အပိုင်း - ၄၁.၁
ညစာ စားပြီးတဲ့နောက်မှာ တစ်မိသားစုလုံး ယွမ်ချန်းရှန်၏သတိုးသမီးအား သွားတွေ့ဖို့အတွက် အစီအစဉ်တွေကို ဆွေးနွေးနေခဲ့ကြသည်။ အစကတော့ ယွမ်ချန်းရှန်နဲ့ယွမ်ကျီကောင်းပဲ မြို့ပေါ်သွားမလို့ စီစဉ်ခဲ့ကြပေမယ့် နောက်ဆုံးမှာ လျူရှင်းဟွာလည်း သူတို့နဲ့အတူ မြို့ပေါ်ကို လိုက်သွားမှာဖြစ်ပေသည်။
ယွမ်ချီကျီက ယွမ်ချန်းရှန်အား မှာစရာရှိတာကို မှာနေခဲ့သည်။ သတို့သမီးကို သွားတွေ့တဲ့အခါမှာ ဘယ်လိုလက်ဆောင်ပစ္စည်းမျိုးကို ဝယ်သွားသင့်ကြောင်း၊ ဘယ်လိုမျိုး အစားအစာတွေကို လက်ဆောင်အဖြစ်နဲ့ ယူသွားသင့်ကြောင်း အစရှိသဖြင့် မှာနေခဲ့သည်။
သူမက မြို့ပေါ်မှာအချိန်အကြာကြီး နေခဲ့ဖူးတာမို့ မြို့ပေါ်ကလူနေမှုပတ်ဝန်းကျင်နဲ့ ရင်းနှီးပေသည်။ ဒါ့ကြောင့်လည်း သူမက မှာကြားနေရခြင်းဖြစ်သည်။
ယွမ်ချန်းရှန်က သူနဲ့ချန်ခွန်း၏ အိမ်ထောင်ရေးအား ရိုးရိုးရှင်းရှင်းလေးသာ လုပ်ချင်ပေမယ့် လျူရှင်းဟွာကခွင့်မပြုပေ။ သူမက ရှေးရိုးထုံးတမ်းအစဉ်အလာအတိုင်း အောင်သွယ်တော်တစ်ယောက်အား ချက်ချင်းပင် သွားငှားခဲ့တော့သည်။
အောင်သွယ်တော်ကလည်း သူမကိုလာငှားသည့်အတွက် ဝမ်းသာလွန်း၍ တပြုံးပြုံးဖြစ်နေတော့သည်။
ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့နှစ်ယောက်လုံး အသက်အရွယ်ရနေပြီဖြစ်တာမို့ ခရီးရှည်ကြီးထွက်ဖို့က မလွယ်ကူပေ။ အထူးသဖြင့် ခြေထောက်ကြွက်သားတွေ အလုပ်သိပ်မလုပ်တော့သည့် လျူရှင်းဟွာအတွက်ပင်။
ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း သူ့မိခင်အား မြို့ပေါ်ကို အဆင်ပြေပြေ သက်သက်သာသာရောက်နိုင်ဖို့အတွက် အဖိုးဆောင်းအရင်က အသုံးပြုခဲ့သည့် ထမ်းစင်လေးကို ညတွင်းချင်းသွားယူခဲ့၏။
နောက်ရက်မနက်ကိုရောက်တဲ့အခါမှာ ယွမ်ကျီကောင်းရော လျူရှင်းဟွာရော အိပ်ရာစောစောထကြကာ သူတို့သား၏သတို့သမီးအား သွားတွေ့ရန်အတွက် အလွန်စိတ်လှုပ်ရှားနေကြတော့သည်။
မူလက နှစ်သစ်ကူးအတွက်ပစ္စည်းပစ္စယဝယ်ဖို့ သွားမည့်ခရီးဟာ အခုချိန်မှာ နှစ်ဖက်မိဘတွေ့စုံမည့်ခရီး တစ်ခု ဖြစ်သွားတော့သည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာအတွက် သင့်တော်မည့်ဝတ်စုံကို ယွမ်ချီကျီက ပြင်ဆင်ပေးထားခဲ့သည်။
