Chapter 29.2
ကောင်းဟိုင်ယန်တို့အုပ်စုမှာ ယွမ်ချန်းရှန်၏သတိပေးမှုကြောင့် လင်းယောင်အားကိုယ်ထိလက်ရောက်အနိုင်မကျင့်ရဲကြတော့ပေမယ့် နှုတ်ကနေတော့လှောင်ပြောင်ရဲကြပါသေးသည်။
ယွမ်ရိက သူတို့ကိုခဲနဲ့ပေါက်တာကိုမြင်တော့ ဒေါသထွက်ပြီး သူတို့ကိုသွားရိုက်ချင်သေး၏။ ဒါပေမယ့်ယွမ်ချန်းရှန်၏မျက်နှာကြီးအား သူတို့မျက်လုံးထဲမြင်ယောင်လာကြတာမို့ ဘာမှမပြောတော့ပဲ ယွမ်ရိတို့သုံးယောက်အနီးကနေ ထွက်သွားကြတော့သည်။
ယွမ်ရိလည်း သူတို့ထွက်သွားတာကိုတွေ့တော့ သူမလက်ထဲကိုင်ထားသည့်ခဲလုံးများကို ပစ်ချလိုက်ကာ
"အရမ်းစိတ်ပျက်ဖို့ကောင်းတယ်" လို့ ရေရွတ်လိုက်၏။
ပြီးတာနဲ့အဝေးကိုထွက်သွားနေဟည့် ကောင်းဟိုင်ယန်တို့အုပ်စုအား
"ဟေးးး နောက်တစ်ခါငါတို့ကိုလာနှောင့်ယှက်ရင် ဦးလေးငါးကိုပြောပြ နင်တို့ကိုရိုက်ခိုင်းလိုက်မှာနော်"
လို့အော်ကာ သတိပေးလိုက်တော့သည်။
ယွမ်ကျဲကယွမ်ရိအနားလာကာ
"သူတို့အုပ်စုက တကယ်စိတ်ပျက်စရာကောင်းတယ်" လို့ ပြောလိုက်၏။
ယွမ်ရိက လင်းယောင်အား
"ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်မရှိနဲ့အချိန် အဲ့ဒီကောင်တွေနဲ့ကြုံခဲ့ရင် ဂရုစိုက်ပါ" လို့ ပြောလိုက်သည်။
တကယ်တော့လင်းယောင်ကတော့ သူ့ကိုကောင်းဟိုင်ယန်တို့အုပ်စု လှောင်ပြောင်တာကို လုံးဝဂရုစိုက်ခြင်းမရှိချေ။
ထို့နောက်သုံးယောက်သား ရိတ်ပြီးသားစပါးတွေကို ဝိုင်းသယ်ပေးကြတော့သည်။
စပါးသိမ်းချိန်မှာ ဖန်းမင်းတောင်ပေါ်မှာရှိသည့် သစ်ပင်ပန်းပင်တွေအကုန်လုံး အစွမ်းကုန်ဖူးပွင့်နေကြသလို၊ သစ်ရွက်လေးတွေကလည်း ရွက်ဟောင်းကြွေဖို့အတွက် အဝါရောင်သမ်းနေကြ၏။
ဒါ့ကြောင့် ဖန်းမင်းတောင်ကြီးဟာ အမြင်တစ်မျိုးဖြင့် အလှတရားကိုဖော်ကျူးလို့နေ၏။
ရိတ်ထားသောစပါးတွေကို ကြေညက်အောင်နေလှန်းပြီးတာနဲ့ ခြွေလှေ့ကာစပါးစေ့များရလာအောင် ဖန်းယန်ရွာသားတွေဟာ ခပ်မြန်မြန်လေးလုပ်ဆောင်ကြ၏။ ထို့နောက် ရက်အနည်းငယ်ကြာအောင်ခြွေလှေ့ပြီး စားစပါးစေ့တွေကို နေထပ်လှန်းကြပြန်သည်။
စပါးစေ့တွေ လုံးဝခြောက်သွားအောင်နေလှန်းပြီးတာနဲ့ အိမ်ထောင်စုအလိုက်ခွဲဝေယူရတော့မယ့်အချိန်ကို ရောက်လာပြီဖြစ်သည်။
စိုက်ပျိုးရိတ်သိမ်းသည့်အထဲ ပါဝင်အားပေးခဲ့ကြသည့်လူတိုင်းအား ယွမ်ကျီကောင်းကမျှမျှတတခွဲဝေပေးလိုက်၏။ ပြီးတာနဲ့လူစုလူဝေးဖြစ်နေတာကို အခွင့်ကောင်းယူ၍
