အပိုင်း - ၆၆.၁
ယွမ်ရိနဲ့ယွမ်ကျဲတို့ အိမ်ပြန်ရောက်တော့ အိမ်တံခါးအား သော့ခတ်ထားခြင်းမရှိသေးချေ။ ဒါ့ကြောင့် သူမတို့နှစ်ယောက်လည်း အိမ်တံခါးကိုတွန်းဖွင့်လျက် အိမ်ထဲသို့ဝင်လာခဲ့ကြတော့သည်။
အိမ်ထဲကိုရောက်တော့ ဧည့်ခန်းထဲမှာထိုင်နေသည့် အဖေနဲ့အမေကိုတွေ့လိုက်ရသည်။ ယွမ်ချန်းဖူက သတင်းစာတစ်ခုကိုလက်မှာကိုင်ရင်း ဖတ်ရှုနေရာ၊ ဖန်းရှုံးယန်ကတော့ သိုးမွေးချည်ဖြင့် အင်္ကျီတစ်ထည်ထိုးနေသည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်ကိုနှုတ်ဆက်ကာ အပြင်ကနေ ပြန်လာကြပြီဖြစ်ကြောင်း အသိပေးလိုက်သည်။
ယွမ်ချန်းဖူက သတင်းစာဖတ်နေရာမှ ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ညီအမနှစ်ယောက် ဘယ်တွေများ သွားလည်ကြတာတုန်း"
ဟု မေးလိုက်သည်။
ယွမ်ရိက ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းဖြင့်ပင်
"သမီးတို့ ပြဇာတ်သွားကြည့်ကြတာပါ"
ဟု ပြန်ဖြေလိုက်၏။
ယွမ်ချန်းဖူ၏မျက်ခုံးတွေ ပင့်တက်သွားကာ
"ဟုတ်လား။ ဒီနေ့ပြဇာတ်က ဘာပြဇာတ်ကို ကပြကြတာတုန်း"
ဟု ထပ်မေးလိုက်သည်။
"ဝေဟူးတောင်က ပညာရှိဆိုတဲ့ပြဇာတ်ပါ အဖေ"
ဟု လိုရင်းကိုဘဲ ယွမ်ရိက ဖြေပေးလိုက်၏။
ယွမ်ချန်းဖူက
"ဒီပြဇာတ်က အရမ်းကောင်းတယ်။ ပြဇာတ်ကနေ ယူတတ်ရင်အကုန်လုံးက ပညာရစရာတွေချည်းဘဲ။အဖေဆိုလည်း အဲ့ပြဇာတ်ကို အရမ်းကြိုက်တာ"
ဟု ပြောလိုက်သည်။
ထို့နောက်ရှေ့က စားပွဲပေါ်မှ တင်ထားသည့် ကော်ဖီခွက်ကိုကောင်ကိုင်ပြီး တစ်ငုံခန့် မော့သောက်ပြီးမှ
"ဒါနဲ့ ပြဇာတ်ရုံကို သမီးတို့ ညီအမနှစ်ယောက်တည်းသွားကြတာလား"
ဟု ယွမ်ရိကို ထပ်မေးလိုက်ပြန်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"သမီးတို့နှစ်ယောက်တည်း မဟုတ်ဘူး အဖေ၊ သမီးတို့အပြင် ရူကျောင်းတို့အဖွဲ့လည်းပါ,ပါသေးတယ်"
ဟု အမှန်အတိုင်းပြန်ဖြေလိုက်သည်။
ယွမ်ရိ၏အဖြေစကားကြောင့် ကော်ဖီသောက်နေသည့် ယွမ်ချန်းဖူ၏လက်တွေဟာ လေထဲမှာတန့်သွားရသည်။ ဖန်းရှုံးယန်သည်လည်း သိုးမွေးထိုးနေရာမှရပ်ကာ ယွမ်ရိကိုမော့ကြည့်လာ၏။
