Chapter 16

4.1K 535 1
                                    

အပိုင်း - ၁၆


အစိမ်းဝတ် အမျိုးသမီး၏ အိမ်ကို သူမတို့ ရောက်တဲ့အခါမှာတော့ အစိမ်းဝတ် အမျိုးသမီးက သူမတို့ အိမ်တံခါးရှေ့မှာ ရပ်ရင်း သူမတို့ကို စောင့်ကြိုနေ၏။ အဖိုး ဆောင်းနဲ့ ယွမ်ရိတို့ ရောက်လာတာကိုမြင်တာနဲ့ သူမက ညှင်ညှင်သာသာ ပြုံးလိုက်ကာ
"ရောက်လာကြပြီပဲ"
လို့ ပြောရင်း နှုတ်ဆင်လိုက်၏။

သူမဟာ အဖိုး ဆောင်တို့ မလာမချင်း ဘယ်မှ မသွားပဲ သူမ အိမ်မှာသာ နေခဲ့၏။

သူမသာမက သူမတို့ အိမ်က လူတိုင်း သည်ရက်တွေ အတွင်းမှာ အလုပ်မသွားကြပေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သားက အိမ်ထောင်ပြုတော့မှာ ဖြစ်ပြီး ထိုအရာက မိသားစုအတွင်း အရေးကြီး ကိစ္စ အဖြစ် ပြင်ဆင်နေကြလို့ ဖြစ်ပေသည်။

အဖိုး ဆောင်းကို သယ်လာသည့် လူနှစ်ယောက်လည်း အဖိုး ဆောင်းအား အိမ်ပေါက်ဝမှာ ချပေးထားလိုက်ကြသည်။ ကျန်တဲ့ ယောက်ျား နှစ်ယောက်ကလည်း အပ်ချုပ်စက်အား အစိမ်းဝတ်အမျိုးသမီး၏ အိမ်ထဲမှ အခန်း တစ်ခန်းအတွင်း ချထားပေးလိုက်ကြ၏။ ထို့နောက် သူတို့ လေးယောက်ဟာ အဖိုး ဆောင်းနဲ့ အစိမ်းဝတ် အမျိုးသမီးအား နှုတ်ဆက်ကာ ထိုအိမ်မှ ထွက်သွားကြတော့သည်။

အစိမ်းဝတ် အမျိုးသမီးဟာ အဖိုး ဆောင်းအား သူမ၏ အိမ်ထဲသို့ လေးလေးစားစား ဖိတ်ကြာလိုက်၏။ ယွမ်ရိလည်း အဖိုး ဆောင်း၏ နောက်ကနေ တဆင့် အစိမ်းဝတ် အမျိုးသမီး၏ အိမ်ထဲသို့လိုက်ဝင်ခဲ့တော့သည်။ သူမက အဖိုး ဆောင်း၏  အပ်ချုပ်ပုံ၊ အဝတ်ချုပ်ပုံများကို လေ့လာချင်၍ လိုက်လာခဲ့ခြင်း ဖြစ်တာမို့ မလိုအပ်ဘဲ စကားသိပ်မပြောခဲ့ပေ။

အစိမ်းဝတ် အမျိုးသမီးလည်း ထိုင်းခုံး တစ်လုံးကို အမြန်သွားယူကာ အပ်ချုပ်စက်ရှေ့မှာ ချထားပေးလိုက်၏။

အဖိုး ဆောင်းက ချက်ချင်း ထိုထိုင်ခံပေါ်မှာ ဝင်ထိုင်လိုက်၏။ သူက အစိမ်းဝတ် အမျိုးသမီးအား နှုတ်ဆက်ခြင်းလည်း မရှိသလို စကားလုံး တစ်လုံးမှ မပြောခဲ့ပေ။ သူက ယွမ်ရိဘက်ကို လှည့်ကာ သူ မနေ့က သူ ဆွဲထားသည့် ပုံများ ပါဝင်သည့် စာအုပ်ကို ထုတ်ခိုင်းလိုက်ကာ အစိမ်ဝတ် အမျိုးသမီးအား ပေးစေလိုက်၏။

ယွမ်ရိလည်း အဖိုး ဆောင်း ပြောသည့်အတိုင်း သူမ၏ လွယ်အိတ်ကို ဖွင့်ကာ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ ထို့နောက် အစိမ်းဝတ် အမျိုးသမီးထံ ကမ်းပေးလိုက်၏။

အဖိုး ဆောင်းလည်း ဆေးလိပ်တစ်လိပ်ကို ထပ်ပြီး ထုတ်ယူကာ သောက်လိုက်ရင်း အစိမ်းဝတ် အမျိုးသမီးအား ...

