အပိုင်း - ၉၉.၁
နေ့လည်စာ စားပြီးသည့်နောက်မှာ လင်းယောင်က သူ့နေရာကို ပြန်၍ အထုပ်အပိုးတွေကို ပြောင်းရွှေ့ဖို့ စီစဉ်တော့သည်။ ယွမ်ရိဟာလည်း လင်းယောင်နဲ့အတူတူလိုက်သွားကာ ပြောင်းရွှေ့ဖို့အတွက် ကူညီပေးခဲ့၏။
တစ်ယောက်တည်းနေရတာ ဖြစ်သည့်အပြင် ယောက်ျားလေးလည်း ဖြစ်တာမို့ လင်းယောင်မှာ တစ်ကိုယ်ရည်သုံးပစ္စည်းတချို့ကလွဲပြီး များများစားစားမရှိချေ။
ဒါ့ကြောင့် ခဏလေးအတွင်းမှာဘဲ လင်းယောင်၏ပစ္စည်းများကို ထုပ်ပိုးပြီးသွားခဲ့သည်။ထို့နောက် နှစ်ယောက်သား အိမ်ကိုပြန်ခဲ့ကြတော့သည်။
အိမ်ကိုပြန်ရောက်တော့ ယွမ်ရိက ဧည့်သည်လာလျှင် တည်းနိုင်ရန် စီစဉ်ထားသည့် အခန်းအား ပေးလိုက်သည်။
သူမကတော့ သူမအခန်းထဲကို ပြန်လာခဲ့ကာ အကြမ်းရည်သောက်လျက် စာအုပ်တစ်အုပ်ကို ဖတ်နေရင်းဖြင့် အနားယူလိုက်တော့သည်။
လင်းယောင်ကတော့ ယွမ်ရိညွှန်ပြသည့် အခန်းထဲတွင် သူ့အထုပ်အပိုးတွေကို နေရာချထားလိုက်သည်။ သေချာ နေရာချပြီးသည့်နောက်မှ သူ့အခန်းထဲက ထွက်ကာ ယွမ်ရိအခန်းထဲကို ကူးလာခဲ့လိုက်၏။
ယွမ်ရိအခန်းထဲကိုရောက်တော့ နေရာတကျ စီမံထားသည့် ဗီရိုအကြီးကြီး တစ်လုံးရယ်၊ အပ်ချုပ်စက်တွေရယ်နဲ့ စားပွဲတစ်လုံးရယ်ကို တွေ့လိုက်ရသည်။
လင်းယောင် ဝင်လာတာကို တွေ့တော့ ယွမ်ရိက စာအုပ်ဖတ်နေတာကို ရပ်လိုက်ပြီး
"အခန်းက အဆင်ပြေရဲ့လား"
ဟု မေးလိုက်၏။
လင်းယောင်က ယွမ်ရိကို လေးလေးနက်နက် ပြန်ကြည့်ကာ
"အင်း၊ အရမ်း အဆင်ပြေတယ်"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိဟာ ငယ်ငယ်လေးကတည်း ဖြစ်တည်လာခဲ့သည့် သူမ၏ရည်မှန်းချက်အား ယခုချိန်ထိ ဆုပ်ကိုင်ထားကာ အကောင်အထည်ဖော်နေဆဲဖြစ်သည်။
သူမှတ်မိသေးသည်။ ဟိုးအရင်တုန်းက ကလေးလေးယွမ်ရိဟာ အပ်ချုပ်သည် အတတ်ပညာကို သင်ယူရန်အတွက် နေ့စဉ်နေ့တိုင်း အခြားသောကျေးရွာသို့ သွားလေ့ရှိပေသည်။
သူမကို ပညာသင်ကြားသော အဖိုးဆုံးပါးကွယ်လွန်သွားပြီးနောက်မှာလည်း သူမ၏တတိယအဒေါ် ယွမ်ချီကျီနဲ့အတူတူ အပ်ချုပ်သည့်အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့သည်။
နှစ်သစ်ကူးနွေဦးပွဲတော်ကို ရောက်တိုင်း သူ့အတွက် ယွမ်ရိကဝတ်စုံအသစ်တချို့ ချုပ်ပေးလေ့ရှိသည်။ထိုဝတ်စုံလေးများဟာ ယခုအချိန်မှာ သူနဲ့မတော်တော့ဘဲ သေးငယ်နေပြီဖြစ်ပေမယ့် လင်းယောင်က လွှင့်မပစ်ရက်ဘဲ အမြတ်တနိုးသိမ်းထားဆဲပင်။
