခင်မဖြစ်ထိုက်ဘူးဘဲ။ သားသမီးအရင်းကိုလည်း အဝေးပို့ထားမိသလို၊ အနီးမှာရှိတဲ့သားသမီးတွေအပေါ်မှာလည်း ဖခင်တာဝန်မကျေပွန်ခဲ့ဘူး။ ငါက တကယ့်ကို မကောင်းတဲ့အဖေတစ်ယောက်ဘဲ"
ယွမ်ချန်းဖူတစ်ယောက် သက်ပြင်းအား လေးပင်စွာချလျက် စိတ်ပျက်အားလျော့စွာ ရေရွတ်လိုက်မိတော့သည်။
တဖြည်းဖြည်းဖြင့် တစ်ရက်ပြီး တစ်ရက်ကုန်သွားကာ စာသင်နှစ်တစ်နှစ်လည်း ပြီးတော့မည်ဖြစ်သည်။
ဒါ့ကြောင့် အတန်းထဲမှာ ကျောင်းသားကျောင်းသူတချို့သာ ရှိတော့ကာ လူဦးရေကျဲပါးလို့နေ၏။
ကျောင်းစာအပေါ်မှာ အမှန်တကယ်စိတ်ဝင်စားသည့် ကျောင်းသားကျောင်းသူတချို့သာ အတန်းထဲမှာ ရှိနေကြသည်။ ယွမ်ရိနဲ့ယွမ်ကျဲတို့သည်လည်း အတန်းထဲမှ ရှိနေကြ၏။
ညနေကျောင်းဆင်းချိန်ရောက်သည့်အခါ ယွမ်ရိတို့ဟာ လွယ်အိတ်ထဲသို့ စာအုပ်တွေကို ပြန်သိမ်းလိုင်ကြသည်။ ပြီးတာနဲ့ညီအမနှစ်ယောက် အိမ်ပြန်လာခဲ့ကြတော့၏။
လမ်းမှာ ယွမ်ကျဲက
"အမ၊ ဒီနှစ် နွေဦးပွဲတော်ကျရင်ရော တောင်ပေါ်ပြန်ဦးမှာလား"
ဟု မေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ကာ
"ပြန်မှာပေါ့ဟာ။ ညနေ အဖေပြန်လာရင် ငါတို့တွေ တောင်ပေါ်ပြန်မယ့်အကြောင်း ပြောလိုက်မယ်။ မနက်ဖြန်ကျရင် လက်မှတ်တွေစီစဉ်ပေးဖို့ရောပါ တစ်ခါတည်းပြောလိုက်မယ်။ သဘက်ခါရောက်ရင်တော့ ငါတို့တွေ တောင်ပေါ်ပြန်ကြတာပေါ့"
ဟု ပြန်ဖြေပေးလိုက်သည်။
"ရေးးးး တောင်ပေါ်ပြန်ရတော့မယ်ကွ"
ယွမ်ရိစကားများအား ကြားပြီးသည့်နောက် ယွမ်ကျဲဟာ ဝမ်းသာအားရဖြစ်သွားတော့သည်။
သူမတို့ဟာ တောင်ပေါ်နဲ့အဆက်အသွယ်ရပေမယ့် ထိုဟာကလည်း အဆက်အသွယ်ရတယ်ဆိုရုံလေးမျှပင်။ တစ်လလျှင်တစ်ကြိမ်တောင်မှ ပုံမှန်အဆက်အသွယ်မရပေ။ ဒါ့အပြင် စာထဲမှာကလည်း ဘေးကင်းကြောင်း၊ နေကောင်းကြောင်းလောက်သာ ထည့်ရေးဖြစ်တာတွေကများကာ အခြား ထွေထွေထူးထူးအကြောင်းအရာများ သိပ်မပါခဲ့ချေ။
ဒါ့ကြောင့် သူမတို့နှစ်ယောက်လုံး တောင်ပေါ်ဒေသလေးကို အရမ်းလွမ်းနေကြပြီဖြစ်သည်။
ထို့နောက် ညီအမနှစ်ယောက် ပျော်ရွှင်စွာဖြင့် အိမ်ကိုပြန်ခဲ့ကြတော့သည်။
အိမ်ထဲဝင်ခါနီးမှာဘဲ ယွမ်ရိက တစ်စုံတစ်ခုကိုအမှတ်ရပြီး စာတိုက်ပုံးအား သွားဖွင့်ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော တောင်ပေါ်ကနေ ပို့ထားသောစာတွေရှိလား၊ မရှိဘူးလား သိရအောင်လို့ပင်။
ကံကောင်းစွာနဲ့စာတိုက်ပုံးအား ဖွင့်လိုက်တာနဲ့ စာတစ်စောင်အားမြင်လိုက်၏။ ထိုစာပေါ်မှာလည်း 'ယွမ်ရိသို့'ဟု ရေးထားသေးသည်။
ပို့သူနေရာမှာတော့ 'လင်းယောင်'ဟု ရေးထားသည်။
သူမက ထိုစာကို ယူကာ အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။
