အပိုင်း - ၇၇.၂
ယွမ်ရိ၏စကားများကြောင့် အပြာရောင်အဝတ်အစားနဲ့လူက ခဏမျှ စဉ်းစားဟန်ပြုလိုက်သည်။
ပြီးမှ ယွမ်ရိကိုကြည့်လျက်
"ဒါဆိုရင် နောက်အပတ်ကို ငါ့ဆိုင်လာခဲ့။ အဲ့အချိန်ကျရင် နင့်အတွက် အဆင်ပြေမယ့်စက်ဘီးတစ်စီးကို ငါရှာထားလိုက်မယ်"
ဟု ပြောလိုက်သည်။
ယွမ်ရိလည်း အပြာရောင်အဝတ်အစားနဲ့လူ၏စကားကြောင့် ဝမ်းသာသွားသည်။ ဒါ့ကြောင့် သူမကခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်နေသော လေသံဖြင့်
"ကောင်းပြီ။ နောက်အပတ်ကျရင် ကျွန်မပြန်လာခဲ့ပါ့မယ်ရှင်"
ဟု ပြန်ပြောလိုက်တော့သည်။
တစ်ရက်လုံး အပြင်ထွက်လည်ပြီးသည့်နောက် တက္ကသိုလ်ကိုပြန်ရောက်သည့်အခါမှာ အလင်းရောင်အနည်းငယ်ဘဲ ကျန်တော့ကာ မှောင်နေပြီဖြစ်သည်။
ယွမ်ရိလည်း ညစာစားရန်အတွက် ကန်တင်းကိုအရင်ဝင်လိုက်သည်။
ညစာစားပြီးသည့်နောက် အဆောင်ကိုပြန်လာကာ လန်းဆန်းသွားအောင် ရေချိုးလိုက်သည်။
ရေချိုးပြီးသည့်နောက် သူမကုတင်ပေါ်တက်လျက် ခဏမျှစာအုပ်ဖတ်နေလိုက်သေးသည်။
တော်တော်လေးညဉ့်နက်သွားပြီဆိုမှ အခန်းမီးပိတ်လျက် အိပ်စက်အနားယူလိုက်တော့သည်။
တက္ကသိုလ်ဟာ သူမအရင်တက်ခဲ့သည့် အလယ်တန်းကျောင်းနဲ့မတူဘဲ ပညာရေးမှာ တင်းကျပ်လှပေသည်။ ကျောင်းသားကျောင်းသူတွေအပေါ်မှာလည်း ပညာရေးနဲ့ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ်ရှိလှပေသည်။
တကယ်တော့ ဒီခေတ်ဒီအခါကဲ့သို့ ပညာရေးနဲ့ပတ်သက်ပြီး ပေါ့လျော့နေကြသည့် ကာလမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲအား အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရခဲ့ကြသည့် သူတွေအားလုံးဟာ စာကြမ်းပိုးတွေချည်းဘဲဖြစ်သည်။
သူတို့ထဲမှ အများစုဟာ စာသင်ချိန်တွေအားလုံးမှာ အာရုံစိုက်သင်ယူကြပြီး ကျန်သည့်အချိန်များကိုလည်း စာကြည့်တိုက်တွေမှာ ကုန်ဆုံးလေ့ရှိကြသည်။ယွမ်ရိသည်လည်း ထိုကဲ့သို့ ကျောင်းသားကျောင်းသူများထဲမှ တစ်ယောက်ဖြစ်၏။
ဒီတက္ကသိုလ်မှာတော့ ကျောင်းသားကျောင်းသူတွေ၏အချစ်ရေးကို တားဆီးပိတ်ပင်တာတွေမရှိချေ။ သူတို့ (တက္ကသိုလ်၏ဆရာ၊ ဆရာမတွေ) က ကျောင်းသားကျောင်းသူများအား အပြင်လောကအကြောင်းကိုပါ သိကျွမ်းသွားအောင်ပင် လေ့လာစေချင်နေပါသေးသည်။
အချိန်ဟာ ခပ်မြန်မြန်ပင်ကုန်ဆုံးသွားပြီး နောက်အပတ်တနင်္ဂနွေနေ့သို့ ရောက်လာပြန်တော့သည်။