ယွမ်ချန်းဖူက ကော်ဖီခွက်ကို ရှေ့ကစားပွဲပေါ်အသာပြန်တင်လိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ
"အဟမ်း၊ ရှောင်ရိ သမီးနဲ့ရူကျောင်းဆိုတဲ့ ကောင်လေးနဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"
ဟု မေးမြန်းလိုက်သည်။
"ဒီတိုင်းရိုးရိုးသာမန် သူငယ်ချင်းတွေပါဘဲ အဖေ"
ယွမ်ရိက ပြန်ဖြေလိုက်သည်။
ယွမ်ချန်းဖူက တည်ငြိမ်သောအမူအရာဖြင့် ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်လိုက်ကာ
"ရှောင်ရိ၊ ရှောင်ကျဲ သမီးတို့နှစ်ယောက်လုံးက ငယ်သေးတယ်။ ဒါ့ကြောင့်မို့လို့ ယောက်ျားလေးနဲ့မိန်းကလေးကြားက ဆက်ဆံရေးကို ကောင်းကောင်းနားလည်ကြဦးမှာမဟုတ်သေးဘူး။ ဒါ့ကြောင့်မို့လို့ ရူကျောင်းနဲ့ပေါင်းတဲ့အခါ စည်းလေးတော့ခြားပြီးမှ ပေါင်းကြနော်"
ဟု ဆုံးမလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ကဲ့ပါအဖေ။ သမီးလည်း သူတို့နဲ့ပေါင်းတဲ့အခါ တအားကြီးအရောတဝင်လုပ်ပြီး ပေါင်းတာမဟုတ်ပါဘူး။ သူ့စည်းကိုယ့်စည်းခြားပြီးတော့မှ ပေါင်းတာပါအဖေ။ ပြီးတော့ သမီးတို့လည်း စဉ်းစားတွေးခေါ်တတ်တဲ့အသက်အရွယ်ကိုရောက်နေပြီ။ ဒီတော့ ကိုယ့်အတွက် ဘယ်ဟာက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိနေပါပြီ"
ဟု ပြန်ရှင်းပြလိုက်၏။
ထိုအခါမှ ယွမ်ချန်းဖူလည်း သူ့သမီးနှစ်ယောက်အား စိတ်ချသွားကာ ခေါင်းတညိတ်ညိတ်ဖြင့် ဖြစ်သွားတော့သည်။
"အဖေ ပြောစရာမရှိတော့ရင် သမီးတို့အပေါ်တက်တော့မယ်နော်"
သူမအဖေနဲ့ စကားရပ်ပြောနေတာ နည်းနည်းကြာနေပြီဖြစ်၍ ယွမ်ရိက ခွင့်တောင်းလိုက်သည်။
ယွမ်ချန်းဖူက ခေါင်းညိတ်ကာ
"အေး၊ အေး။ သွားကြတော့"
ယွမ်ရိနဲ့ယွမ်ကျဲလည်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်ကြတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ အပေါ်တက်သွားပြီးတာနဲ့ ဖန်းရှုံးယန်က ယွမ်ချန်းဖူကို ကြည့်ကာ