အခန်းထဲကို သူဝင်လာသည်ကိုမြင်တော့ ယွမ်ရိက သူ့အတွက် အကြမ်းရည်တစ်ခွက်ငှဲ့ပေးကာ
"အစိုးရဝန်ထမ်းဘဝကို စွန့်လွတ်ပြီး အခုလိုမျိုး စက်ချုပ်နေတာကို နင် ဘယ်လိုမြင်လဲ"
ဟု မေးလိုက်သည်။
လင်းယောင်လည်း ယွမ်ရိအနားကခုံမှာ ဝင်ထိုင်ကာ ယွမ်ရိငှဲ့ပေးသော အကြမ်းရည်ကို သောက်နေရင်းဖြင့်
"ကိုယ်ဝါသနာပါရာကို ကိုယ်လုပ်နေရတာဖြစ်လို့ စိတ်ချမ်းသာနေတယ်လို့ဘဲ မြင်တယ်"
ဟု ဖြေပေးလိုက်၏။
လင်းယောင်၏အဖြေကို ယွမ်ရိကြားတော့ သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်မိသည်။ထို့နောက် သူမက
"စကားတွေ အတော်တက်"
ဟု လင်းယောင်ကို ကျီစယ်လိုက်သည်။
"လီဆယ်စကားမဟုတ်ပဲ အမှန်အတိုင်းပြောတာပါဗျာ"
လင်းယောင်က ရုပ်တည်လေးဖြင့် ရှင်းပြရှာသည်။
"အေးပါဟယ်။ အမှန်အတိုင်းဆိုတော့လည်း အမှန်အတိုင်းဘဲပေါ့"
ယွမ်ရိက
"လောလောဆယ် ငါတို့ ညစာ သွားစားကြရအောင်။မနက်တုန်းက စီစဉ်ထားတဲ့အတိုင်း ဆိုင်မှာ သွားစားကြမယ်"
လင်းယောင်က
"နင်က ငါ့ကို နေစရာရော ငှားတဲ့အပြင် အစစအရာရာ ကူညီထားတာမို့ ဒီညစာကို ငါကျွေးမယ်"
ဟု ပြောလိုက်၏။
"နင်ကျွေးမှာဆိုတော့ အားနာပါးနာနဲ့ အဝစားပေးမယ်"
ယွမ်ရိက လင်းယောင်အား ရယ်ရယ်မောမောဖြင့် ကျီစားလိုက်သည်။
ထို့နောက် နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုကိုသွားကာ ညစာစားခဲ့ကြသည်။
ညစာ စားပြီးသည့်နောက် အိမ်ကိုတန်းပြန်ခဲ့ကြ၏။
အိမ်အနားသို့ ရောက်ခါနီးမှာဘဲ ဆိုင်ကနေပြန်လာကြသည့် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ လင်မယားနှင့် ဆုံကြသည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က လင်းယောင်နဲ့ယွမ်ရိကိုအတူတူမြင်လိုက်ရခြင်းအပေါ် အံ့အားသင့်သွားတာမျိုး မဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် မနက်ကတည်းက လင်းယောင်ဟာ ယွမ်ရိနဲ့အတူတူ ချူးရွယ်တို့အား လိုက်ပို့ပေးတာကို သိပြီးသားဖြစ်၍ပင်။
ယွမ်ချန်းရှန်က
"အိုး၊ လင်းယောင်ရေ။ ရှောင်ရိကို ပြန်လိုက်ပို့ပေးတာလား"
ဟု လင်းယောင်ကို မေးလိုက်သည်။
"မဟုတ်ပါဘူးဗျ။ ကျွန်တော်လည်း ဒီမှာဘဲ နေဖို့ ပြောင်းလိုက်ပြီဗျ"
လင်းယောင်က သူ့ရဲ့တည်ကြည်သောလေသံဖြင့် ပြန်ဖြေလိုက်၏။
"ဟေ"