ထိုနေ့မှာ ယွမ်ရိက အရင်အပတ်ကကဲ့သို့ပင် စောစောထကာ ပြင်ဆင်ခဲ့သည်။
ပြီးတာနဲ့ မနက်စာကို ကန်တင်းမှာ ခပ်သွက်သွက်လေး သွားစားခဲ့သည်။
အကုန်လုံး ပြီးသွားမှ ယခင်အပတ်က သွားခဲ့သည့် စက်ဘီးအပြင်ဆိုင်ကို အယောင်ပြကာ စက်ဘီးတွေကို မှောင်ခိုရောင်းချနေသည့် ဆိုင်ကို ထွက်လာခဲ့တော့သည်။
ဟိုကိုရောက်တော့ စက်ဘီးဆိုင်က လူဟာ အရင်အပတ်ကလို အပြာရောင်အဝတ်အစားကိုဘဲ ထပ်ပြီးဝတ်ဆင်ထားသည်အား သူမတွေ့လိုက်ရသည်။
ယွမ်ရိလည်း ထိုလူအား နှုတ်ခွန်းဆက်လိုက်၏။
ထိုလူကလည်း သူ့ဆိုင်ထဲ ယွမ်ရိဝင်လာတာကို မြင်တော့ ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် ထိုင်နေရာကနေ ထကာ စက်ဘီးတစ်စီးအား ယွမ်ရိအနီးကို တွန်းသွားလိုက်သည်။
ထိုလူက စကားအပိုတွေ ပြောမနေတော့ဘဲ သူ့လက်ထဲက စက်ဘီးကို ယွမ်ရိထံတွန်းပေးလိုက်ရင်းဖြင့်
"ဒီတစ်ပတ်ရစ်စက်ဘီးကို နင့်အတွက် သေချာပြင်ဆင်ပေးထားတာနော်။ ဒီတစ်ပတ်လုံး ဒီကောင့်အတွက်ဘဲ အချိန်ပေးပြီး ပြုပြင်ပေးထားတာ။ ဈေးကတော့ အရင်အပတ်ကလိုမဟုတ်ဘူး။ ယွမ် ၈၀ ပေး"
ဟု စကားအား လိုရင်းတိုရှင်းပြောလိုက်၏။
အရင်အပတ်တုန်းက အဆင်မပြေ ဖြစ်ခဲ့ရတာမို့ ယွမ်ရိက ငွေကိုအရင်ထုတ်မပေးခဲ့ချေ။
"ကျွန်မ စမ်းစီးကြည့်ဦးမယ်"
ယွမ်ရိက ခွင့်တောင်းလိုက်သည်။
ထိုအပြာရောင်အဝတ်အစားနဲ့လူလည်း စက်ဘီးနားမှ ဘေးဖယ်ပေးလိုက်ပြီး
"အင်း။ စိတ်ကြိုက်စီးကြည့်"
ဟု ယုံကြည်မှုအပြည့်ဖြင့် ခွင့်ပြုလိုက်၏။
ယွမ်ရိလည်း ချက်ချင်းဘဲ စက်ဘီးပေါ်တက်ကာ စီးကြည့်လိုက်သည်။ သူမက စက်ဘီးပြင်ဆိုင်၏အနီးတဝိုက်ကို တစ်ပတ်၊ နှစ်ပတ်ခန့် ပတ်စီးပြီးမှ စက်ဘီးပြင်ဆိုင်ကို ပြန်စီးလာခဲ့သည်။
စက်ဘီးပေါ်ကနေ ယွမ်ရိဆင်းလိုက်တာနဲ့ အပြာရောင်ဝတ်စုံနဲ့လူက ယွမ်ရိအနားကို ရောက်လာပြီး
"ဘယ်လိုလဲ။ စီးရတာ အဆင်ပြေတယ်မလား"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး
"အင်း။ စီးရတာတော့ အဆင်ပြေပါတယ်။ ဈေးလေးနည်းနည်းလောက် ထပ်လျော့ပေးလို့ရမလား"
ဟု ပြောရင်း ဈေးဆစ်လိုက်၏။
"ဟာ၊ ဒါတော့ ဘယ်ရမလဲ"
အပြာရောင်အဝတ်အစားနဲ့လူက
"ဒီစက်ဘီးက ယွမ်ငွေ ၁၀၀ လောက်တန်တာကွ။ နင်က အသက်ငယ်သေးတဲ့အပြင် အရေးတကြီး လိုတယ်ဆိုလို့ ယွမ် ၈၀ နဲ့အရင်းတိုင်း ရောင်းပေးတာ။ဒီထက်လျော့ပေးရင် ငါရှုံးသွားလိမ့်မယ်"