"ယောက်ျား။ ရှင့်သမီးတွေကို ကြည့်ဆုံးမဦးနော်။ ပြဇာတ်သွားကြည့်တာကို ယောက်ျားလေးတွေတရုံးရုံးနဲ့သွားကြည့်တာတဲ့။ ရှင့်သမီးတွေက ရှင်းရှင်းပြောရရင် ဘာမှမသိနားမလည်တဲ့ တောသူတွေနော်။တော်ကြာ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှဖြင့်။ ဒါ့ကြောင့် ဘာမှမဖြစ်ခင်ကတည်းက ကြိုဆုံးမထားရမယ်ရှင့်။ ကြပ်ကြပ်မတ်မတ်လေး လုပ်သင့်ရင်လည်း လုပ်ရမှာဘဲ။ ကျွန်မသမီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေတိမ်နစ်ကုန်မှ စိုးရတယ်ရှင့်"
ဟု ပြောလိုက်သည်။
ယွမ်ချန်းဖူက
"မိန်းမရယ်။ ရှောင်ရိတို့ ပြဇာတ်သွားကြည့်တာက ယောက်ျားလေးနဲ့မိန်းကလေးနှစ်ယောက်တည်းမှ မဟုတ်တာ။ ရှောင်ကျဲလည်းပါသွားသလို တစ်ဖက်မှာလည်း အဖွဲ့လိုက်ကြီးဘဲဟာ"
ဖန်းရှုံးယန်က သိုးမွေးပြန်ထိုးရင်းဖြင့်
"အို၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မျက်စိနဲ့ ကိုယ်တိုင်မြင်ရတာမှမဟုတ်ဘဲ။ သူတို့ပြောတာတွေဘဲ ရှိတာလေ"
ယွမ်ချန်းဖူလည်း သူ့မိန်းမကိုကြည့်ရင်း သက်ပြင်းအသာချမိလိုက်သည်။ သူ့မိန်းမစိတ်ထဲ ယွမ်ရိနဲ့ယွမ်ကျဲအပေါ် ဘာလို့များအမြင်စောင်းနေမှန်း သူလည်းမသိတတ်တော့ချေ။ ယွမ်ရိနဲ့ယွမ်ကျဲ ဘာပဲလုပ်လုပ် သူ့မိန်းမ၏မျက်လုံးအတွင်းမှာ အကောင်းမမြင်နိုင်တော့ပေ။ ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ကျဲအကြောင်းအား ထပ်မပြောတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်ကာ
"ဒါနဲ့ ချူးဝမ်ကော ဘယ်သွားတာတုန်း"
ဟု မေးလိုက်၏။
"ဪ၊ ချူးဝမ်လား။ သူမက သူမရဲ့အတန်းဖော်မိန်းကလေးသူငယ်ချင်းတွေနဲ့ လျှောက်လည်ကြနေလေရဲ့"
ဟု ဖန်းရှုံးယန်က သိုးမွေးထိုးရင်း ပြန်ဖြေပေးလိုက်သည်။
ယွမ်ချန်းဖူလည်း အပြင်ဘက်ကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက်
"မိုးတောင်ချုပ်နေပြီ ဘာလို့ မပြန်ခဲ့သေးတာလဲမသိဘူး"
ထိုအခါ ဖန်းရှုံးယန်က သိုးမွေးထိုးနေရာက ယွမ်ချန်းဖူဘက်သို့ ခေါင်းလှည့်ကြည့်ကာ
"တော်ကလည်း၊ မိုးကအဲ့လောက်လည်း မချုပ်သေးပါဘူး။ စောပါသေးတယ်ရှင့်။ ပြီးတော့ ချူးဝမ်က အပြင်မှာ သူမသူငယ်ချင်းတွေနဲ့အတူတူညစာလည်းစားခဲ့ဦးမှာလေ။ ဒီလောက်တော့ မိုးချုပ်မှာဘဲ"
ဟု ပြောလိုက်သည်။