"အဲ့ထဲမှာ ငါ အင်္ကျီပုံ အချို့ ဆွဲထားတယ်။ အဲ့ အင်္ကျီပုံစံတွေက မင်းရဲ့ ချွေးမ မျက်နှာကျနဲ့လိုက်ဖက်နိုင်မယ့် ပုံစံ‌မျိုးတွေ။ ဒါ့အပြင် ငါက မင်းချွေးမနဲ့ လိုက်ဖက်မယ့် အရောင်းအသွေး တစ်ချို့ကိုလည်း ရွေးချယ်ပေးထားတယ်။ မင်း တစ်ချက်ကြည့်ကြည့်လိုက်။ ပြီးရင် အဲ့ထဲက မင်း စိတ်တိုင်းကျတဲ့ ပုံစံကို ရွေးလိုက်၊ ငါ ချုပ်ပေးမယ်"

အစိမ်းဝတ် အမျိုးသမီးလည်း စာအုပ်ကို လှန်၍ ပထမဆုံး အင်္ကျီပုံစံအား ကြည့်လိုက်သည်။ ထို့နောက် အံ့အားတကြီးဖြင့် ...
"ဒါက တကယ့်ကို ခေတ်မှီပြီး လှပလွန်တဲ့ ဝတ်စုံလေးတွေပဲ"

သူမဟာ စာအုပ်ကို လှန်၍ ဝတ်စုံ ပုံစံလေးတွေကို တစ်ပုံချင်း ကြည့်နေစဉ်မှာ အခန်းတံခါးဝမှာသူမ၏ ချွေးမလောင်း ရောက်လာတာကို တွေ့လိုက်ရသည်။

အစိမ်းဝတ် အမျိုးသမီးလည်း သူမ၏ ချွေးမလောင်းကို ကြည့်ကာ ပြုံးလိုက်ပြီး
"နင်က အချိန်ကိုက် ရောက်လာတာပဲ။ မြန်မြန်လာပြီး ဒီထဲက နင် ကြိုက်တဲ့ဟာကို ရွေးလိုက်။ အဖိုး ဆောင်းက နင် ကြိုက်တဲ့ ဝတ်စုံကို ချက်ချင်း ချုပ်ပေးလိမ့်မယ်"

ထိုမိန်းကလေးလည်း ပျော်ရွှင်စွာဖြင့် အစိမ်းဝတ်အမျိုးသမီး ဘေးမှာ ထိုင်လိုက်၏။ ထို့နောက် သူမက အစိမ်းဝတ် အမျိုးသမီးပေးသည့် စာအုပ်ကို ယူလိုက်ကာ အင်္ကျီပုံစံများကို စတင်ရွေးချယ်တော့သည်။

ချွေးမလောင်းနဲ့ ယောက္ခမလောင်းနှစ်ယောက်ဟာအချိန်အတော်ကြာသည်အထိ ဝတ်စုံ ပုံစံများကိုကြည့်ရှုနေခဲ့ကြ၏။ အချိန် အတော်ကြာပြီးတဲ့နောက်မှာ သူတို့တို့ဟာ အကြိုက်ဆုံး ပုံစံ သုံးမျိုးကိုရွေးချယ်လိုက်ကြ‌တော့သည်။

သူမတို့ ရွေးချယ်ပြီး ချုပ်လုပ်ပေးဖို့ တောင်းဆိုပြီးသွားတာနဲ့ အဖိုး ဆောင်ဟာ သူ့ လက်ထဲမှ ဆေးလိပ်ကို ချလိုက်၏။ ထို့နောက် စတင်ချုပ်လုပ်ဖို့ ပြင်တော့သည်။

စက်ချုပ်ဖို့အတွက် အစိမ်းဝတ် အမျိုးသမီး ပြင်ဆင်ထားသည့် အခန်းထဲမှာ စားပွဲကြီး တစ်လုံးလည်း ရှိနေပါသေးသည်။ ထိုစားပွဲကို အခင်းတစ်ခုဖြင့် သပ်သပ်ရပ်ရပ် ခင်းကျင်းထား၏။ အမှန်တော့ ထိုစားပွဲဟာ အဖိုး ဆောင်းအနေနဲ့ အဝတ်များကို ကိုက်ဖြတ်ရာမှာ ဖြစ်စေ၊ မီးပူထိုးရာမှာ ဖြစ်စေ အသုံးပြုဖို့ ဖြစ်ပေသည်။

အ‌ဖိုး ဆောင်းဟာ စားပွဲ၏ ရှေ့မှာ အရင်ဆုံး ထိုင်လိုက်၏။ ယွမ်ရိကလည်း သူမ လွယ်ထားသည့်လွယ်အိတ်ထဲကနေ လိုအပ်သည့် ပစ္စည်း ကိရိယာများကို ထုတ်လိုက်သည်။ ခဲတံ တချို့၊ ကပ်ကြေး တစ်လက်၊ စက္ကူ တစ်ချို့နဲ့‌ မြေဖြူခဲ အနည်းငယ်ကို ထုတ်ယူကာ စားပွဲပေါ်မှာ နေရာတကျ ချထားလိုက်၏။