ဟု ညီးညူလိုက်သည်။
ယွမ်ရိသည် စက်ဘီးတစ်စီးအတွက် ယွမ်ငွေ ၈၀ ဟာ ဈေးနည်းနည်းကြီးသည်ဟု ထင်မြင်နေတုန်းပင်။
ဒါပေမယ့်လည်း ဒီထက်ပိုပြီး ဈေးဆစ်လို့ရမှာမဟုတ်တော့သည့်အတွက် ယွမ်ငွေ ၈၀ ပေးဖို့ သဘောတူလိုက်တော့သည်။
ဒီလိုနဲ့ အရောင်းအဝယ်ဖြစ်သွားကြ၏။
အပြာရောင်အဝတ်အစားဖြင့်လူဟာ ယွမ်ရိပေးသော ယွမ်ငွေ ၈၀ အား သေချာစစ်ဆေးပြီးသည့်နောက်
"ခဏစောင့်ဦး။ စက်ဘီးကို သော့ခတ်ဖို့အတွက် သော့ခလောက်သွားယူပေးမယ်"
ဟု ပြောကာ ဆိုင်ထဲပြန်ဝင်သွား၏။
မကြာခင်မှာဘဲ လက်ထဲမှာ စက်ဘီးသော့ခလောက်တစ်ခုကိုင်ကာ ထိုလူ ပြန်ထွက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ရိလည်း ထိုလူ့ထံကနေ စက်ဘီးသော့အားယူလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။
"ဒါနဲ့ နင်က ဘယ်တက္ကသိုလ်မှာ တက်နေတာလဲ"
အပြာရောင်အဝတ်အစားနဲ့လူက မေးမြန်းလိုက်သည်။
ယွမ်ရိလည်း ပြုံးလိုက်ပြီး
"ပီကင်းတက္ကသိုလ်မှာပါ"
ဟု ပြန်ဖြေပေးလိုက်သည်။
ထိုအခါ အပြာရောင်အဝတ်အစားဖြင့်လူက အံ့အားသင့်သွားသောလေသံဖြင့်
"ဝိုးးး တကယ်တော်တာဘဲ"
ဟု ချီးမွမ်းလိုက်သည်။
ယွမ်ရိလည်း ထိုအပြာရောင်အဝတ်အစားနဲ့လူဖြင့် စကားခဏမျှ ပြောပြီးသည့်နောက်မှာ စက်ဘီးကိုစီးလျက် အဆောင်ကိုပြန်လာလိုက်တော့သည်။
နောက်တစ်ပတ်တနင်္ဂနွေနေ့မှာလည်း ယွမ်ရိက စက်ဘီးလေးစီးလျက် အဆောက်ကနေ ထွက်လာခဲ့သည်။ သူမဟာ မြို့ထဲကလမ်းအနှံ့ လျှောက်ပတ်စီးခဲ့၏။
မြို့အတွင်းမှ လမ်းကြိုလမ်းကြားတစ်နေရာသို့အရောက် ယွမ်ရိဟာ စက်ဘီးပြင်ဆိုင်က လူကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။
ထိုလူကလည်း သူမကိုမှတ်မိဟန်ဖြင့်
"ဟေးး နင်က ပီးကင်းတက္ကသိုလ်မှာတက်နေတဲ့ တစ်ယောက်မလား။ ဘယ်လိုလုပ်ပြီး ဒီလိုလမ်းကြိုလမ်းကြားကို ရောက်လာရတာတုန်း"
ဟု မေးမြန်းလိုက်သည်။
ယွမ်ရိလည်း မျက်ခုံးအသာပင့်လျက်
"ပီကင်းတက္ကသိုလ်မှာတက်တဲ့သူတွေကို လမ်းကြိုလမ်းကြားထဲ လာခွင့်ပိတ်ထားလို့လားရှင်"
ဟု ထိုလူအား ပြန်မေးခွန်းထုတ်လိုက်သည်။
ထိုအခါ ထိုလူက ပြုံးလိုက်ပြီး
"ပိတ်ပင်မထားပါဘူးဗျာ။ ဒီတိုင်းဘဲ လမ်းမှာတွေ့လို့ နှုတ်ဆက်တဲ့သဘောနဲ့ မေးတာပါ"
ဟု ပြန်ပြောလိုက်တော့သည်။
...................