လင်းယောင်စကားကြောင့် ယွမ်ချန်းရှန်ရော၊ ချန်ခွန်းပါ အံ့အားသင့်ကုန်ကာ ယွမ်ရိအား မေးမြန်းလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။
ယွမ်ရိက
"ဟို၊ သူအရင်က နေတဲ့နေရာက နေရတာ အဆင်မပြေလို့တဲ့။ ပြီးတော့ သမီးတို့ အိမ်မှာလည်း အခန်းတစ်ခန်းအားနေတာလေ။ ဒါနဲ့ပဲ လင်းယောင်ကို အခန်းငှားလိုက်တာ"
ဟု သူ့ဦးလေးတို့အား ရှင်းပြလိုက်သည်။
ယွမ်ချန်းရှန်တို့လည်း ထိုအခါမှ နားလည်သွားကြပြီး ခေါင်းတညိတ်ညိတ်ဖြင့်
"အေးပါကွာ။ ကဲ လမ်းမှာ စကားရပ်ပြောနေလို့ မကောင်းဘူး။ အိမ်ထဲဝင်ကြစို့"
ဟု တိုက်တွန်းလိုက်သည်။
ထို့နောက် သူတို့လေးယောက်လုံး အိမ်ထဲကို ဝင်ခဲ့ကြ၏။
အိမ်ထဲကိုရောက်တော့ ဧည့်ခန်းမှာ ထိုင်ကာ စကားခဏပြောခဲ့ကြသည်။ ပြီးမှ ကိုယ့်အခန်းကို ကိုယ်ပြန်ခဲ့ကြသည်။
ယွမ်ချန်းရှန်က သူတို့လင်မယားနှစ်ယောက်နေသည့် အခန်းကိုပြန်ရောက်တာနဲ့ သူ့မိန်းမအား
"ဒီကောင်လေး မဆိုးဘူးနော်"
ဟု လင်းယောင်အား ရည်ညွှန်းလျက် ပြောလိုက်၏။
လင်းယောင်ဟာ ယွမ်ရိကို အမှတ်တမဲ့လေး မြင်လိုက်ရရုံဖြင့် လက်လွှတ်မခံနိုင်တော့သည့်အလား အလောတကြီးဖြစ်သွားတာကိုလည်း သူကြားဖူးသည်။ တနင်္ဂနွေနေ့တိုင်းမှာလည်း လင်းယောင်က မပျက်မကွက်ဘဲ ယွမ်ရိဆီလာတာကိုလည်း သူ့မျက်မြင်ကိုယ်တွေ့ပင်။
ဒါ့ကြောင့် ယွမ်ချန်းရှန်ဟာ လင်းယောင်အား အမှတ်တွေအများကြီးပေးနေမိတော့သည်။
ဆက်လက်ပြီး သူက
"ဒီကောင်လေးက ငယ်ငယ်လေးကတည်းက ရှောင်ရိအပေါ်မှာ တော်တော်တွယ်တာ တာကွ။ ငါ့တူမကလည်း ငါတို့အမျိုးဘက်ကို တူတာဆိုတော့ ချောချောလှလှလေ။ အဲ့ကောင်လေးကလည်း ရည်ရည်မွန်မွန် သန့်သန်ပြန့်ပြန်လေးဆိုတော့ နှစ်ယောက်သား လိုက်ဖက်တယ်နော်"
ဟု ဆိုလိုက်ပြန်သည်။
ချန်ခွန်းက ခေါင်းတညိတ်ညိတ်ဖြင့် သူ့ယောက်ျား၏စကားကို ထောက်ခံလိုက်သည်။
"ဟုတ်ပါ့တော်။ ဟုတ်ပါ့"
ယွမ်ချန်းရှန်က အခန်းပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးသည့်နောက် သူ့မိန်းမနားကို အသာတိုးကပ်လျက်
"ရှောင်ကျဲက ရှောင်ရိထက် အရင် အိမ်ထောင်ကျပေမယ့် သူတို့နှစ်ယောက်ထဲက ဘယ်သူများ အရင် သားသမီးရမလဲ မသိဘူး"
ဟု ပြောလိုက်သည်။
ထိုစကားဆုံးတာနဲ့ ယွမ်ချန်းရှန်ခမျာ ချန်ခွန်းထံကနေ မျက်စောင်းတစ်ချက် လက်ဆောင်ရရှိလိုက်ပြီး
"ဪ၊ အရေးထဲ ဒီအရူးက တစ်မျိုး"
ဟု အပြောခံလိုက်ရတော့သည်။