အဖိုး ဆောင်းဟာ စက္ကူစကို ယူလျက် ခံတံဖြင့် ပုံစံအား အကြမ်းဖျင်း ရေးဆွဲလိုက်သည်။

ယွမ်ရိဟာ အဖိုး ဆောင်း ပုံကြမ်း ရေးဆွဲနေတာကို သေသေချာချာ လေ့လာနေခဲ့၏။ အစိမ်းဝတ် အမျိုးသမီးနဲ့ သူမ၏ ချွေးမလောင်းတို့လည်း ဘေးကနေ မတ်တပ်ရပ်လျက် ကြည့်နေကြ၏။ ဒါပေမယ့် သူမတို့ရဲ့ စိတ်ထဲမှာတော့ မချုပ်ရသေးသည့် ဝတ်စုံကို ဝတ်ဆင်ဖို့ပင် ပြင်ဆင်ပြီးသွားပြီ ဖြစ်ပေသည်။

ထို့နောက် အဖိုး ဆောင်းက ထိုပုံဆွဲထားသည့် စက္ကူကို ယွမ်ရိထံ ပေးလိုက်ကာ
"ဒီစက္ကူထဲက ပုံကြမ်းတွေကို ကပ်ကြေးနဲ့ ညှပ်လိုက်ပြီးရင် ညှပ်ထားတဲ့ဟာတွေကို ပိတ်စပေါ်မှာတင်ပြီး ဘေးကနေ မြေဖြူနဲ့ အနားသတ်လိုင်းတွေ လိုက်ဆွဲလိုက်၊ ပြီးရင် ပိတ်စကို မြေဖြူနဲ့ဆွဲထားတဲ့လိုင်းတွေအတိုင်း ညှပ်ပစ်လိုက်၊ ဒါကို မင်း လုပ်နိုင်မလား"

အချက်အလက်ကျကျ တွက်ကြည့်ပါက သူမဟာ အဖိုး ဆောင်းထံမှာ အပ်ချုပ်သင်တာက အချိန် သိပ်မကြာသေးပေ။ ဒါ့အပြင် ဝတ်စုံတစ်စုံအားအတူတူ ချုပ်တာကလည်း သည်တစ်ကြိမ်ဟာ ပထမဆုံး ဖြစ်၏။ ဒါကြောင့် ပုံမှန်အားဖြင့် သူမဟာ အနည်းငယ် တွန့်ဆုတ်ဟန် ပေါ်နေသင့်ပေသည်။

ဒါပေမယ့် သူမက ထိုသို့ ဟန်ဆောင်မနေတော့ပဲ တိုက်ရိုက်ပင် လက်ခံလိုက်၏။
"ဟုတ်ကဲ့။ သမီး လုပ်နိုင်ပါတယ်"

အစိမ်းဝတ် အမျိုးသမီးနဲ့ သူမ၏ ချွေးမတို့လည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိလိုက်ကြသည်။  သူမတို့ဟာ သည်တစ်ကြိမ်က ယွမ်ရိ၏ ပထမဆုံးဝတ်စုံ ချုပ်လုပ်ခြင်း ဖြစ်ကြောင်း သိနေခဲ့သည်။ ဒါ့ကြောင့် တစ်ခုခု အမှားအယွင်း ဖြစ်သွားမှာကို စိုးရိမ်နေကြခြင်း‌ပင်။ ဒါပေမယ့် အရင်တစ်ခါတုန်းက အဖိုး ဆောင်း၏ အနည်းငယ် ကြိမ်းမောင်းခြင်းကို ခံထားရ၍ ဘာမှတော့ ဝင်ပြောခြင်း မပြုကြတော့ပေ။

မူလက သူမတို့ နှစ်ယောက်လုံး အလွန် စိုးရိမ်နေကြပေမယ့် ယွမ်ရိ၏ လုပ်ပုံကိုင်ပုံများကို တွေ့မြင်ပြီးနောက် စိုးရိမ်စိတ်များ ကွယ်ပျောက်သွားတော့သည်။ ယွမ်ရိဟာ အရင်းဆုံး သူမ လက်ကိုစင်ကြယ်အောင် ဆေးကြောလိုက်၏။ ပြီးသည့်နောက်မှာ ပိတ်စကို ကိုင်ကာ သေသေချာချာ သပ်သပ်ရပ်ရပ် ပိုင်းဖြတ်တော့သည်။ ထိုသို့ပိုင်းဖြတ်ရာမှာလည်း ပိတ်စကို ခြွေတာနိုင်သမျှခြွေတာ၍ ညှပ်ဖြတ်ပေးခဲ့၏။

ဒါ့ကြောင့် သူမတို့ နှစ်ယောက်လုံး ယွမ်ရိအပေါ် စိုးရိမ်စိတ်တွေ လုံးဝ ပျောက်ကွယ်သွားကာ အဖိုး ဆောင်းအား
"အဖိုး ဆောင်း၊ အဖိုးရဲ့တပည့်က အရမ်းတော်တာပဲ။ သူမရဲ့ ကိုင်တွယ်ပုံတွေကလည်း သပ်သပ်‌ရပ်ရပ်လေးတွေနဲ့ အရမ်းတော်တာ ရှင်"