ထိုစာပေါ်မှာ 'ယွမ်ကျဲသို့' ဟု မပါသည့်အတွက် ယွမ်ကျဲက ဖတ်ကြည့်ဖို့စိတ်မဝင်စားတော့ချေ။
အဖိုးအဖွားတွေပို့လိုက်သည့်စာဆိုရင်တော့ သူမက ယွမ်ရိနဲ့အတူတူဖတ်ကြည့်လေ့ရှိပါသည်။
ယွမ်ရိဟာ စားပွဲမှာထိုင်ရင်းဖြင့် စာကိုဖွင့်ကာ ဂရုတစိုက်ဖြင့်ဖတ်ရှုလိုက်သည်။ စာကိုအစအဆုံးဖတ်ရှုပြီးသွားသည့်နောက်မှာ သူမက ပြုံးလိုက်မိ၏။
သူမက ယွမ်ကျဲအား
"ရှောင်ကျဲ၊ လင်းယောင်ရဲ့အဖေအပေါ်မှာ ချမှတ်ထားတဲ့ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းလိုက်ပြီတဲ့"
ဟု ဝမ်းသာအားရဖြစ်နေသောလေသံဖြင့် ပြောပြလိုက်သည်။
ထိုအခါ ယွမ်ကျဲသည်လည်း ဝမ်းသာအားရဖြစ်သွားကာ
"ဟုတ်လား"
ဟု ပြန်ပြောလိုက်သည်။
ပြီးမှ တစ်စုံတစ်ခုအား တွေးမိသွားဟန်ဖြင့်
"ဒါဆိုရင် လင်းယောင်တို့က သူတို့အရင်ကနေခဲ့တဲ့မြို့ကိုပြန်ပြောင်းကြတော့မှာပေါ့"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ကာ
"ဟုတ်တယ်။ သူတို့ပြန်ပြောင်းသွားရင် နောက်ကျတွေ့ရဖို့က မလွယ်လောက်တော့ဘူး"
ဟု ပြန်ပြောလိုက်၏။
ထိုအချက်လေးကတော့ ဝမ်းနည်းစရာကောင်းပေမယ့် လင်းယောင်တို့မိသားစုအတွက် အဆင်ပြေတော့မယ့်အချိန်တွေ ရောက်လာတော့မှာဖြစ်၍ သူမတို့က ဝမ်းသာပေးခဲ့ကြသည်။
လင်းယောင်တို့မိသားစုဟာ လင်းကျီကောင်း၏အပြစ်ကြောင့် ခေါင်ခိုက်သည့်တောင်ပေါ်ဒေသကို ရောက်ရှိလာရခြင်းဖြစ်သည်။ အခုချိန်မှာ လင်းကျီကောင်း၏ပြစ်ဒဏ်အား ခွင့်လွှတ်လိုက်ကြပြီဖြစ်၍ သူတို့မိသားစုဟာ မြို့ပေါ်ကို ပြန်နိုင်တော့မှာဖြစ်သည်။
ယွမ်ကျဲက
"သူတို့ကို အနာဂတ်မှာ တွေ့ရချင်မှ တွေ့ရတော့မှာ"
ဟု စိတ်မကောင်းဖြစ်သောလေသံဖြင့် ရေရွတ်လိုက်သည်။
သူတို့ဟာ အချိန်အတော်ကြာအောင် ခင်မင်ပြီးသည့်နောက်မှာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်ကြိုးများတွယ်နေကြပြီဖြစ်သည်။
လင်းယောင်တို့သာ တောင်ပေါ်မှာရှိနေဆဲဖြစ်ပါက သူမတို့တောင်ပေါ်ပြန်သည့်အချိန်တိုင်း တွေ့ဆုံနိုင်ပေသည်။
သူတို့သာ သူတို့ယခင်နေထိုင်ရာမြို့သို့ပြန်သွားပါကာ သူမတို့တွေ့ဆုံကြဖို့ မဖြစ်နိုင်တော့ချေ။
ယွမ်ရိက
"တအားကြီးလည်း ဝမ်းနည်းမနေနဲ့။ ဒါကလင်းယောင်အတွက် ဝမ်းသာစရာသတင်းဘဲမဟုတ်ဘူးလား။ သူက တောင်ပေါ်က ဖန်းယန်ရွာလေးမှာဘဲ အမြဲတမ်းနေသွားလို့မှ မဖြစ်တာ။ သူ့အတွက် ပိုပြီးကျယ်ပြောတဲ့လောကကြီးကမှ ပိုသင့်တော်တာပေါ့။ ငါတို့တွေ အချင်းချင်းသိကျွမ်းခွင့်ရခဲ့တာနဲ့တင် အရာရာဟာ လုံလောက်နေပါပြီဟာ။ ငါတို့အနေနဲ့ လင်းယောင်ကို အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်ဘဲနေရပါစေလို့ ဆုတောင်းပေးကြတာပေါ့"