ဒီလိုနဲ့ အချိန်တစ်နှစ်ဟာ လျင်မြန်စွာဘဲ ကုန်ဆုံးသွားတော့သည်။
ထိုတစ်နှစ်အတွင်း ယွမ်ရိဟာ တစ်မြို့လုံးအနှံ့စက်ဘီးပတ်စီးတာအပြင် အားလပ်ချိန်များတွင်လည်း ဝတ်စုံဒီဇိုင်းများအား ရေးဆွဲခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
မြို့ထဲကို စက်ဘီးပတ်စီးတာကလည်း အကြောင်းမဲ့စီးနင်းခြင်းမဟုတ်ပေ။ သူမက ထိုကဲ့သို့စက်ဘီးစီးရင်းဖြင့် မြို့ထဲမှာ ရှိသည့် စက်ရုံများကို လေ့လာ အကဲခတ်နေခဲ့ခြင်းဖြစ်သည်။
များသောအားဖြင့် သူမလေ့လာခဲ့သည့် စက်ရုံတွေက အထည်အလိပ်စက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေဖြစ်ကြသည်။
ဒါ့အပြင် သူမက မြို့အပြင်မှ စက်ရုံများကိုလည်း သွားလေ့လာတာမျိုး ရှိပါသေးသည်။ ထိုအခါမျိုးတွင်တော့ သူမ၏စက်ဘီးဖြင့် မသွားဖြစ်ပေ။ ဒါ့ကြောင့် သူမက ရထားလက်မှတ်ဖြတ်လျက် မီးရထားဖြင့် သွားရောက်လေ့လာခဲ့၏။
သူမက စက်ရုံတိုင်းက တာဝန်ရှိသူတချို့နဲ့ စကားပြောရုံကလွဲပြီး ဘာမှတော့မလုပ်ဆောင်ခဲ့ချေ။
၁၉၇၇ခုနှစ်၊ မတ်လမှာတော့ ရာသီဥတုက စတင်အေးစက်လာကာ ဆောင်းတွင်းကိုဝင်ရောက်လာပြီဖြစ်ကြောင်း အသိပေးနေတော့သည်။
ထိုနှစ်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည့် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလုံး သိသိသာသာ ပြောင်းလဲတုန်လှုပ်သွားကြမည်ဆိုသည်အား မည်သူမျှထင်မှတ်ထားမိမှာမဟုတ်ကြပေ။
နှင်းပွင့်၊ နှင်းစက်တွေကလည်း မိုးစက်များအလား တဖွဲဖွဲကျဆင်းလို့နေ၏။
မြို့တွင်းတစ်နေရာ စက်ဘီးပြင်ဆိုင်လေးမှာတော့ ဝတ်စုံအပြာရောင်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ဟာ သွားကြားထိုးတံတစ်ချောင်းအား ပါးစပ်ဖျားတွင် ကိုက်လျက် ဆိုင်အပြင်ကို ငေးမောကြည့်နေသည်။
ထိုအချိန်မှာဘဲ သူ့မြင်ကွင်းအတွင်းသို့ ကုတ်အင်္ကျီထူထူကြီးဝတ်ဆင်ပြီး ထီးဆောင်းထားသောမိန်းကလေးတစ်ယောက်ဝင်လာသည်။
ထိုမိန်းကလေးအား မြင်လိုက်သည်နှင့် မနှစ်တုန်းက သူ့ဆီကနေ စက်ဘီးတစ်စီးဝယ်သွားသည့် ပီကင်းတက္ကသိုလ်က မိန်းကလေးမှန်း သူချက်ချင်းမှတ်မိလိုက်သည်။
ထိုမိန်းကလေးအား လမ်းကြားထဲတွင် နောက်ဆုံးတွေ့ပြီးကတည်းက ထပ်မတွေ့ရတော့တာပင်။
