အပိုင်း - ၃၃
ယွမ်ချန်းရှန်ဟာ ဓာတ်မီးတစ်လက်ဖြင့် အတူရောက်ချလာကာ ယွမ်ရိအား
"အဖိုးဆောင်း၊ အခြေအနေဘယ်လိုလဲ အဆင်ရောပြေရဲ့လား"
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"အင်း။ အဖိုးဆောင်းက အသက်အရွယ်ရလာတော့တာမို့လို့ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ဟာတွေ ဖြစ်သွားတာပါ။ သေချာဂရုစိုက်ပေးရင် သိပ်မကြာခင်မှာပဲ ပျောက်သွားမှာပါ"
ယွမ်ချန်းရှန်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ချေ။ အဘယ့်ကြောင့်ဆိုသော် အဖိုးဆောင်းနဲ့သူနဲ့က တအားကြီး မရင်းနှီးလို့ပဲဖြစ်သည်။
ထို့နောက် သူက ယွမ်ရိနဲ့ လင်းယောင်ကိုခေါ်ကာ ဖန်းယန်ရွာသို့ ပြန်လာခဲ့ကြတော့သည်။ ဖန်းယန်ရွာကိုရောက်တာနဲ့ အရင်ဆုံး လင်းယောင်အား မိုးပျံမျှောစင်သို့ လိုက်ပို့ခဲ့ကြသည်။ ပြီးမှသာ တူအရီးနှစ်ယောက် ယွမ်အိမ်ကို ပြန်လာခဲ့ကြသည်။
ယွမ်အိမ်သို့ ပြန်ရာလမ်းမှာ ယွမ်ချန်းရှန်က သူ့တူမအား
"ရှောင်ရိ၊ လင်းယောင်ကို ကြိုက်သလား" လို့ မေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ကြိုက်တာပေါ့ လင်းယောင်က လိမ္မာတဲ့အပြင် အရမ်းချစ်စရာလည်း ကောင်းတာကို။ အဲ့လောက်ချစ်ဖို့ ကောင်းတဲ့မောင်လေးကို ဘာလို့မကြိုက်ပဲ နေရမှာလဲ"
ယွမ်ရိ၏ အဖြေကြောင့် ယွမ်ချန်းရှန် စိတ်သက်သာရာ ရသွားသလို စွံ့အသွားရ၏။
စိတ်သက်သာရာရသွားရသည့်အကြောင်းအရင်းကတော့ သူ့တူမကလင်းယောင်အပေါ် မောင်ငယ်လေးတစ်ယောင်လိုမျိုး စိတ်ထားလို့ပဲဖြစ်သည်။
စွံ့အသွားရသည့်အကြောင်းကတော့ သူ့တူမက သူမေးသည့် စကား၏အဓိပ္ပာယ်ကို
တလွဲနားလည်သွားလို့ပဲ ဖြစ်သည်။
ထို့နောက် တူဝရီးနှစ်ယောက် စကားတပြောပြောဖြင့် အိမ်ကိုပြန်ခဲ့ကြတော့သည်။
အိမ်ရောက်တော့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကလည်း အဖိုးဆောင်း၏အကြောင်းကို မေးမြန်းကြ၏။
ယွမ်ရိလည်း ရိုးရိုးရှင်းရှင်းလေးသာ ပြောပြလိုက်ပြီး ရေချိုးကာ ညစာ,စားလိုက်သည်။ ပြီးတာနဲ့ အိပ်စက်ဖို့အတွက် အခန်းထဲကို ဝင်သွားတော့သည်။
အခန်းထဲမှာတော့ ယွမ်ချီကျီနဲ့ယွမ်ကျဲဟာ မအိပ်ကြသေးပဲ စကားကောင်းနေကြတုန်းပင်။ ယွမ်ရိဝင်လာတာကိုမြင်တာနဲ့ ယွမ်ချီကျီက ခေါင်းစောင်းလိုက်ပြီး