"ကဲ။ အခုဆိုရင် ဒီရာသီအတွက်စပါးရိတ်သိမ်းတာကိုတော့ ပြီးသွားပြီ။ ဒီတော့ ဒီနှစ်အတွက် ရွာကိုအကျိုးပြုခဲ့တဲ့လူတွေကို ဆုပေးတာတွေ၊ ဂုဏ်ပြုတာတွေလုပ်ဖို့ အခမ်းအနားတစ်ခုကျင်းပမှာဖြစ်ကြောင်း အကုန်လုံးကို အသိပေးလိုတယ်။ အခမ်းအနားကျင်းပမယ့်နေ့ကျရင်လည်း တက်ရောက်ကြပါဦး"
အခမ်းအနားနေ့ကိုရောက်တဲ့အခါ ရွာမှာရှိတဲ့လူတချို့က စောစောရောက်လာပြီး အခမ်းအနားကျင်းအဖို့အတွက် ပြင်ဆင်ကြတော့သည်။ တကယ်တော့အများကြီးပြင်ဆင်စရာမလိုပေ။ ခုံတန်းအနည်းငယ်နဲ့ စားပွဲတချို့ကိုနေရာသေချာချ၍ ပန်းတချို့ဖြင့် အလှဆင်ရုံမျှသာဖြစ်၏။
ယွမ်ရိကတော့စပါးတွေကိုဝင်းသိမ်းပြီးတဲ့ နောက်ရက်ထဲကအဖိုးဆောင်းအိမ်မှာ အခါတိုင်းလိုပင်အပ်ချုပ်ပညာကိုသွားသင်နေခဲ့၏။ ညနေခင်းတိုင်းမှာဆိုရင်လည်း ယွမ်ကျဲနဲ့အတူ လင်းယောင်ထံမှာစာသွားသင်ကြသည်။ ကျန်တဲ့အချိန်တွေကိုတော့ သူမအိမ်မှာပဲ နေခဲ့၏။
ဒီနေ့မှာတော့ ဖန်းယန်ရွာ၏ဂုဏ်ပြုပွဲအခမ်းအနားရှိတာမို့ အခါတိုင်းထက်ပို၍စောကာ အဖိုးဆောင်းအိမ်ကနေပြန်လာခဲ့သည်။
ဆန်းရှောင်ဟိုင်ဟာ အင်္ကျီအစုတ်အပြဲတချို့ကို ဖာထေးနေရင်းအနီးမှာထိုင်နေသည့် ယွမ်ချန်းကွေ့အား
"တော်ပါပြီဟာ။ ကိုယ့်ဘာသာ အိမ်မှာအိပ်နေတာကမှ အိပ်ရေးဝပါဦးမယ်"
"ဘာကိစ္စနဲ့မျက်နှာပြလို့မကောင်းရတာလဲ။ ငါမသွားချင်ဘူးဆိုတာကလည်း ငါ့ဘာသာငါအိပ်ချင်လို့လေကွာ"
"တော်ကလည်းမေ့တတ်ရန်ကောရှင်။ ရှင့်သားအငယ်တွန်းချလို့ ဟိုကလေးမလေးက ရေကန်ထဲပြုတ်ကျသွားရတာလေ။ ဒါကိုကျွန်မရော၊ ရှင်ရော ဘူးကန်ငြင်းခဲ့ကြပေမယ့် အမှန်တရားဆိုတာကို သိကြပါတယ်တော်။ တစ်ရွာလုံးလည်း နည်းနည်းပါးပါးတော့ခန့်မှန်းမိကြမှာပဲ ဒီတော့ မျက်နှာပြောင်တိုင်ပြီးအခမ်းအနားကိုမသွားချင်ပါဘူး"
သူ့သားကြီးယွမ်ရွယ်ဂျင်းကို အပ်ချုပ်ပညာသင်ကြားနိုင်ဖို့အတွက်လည်း ရွာထဲကနေ ကြက်ဥနှစ်ခြင်း ချေးငှားခဲ့ရသေးသည်။
တခဏကြာတော့ ယွမ်ရွယ်ဂျင်းကသက်ပြင်းချကာ
"ဒီလိုတွေကြုံရမယ်လို့သာ ကြိုသိခဲ့ရင် အိမ်ခွဲဖို့ပြောတုန်းက မင်းရဲ့စကားကို ငါလုံးဝနားထောင်ခဲ့မှာမဟုတ်ဘူး"
သူတို့သာအိမ်မခွဲပဲနေခဲ့ပါက အခုလိုမျိုးကြုံတွေ့ရရင်တောင်မှ အိမ်မှာငွေရှိသည့်အတွက် အခုလိုအခက်အခဲတွေ ဖြစ်နေမှာမဟုတ်ချေ။