ယွမ်ချီကျီက သူမအမေ၏ဆံပင်ပုံစံကိုလည်း လှပသွားအောင် ပုံသွင်းပေးခဲ့သည်။ လျူရှင်းဟွာက သူမသမီးပုံသွင်းပေးထားသည့် သူမဆံပင်ကိုကြည့်ရင်း
"ဒီလောက်ထိ မလိုပါဘူးဟယ်။ လမ်းခရီးက ကြမ်းပါတယ်ဆိုနေ ဟိုလည်းရောက်ရော အမေ့ဆံပင်တွေလည်း ညစ်ပတ်သွားရောနေမှာ"
လို့ ယွမ်ချီကျီကို ပြောပြလိုက်သည်။
"ဒါဆိုရင် သမီးရော လိုက်ခဲ့မယ်လေ"
ယွမ်ချီကျီလည်း သူမမိခင်ဖြစ်သူအား အရွှန်းဖောက်လိုက်သည်။
သူမက အရွှန်းဖောက်လိုက်ရုံလေးဖြစ်ပေမယ့် လျူရှင်းဟွာက အကြည့်တွေတောက်ပသွားကာ
"ဟုတ်သားပဲ။ အဲ့တာကို ငါမစဉ်းစားမိလိုက်ဘူး။ တစ်မိသားစုလုံး အတူတူသွားလို့ရနေတာဘဲဟာကို"
လို့ ပြောလိုက်တော့သည်။
ယွမ်ချီကျီလည်း သူမဘေးနားက ယွမ်ရိနဲ့ယွမ်ကျဲကို ကြည့်လိုက်ကာ
"မင်းတို့သွားချင်ကြလား"
ဟု မေးလိုက်သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။ ယွမ်ကျဲက ချက်ချင်းပဲ
"သမီး သွားချင်တယ်"
လို့ အဖြေပြန်ပေးလိုက်သည်။
ယွမ်ကျဲတောင် လိုက်မယ်ဟု ပြောလိုက်ပြီဖြစ်သည့်အတွက် ယွမ်ရိလည်း မြို့ပေါ်ကိုလိုက်ဖို့ သဘောတူလိုက်တော့သည်။
ဒီလိုနဲ့ တစ်မိသားစုလုံး တုန်းဖန်မြို့ကို သွားဖို့ဆုံးဖြတ်လိုက်ပြီဖြစ်သည့်အတွက် အိမ်မှာကျန်ခဲ့မည့် ကြက်တွေ၊ ဝက်တွေအတွက် စီစဉ်စရာရှိတာတွေစီစဉ်ရတော့မည်ဖြစ်သည်။
လျူရှင်းဟွာက ဆန်းရှောင်ဟိုင်ထံမှာ အကူအညီမတောင်းလိုတာကြောင့်မို့ သူမ၏သူငယ်ချင်း အဖွားကျောင်းထံမှာ ကြက်တွေ၊ ဝက်တွေကို ရက်အနည်းငယ်စောင့်ရှောက်ပေးဖို့ အကူအညီသွားတောင်းခဲ့သည်။
"အဖွားကြီးကျောင်းရယ် ဒီရက်ပိုင်း ငါ့သားအိမ်ထောင်ပြုဖို့အတွက် မြို့ပေါ်မှာ နှစ်ဖက်မိဘသွားတွေ့ကြမလို့။ အဲ့တာငါ့အိမ်က ကြက်နဲ့ဝက်တွေကို ဂရုစိုက်ပေးပါဦး။ ဒီရက်ပိုင်း ကြက်မတွေကြက်ဥ ဥတဲ့အခါ နင်ယူလိုက်နော်"
အဖွားကျောင်းက ခေါင်းညိတ်ကာ လျူရှင်းဟွာ၏အကူအညီတောင်းဆိုချက်ကို လက်ခံလိုက်သည်။ ထို့နောက် သူမက ပြုံးကာ
"နင့်သားက အရမ်းတော်တာပဲဟယ်။ နင့်ရဲ့ကြက်တွေ၊ ဝက်တွေကိုတော့ ငါနဲ့စိတ်ချလက်ချထားခဲ့လိုက်နော်"
ဟု ပြန်ပြောလိုက်သည်။
လျူရှင်းဟွာက အဖွားကျောင်းနားကို အသာကပ်ကာ အသံတိုးတိုးဖြင့်
"တကယ်တော့ ငါ့သားက သူလက်ထပ်မဲ့မိန်းကလေးကို သူကိုယ်တိုင်ပဲ ရှာခဲ့တာလေ"
ဟု ကြွားပြောလိုက်သည်။