"အဖိုးဆောင်းရဲ့ အသက်အရွယ်ကြောင့် အခုလိုအချိန်မှာ ပြုစုပေးမယ့်သူမရှိရင် မဖြစ်လောက်ဘူးနော်" လို့ ယွမ်ရိကိုပြောလိုက်၏။
ယွမ်ရိလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ အဲ့တာကြောင့်မို့ မနက်ကျရင် အခါတိုင်းထက်ပိုပြီး စောစောလေးသွားမလို့"
ထိုစကားကိုပြောပြီးတာနဲ့ သူမက တစ်ခုခုတွေးမိသွားပြီး သူမ၏တတိယအဒေါ်ကို ကြည့်ကာ
"အဒေါ်။ မနက်ဖြန်ကျရင် အဒေါ်ပါ လိုက်ခဲ့ပါလား။" လို့ မေးလိုက်၏။
သူမ၏ခန္ဓာကိုယ်က ကောင်းမွန်စွာ အရွယ်မရောက်သေးတာမို့ အဖိုးဆောင်းကဲ့သို့ အရွယ်ရောက်ပြီးသား လူတစ်ယောက်အား ပြုစုစောင့်ရှောက်ရာမှာအခက်အခဲတချို့ရှိပေသည်။
ဒါ့ကြောင့် သူမကိုကူညီပေးမည့်လူတစ်ယောက် ရှိပါက ပိုပြီးတော့ ကောင်းမွန်ပေသည်။
ဒါ့အပြင် တတိယအဒေါ်ကိုလည်း အပ်ချုပ်ပညာသင်ပေးနိုင်ဦးမှာဖြစ်၏။
ဒါ့ကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောမျိုးဖြင့် တတိယအဒေါ်အား သူမနဲ့အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ခြင်းပင်။
ယွမ်ချီကျီက ခဏမျှ တွေဝေပြီးနောက်
"ဖြစ်ပါ့မလား" လို့ ပြန်မေးလိုက်သည်။
ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"ဖြစ်တာပေါ့။ အဖိုးဆောင်းရဲ့စိတ်ထားက နည်းနည်းထူးဆန်းပေမယ့် အဒေါ်က အဖိုးကိုဝိုင်းပြုစုပေးဖို့အတွက် လိုက်လာမှာလေ။ ဒါ့အပြင် အဒေါ့်ကို အပ်ချုပ်စက်ပေးမှာက အဖိုးဆောင်းမဟုတ်ဘဲ။သမီးသင်ပေးမှာပဲဟာ။ ဒီတော့လိုက်ခဲ့ပါနော်"
ယွမ်ချီကျီလည်း ခဏမျှ ပြန်စဉ်းစားကြည့်ပြီးတဲ့နောက်မှ
"ကောင်းပြီလေ။ အဒေါ် မနက်ဖြန်ကျရင် နင်နဲ့အတူတူလိုက်ခဲ့မယ်"
တကယ်တော့ ယွမ်ချီကျီဟာ အပ်ချုပ်တာကို အရင်တုန်းကတည်းက ဝါသနာထုံ၏။ အိမ်ထောင်ပြုဖို့အတွက် တင်တောင်းလက်ဆောင်အဖြစ် အပ်ချုပ်စက်ကိုပင် တောင်းခဲ့သေး၏။ ဒါပေမယ့် လျူရှောင်းက အပ်ချုပ်စက်အစား စက်ဘီးတစ်စီးကိုသာ တင်တောင်းလက်ဆောင်အဖြစ်ပေးခဲ့သည်။
လက်ထပ်ပြီးနောက်ပိုင်း ထိုစက်ဘီးဟာလည်း သူမထိတောင်မထိလိုက်ရဘဲ လျူရှောင်း၏ အလုပ်သွား၊အလုပ်ပြန် စီးနင်းစရာတစ်ခုသာ ဖြစ်ခဲ့တော့သည်။