သည်တစ်ခါမှာတော့ အဖိုး ဆောင်းလည်း ယွမ်ရိအား ချီးမွမ်းတော့သည်။
"ဟုတ်တယ်။ သူမက တကယ်ကို တော်တယ်"

ယွမ်ရိကလည်း ပိတ်စကို ဖြတ်နေရင်းဖြင့် အဖိုး ဆောင်း၏ ချီးမွမ်းစကားကို တုံ့ပြန်လိုက်သည်။
"ဒါတွေက အဖိုး ဆောင်း သင်ပေးထားလို့ပါ ရှင့်"

ယွမ်ရိလည်း ပိတ်စကို သေချာ ပိုင်းဖြတ်ပြီးတဲ့နောက်မှာ ဖြတ်ထားသော ပိတ်စများအား အဖိုး ဆောင်းကို ပေးလိုက်၏။

အဖိုး ဆောင်းကလည်း လက်ကို စင်ကြယ်အောင် ဆေးကြော၍ အပ်ချုပ်စက် ရှေ့မှာ ထိုင်လိုက်သည်။ ထို့နောက် လက်လှည့်ဝိုင်းကို လှည့်လိုက်ပြီး ခြေနင်းပြားကို နင်းလျက် အပ်ချုပ်စက်ကို အရင်စမ်းကြည့်လိုက်၏။ ပြီးတဲ့နောက်မှာတော့ ပိုင်းဖြတ်ထားသည့် ပိတ်စများကို အပ်ချုပ်စက်ပေါ်မှာတင်ရင်း စတင်ချုပ်တော့သည်။

အစိမ်းဝတ် အမျိုးသမီး၊ သူမ၏ ချွေးမနဲ့ ယွမ်ရိတို့၏ မျက်စိရှေ့မှာ အဖိုးအိုကဝတ်စုံ၏ အကြမ်းဖျင်းပုံစံ တစ်ခုကို ချုပ်လုပ်ပြီးစီးသွားတော့သည်။

ထို့နောက် မိန်းကလေးအား စမ်းဝတ်ကြည့်ခိုင်းလိုက်သည်။ ထိုသို့ စမ်းဝတ်ကြည့်ခိုင်မှသာလျှင် အဆင်ပြေ မပြေ၊ ကိုယ်နဲ့ တော် မတော်၊အစရှိသဖြင့် လိုအပ်သည့် အရာများကို သိနိုင်မှာ ဖြစ်၏။ ထိုသို့သိမှသာလျှင်လည်း ဝတ်စုံအား အချောမသတ်ခင် ပြင်ဆင်နိုင်မှာ ဖြစ်ပေသည်။

ပထမဆုံး ချုပ်နေသည့် ဝတ်စုံဟာ မင်္ဂလာပွဲမှာ ဝတ်မည့် ဝတ်စုံဖြစ်၍ သေသေချာချာလေး အသေးစိတ် ချုပ်နေရသည် ဖြစ်ရာ ညနေရောက်သည်အထိ မပြီးသေးပေ။ နောက်ရက်မှာလည်းချုပ်စရာ ဝတ်စုံ နှစ်ထည် ကျန်ရှိနေသေး၍ သူမအတွက် ဝတ်စုံ အပို ယူလာခဲ့တာ မှန်သွား၏။

အစိမ်းဝတ် အမျိုးသမီးက သူမတို့ အတွက် ညစာကို ပြင်ဆင်ပေးထားကာ အစားအသောက်များကိုလည်း အရသာရှိရှိ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထား၏။

ညစာ စားပြီးတဲ့နောက်မှာ သူမတို့ အိပ်ဖို့အတွက်လည်း ပြင်ဆင်းပေးထားပါသေးသည်။

တစ်ညတာ အိပ်စက် အနားယူပြီးတဲ့နောက် နောက်ရက် မနက်မှာ စောစောထပြီး ဝတ်စုံများကိုဆက်လက်ချုပ်ခဲ့ကြ၏။

အဖိုး ဆောင်းဟာ စားပွဲဘေးမှာ ထိုင်၍ ချုပ်လုပ်မည့် ဝတ်စုံ၏ ပုံကြမ်းများကို စက္ကူပေါ်မှာ ရေးဆွဲနေခဲ့၏။ ရေးဆွဲပြီးသည့်အခါ ယွမ်ရိအား ပေးလိုက်သည်။ ယွမ်ရိကလည်း ချက်ချင်း စက္ကူစပေါ်မှာ ရေးဆွဲထားသည့် ပုံကြမ်းများကို ကပ်ကြေးဖြင့်ကိုက်ဖြတ်လိုက်သည်။ ထို့နောက် အခြားသောပိတ်စ တစ်ခုပေါ်မှာ‌ ဖြတ်ထားသော ပုံကြမ်းစက္ကူများကို တင်၍ မြေဖြူဖြင့် မှတ်သားလိုက်၏။