ယွမ်ရိက စက်ဘီးပြင်ဆိုင်အတွင်းသို့ ဝင်လိုက်ပြီး ထီးကိုပြန်ခေါက်လိုက်၏။ ထို့နောက် အပြာရောင်အဝတ်အစားနဲ့လူကိုကြည့်ကာ
"ရှင့်မှာ ဒီအရောင်တစ်ရောင်တည်း ရှိတာလား။ တွေ့လိုက်တိုင်း အပြာရောင်အဝတ်အစားနဲ့ချည်းဘဲ"
ဟု စနောက်လိုက်၏။
အပြာရောင်ဝတ်စုံနဲ့လူက ယွမ်ရိ၏စနောက်၍မေးသောမေးခွန်းကို မဖြေပေးခဲ့ချေ။ သူက ပါးစပ်ထဲမှ သွားကြားထိုးတံအား ဖယ်လိုက်ပြီး
"ဘာလဲ။ စက်ဘီး ပျက်ပြန်တာလား"
ဟု ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"စက်ဘီးက အကောင်းကြီးရှိပါသေးတယ်။ အခု ဒီကိုလာတာက အကူအညီတောင်းစရာလေးရှိလို့"
အပြာရောင်ဝတ်စုံနဲ့လူငယ်လည်း ခုံတစ်လုံးအား ယွမ်ရိအနီးကို ချပေးလိုက်ပြီး
"ထိုင်ပြီး ဖြည်းဖြည်းချင်းပြော"
ဟု ပြောလိုက်သည်။
ယွမ်ရိလည်း ထိုလူချပေးသည့် ခုံမှာ ဝင်ထိုင်လိုက်ပြီ
"ဒီမြို့အကြောင်း နှံ့နှံ့စပ်စပ်သိသလား"
ဟု မေးမြန်းလိုက်သည်။
ထိုအခါ အပြာရောင်အဝတ်အစားနဲ့လူငယ်က ခေါင်းညိတ်ကာ
"သိတာပေါ့။ ငါက ငယ်ငယ်လေးကတည်းက ဒီမြို့က လမ်းကြိုလမ်းကြားထဲပါမကျန် အကုန်လျှောင်သွားခဲ့တာ။ ဒါ့ကြောင့် ဒီမြို့နဲ့ပတ်သက်ပြီး ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို အကြမ်းဖျင်းတော့ ငါသိတယ်"
ဟု ပြန်ဖြေပေးလိုက်၏။
ယွမ်ရိဟာ မြို့ထဲတွင် သူမနဲ့သိသည့်သူဟူ၍ ထိုအပြာရောင်ဝတ်စုံနဲ့လူငယ်တစ်ယောက်ဘဲ ရှိတာမို့ အကူအညီရလိုရငြား တောင်းကြည့်လိုက်ခြင်းပင်။
သူမက တက္ကသိုလ်မှာ သူငယ်ချင်းများဖြင့် ဆက်ဆံရေးကောင်းမွန်ပေမယ့် မြို့ထဲမှာတော့ ထိုသူငယ်ချင်းများအနေနဲ့ သူမအား လုံလောက်သောကူညီမှုတွေ မပေးနိုင်ချေ။
ဒါ့ကြောင့်လည်း အပြာရောင်အဝတ်အစားနဲ့လူထံရောက်ရှိလာရခြင်းဖြစ်သည်။
သူမက အပြာရောင်အဝတ်အစားနဲ့လူငယ်ကိုကြည့်ကာ
"ငါ့နာမည်က ယွမ်ရိပါ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက်သိကြပေမယ့် နာမည်တွေဘာတွေ မသိကြသေးဘူးမလား။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် တရားဝင်မိတ်ဆက်ကြတာပေါ့"
ဟု ပြောလိုက်၏။
ထိုအခါ လူငယ်က ခါးကိုဆန့်လျက် ကိုယ်ဟန်အနေအထားအား ပြင်ဆင်လိုက်ပြီး
"ငါ့နာမည်က ရှဲ့တုန်းယန်ပါ။ ဒါပေမယ့် လူအများကတော့ ငါ့ကို ဆရာကြီးရှဲ့ဆန်းလို့ ခေါ်ကြတာများတယ်"
ဟု ဂုဏ်ဖော်သောပုံစံဖြင့် ပြောလိုက်သည်။
ယွမ်ရိ : "........."