"ဝါးးးနင့်သားကတကယ့်ကို တော်တာပဲ"
အဖွားကျောင်းက ချီးမွမ်းလိုက်သည်။ အဖွားကျောင်း ချီးမွမ်းလည်း ချီးမွမ်းစရာပင်။ အဘယ့်ကြောင့်ဆိုသော် ဖန်းယန်တောင်ပေါ်က လူတော်တော်များများဟာ အောင်သွယ်တော်ကနေတဆင့်ပဲ တွေ့စုံလက်ဖြစ်ကြတာချည်း ဖြစ်နေလို့ပင်။
လျူရှင်းဟွာတစ်ယောက် သူမ၏သားဖြစ်သူအား ချီးမွမ်းနေတာကို ကြားလိုက်ရတာမို့ ဝမ်းသာပီတိ ဂွမ်းဆီထိနေခဲ့၏။
ထို့နောက်သူမက မြို့ပေါ်ကိုသွားဖို့ အချိန်လင့်နေမှာစိုးသည့်အတွက်
"ကဲ၊ အချိန်လင့်နေလိမ့်မယ်။ ငါလည်း ပြန်တော့မယ်။ အပြန်ကျရင် နင့်အတွက် လက်ဆောင်တွေ ယူလာခဲ့မယ်နော်"
ဟု ပြောလိုက်သည်။
အဖွားကျောင်းက ပြုံးလိုက်ကာ
"အေးပါဟယ်။ လမ်းခရီးဂရုစိုက်သွားနော်"
ဟု မှာလိုက်၏။
အဖွားလျူရှင်းဟွာ၊ အဖွားကျောင်းအိမ်ကို သွားနေချိန်မှာပဲ ယွမ်ရိနဲ့ယွမ်ကျဲတို့က မိုးပျံမျှော်စင်ကို အပြေးလေးထွက်လာခဲ့ကြသည်။
ဟိုကိုရောက်တော့ လင်းယောင်တို့မိသားစုဟာ မနက်စာ စားနေကြတဲ့အချိန်ဖြစ်သည်။ ယွမ်ရိလည်း လင်းယောင်၏မိသားစုအား ပြုံးပြလိုက်ပြီး ကျောင်းရွယ်ယန်အား
"အဒေါ် ဒီနေ့ သမီးတို့မိသားစု တုန်းဖန်မြို့ပေါ် ပစ္စည်းဝယ်ဖို့ တစ်မိသားစုလုံးသွားကြမှာ။ အဲ့တာ အဒေါ်တို့ကို လိုက်ဦးမလားလို့ လာခေါ်တာ"
ဟု လာရင်းကိစ္စကို ပြောပြလိုသည်။
သူမစကားဆုံးတာနဲ့ လင်းယောင်က စားလက်စမနက်စာကို လက်စသတ်ကာ သူ့လွယ်အိတ်ကို ချက်ချင်းကောက်လွယ်လိုက်သည်။ သဘောက သူသွားဖို့အတွက် အဆင်သင့်ဖြစ်နေပြီဟု ပြောနေသလိုပင်။
ကျောင်းရွယ်ယန်လည်း ယွမ်ရိကို ပြုံးပြလိုက်ပြီး
"အခန့်သင့်လိုက်တာကွယ်။ အဒေါ်တို့လည်း အစတုန်းက မြို့ပေါ်ကို အဒေါ်သွားရမလား၊ လင်းယောင်အဖေကို လွှတ်ရမလားစဉ်းစားရခက်နေတာ။ အခုတော့ သမီးတို့လည်း သွားမှာဆိုတော့ အဒေါ်နဲ့လင်းယောင်ပဲ သမီးတို့နဲ့လိုက်ခဲ့တော့မယ်"
ထို့နောက်သူမက လင်းကျီယွမ်ကို အိမ်မှာအိမ်စောင့်အဖြစ်ထားခဲ့ကာ သူမနဲ့လင်းယောင်ကတော့ ယွမ်ရိ၊ ယွမ်ကျဲတို့နဲ့အတူ လိုက်လာခဲ့တော့သည်။
သူမတို့ လေးယောက် ယွမ်အိမ်ကို ရောက်ပြီး မကြာခင်မှာပဲ လျူရှင်းဟွာလည်း ပြန်ရောက်လာခဲ့သည်။ထို့အတူ ငှားယမ်းထားသည့် အောင်သွယ်တော်လည်း ရောက်လာခဲ့၏။
အကုန်လုံး လူစုံတာနဲ့ သူတို့လူတစ်စုလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် တုန်းဖန်မြို့ကို ထွက်လာခဲ့ကြတော့သည်။