ယွမ်ချန်းဖူလည်း ခေါင်းတခါခါလုပ်ရုံကလွဲပြီး သူ့မိန်းမနဲ့ စကားထပ်မပြောတော့ချေ။
ယွမ်ရိနဲ့ယွမ်ကျဲဟာ အပေါ်ထက်သို့တက်ပြီး သူမတို့၏အခန်းထဲကိုဝင်ခါနီးမှာဘဲ ယွမ်ချူးရွယ်ဟာလည်း အသံကြား၍ သူမအခန်းထဲမှ ထွက်လာခဲ့သည်။ သူမက ယွမ်ရိနဲ့ယွမ်ကျဲကိုမြင်တာနဲ့ ပြုံးလိုက်ပြီး
"ဘယ်လိုလဲ။ အပြင်လျှောက်လည်ကြတာက ပျော်ခဲ့ကြရဲ့လား။ ပြဇာတ်ကြည့်ရတာကရော ဘယ်လိုခံစားရလဲ"
ဟု သိချင်နေသော လေသံဖြင့် မေးမြန်းလိုက်၏။
ယွမ်ကျဲကလည်း ယွမ်ချုးရွယ်အား ပြန်ပြုံးပြလိုက်ပြီး
"အဲ့တာက အရမ်း ပျော်ဖို့ကောင်းတယ်။ ပြဇာတ်ကြည့်ရတာကလည်း အရမ်းမိုက်တာဘဲ။ လိုက်ကာ ကားချပ်ကြီးဖွင့်ချလိုက်တာနဲ့ လူတွေက ကိုယ့်မျက်စိရှေ့မှာတင် ကပြဖျော်ဖြေနေကြတာ၊ အရမ်းကြည့်လို့ကောင်းတာဘဲ"
ဟု စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောပြလိုက်သည်။
ထိုအခါ ယွမ်ချူးရွယ်က ယွမ်ရိတို့၏အခန်းထဲထိလိုက်ဝင်ခဲ့ပြီး ကုတင်ပေါ်မှာဝင်ထိုင်ရင်းဖြင့်
"အမ၊ ညီမကို အသေးစိတ်ပြန်ပြောပြပါလား။ ညီမတကယ်သိချင်လွန်းလို့ တပိုင်းသေတော့မယ်"
ဟု တောင်းဆိုလိုက်၏။
ဒါ့ကြောင့် ယွမ်ကျဲလည်း ပြဇာတ်အကြောင်းအား ယွမ်ချူးရွယ်ကိုအသေးစိတ်ပြောပြလိုက်တော့သည်။ ဇာတ်လိုက်တို့အဖွဲ့က ဓားပြတွေအား နှိမ်နင်းပုံတွေ၊ ပြည်သူလူထုအား ကယ်တင်ပုံတွေ၊ ကောင်းကျိုးဖြစ်အောင်ဆောင်ရွက်ပုံတွေ၊ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် လုပ်ဆောင်ခဲ့ပုံတွေ၊ နောက်ဆုံး အာဏာကိုတောင်မှ မမက်မောဘဲ ဝေဟူးတောင်ပေါ်မှာဘဲ ကလေးတွေကိုပညာသင်ပေးရင်းဘဝကိုဖြတ်သန်းသွားသည့် ဇာတ်လိုက်၏စိတ်ထားမြင့်မြတ်ပုံတွေကို ယွမ်ချူးရွယ်အားကွက်ကွက်ကွင်းကွင်းမြင်သွားစေသည်အထိ ယွမ်ကျဲက အသေးစိတ်ပြောပြပေးခဲ့တော့သည်။
ယွမ်ကျဲက ယွမ်ချူးရွယ်ကို ပြဇာတ်အကြောင်းအသေးစိတ်ပြောပြနေချိန်မှာ ယွမ်ရိကတော့ တစ်ကိုယ်လုံးလန်းဆန်းသွားအောင် ရေချိုးလိုက်၏။
သူမရေချိုးပြီး အခန်းထဲပြန်ဝင်လာသည်အထိ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့၏စကားဝိုင်းက အမျှင်မပြတ်သေးချေ။