တ၀်ဖန် ထိုမှတ်သား‌ထားသော ပိတ်စများကို ကပ်ကြဖြင့် ညှပ်ဖြတ်လိုက်ပြန်သည်။ အကုန်လုံး  ညှပ်ပြီးသွားသည့်အခါမှာ အဖိုး ဆောင်းအားပေးလိုက်တော့သည်။

ဒါပေမယ့် အဖိုး ဆောင်းက မယူခဲ့ပေ။ သူက ယွမ်ရိကို ကြည့်ကာ
"မင်း မနေ့တုန်းက ငါ ချုပ်တာကို အသေးစိတ်လိုက်ကြည့်ထားပြီးပြီမို့လား။ ဒီတော့ ဒီဝတ်စုံကို နင်ကိုယ်တိုင် ချုပ်လိုက်"

ထိုစကားကြောင့် ယွမ်ရိ ဘာမျှမပြောခင်မှာ အစိမ်းဝတ် အမျိုးသမီးက အ‌ဖိုး ဆောင်းအား အရင် တားဆီးလိုက်တော့သည်။
"အဖိုး၊ ဒါက မဖြစ်နိုင်ဘူးလေ"

"ဘာလို့ မဖြစ်နိုင်ရတာလဲ"

အစိမ်းဝတ် အမျိုးသမီးလည်း မျက်မှောင်ကြုတ်လိုက်ပြီး
"ကျွန်မ ဒီပိတ်စတွေကို ရဖို့အတွက် ကျွန်မတို့ ရွာကနေ လေးရက်လောက် ဝေးတဲ့ နေရာအထိ သွားပြီး ရွှေအစစ်နဲ့ လဲလှယ် ယူခဲ့ရတာ။ ဒီပတ်စတွေက အရမ်း အဖိုးတန်းတယ်။ နည်းနည်း မှားယွင်းသွား‌ရင်တောင် ဆုံးရှုံးသွားမယ့် တန်ဖိုးက မသေးလို့ပါရှင်"

ယွမ်ရိကလည်း အစိမ်းဝတ် အမျိုးသမီး၏ စိုးရိမ်ပူပန်မှုကို နားလည်၍ အဖိုး ဆောင်းအား
"အဖိုး၊ သမီးအနေနဲ့ ကိုယ်တိုင်ချုပ်ဖို့က အဆင်သင့် မဖြစ်သေးဘူး ထင်တယ်ရှင့်"

အဖိုး ဆောင်းက ချက်ချင်း ယွမ်ရိကို မာန်မဲလိုက်သည်။
"တိတ်စမ်း။ ငါက လုပ်နိုင်တယ်လို့ ပြောရင် နင် တကယ် လုပ်နိုင်လို့ဘဲ"

အချိန်အကြာကြီး သင်ပေးခဲ့တာ မဟုတ်ပေမယ့် သည်ရက်ပိုင်းအတွင်း အပ်ချုပ်ပညာများကို သု်ကြားပေးပြီးတဲ့နောက် သူ့တပည့်မ၏ အရည်အချင်း ဘယ်လောက်ရှိကြောင်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးပြီ ဖြစ်၏။ ဒါကြောင့် သည်ဝတ်စုံကိုလည်း သူမ ချုပ်နိုင်လိမ့်မယ်လို့ သူ အပြည်အဝ ယုံကြည်နေ၏။

အဖိုး ဆောင်း၏ စကားဆုံးတာနဲ့ အခန်းထဲက လေထုဟာ တိတ်ဆိတ်သွားတော့သည်။

အပ်ချုပ်ဆရာ အဖိုး ဆောင်းဟာ အလွန်ခေါင်းမာတဲ့သူ ဖြစ်ကြောင်း အစိမ်းဝတ် အမျိုးသမီး ကြားသိထားပေမယ့် သူမ ကိုယ်တိုင် ကြုံတွေ့လိုက်ရချိန်မှာတော့ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရ၏။

အကယ်၍ အဖိုး ဆောင်းဆီမှာသာ အပ်ချုပ်တတ်သည့် အတတ်ပညာ မရှိပါက ဖန်းမင်းတောင်ပေါ်မှာ သူနဲ့ ပြောဆို ဆက်ဆံချင်သည့် သူတစ်ယောက်မှ ရှိနေမှာ မဟုတ်ပေ။

နောက်ဆုံးမှာတော့ အစိမ်းဝတ် အမျိုးသမီးလည်းအသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ...
"ကောင်ပါပြီ။ အဖိုး ဆောင်းအနေနဲ့ အဖိုးရဲ့ တပည့်ကို ဝတ်စုံ ချုပ်ခိုင်းလို့ရတယ်။ ဒါပေမယ့် မတော်တဆ ပျက်စီးသွားခဲ့ရင်တော့ ပိတ်စဖိုးလေးတော့ ပြန်လျော်ပေးပါရှင်"

အဖိုး ဆောင်းက
"ပျက်စီးသွားရင်လည်း စိတ်ပူမနေပါနဲ့။ သူမရဲ့ အဖေက ပြန်လျော်ပေးလိမ့်မယ်။ သူမ အဖေက စစ်တပ်ထဲက အရာရှိတစ်ဦးပဲဟာကို"

ယွမ်ရိ"..."