လူတိုင်းဟာ ဘဝတစ်လျှောက်လုံး လူအများကြီးနဲ့ တွေ့ဆုံဖူးကြပေသည်။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားကြတာလည်း ရှိသကဲ့သို့၊ ဖြတ်သွားဖြတ်လာသဘောမျိုးဖြင့် မှတ်ဉာဏ်အတွင်းမှ အချိန်တိုအတွင်း မေ့ပျောက်သွားကြတာတွေလည်း ရှိပေသည်။
တွေဆုံတာမျိုး ရှိခဲ့ရင်လည်း ခွဲခွာခြင်းဆိုသည့်အရာကလည်း ရှိစမြဲပင်။ လူတိုင်းက ထိုခွဲခွာမှုလေးအပေါ်မှာဘဲ စိတ်ကိုချုပ်တည်းမထားဘဲ ရှေ့ဆက်လျှောက်ကြဖို့ကသာ အရေးအကြီးဆုံးဖြစ်သည်။
ယွမ်ကျဲလည်း သက်ပြင်းချလိုက်ပြီးမှ
"အင်း။ အမပြောတာလည်း ဟုတ်တော့ဟုတ်တာပါဘဲ"
ဟု ထောက်ခံလိုက်တော့သည်။
ယွမ်ရိဟာ သူမလက်ထဲကစာကို ပြန်ခေါက်လိုက်ပြီး စားပွဲမှာပါသည့် အံဆွဲအတွင်းထည့်လိုက်တော့သည်။ ထိုအံဆွဲအတွင်းမှာတော့ သူမလက်ခံရရှိထားသမျှစာတွေကို သပ်သပ်ရပ်ရပ်စီထည့်ထားသည်။
ထိုစာထဲမှာပါသည့်အကြောင်းအရာတွေကြောင့် လင်းယောင်အတွက် ဝမ်းသာနေရသဖြင့် ယွမ်ရိဟာ စိတ်အခြေအနေက အလွန်ရွှင်လန်းလို့နေသည်။
ဒါ့ကြောင့် ညစာစားသည့်အချိန်မှာလည်း သူမက တက်ကြွရွှင်လန်းလို့နေ၏။
ယွမ်ချန်းဖူက သူ့သမီး၏အမူအရာကိုကြည့်ရင်း တောင်ပေါ်ပြန်ရတော့မည်ဖြစ်၍ ရွှင်လန်းတက်ကြွနေသည့်ဟု ထင်မှတ်သွားကာ
"တောင်ပေါ်သွားရမှာဆိုတော့ အတော် တက်ကြွနေတယ်ပေါ့ဟုတ်လား။ ဘာမှစိတ်မပူနဲ့ အဖေအကုန်စီစဉ်ထားလိုက်မယ်။ ဟုတ်ပြီလား"
ဟု ပြုံးလျက်ပြောလိုက်၏။
ယွမ်ရိက 'ကျေးဇူးတင်ပါတယ်'ဟုပြောရန် ပြင်လိုက်၏။ ဒါပေမယ့် သူမ မပြောနိုင်ခင်မှာဘဲ ယွမ်ဟောင်ဂျန်က လက်မြှောက်ကာ
"သားရော လိုက်သွားဦးမယ်နော်"
ဟု ခွင့်တောင်းလိုက်၏။
ယွမ်ချန်းဖူလည်း မျက်ခုံးပင့်သွားရတော့သည်။ ထို့နောက် သူက ယွမ်ချူးရွယ်နဲ့ရဲ့ဖန်တို့ဘက်ကို လှည့်ကြည့်ကာ
"မင်းတို့ကရော"
ဟု မေးလိုက်၏။
ထိုအခါ ယွမ်ချူးရွယ်နဲ့ရဲ့ဖန်တို့က တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးမှ
"ကျွန်တော်တို့လည်း လိုက်သွားချင်တယ်"
ဟု ပြိုင်တူဖြေပေးလိုက်ကြတော့သည်။
ယွမ်ချန်းဖူလည်း သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။
အမှန်အတိုင်းပြောရလျှင် သူ့သားသမီးတွေကို ဒီနှစ်မှာတောင်ပေါ်မပြန်စေချင်ပေ။ နှစ်သစ်ကူးနွေဦးပွဲတော်လေးမှာတော့ သူတို့မိသားစု စုံစုံလင်လင်ဖြင့် ဖြတ်သန်းချင်ခဲ့သည်။
ဒါပေမယ့် သူက သူ့သားသမီးတွေ၏ဆန္ဒအား အလေးထားသောသူဖြစ်တာမို့
"အေး၊ အေး။ မင်းတို့သွားချင်ကြရင်လည်း သွားကြ"
ဟု ခွင့်ပြုပေးလိုက်တော့သည်။
ထိုအခါ ယွမ်ဟောင်ဂျန်က ဝမ်းသားအားရဖြစ်သွားသော လေသံဖြင့်
"ကျေးဇူးတင်ပါတယ်။ အဖေ"
ဟု အကျယ်ကြီး အော်ပြောလိုက်တော့သည်။