ယွမ်ရိ၏စက်ချုပ်လုပ်ငန်းဖြစ်သည့် ရို့ပါဗီလီယမ်းဟာ လက်ရှိမှာ အိမ်တွင်းအသေးစားလုပ်ငန်းဖြစ်နေပြီဖြစ်၍ အလုပ်သမား မိန်းမငယ်လေးများအား တနင်္ဂနွေနေ့တိုင်း အားလပ်ရက်ပေးထားသည်။
ဒါပေမယ့် အလုပ်သမားမိန်းမငယ်လေးများဟာ စက်ချုပ်ရသည်အား ပျော်ရွှင်နေကြသည့်အပြင် ကိုယ်တိုင်ငွေရှာရပြီး ဝင်ငွေကောင်းနေသည့် အရသာအား ခံစားဖူးပြီးသွားပြီမို့ တနင်္ဂနွေနေ့ကိုပင် နားရက်မယူကြဘဲ အလုပ်ဆင်းကြသည်။
သူတို့လေးတွေဟာ ပထမအသုတ် ဝတ်စုံတွေချုပ်ပြီးသွားလျှင် နောက်တစ်သုတ် ထပ်ချုပ်ကြသည်။ ထို့နောက် တစ်သုတ်အား ချုပ်လုပ်ပြီးစီးသွားလျှင်လည်း ခဏမျှသာ အနားယူကြပြီး နောက်တစ်သုတ်ထပ်ချုပ်ကြပြန်သည်။
တနင်္ဂနွေနေ့။
ထိုနေ့တွင် ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့က အနားယူဖို့ဆုံးဖြတ်ထားပြီး ယွမ်တပေါင်နဲ့ယွမ်ရွယ်တို့ကို မြို့ထဲလိုက်ပို့ဖို့ စီစဉ်ထားကြသည်။
အိမ်ကိုတော့ စက်လာချုပ်သည့် ကလေးမလေးတွေနဲ့ပဲ အပ်ထားခဲ့၏။
ထိုကလေးမတွေနဲ့ ခင်မင်လာခဲ့တာ နှစ်ပေါက်နေပြီဖြစ်၍ ယုံယုံကြည်ကြည်ဖြင့် အပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယွမ်ချီကျီတို့လင်မယားနှစ်ယောက်ဟာ ကလေးနှစ်ယောက်အား စက်ဘီးတွေပေါ် တင်လျက် စက်ဘီးနှစ်စီးဖြင့် မြို့ထဲကို ထွက်လာကြသည်။
သူတို့ဟာ မြို့ထဲက ယွမ်ရိ ဝယ်ယူထားသည့် အိမ်၏နေရာကို မသိကြချေ။ ဒါ့ကြောင့် ကြိုတင်သတ်မှတ်ထားသည့် နေရာကိုရောက်အောင် သွားပြီး ယွမ်ရိလာခေါ်မှာကို စောင့်နေလိုက်ကြ၏။
မကြာခင်မှာပဲ အထုပ်အနည်းငယ်ဆွဲလျက် သူမတို့ထံ ဦးတည်လာသော ယွမ်ရိကို မြင်လိုက်ကြသည်။
ယွမ်ရိက ယွမ်ချီကျီတို့နားကို ရောက်တာနဲ့ ပြုံးလိုက်ကာ
"ရောက်တာ ကြာပြီလား။ သမီးလည်း ဟင်းချက်စရာလေးတွေ ဝင်ဝယ်နေလို့ နည်းနည်းနောက်ကျသွားတာရယ်"
ဟု ပြောလိုက်သည်။
ယွမ်ချီကျီက
"မဟုတ်တာ။ ငါတို့လည်း ရောက်တာ မကြာသေးဘူးရယ်"
ဟု ပြန်ပြောလိုက်၏။
ထို့နောက် သူတို့ဟာ ယွမ်ရိ၏ဦးဆောင်မှုနောက်သို့ လိုက်သွားကြတော့သည်။
လမ်းတွင် ယွမ်ချီကျီက သူ့တူမအား
"ရှောင်ရိ၊ ယွမ် ၁၂၀၀၀ ပေးပြီး ဝယ်ထားတဲ့အိမ်ကို တန်တယ်ထင်လား"
ဟု မေးလိုက်သည်။
ယွမ်ရိက အဖြေပြန်မပေးဘဲ
"ဒေါ်လေးရော ဘယ်လိုထင်လဲ"
ဟူ၍ မေးခွန်းဖြင့်သာ ပြန်လည် တုံ့ပြန်လိုက်သည်။
ယွမ်ချီကျီလည်း ခဏမျှ စဉ်းစားပြီးသည့်နောက်
"အင်းးး။ ဒေါ်လေးကတော့ တန်မယ်ထင်တားဘဲကွယ်။ ဘာပဲဖြစ်ဖြစ် အိမ်က မြို့အတွင်းပိုင်းမှာ ဆိုတော့လေ"