ရှေ့ဆုံးကနေ လျူရှင်းဟွာက အဖိုးဆောင်း၏ ထမ်းင်လေးပေါ်မှာထိုင်ပြီးလိုက်ခဲ့ကာ ယွမ်ချန်းရှန်က သယ်လာခဲ့ခြင်းဖြစ်သည်။ တကယ်တော့ အဖိုးဆောင်း၏ထမ်းစင်မှာ ဘီးလေးတွေပါဝင်သည့်အတွက် အသာလေးလှိမ့်တွန်းသွားလို့ရပေသည်။
သူတို့နောက်မှာတော့ ယွမ်ကျီကောင်းနဲ့ အောင်သွယ်တော်တို့ လိုက်ပါလာခဲ့၏။ သူတို့ရဲ့နောက်မှာ ယွမ်ချီကျီနဲ့ကျောင်းရွယ်ယန်တို့က အိတ်ကိုယ်စီလွယ်လျက် လိုက်ပါလာခဲ့ကြသည်။
ယွမ်ရိ၊ ယွမ်ကျဲနဲ့လင်းယောင်တို့ကတော့ နောက်ဆုံးကနေပဲ လျှောက်လာခဲ့ကြသည်။
လမ်းလျှောက်နေရင်းဖြင့် ယွမ်ကျဲက
"မြို့ပေါ်ရောက်ရင် ရုပ်ရှင်ပြတဲ့အချိန်နဲ့ ကြုံတွေ့ဖို့ငါဆုတောင်းတယ်"
လို့ ပြောလိုက်သည်။
ယွမ်ရိလည်း ယွမ်ကျဲပုခုံးပေါ်လက်တင်ရင်း
"ကြုံရမှာပါကွယ်"
ဟု နှစ်သိမ့်ပေးလိုက်၏။
လင်းယောင်ကလည်း
"စိတ်မပူပါနဲ့၊ နှစ်သစ်ကူးပြီဆိုတော့ ရုပ်ရှင်ပြလောက်မှာပါ"
ဟု ဝင်ပြောလိုက်သည်။
ထို့နောက် သုံးယောက်သား ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ကြတော့သည်။
သူတို့၏ရယ်မောသံတွေကြောင့် ကျောင်းရွယ်ယန်နဲ့ ယွမ်ချီကျီလည်း နောက်လှည့်ကြည့်မိလိုက်ကြသည်။
ကျောင်းရွယ်ယန်က ပျော်ရွှင်စွာရယ်မောနေသည့် သူမ၏သားကိုကြည့်ကာ
"ငါ့သားလေးက ရှောင်ရိတို့နဲ့ဆိုရင် ပြုံးလို့ရွှင်လို့ပဲ"
ဟု ပြောလိုက်၏။
ယွမ်ချီကျီကလည်း ခေါင်းညိတ်ကာ
"ဒါကတော့ သူတို့အသက်အရွယ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြတာက သဘာဝပဲလေ"
ဟုပြောရင်း ထောက်ခံလိုက်၏။
သူတို့အုပ်စုဟာ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာကဲ့သို့လူကြီးတွေပါ ပါလာ၍ တုန်းဖန်မြို့ကိုရောက်ဖို့ ပုံမှန်ထက် အချိန်ပိုယူလိုက်ရသည်။ ဒါပေမယ့် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့သတ်မှတ်ထားသည့်နေ့ အမှီတော့ ရောက်သွားကြသည်။
သူတို့ဟာမနက်စောစောမှာ မြို့ထဲကိုမဝင်ခင် အနီးမှာရှိသည့် ရေကန်တစ်ခုအတွင်း ရေချိုးကာ တကိုယ်ရည် သန့်ရှင်းရေးလုပ်ခဲ့ကြသည်။ ပြီးတဲ့နောက် ချန်ခွန်း၏မိဘတွေကို သွားတွေ့ဖို့အတွက် သပ်သပ်ရပ်ရပ်ဝတ်စားခဲ့ကြသည်။