ဒါ့ကြောင့် အခုလို အပ်ချုပ်စက်ပေါ်မှာထိုင်ပြီး အပ်ချုပ်နိုင်ဖို့ အခွင့်အရေးရလာတဲ့အခါမှာ ယွမ်ချီကျီတစ်ယောက် အလွန်စိတ်လှုပ်ရှားပျော်ရွှင်သွားတော့သည်။ သူမဟာ လှုပ်ရှားနေသည့် စိတ်ကိုငြိမ်အောင်ထိန်းလျက် အိပ်စက်ဖို့ကြိုးစားလိုက်ရတော့သည်။
နောက်ရက်ရောက်သည့်အခါမှာ ယွမ်ရိနဲ့ယွမ်ချီကျီတို့ တူဝရီးနှစ်ယောက်ဟာ အိပ်ယာစောစောထခဲ့ကြသည်။ ပြီးတာနဲ့မျက်နှာသစ် ရေချိုးမိုးချိုးလုပ်ကာ အိပ်အလုပ်တွေလုပ်ခဲ့ကြ၏။ ထို့နောက် နှစ်ယောက်သား ရွှေသရဖူရွာသို့ ထွက်လာခဲ့ကြတော့သည်။
သူမတို့နှစ်ယောက် အဖိုးဆောင်းခြံဝန်းထဲရောက်တဲ့အခါမှာ အဖိုးဆောင်းက နိုးထနေပြီဖြစ်ကာ တစ်ယောက်တည်း ခက်ခက်ခဲခဲလမ်းလျှောက်နေ၏။
ဒါ့ကြောင့် ယွမ်ရိလည်း စိုးရိမ်သွားပြီး အဖိုးဆောင်းနားပြေးသွားကာ
"အဖိုး။ ဘာလို့တစ်ယောက်တည်း လမ်းလျှောက်နေရတာလဲ။ မနေ့ကလို လဲကျသွားရင် ဘယ်လိုလုပ်မလဲ" လို့ ဂရုဏာသံလေးဖြင့်ပြောလိုက်သည်။
ထို့နောက် ယွမ်ချီကျီနဲ့အတူတူ အဖိုးဆောင်းအား တွဲကူလျက် မျက်နှာသစ်၊ ရေချိုးပေးခဲ့ကြသည်။ ပြီးတာနဲ့အဖိုးဆောင်းအား ကုတင်ပေါ်ပြန်လှဲစေလိုက်သည်။
ယွမ်ချီကျီကတော့ အဖိုးဆောင်းကို ကုတင်ပေါ် ပို့ပြီးတာနဲ့ အခန်းထဲကထွက်သွား၏။
ယွမ်ရိက အဖိုးဆောင်းအား
"အဖိုး။ သမီးရဲ့ တတိယအဒေါ်ကို အဖိုးကိုဝိုင်းပြုစုပေးဖို့အတွက် ခေါ်လာခဲ့တယ်။ အဒေါ့်ကိုရော အပ်ချုပ်တာကို သမီး သင်ပေးလို့ရမလား" လို့ ခွင့်တောင်းလိုက်သည်။
အဖိုးဆောင်းက ယွမ်ရိ အမေးကို တောက်လျှောက်ပြန်မဖြေ။ သူက ခေါင်းအုံးအောက် လက်နှိုက်ကာ သော့တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ထိုသော့ကို ယွမ်ရိ လက်ထဲထည့်ပေးလိုက်ကာ
"မင်းသဘောပဲ ဒါကအိမ်သော့အပို တစ်ခုခုဆို မင်းဘာသာမင်း ကိုင်တွယ်လို့ရတာပေါ့"
အဖိုးဆောင်းက အပြင်ပန်းမှာ ထုတ်မပြပေမယ့် ယွမ်ရိကို တကယ် ကျေးဇူးတင်နေပါသည်။ မနေ့က ယွမ်ရိသာ ရောက်မလာခဲ့ရင် သူအသက်ရှင်နိုင်ပါ့မလား မသေချာတော့ပေ။ ဒါ့ကြောင့်လည်း ယုံယုံကြည်ကြည်ဖြင့် ယွမ်ရိကို အိမ်သော့အပ်ကာ သူ့ရဲ့အမွေဆက်ခံသူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်းပင်။
ယွမ်ရိလည်း အဖိုးဆောင်းပေးသည့်သော့ကို ရိုရိုသေသေဖြင့် လက်ခံယူလိုက်ပြီး