"လာကြွားနေတာလား??"
ယွမ်ရိက ရှဲ့တုန်းယန်ကိုကြည့်လျက် မေးမြန်းလိုက်သည်။
"အဟမ်းးး"
ရှဲ့တုန်းယန်လည်း ချောင်းဟန့်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ပြောပါဦး။ ငါ့ဘက်က ဘယ်လိုအကူအညီ ပေးရမှာလဲဆိုတာကို"
ယွမ်ရိက
"အပ်ချုပ်စက်တစ်လုံးလောက် ဝယ်ချင်လို့။ ဒါပေမယ့် သိတဲ့အတိုင်းဘဲ အပ်ချုပ်စက်အသစ်တွေက ဈေးအရမ်းကြီးတယ်။ လောလောဆယ် လက်ထဲမှာ ရှိတဲ့ငွေနဲ့ အမှီမလိုက်နိုင်ဘူးဖြစ်နေတယ်။ ဒီတော့ ဈေးသက်သာတဲ့တစ်ပတ်ရစ်ထဲကများ တစ်လုံးလောက် ရှာပေးလို့ရမလား"
ဟု သူမလိုအပ်နေသည့်အကူအညီအား ပြောပြလိုက်၏။
ဆက်လက်ပြီး သူမက
"အဲ့လိုမျိုး လိုက်ရှာဖို့ကလည်း မလွယ်ဘူးဆိုတာကို ကျွန်မသိပါတယ်။ ဒါ့ကြောင့် ဝန်ဆောင်ခကရော ဘယ်လောက်ပေးရမလဲ"
ဟု ထပ်မေးလိုက်သည်။
ရှဲ့တုန်းယန်က ခေါင်းယမ်းကာ
"အဲ့တာတွေ မလိုပါဘူးဟာ။ ဒီလောက်ကတော့ ငါလုပ်ပေးနိုင်ပါတယ်"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်သည်။
ပြီးမှ သူမက ရှဲ့တုန်းယန်ကိုကြည့်ကာ
"ရှဲ့တုန်းယန်။ ငါ နင့်ကို စီးပွားရေးအကြံ တစ်ခုပေးမယ်"
ဟု ပြောလိုက်သည်။
"ပြောကြည့်လေ"
ရှဲ့တုန်းယန်က နားထောင်နေခဲ့သည်။
ယွမ်ရိက
"ဒီမြို့ထဲမှာ စတိုးဆိုင်လေးတွေ နည်းနည်းလေးဘဲ ရှိနေတာကို နင်သတိထားမိတယ်မလား။ စတိုးဆိုင်က နည်းတဲ့အပြင် ဆိုင်တစ်ဆိုင်ချင်းစီမှာ ထားတဲ့ကုန်ပစ္စည်းကလည်း အမျိုးအစားမစုံဘူး။ ဒါ့ကြောင့် မြို့ထဲကလူတွေရဲ့ နေ့စဉ်လိုအပ်ချက်နဲ့ပတ်သက်ပြီး လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ ဒါ့ကြောင့် ငါတို့တွေ ကုန်ပစ္စည်းကို တော်တော်လေးစုံစုံလင်လင်ရနိုင်တဲ့ စတိုးဆိုင်လေးကို စပ်တူဖွင့်ကြမလား"
ဟု မေးမြန်းလိုက်သည်။
ရှဲ့တုန်းယန်က ယွမ်ရိ၏စကားတွေကို နားထောင်ပြီးသည့်နောက် ခေါင်းညိတ်ပြကာ