နှစ်ဖက်မိဘသွားတွေ့ရာသို့ ယွမ်ချန်းရှန်၊ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ပဲ သွားကြမှာဖြစ်ကာ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့ကတော့ ကျန်နေခဲ့မှာဖြစ်သည်။
ယွမ်ချန်းရှန်၊ ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ငှားယမ်းထားသည့် အောင်သွယ်တော်တို့ဟာ ပြင်ဆင်ပြီးတာနဲ့ ချန်ခွန်းတို့အိမ်ဘက်ကို ယွမ်ချန်းရှန်၏ဦးဆောင်မှုနောက်ကနေ ထွက်သွားကြသည်။
ထိုသူတွေထွက်သွားတာနဲ့ ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချီကျီတို့လည်း ကျောင်းရွယ်ယန်၊ လင်းယောင်တို့နဲ့အတူ တုန်းဖန်မြို့ထဲဝင်ခဲ့ကြကာ ပစ္စည်းတွေဝယ်ယူဖို့ပြင်ကြတော့သည်။
သူမတို့ငါးယောက်ဟာ အရင်ဆုံး အထည်ဆိုင်တစ်ခုအတွင်းကို ဝင်ခဲ့ကြသည်။ ယွမ်ရိဟာ အနီးမှာရှိသည့် ပိတ်စတစ်ခုကိုဆွဲယူကာ ယွမ်ကျဲ ကိုယ်ပေါ်မှာတိုင်းပြီး လိုက်လား၊ မလိုက်လားချိန်ကြည့်ခဲ့၏။
အထည်ဆိုင်မှာ သူမတို့ ကြိုက်သည့်အရာများကို ဝယ်ယူခဲ့ပြီးသည့်နောက် သူတို့ငါးယောက်ဟာ သမဝါယမဆိုင်သို့ သွားခဲ့ကြပြန်သည်။
ယွမ်ချီကျီဟာ သမဝါယမဆိုင်အတွင်း ဟိုဟိုဒီဒီကြည့်နေတုန်း အာဟာရစာဖြစ်သည့် ဂျုံမှုန့်ဘူးကိုမြင်တွေ့လိုက်ရသည်။ ထိုသို့ အာဟာရစာဂျုံဘူးက တုန်းဖန်မြို့ထဲမှာတောင်မှ အရမ်းရှားပါသည့်အရာဖြစ်တာမို့ ယွမ်ချီကျီလည်း အံ့အားသင့်သွားပြီး ဆိုင်ထဲမှာရှိသည့်ဈေးရောင်းသူအား
"ဒီဂျုံဘူးကြီးက ဘယ်လောက်လဲ"
ဟု မေးလိုက်၏။
ဈေးရောင်သူက
"ဒါလေးက လေးယွမ်ပါ"
ထိုအဖြေကြောင့် အနီးက ယွမ်ကျဲမျက်လုံးပြူးသွာကာ စိတ်ထဲကနေ
"အရမ်းဈေးကြီးတာပဲ။ ဒါကိုစားလိုက်တာနဲ့ မသေမျိုးဖြစ်သွားမှာမို့လို့ ဒီလောက်ဈေးကြီးနေရတာလား'
လို့ တွေးလိုက်မိသည်။
ယွမ်ချီကျီလည်း ဝယ်သင့်၊ မဝယ်သင့် တုံ့ဆိုင်းသွားရ၏။ တကယ်တော့ ဒီအာဟာရဂျုံဘူးကို သူမ စားချင်လို့မဟုတ်ပေ။ သူမ၏မိဘနှစ်ပါးအား အားရှိအောင်ကျွေးချင်လို့ပင်။ ဒါပေမယ့် ဈေးအရမ်းကြီးနေမယ်လို့ သူမ ထင်မထားခဲ့ပေ။
ဝက်သားတွေတောင်မှ ခုနှစ်ဆယ်၊ ရှစ်ဆယ်ဆင့်လောက်ဘဲရှိတာကို ဒီဂျုံဘူးကြီးက လေးယွမ်ဆိုတော့ တွက်ကြည့်ရင်းအရမ်းများနေပါသည်။
သူမတုံ့ဆိုင်းနေတာရိုမြင်တော့ ယွမ်ရိက
"အဒေါ် ယူချင်ရင်ယူလိုက်လေ"
ဟု တိုက်တွန်းလိုက်သည်။