အဖိုး ဆောင်းက ကြောင်အနေသည့် ယွမ်ရိအား
"ဘာကြောင်ကြည့်နေတာလဲ။ အိမ်ကို စောစောပြန်ချင်ရင် မြန်မြန်ပြီးအောင် ချုပ်"

ယွမ်ရိလည်း ဘာမှ ထပ်မပြောတော့ပဲ အပ်ချုပ်စက်ရှေ့မှာ ဝင်ထိုင်လိုက်၏။ ထို့နောက်ဖြတ်ထားသည့် ပိတ်စများကို ယူကာ စတင်ချုပ်လိုက်တော့သည်။

ခေတ်မှီ တိုးတက်နေသည့် ကာလမှ ဒီဇိုင်နာ တစ်ယောက်အနေနဲ့ အခုလိုမျိုး ဝတ်စုံမျိုးဟာ အရမ်းကို ရိုးရှင်းလွန်းလှကာ သူမအတွက် ဖိအား လုံးဝမရှိပေ။ ဒါပေမယ့် အစိမ်းဝတ် အမျိုးသမီးနဲ့ မိန်းကလေးကတော့ သူမ စတင် ချုပ်နေတာကိုကြည့်ရင် သူမတို့၏ မျက်နှာပေါ်မှာစိုးရိမ်စိတ်တွေပေါ်လာတော့သည်။

ယွမ်ရိကတော့ သူမတို့နှစ်ယောက်ကို အာရုံမရှိခဲ့ပေ။ သူမက အရင်ဆုံး အပ်ချုပ်စက်မှ အပ်သွားထဲတွင် အိတ်စ အရောင်နဲ့ လိုက်မည့် အပ်ချည်အား ထိုးလိုက်၏။ တစ်ဖန် အောက်ရစ်လုံးအတွက်လည်း လိုက်ဖက်မည့် အပ်ချည်ကို တပ်ဆင်လိုက်၏။

ယွမ်ရိ၏ လုပ်ဆောင်မှုများက ချောမွေ့နေ၍ စောင့်ကြည့်နေသည့် အစိမ်းဝတ် အမျိုးသမီးရဲ့အမူအရာက ပိုပြီး ကောင်းမွန်လာခဲ့၏။ ဒါပေမယ့် ယွမ်ရိကပိတ်စကို အပ်သွား၏ အောက်မှာထား လိုက်တာကိုမြင်လိုက်ချိန်မှာတော့ သူမဟာ အသက်ရှုရပ်မတတ် ခံစားလိုက်ရသည်။

သူမဟာ ထိုပိတ်စတွေကို ရဖို့ သူမတို့ စုဆောင်းထားသည့် ငွေတွေ အကုန်နီးပါး သုံးလိုက်ရတာ‌ကို ပြန်တွေးမိပြီးတဲ့နောက် ရင်မောလာတော့သည်။

ယွမ်ရိဟာ လှည့်ဝိုင်းကို လှည့်၍ ခြေနင်းပြားကို စတင်နင်းကာ ပိတ်စအား ချုပ်လိုက်ချိန်မှာတော့သူမဟာ မူးလဲတော့ မတတ်ခံစားလိုက်ရ၏။

ဒါပေမယ့် ယွမ်ရိက ပိတ်စကို ကောင်းကောင်းမွန်မွန် ချုပ်နေတာအား မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတော့ သူမ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်‌မှုတွေ ကွယ်ပျောက်သွားကာ အံ့ဩမှုတွေ အစားထိုးလာတော့သည်။

အဖိုး ဆောင်းရော အစိမ်းဝတ် အမျိုးသမီးပါစကားပြောခြင်း မရှိတာမို့ အခန်းထဲမှာ အပ်ချုပ်စက်သံ တဂျုန်းဂျုန်းကလွဲပြီး ဘာသံမှထွက်မနေခဲ့ပေ။

နောက်ဆုံးမှာတော့ ဝတ်စုံကို ချုပ်၍ ပြီးသွားကာယွမ်ရိလည်း ထိုဝတ်စုံအား သေချာ မီးပူတိုက်လိုက်၏။ ပြီးတဲ့နောက်မှာတော့ သပ်သပ်ရပ်ရပ်ခေါက်ပေးလိုက်တော့သည်။

ယွမ်ရိ ဝတ်စုံကို မီးပူတိုက်နေစဉ်မှာ အစိမ်းဝတ် အမျိုးသမီးက အမွှေးနှုတ်ထားသည့် ကြက်အားအဖိုး ဆောင်းကို ပေးလိုက်ကာ
"အဖိုး ဆောင်း၊ ဒါလေးကို လက်ဆောင်အဖြစ် လက်ခံပေးပါဦး"
လို့ ပြောလိုက်သည်။