ယွမ်ရိလည်း ခေါင်းခြောက်အောက်သုတ်ရင်းဖြင့် ယွမ်ကျဲနဲ့ယွမ်ချူးရွယ်စကားကောင်းနေတာကို စောင့်ကြည့်နေခဲ့သည်။
တစ်ခဏကြာမှ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်၏စကားဝိုင်းလည်း အဆုံးသတ်သွားတော့သည်။
ယွမ်ကျဲက စကားစဖြတ်ပြီးတာနဲ့ ရေသွားချိုးလိုက်၏။
ယွမ်ကျဲရေချိုးပြီး၍ ပြန်လာသောအခါ တစ်ခဏနားပြီးတာနဲ့ ညီအမသုံးယောက်သား စာလုပ်ကြတော့သည်။
အခန်းက တိတ်ဆိတ်နေခဲ့ကာ စာရွက်လှန်သံ 'တရွှတ်ရွှတ်' မှတပါး ဘာအသံမျှမကြားရတော့ချေ။
ယွမ်ကျဲက သူမစာတွေကိုပြန်လေ့ကျင့်နေရင်းဖြင့် ခေါင်းကိုကုတ်လိုက်မိသည်။ ပြီးတာနဲ့ ယွမ်ရိကိုကြည့်ကာ
"အမ၊ ညီမလေ ဒီပုစ္ဆာလေးမဖြေရှင်းတတ်လို့။ အဲ့တာ အမရှင်းပြပေးပါလား"
ဟု တောင်းဆိုလိုက်သည်။
ယွမ်ရိလည်း ယွမ်ကျဲပြသည့် မေးခွန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယွမ်ကျဲနားလည်အောင်ရှင်းပြလိုက်၏။
ရှင်းပြပေးပြီးတာနဲ့
"ရှောင်ကျဲ၊ အဲ့ဒီဟာကို အမရှင်းပြထားသလိုလေး ဖြေရှင်းကြည့်၊ မဖြေရှင်းတတ်သေးဘူးဆိုရင် အမ နောက်တစ်နည်းရှင်းပြပေးမယ်နော်"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ကျဲလည်း ခေါင်းညိတ်ပြီးနောက် ယွမ်ရိရှင်းပြထားသည့်အတိုင်း ပုစ္ဆာကိုဖြေရှင်းလိုက်သည်။
နောက်ဆုံးမှာတော့ သူမအချိန်အတော်ကြာအောင် မဖြေရှင်းနိုင်သည့်ပုစ္ဆာဟာ လွယ်ကူစွာဖြင့်ဘဲ အဖြေထွက်သွားတော့သည်။
ဒါ့ကြောင့် ယွမ်ကျဲက ဝမ်းသာအားရဖြင့်
"အမ၊ ညီမ ဖြေရှင်းနိုင်သွားပြီ"
ဟု ဟစ်ကြွေးမိလိုက်တော့သည်။
"အင်း။ ဒါတွေဟာ မင်းကြိုးစားခဲ့တဲ့ရလဒ်တွေဘဲ"
ယွမ်ရိက ချီးမွမ်းပေးလိုက်သည်။
ထို့နောက် ညီအမသုံးယောက်ဟာ စာထဲမှာဘဲ စိတ်ပါဝင်စားလျက် အချိန်ကိုပင်မေ့လျော့ကာ နေကြတော့သည်။
သူမတို့အခန်းထဲမှာရှိနေသည့် နာရီ၏လက်တံလေးတွေဟာလည်း တရွေ့ရွေ့ဖြင့် ဆယ်နာရီထိုးပြီဖြစ်ကြောင်း ညွှန်ပြလာတော့သည်။
ယွမ်ချူးရွယ်သည်လည်း မျက်ဝန်းများမှေးစင်းလာကာ အိပ်ချင်စိတ်အား ထိန်းမနိုင် သိမ်းမနိုင်တော့ချေ။