"အဲ့တာကိုတော့ ငါလည်း သိပါတယ်ဟာ။ ဒါပေမယ့် စတိုးဆိုင်ဖွင့်ဖို့အတွက်ကိုကျတော့ ငါ့မိသားစုက ခွင့်ပြုပေးမှာ မဟုတ်လောက်ဘူး"
ဟု သူ့အခက်အခဲအား ပြန်ပြောပြလိုက်သည်။
ဆက်လက်ပြီး သူက
"ပြီးတော့ စတိုးဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာက မလွယ်ဘူးဟ။ စတိုးဆိုင်မှာ တင်ရောင်းဖို့ ကုန်ပစ္စည်းတွေ လိုအပ်သေးတယ်လေ။ အဲ့ဒီ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို စက်ရုံကနေ မှာယူရမှာ။ နင်လည်း သိတဲ့အတိုင်းဘဲဟာ စက်ရုံတွေက အခုလိုမျိုး ပုဂ္ဂလိကဆိုင်တွေဆိုရင် သိပ်ပြီး ရောင်းချချင်ကြတာမဟုတ်ဘူး"
"အဲ့ဒီအတွက် တွေးပူမနေနဲ့"
ယွမ်ရိက ပြောလိုက်သည်။
"ဒီအတောအတွင်း ငါက မြို့ထဲတင်မကဘူး မြို့ပြင်ကစက်ရုံအချို့နဲ့ပါ စကားပြောထားပြီးပြီ။ ပြီးတော့ အစိုးရက ဒီနှစ်ကစပြီး မူဝါဒအသစ်တွေထုတ်ပြန်ထားတယ်လေ။ ဒီတော့ စက်ရုံတွေကလည်း သူတို့ရဲ့နည်းလမ်းအဟောင်းအတိုင်း မသွားတော့ဘဲ အသစ်ပြောင်းလဲရင် ပြောင်းလဲလာမှာ။ ပုံသေပြောရတာမဟုတ်ဘူး"
ယွမ်ရိ၏စကားတွေကြောင့် ရှဲ့တုန်းယန်၏အကြည့်တွေ တောက်ပသွားကာ
"တကယ်လား"
ဟု ပြန်မေးလိုက်သည်။
"ဒါနဲ့ အပ်ချုပ်စက်ကိုလေ တတ်နိုင်သမျှ မြန်မြန်လေး ရအောင်လုပ်ပေးပါလား"
ယွမ်ရိက စကားလမ်းကြောင်း ထပ်ပြောင်းလိုက်ပြန်သည်။
"နောက်တနင်္ဂနွေကျရင် လာယူလှည့်"
ရှဲ့တုန်းယန်က ပြန်ပြောလိုက်၏။
ပြီးသည့်နောက် သူက ဆက်လက်ပြီး
"ပြီးတော့ ငါ့ကိုစက်ရုံတွေကို ကုန်ပစ္စည်းတချို့ မှာယူနိုင်ဖို့ ခေါ်သွားပေးရမယ်နော်"
ဟု ပြန်တောင်းဆိုလိုက်သည်။
"ကောင်းပြီ"
ယွမ်ရိလည်း ပြုံးလိုက်ပြီး ထိုင်ခုံပေါ်က ထိုင်ရာကနေ ထလိုက်ကာ
"နောက်အပတ် တနင်္ဂနွေနေ့မှာ တွေ့ကြတာပေါ့"
ဟု ပြောလိုက်တော့သည်။