အဖိုး ဆောင်ကလည်း ဘာမျှမပြောပဲ တိုက်ရိုက်လက်ခံလိုက်သည်။ ဒါက သူ့အတွက်တော့ မထူးဆန်းတော့ချေ။ တစ်စုံ‌တစ်ယောက်အတွက် ဝတ်စုံချုပ်ပေးသည့်အခါတိုင်း ထိုလူက သူ့အားမက်မွန်သီး မုန့်‌ ဖြစ်စေ၊ ကြက်ဥများ ဖြစ်စေ၊ကြက်သားတွေကို ဖြစ်စေ အစရှိသဖြင့် လက်ဆောင် ပေးတတ်သောကြောင့်ပင်။

ဝတ်စုံတွေ ချုပ်ပေးပြီးသွားပြီ ဖြစ်တာမို့ အဖို ဆောင်းလည်း ချုပ်ခကို တောင်းယူကာ အစိမ်းဝတ် အမျိုးသမီးတို့ အိမ်ကနေ ပြန်လာခဲ့တော့သည်။အလာတုန်းကကဲ့သို့ပင် အပြန်ခရီးကိုလည်း သန်မာသည့် ယောက်ျား လေးဦးက လိုက်ပို့ပေး၏။

လမ်းမှာ အဖိုး ဆောင်းက ကုလားထိုင်ပေါ်ကနေ ယွမ်ရိအား
"ဟေး၊ မင်း ငွေလိုချင်လား၊ ဒါမှမဟုတ် ကြက်ကို ယူမလား"
လို့‌ မေးလိုက်၏။

ယွမ်ရိလည်း အံ့အားသင့်သွားကာ
"သမီးအတွက် ငွေ၊ ဟုတ်လား"

အဖိုး ဆောင်းက ခေါင်းညိတ်လိုက်ပြီး
"မင်းက ငါ့ကို ကူညီပြီး ဝတ်စုံချုပ်ပေးခဲ့တာလေ။ ဒီတော့ မင်းလည်း ရပိုင်ခွင့်ရှိတာပေါ့"

ယွမ်ရိလည်း ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက်အဖိုး ဆောင်းအား
"အဖိုး၊ သမီး ကြက်သား တစ်ဝက်လောက် လိုချင်ပါတယ်"
လို့ တောင်းဆိုလိုက်တော့သည်။

ယွမ်မိသားစု ခြံဝန်းအတွင်းမှ ယွမ်ချန်းကွေ့တို့အိမ်၏ မီးဖိုချောင်အတွင်း ...

ယွမ်ချန်းကွေ့ဟာ မီးဖိုဘေးထိုင်လျက် မီးဖိုပေါ်မှာဟင်းအိုး တစ်အိုးအား သေချာစွာချ က်ပြုတ်နေခဲ့၏။ သူ့ရဲ့နောက်မှာတော့ ဆန်းရှောင်ဟိုင်က ကြက်စာများကို နုတ်နုတ်စဥ်းနေခဲ့သည်။

ယွမ်ချန်းကွေ့က‌ မြက်ခြောက် အနည်းငယ်ကို ယူကာ မီးဖိုထဲ ထည့်လိုက်ပြီး ဆန်းရှောင်ဟိုင်အား
"မနေ့ညက ရှောင်ရိ ပြန်မလာဘူးဆို၊ ဟုတ်သလား"

ဆန်းရှောင်ဟိုင်က ကြက်စာ‌များကို ခုတ်ထစ်နေရင်းဖြင့်
"ဟုတ်တယ်။ ကျွန်မ ကြားတာတော့ အပ်ချုပ်ဆရာက သူမကို အဝတ်ချုပ်ဖို့အတွက် အတူတူ ခေါ်သွားတယ်တဲ့"

ယွမ်ချန်းကွေ့လည်း ဆန်းရှောင်ဟိုင်၏ မျက်နှာထားကို သေချာကြည့်ကာ
"မင်း ဘယ်လိုထင်လဲ။ ရှောင်ရိကို ကြည့်ရတာအပ်ချုပ်ဆရာက တကယ်တန်ဖိုးထားပြီး ပညာတွေ သင်ပေးနေပုံရတယ်နော်"

ဆန်းရှောင်ဟိုင်က ကြက်စာများ ခုတ်နေတာကို ခဏရပ်ထားလိုက်ပြီး
"တန်းဖိုးထား သင်ပေးတယ်၊ ဟုတ်လား။ အပ်ချုပ်ဆရာလို လက်ပေါက်ကပ် ခေါင်းမာတဲ့ သူမျိုးကလေ။ ဒီမယ် လူဘယ်လောက်များများ သူ့ဆီကနေ သင်ကြားနိုင်ခဲ့ကြလို့လဲ။ တကယ့်တော့ သူက ရှင့် တူမကို လှည့်စားနေတာ။ ရှင့် တူမက ဟိုမှာ ဘာအပ်ချုပ်ပညာမှ သင်နေရမှာ မဟုတ်ပဲ အဲ့အဖိုးကြီးရဲ့ဝေယျာဝစ္စတွေ လုပ်ပေးနေရမှာ။ ဒါကို ရှင် သိရဲ့လား"