ဒါ့ကြောင့် သူမ၏စာအုပ်များကို ပြန်သိမ်းလိုက်ပြီး သူမ၏အခန်းသို့ပြန်ဖို့ ပြင်လိုက်ချိန်မှာဘဲ အောက်ထပ်ကနေ တံခါးခေါက်သံခပ်ကျယ်ကျယ်လေး ထွက်ပေါ်လာတော့သည်။
ဒီခေတ်ဒီကာလမှာ (night out) ထွက်တာတွေ မရှိသေးသည့်အတွက် လူတွေအကုန်လုံးက စောစောစီးစီးအိပ်ရာဝင်လေ့ရှိကြသည်။ လူတွေအကုန်လုံးကလည်း အိပ်ပျော်နေကြပြီဖြစ်၍ မည်သူမျှတံခါးဖွင့်မပေးကြပေ။
ဒါ့ကြောင့် တံခါးခေါက်သံဟာ အဆက်မပြတ် 'တဒေါက်ဒေါက်' ထွက်နေတော့သည်။
ဒါ့ကြောင့် အခန်းပြင်ထွင်ရန်ပြင်နေသည့် ယွမ်ချူးရွယ်က မျက်မှောင်ကြုတ်လိုက်ပြီး
"အဲ့ဒီအသံက ညီမတို့အိမ်တံခါးကို လာခေါက်တဲ့အသံထင်တယ်နော်"
ဟု မရေမရာဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာ ယွမ်ရိဟာလည်း ယွမ်ချူးရွယ်လောက်မဟုတ်ပေမယ့် အိပ်ချင်စိတ်ကြောင့် အိပ်ငိုက်နေပြီဖြစ်သည်။ သူမကလည်း စာအုပ်ကိုပိတ်ရင်းဖြင့် 'ဝှား' သမ်းလိုက်ကာ
"အမအထင် ရဲ့ချူးဝမ် ပြန်ရောက်လာပြီထင်တယ်"
ဟု သူမထင်မြင်ချက်ကို ပြောလိုက်တော့သည်။
"ရဲ့ချူးဝမ် ဟုတ်လား??"
ယွမ်ချူးရွယ်လည်း တစ်ခဏမျှစဉ်းစားပြီးမှ
"ဟုတ်သားဘဲ။ ညီမမေ့နေတာ။ အမချူးဝမ်လည်း ဒီနေ့အပြင်သွားတာဘဲ"
ဟု ပြောလိုက်သည်။
ဘယ်သူမှ ထဖွင့်ပေးပုံမရ၍ တံခါးခေါက်သံဟာ တိတ်ဆိတ်နေသည့် ညအချိန်အခါသမယမှာ ဆူညံစွာဖြင့် ထွက်ပေါ်နေဆဲပင်။
ဒါ့ကြောင့်ယွမ်ချူးရွယ်က သက်ပြင်းချလိုက်ပြီး
"ကြည့်ရတာ ဘယ်သူမှ အိပ်ရာနိုးကြပုံမပေါ်ဘူး။ ညီမဘဲ သွားဖွင့်ပေးလိုက်တော့မယ်။ မဟုတ်ရင် တံခါးခေါက်သံကြောင့် အိမ်ကလူတွေအကုန် နိုးကုန်လိမ့်မယ်"
ဟု ရေရွတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။
အောက်ထပ်ရောက်တာနဲ့ တံခါးမကြီးကို သွားဖွင့်ပေးလိုက်သည်။ ယွမ်ရိပြောလိုက်သည့်အတိုင်း အိမ်အပြင်မှာရပ်၍ တံခါးအား အဆက်မပြတ် ခေါက်နေသောသူဟာ ရဲ့ချူးဝမ်ဖြစ်နေပေသည်။
ယွမ်ချူးရွယ်က တံခါးမကြီးကိုဖွင့်ပေးပြီးတာနဲ့ ရဲ့ချူးဝမ်အား မမြင်သည့်အလား အပေါ်ထပ်သို့ပြန်တက်ခဲ့လိုက်တော့သည်။
ထိုအချိန်မှာဘဲ ဖန်းရှုံးယန်က သူမတို့အခန်းအပြင်ကိုထွက်လာခဲ့သည်။ သူမက ရဲ့ချူးဝမ်ကိုမြင်သွားတာနဲ့