ယွမ်ချီကျီလည်း တစ်ခုခုပြန်ပြောမလို့ ပြင်လိုက်ချိန်မှာဘဲ နောက်ကနေ သူမနာမည်ခေါ်လိုက်သံကို ကြားလိုက်ရ၏။
"ချီကျီလားးး"
ဒါ့ကြောင့် သူမတို့လည်း နောက်ကိုလှည့်ကြည့်လိုက်ကြသည်။ ထိုအခါ ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ဦးအား ပွေ့ချီထားသည့် အဖွားတစ်ယောက်အား မြင်တွေ့လိုက်ရသည်။ ဘေးမှာလည်း ဆယ်နှစ်အရွယ် ကလေးမလေးတစ်ဦးလည်းရှိနေ၏။ ကလေးနှစ်ယောက်လုံးဟာ အနည်းငယ် ညစ်ပေလို့နေသည်။
ယွမ်ရိက ထိုကလေးနှစ်ယောက်ကို သိပေသည်။အဘယ့်ကြောင့်ဆိုသော် ကလေးမလေးမှာ သူမတတိယအဒေါ်၏ဒုတိယသမီးအာနီဖြစ်ပြီး အဖွားပွေ့ထားသည့်ကလေးကတော့ အငယ်ဆုံးသားလေး ရှောင်ဟူဇီဖြစ်ပေသည်။ အဖွားကိုတော့ ယွမ်ရိမသိပေမယ့် တတိယအဒေါ်၏ယောက္ခမဖြစ်နိုင်ကြောင်းခန့်မှန်းမိပေသသည်။
ယွမ်ချီကျီကလည်း ထိုသူသုံးယောက်ကို မြင်လိုက်ရ၏။
ဒါ့ကြောင့် သူမမျက်နှာပေါ်က ပျော်ရွင်နေသည့်အမူအရာတွေအားလုံး မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
"ယွမ်ချီကျီ ဟုတ်နေတာပဲ"
လျူရှောင်း၏မိခင်က ထပ်ခေါ်လိုက်သည်။
ဒါပေမယ့် ယွမ်ချီကျီက မတုံ့ပြန်ခဲ့ပေ။
"ချီကျီ၊ ချီကျီ၊ ချီကျီ"
လျူရှောင်း၏မိခင်က ခဏခဏအော်ခေါ်နေ၏။
ယွမ်ရိလည်း သူမအဒေါ်အား ရှေ့ကိုဆွဲလှည့်ကာ ထိုမြေးအဖွားသုံးယောက်ထံကနေ အာရုံပြောင်းဖို့အတွက်
"ဒီဟာလေး ယူမယ် ထုတ်ပေးပါဦး"
လို့ ဂျူံဘူးကို လက်ညိုးထိုးရင်း ပြောလိုက်တော့သည်။
ဈေးရောင်းသူက ချက်ချင်းပဲ အာဟာရဂျုံဘူးကို ယူကာ ငွေရှင်းကောင်တာပေါ် တင်လိုက်၏။
ယွမ်ရိလည်း သူမအဒေါ်၏လက်ကိုတို့ကာ
"အဒေါ် ဂျုံဘူးဖိုး ငွေရှင်းပေးပါဦး"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ချီကျီလည်း ထိုအခါမှ ငူငူငိုင်ငိုင်ဖြစ်နေရာကနေ သတိပြန်ဝင်လာပြီး သူမအိတ်ထဲကနေ ငွေလေးယွမ်ထုတ်ကာ ဈေးရောင်းသူကို ပေးလိုက်၏။
ဈေးရောင်းသူလည်း ငွေကိုသေချာစစ်ယူပြီး ဂျုံဘူးကြီးကို ယွမ်ရိထံ တိုးပေးလိုက်တော့သည်။
ယွမ်ရိက သူမအဒေါ်ကိုကြည့်ကာ
"အခြား ဘာတွေဝယ်ဦးမှာလဲ"
ဟု မေးလိုက်သည်။
ယွမ်ချီကျီက နည်းနည်းတုန်နေသောလေသံဖြင့်
"အရင်ဆုံး လျှောက်ကြည့်ကြရအောင်"
လို့ပြောကာ သူမက ယွမ်ရိကိုထိုနေရာကနေ ခေါ်ထုတ်သွားဖို့ပြင်လိုက်၏။
ထိုအချိန်မှာဘဲ လျူရှောင်း၏မိခင်က သနားစဖွယ်လေသံဖြင့်