ယွမ်အိမ်မှာဆိုရင် ယွမ်ရိအဖေကလည်း အိမ်ကိုငွေတွေပို့ပေးလေ့ရှိသည့်အပြင် ခြံထွက်သီးနှံများကိုလည်း အိမ်အတွက်နည်းနည်းပဲချန်ကာ ကျန်သည့်အရာများကို ရောင်းချလေ့ရှိတာမို့ ဝင်ငွေအမြဲရှိနေသည်။ ဒါ့ကြောင့် အချိန်တိုင်းအသားမစားနိုင်ဦးတောင်မှ တစ်လတစ်ခါလောက်တော့ အသားစားနိုင်ခဲ့ကြ၏။ ထိုအချိန်တုန်းက ဆန်းရှောင်ဟိုင်လည်းလျူရှင်ဟွာနဲ့အဆင်ပြေနေကာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင်။
ယွမ်ချန်းရှန်၏အိမ်ထောင်ရေးအတွက် လျူရှင်းဟွာငွေတွေစစုတဲ့အချိန်ရောက်မှ ယွမ်အိမ်မှာအသားဟင်းမချက်တာ နည်းနည်းကြာသွားတာပင်။ ဒါ့အပြင် ယွန်ချန်းကွေ့တို့က သူတို့ဝင်ငွေတွေကို ယွမ်ချန်းရှန်အိမ်ထောင်ပြုဖို့အတွက် စုကြမည့်အထဲ မထည့်ချင်တာမို့ အိမ်ခွဲလာခဲ့ကြခြင်းပင်။
အိမ်ခွဲပြီးသည့်နောက်မှာတော့ သူတို့လည်းအစပိုင်းမှာသာ အဆင်ပြေနေခဲ့ကြ၏။ အခုချိန်မှာတော့ သူတို့ဟာအဆင်မပြေဖြစ်လာပြီဖြစ်ကာ အခြားသူတွေထံကနေပါ ချေးငှားသုံးစွဲနေရတဲ့အခြေအနေကို ရောက်နေကြပြီဖြစ်၏။
အခုလိုအခြေအနေကိုရောက်မှ မိဘတွေထံပြန်သွားလို့ကလည်း မဖြစ်တော့ချေ။ ဒါ့ကြောင့် ကိုယ့်အဖြစ်နဲ့ကိုယ် ခါးစည်းခံရုံသာရှိတော့၏။
"မင်းသားက သင်ယူရတဲ့အချိန်က ဘယ်လောက်ကြာသေးလို့လဲ။ ကောင်းကောင်းတတ်ရော တတ်ပါ့မလားကွာ"
"ရွယ်ဂျင်းအနေနဲ့ မချုပ်တတ်သေးရင်တောင်မှ နည်းနည်းပါးပါး ဝိုင်းကူလုပ်ပေးနိုင်တဲ့အထိတော့ တတ်လောက်ပါပြီရှင်။ နောက်နှစ်လလောက်နေရင် နွေဦးပွဲတော်ရောက်တော့မယ်။ အဲ့ကျရင်ဖန်းမင်းတောင်ပေါ်ကလူတွေအကုန်လုံး ဝတ်စုံအသစ်ချုပ်ဖို့အဖိုးဆောင်းထံသွားကြတော့မှာ။ အဲ့ကျငါတို့ရဲ့ရွယ်ဂျင်းလေးက အဖိုးဆောင်းကိုကူညီလုပ်ကိုင်ပေးရင် လစာတွေရလာတော့မှာလေ" လို့ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်တော့သည်။
"သူ့ဘာသာသူ လစာရလည်း ကျမတို့သားထက်တော့ နည်းမှာသေချာတယ်။ အဲ့ကလေးမက အခုချိန်ထိအပ်ချုပ်စက်အနားတောင် ကပ်ရသေးတာမဟုတ်ပဲနဲ့များ။ အရင်တစ်ခါ လစာရတာကလည်း သူတစ်ယောက်တည်းရှိနေတုန်းမို့ နေမှာပါရှင်။ အခုချိန်မှာတော့ ရွယ်ဂျင်းလည်းရှိနေပြီမို့လို့ ရချင်မှတော့ရတော့မှာပါရှင်"
"မျှော်လင့်စရာမလိုပါဘူး စောင့်သာကြည့်နေစမ်းပါ။ ကျွန်မပြောတဲ့အတိုင်း သေချာပေါက်ဖြစ်မှာမို့လို့လေ" လို့ အပိုင်တွက်ထားသလို ပြောလိုက်တော့သည်။