"ဪ၊ သမီး ပြန်လာပြီလား။ အမေလည်း အိပ်ပျော်သွားတာနဲ့ သမီးတံခါးခေါက်တဲ့အသံကိုမကြားရဘူးကွယ်။ ကဲ၊ ကဲ။ အပေါ်ထပ်ကိုသွား ရေမိုးချိုးပြီး အိပ်ရာဝင်တော့ အချိန်လည်း မလင့်တော့ဘူး"
ဟု ပြောလိုက်တော့သည်။
ရဲ့ချူးဝမ်က သူမ၏အမေအား ဘာစကားမှ ပြန်မပြောဘဲ ခေါင်းလေးတစ်ချက်သာညိတ်ပြပြီး အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။
တစ်ဖက်မှာတော့ ယွမ်ချူးရွယ်သည်လည်း အပေါ်ထပ်ကိုရောက်တာနဲ့ ယွမ်ရိနဲ့ယွမ်ကျဲတို့အခန်းထဲမသွားတော့ဘဲ သူမအခန်းထဲကိုပြန်လာခဲ့သည်။သူမအခန်းထဲရောက်တာနဲ့ ချက်ချင်းကုတင်ပေါ်လှဲပစ်ကာ အနားယူအိပ်စက်လိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ ရဲ့ချူးဝမ် အပေါ်ထပ် တက်လာပြီး ရေချိုးသံတွေအား ကြားနေရပေသည်။
ယွမ်ကျဲက
"သူကလည်း အပြင်မှာ မိုးချုပ်တဲ့ထိနေပြီးမှ ပြန်လာတာကို အဒေါ်တို့က ဘာမှမဆူကြဘူးနော်။ သူပြန်လာတာက ညီမတို့ထက်ပိုပြီးတော့ နောက်ကျတဲ့ဟာကို။ အကယ်၍ ဦးလေးနဲ့ဒေါ်လေးတို့သာ ရဲ့ချူးဝမ်က ကောင်လေးတစ်ယောက်နဲ့ညနက်တဲ့အထိအပြင်လျှောက်လည်တာကိုသိရင် ဘယ်လိုများ တုံ့ပြန်ကြမလဲမသိဘူးနော်။ ညီမ၊ ဦးလေးတို့ကို သွားပြောလိုက်ရင်ကောင်းမလား"
ဟု ယွမ်ရိအား မေးလိုက်၏။
ယွမ်ရိက ခေါင်းယမ်းကာ
"မကောင်းဘူး။ ဘာလို့လည်းဆိုတော့ အမေက ရဲ့ချူးဝမ်ဘက်မှာဘဲ အမြဲဘက်လိုက်နေမှာမို့လို့ဘဲ။ ပြတော့ ရဲ့ချူးဝမ်က ငြင်းလို့ရှိရင် သက်သေမရှိတဲ့ငါတို့က ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် သူမကိုမနာလိုလို့ ချောက်ချပါတယ်ဆိုပြီးတော့တောင် ငါတို့ကိုပြန်စွပ်စွဲနိုင်တယ်"
ဟု ချက်ကျလက်ကျပြောပြလိုက်၏။
ထိုအခါမှ ယွမ်ကျဲက
"အင်း။ အမပြောတာလည်း ဟုတ်တာဘဲနော်"
ဟု ရေရွတ်လိုက်တော့သည်။
"ကဲပါ၊ အဲ့အကြောင်းကို ခေါင်းထဲထည့်မနေစမ်းနဲ့။ဒီမယ် လောကမှာ ထာဝရဖုံးကွယ်လို့ရတဲ့အရာဆိုတာမရှိဘူး။ မပေါ်သေးတာဘဲရှိတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ရဲ့ချူးဝမ်ရဲ့အကြောင်းတွေက ငါတို့မဖော်တောင် ပေါ်လာကြဦးမှာပါ"
ဟု ယွမ်ရိက ပြောရင်း နှစ်သိမ့်ပေးလိုက်တော့သည်။