"ချီကျီ။ နင်တကယ်ပဲ ပြန်မလာတော့ဖို့ ဆုံးဖြတ်ထားတာလား။ နင့်သားသမီးတွေရဲ့မျက်နှာကိုတော့ နည်းနည်းပါးပါးထောက်ပါဦး။ တကယ်ပဲ သူတို့ကို မလိုချင်တော့ဘူးလား"
ဟု မေးလိုက်၏။
ယွမ်ချီကျီလည်း ရှေ့ဆက်သွားမယ့် ခြေလှမ်းကိုရပ်လိုက်၏။ နောက်ကိုပြန်လှည့်ကာ
"သူတို့တွေကရော ကျွန်မကို လိုအပ်နေကြလို့လား"
ဟု ပြန်မေးလိုက်သည်။
သူမသားသမီးနှစ်ယောက်လုံး ဒီနေရာမှာရှိနေသော်လည်း သူမအား နှုတ်ဆက်စကား မပြောကြ၍ ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ထိုအချိန်မှာပဲ လျူရှောင်း၏မိခင် ချီပွေ့ထားသည့် ရှောင်ဟူဇီက
"အမေ့ကို သားတို့ မလိုတော့ဘူး။ ပြန်လာစရာလည်း မလိုဘူး။ အမေက တကယ့်ကို ဆိုးသွမ်းတဲ့မိခင်တစ်ယောက်ပဲ"
ဟု အော်ပြောလိုက်၏။
ရှောင်ဟူဇီ၏စကားတွေက ယွမ်ချီကျီအား အသည်းနာသွားစေသည်။
ထို့နောက်သူမက လျူရှောင်၏မိခင်အား
"ကျေးဇူးပြုပြီး အဒေါ့်ရဲ့သားကို ကျွန်မကိုကွာရှင်းပေးဖို့အတွက် ဖျောင်းဖျပေးပါ။ သူကွာရှင်ပေးဖို့ဆုံးဖြတ်ပြီးတာနဲ့ တောင်ပေါ်ကို စာပို့သမားလွှတ်ပြီးအကြောင်းကြားလိုက်ပါ။ ကျွန်မတို့ဘက်က တာဝန်ရှိသူတွေခေါ်ပြီး လာခဲ့ပါ့မယ်"
လို့ ပြောလိုက်သည်။
ထို့သို့ပြောပြီးတာနဲ့ လျူရှောင်းမိခင် နောက်ထပ်ဘာမျှ မပြောနိုင်ခင်မှာပဲ ယွမ်ရိနဲ့ယွမ်ကျဲလက်ကို ဆွဲလျက် ထိုနေရာကနေ ခပ်သွက်သွက်လေး ထွက်သွားတော့သည်။
ကျောင်းရွယ်ယန်လည်း သူမ၏သား လင်းယောင်ကိုခေါ်၍ ယွမ်ချီကျီတို့နောက်ကို လိုက်သွားခဲ့၏။
ယွမ်ချီကျီအဝေးကို ပျောက်ကွယ်သွားတာကိုကြည့်ပြီးသည့်နောက် လျူရှောင်း၏မိခင်က သူ့မြေးနှစ်ယောက်ဘက်ကိုလှည့်ကာ
"နင်တို့ စကားကို ဘယ်လိုပြောလိုက်တာလဲ။ အခုတော့ နင့်တို့အမေ နင်တို့ဆီပြန်လာဖို့ မျှော်လင့်မနေနဲ့တော့။ ဘယ်နှယ့်အေ ကိုယ့်အမေရှေ့ရောက်နေပါပြီဆို နည်းနည်းပါးပါးတော့ ဟန်လုပ်ပြီး ငိုဦးမှပေါ့။အခုတော့ဖြင့် မဟုတ်တရုတ်စကားတွေ သွားပြောလိုက်ရတယ်လို့အေ"
ရှောင်ဟူဇီက စဉ်းစားဟန်ပြုပြီးနောက်
"ဒါပေမယ့် သားပြောလိုက်တဲ့စကားတွေက အဖွား၊ အဖေ့ကိုပြောခဲ့တဲ့ စကားတွေပဲလေ"
လျူရှောင်း၏မိခင် : "..........."
ထို့နောက်သူမက သူမ၏မြေးနှစ်ဦးကိုခေါ်ကာ နေ့လယ်စာချက်ပြုတ်ဖို့အတွက် အိမ်ကို တန်းပြန်လာခဲ့တော့သည်။