သူမက ဆက်လက်ပြီး
"ပြီးတော့ ရှင့်အမေကိုလည်း လုံးဝ နားမလည်တော့ဘူး။ ကြက်ဥခြင်း နှစ်ခြင်း လည်းလက်ဆောင်ပေးရသေးတယ်။ ကိုယ်မြေးမကလည်း အဲ့မှာ ကျွန်လို သွားလုပ်ပေးနေရသေးတယ်။ ဒါကိုတောင်မှ သူမက ရှောင်ရိကို အပ်ချုပ်သွားသင်ဖို့ စေလွှတ်နေသေးတယ်။ ဟွန့်"

ယွမ်ချန်ကွေ့ကလည်း မျက်မှောက်ကြုတ်လျက်
"ဟူး၊ သနားစရာ ကောင်းတဲ့ ငါ့ တူမလေး။ သူမက လှည့်စားခံနေရတာကိုတောင် မသိဘူး"

ဆန်းရှောင်ဟိုင်ကလည်း လှောင်ပြုံးပြုံးကာ
"ကျွန်မ အခုတည်းက ကြိုမှန်းကြည့်လိုက်မယ်။နောင်တစ်ချိန်ကျရင် ရှင့်အမေက အိမ်က ကြက်တွေကိုတောင်မှ သတ်ပြီး အပ်ချုပ်ဆရာဆီလက်ဆောင်အဖြစ် ပေးလိမ့်မယ်"

သူမ စကားဆုံးတာနဲ့ အပြင်ဘက်နေ
"အဖွား၊ သမီး ပြန်လာပြီ"
ဆိုသည့် အသံကို ကြားလိုက်ရ၏။

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်၏ မျက်လုံးထဲ လှောင်ရိပ်တွေ သမ်းလာကာ သူမ၏ ယောက်ျားအား
"ဟော၊ ယွမ်အိမ်ရဲ့‌ မွဲဆေးကြီး ပြန်လာပါပြီတော်"
လို့ ရွဲ့ပြောလိုက်၏။

ထိုအချိန်မှာ လျူရှင်းဟွာ၏ အံ့အားတကြီး ဖြစ်နေသည့်အသံကို သူမတို့ ထပ်ကြားလိုက်ကြပြန်သည်။
"ဟယ်။ ရှောင်ရိ၊ နင့်လက်ထဲက ကြက်ကြီးက ဘယ်ကဟာကြီးလဲ"

ကြက်၊ သူတို့တွေရဲ့စကားထဲဘယ်က ဘယ်လိုကြက်ကပါ လာရပြန်တာလဲ

ယွမ်ချန်းကွေ့ရော ဆန်းရှောင်ဟိုင်ပါ နားစွင့်၍ အပြင်ဘက်က စကားများကို နားထောင်နေကြ၏။

ယွမ်ရိက
"ဒီကြက်ကို အဖိုးနဲ့ အတူတူ အပ်ချုပ်သွားတဲ့ အိမ်က လက်ဆောင်အဖြစ် ပေးလိုက်တာ။ ဒီလိုနဲ့ အဖိုးက သမီးကို တစ်ဝက် ပြန်ပေးလိုက်တာလေ"

ထို့နောက် သူမက သူမ၏ လွယ်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ကာ
"ဒီမှာ၊ အဖိုးက လစာလည်း ပေးလိုက်သေးတယ်။အဖိုးက သမီးကို ကြက်သားတစ်ဝက်အပြင် လစာအဖြစ် တစ်ယွမ်ကိုပါ ပေးလိုက်သေးတယ်"

ငွေစက္ကူကို မြင်လိုက်တာနဲ့ လျူရှင်းဟွာ မျက်လူံးတွေ ပြူးကျယ်သွားကာ
"တစ်ယွမ် ဟုတ်လား"

မီးဖိုခန်းထဲမှာလည်း ယွမ်ချန်းကွေ့ရော၊ ဆန်းရှောင်ဟိုင်ပါ အံ့အားတကြီး ရေရွတ်မိလိုက်ကြ၏။
"တစ်ယွမ်ဆိုပါလား"

ယွမ်ချန်းကွေ့အနေနဲ့ သတ္တုတွင်းမှာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရင်တောင် တစ်လမှာ ငါးယွမ်သာ ရနိုင်ပါသည်။ ဆန်းရှောင်ဟိုင်ကလည်း တစ်လလုံးပြောင်းခင်း၊ စပါးခင်များအတွင်း ကြိုးကြိုးစားစားလုပ်ရင်တောင်မှ သုံးယွမ်၊ လေးယွမ်လောက်သာ ရရှိနိုင်၏။

ဒါပေမယ့် ယွမ်ရိကတော့ အိမ်ကနေ နှစ်ရက်လောက် ထွက်ခွာသွားခဲ့ပြီး ကြက်သား တစ်ဝက်နဲ့ ငွေတစ်ယွမ်ကို ရရှိခဲ့တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now