စကားပြောရင်းဖြင့်ပင် သူတို့ဟာ အိမ်ထဲကို ရောက်လာကြတော့သည်။
ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့အတွက် မြို့ထဲက အိမ်သို့ရောက်ဖူးခြင်းဟာ ပထမဦးဆုံးပင်။ ဒါ့ကြောင့် အိမ်အနှံ့လိုက်လံ ကြည့်ရှုကြတော့သည်။
ယွမ်ရိက
"ဘယ်လိုလဲ။ အိမ်လေးက မဆိုးဘူးမလား"
ဟု မေးလိုက်၏။
ယွမ်ချီကျီက
"အင်း၊ အိမ်လေးက မဆိုးဘူးဟ။ နေချင်စရာ ပုံစံလေးနဲ့"
ဟု ပြန်ဖြေလိုက်သည်။
ယွမ်ရိကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"အင်း၊ ဟုတ်တယ်။ သမီးကလေ နောက်ထပ် အိမ်နှစ်လုံးလောက် ထပ်ဝယ်ဖို့ မှန်းထားသေးတာ။ အဒေါ်တို့အတွက် အိမ်တစ်လုံး။ ဦးလေးငါးတို့အတွက် အိမ်တစ်လုံး ဆိုပြီးတော့လေ"
"အေးပါဟယ်။ ငါ့တူမရဲ့သဘောပေါ့"
ယွမ်ချီကျီက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က ဆိုင်ဘက်ကို သွားကြ၍ နေ့ခင်းနေ့လယ်မျိုးတွင် အိမ်၌ မရှိကြပေ။
ယွမ်ရိလည်း ရွယ်ဟောင်ဖန်းနဲ့ကလေးနှစ်ယောက်အား ခဏအနားယူခိုင်းထားပြီးသူမ၏အဒေါ်နဲ့အတူ နေ့လယ်စာ ချက်ပြုတ်ရန်အတွက် မီးဖိုချောင် ဝင်ခဲ့ကြတော့သည်။
သူတို့ဟာ နေ့လယ်စာ စားပြီးသည့်နောက် မြို့ထဲတွင် လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့ဟာလည်း မြို့စွန်တွင်သာ အချိန်အများစုကို ကုန်ဆုံးခဲ့ကြပြီး မြို့ထဲကို ရောက်သည့်အခါမျိုးတွင်လည်း နှံနှံ့စပ်စပ် မသွားဖူးခဲ့ကြပေ။
ဒါ့ကြောင့် မြို့ထဲတွင် လျှောက်လည်ပတ်ကြမည့်အပေါ်တွင် ကလေးနှစ်ယောက်သာမက သူတို့လင်မယား နှစ်ယောက်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြတော့သည်။
သူတို့တွေဟာ ညနေ နေဆောင်းသည်အထိ လည်ပတ်ခဲ့ကြသည်။ နေဝင်ခါနီးမှသာလျှင် အိမ်ကို ပြန်ခဲ့ကြ၏။
သူတို့တွေ အိမ်ပြန်ရောက်ပြီးသည်နှင့် ညစာအတွက် စတင် ချက်ပြုတ်ကြတော့သည်။ အကုန်လုံး ကျက်လုနီးပါးဖြစ်ချိန်မှာဘဲ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ လင်မယားနှစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။
ထိုအတူ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့သည်လည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။
လူတွေစုံလာပြီဖြစ်သည့်အတွက် အိမ်လေးဟာလည်း တဖြည်းဖြည်း အသက်ဝင်လာခဲ့တော့သည်။