"အဖိုး။ အဖိုး စားချင်တာတစ်ခုခုရှိလား ရှိရင်ပြောနော်"
အဖိုးဆောင်းက
"ရပါတယ်ကွာ။ မင်းဘာသာမင်း အဆင်ပြေမယ့်ဟာလေး ကြည့်ချက်ခဲ့လိုက်"
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲကနေထွက်ကာ မီးဖိုချောင်ဘက် ဦးတည်လာတော့သည်။
မီးဖိုချောင်ထဲရောက်တော့ ဆန်ပြုတ်,ပြုတ်ပြီးသွားပြီဖြစ်သည့် ယွမ်ချီကျီကို တွေ့လိုက်ရ၏။ ဒါ့ကြောင့် ယွမ်ရိ နည်းနည်းတော့ အံ့အားသင့်သွားသည်။
ထို့နောက် သူမက ဆန်ပြုတ်ကို ပန်းကန်တစ်လုံးဖြင့် ခပ်ကာ အဖိုးဆောင်းထံ သွားပို့လိုက်၏။ ပြီးတာနဲ့ မီးဖိုချောင်ထဲပြန်လာကာ ယွမ်ချီကျီနဲ့အတူ မနက်စာအဖြစ် ဆန်ပြုတ်ကိုပဲ စားသောက်လိုက်ကြတော့သည်။
ဆန်ပြုတ်သောက်နေရင်းဖြင့် ယွမ်ချီကျီက
"ရှောင်ရိ နောက်ရက်ကျရင် စားစရာကို အိမ်ကနေထုပ်ခဲ့တာဘဲဖြစ်ဖြစ် လုပ်ကြရအောင်။ ငါတို့နှစ်ယောက်စာကြီးများတောင်ဆိုတော့ အချိန်ကြာလာတဲ့အခါ အဖိုးဆောင်းရဲ့စားစရာတွေ မြန်မြန်ကုန်သွားလိမ့်မယ်"
ယွမ်ရိလည်း သူမအဒေါ်၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ ယခင်တုန်းက သူမတစ်ယောက်တည်းဖြစ်တဲ့အပြင် သူမစားသောက်တာကလည်း နည်းနည်းလေးဖြစ်တာမို့ ကိစ္စမရှိပေမယ့် အခုက သူမအဒေါ်ပါ ပါလာပြီဖြစ်သည်။ ဒါ့ကြောင့် သူမအဒေါ်အကြံပြုသည့်အတိုင်းလုပ်ဖို့ ယွမ်ရိဆုံးဖြတ်လိုက်တော့သည်။
မနက်စာ စားပြီးတာနောက် ယွမ်ရိက ယွမ်ချီကျီအား စက်ချုပ်တာကို စသင်ပေးတော့သည်။ သူမက အဖိုးဆောင်းလို တစ်ကြိမ်တစ်ခါတည်း သင်ပေးတာမျိုးမဟုတ်ပဲ စိတ်ရှည်ရှည်ဖြင့် အသေးစိတ် သင်ကြားပေးခဲ့သည်။
ယွမ်ချီကျီကလည်း အာရုံဝင်စားစွာဖြင့်
ယွမ်ရိသင်သမျှကို ဂရုတစိုက် လေ့လာခဲ့သသည်။
သူမတို့နှစ်ယောက်ဟာ ညနေခင်းရောက်သည်အထိ အဖိုးဆောင်းတို့အိမ်မှာပဲ အဖိုးဆောင်းကို ပြစုပေးလိုက် အပ်ချုပ်တာကို လေ့လာသင်ကြားလိုက်ဖြင့်အချိန်ကုန်ခဲ့ကြသည်။
ညနေခင်းရောက်တာနဲ့ သူတို့နှစ်ယောက်ဟာ အိမ်ပြန်လာခဲ့ကြတော့သည်။
အိမ်ပြန်လမ်းမှာ ယွမ်ရိက ယွမ်ချီကျီအား
"တတိယအဒေါ် စက်ချုပ်သင်ရတာကို ပျော်ရဲ့လား"
ယွမ်ချီကျီက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး
"အရမ်းပျော်တာပေါ့ကွယ်"
သူမတို့အိမ်ပြန်ရောက်တာနဲ့ ယွမ်ချိုင်လန်တို့မိသားစုအပြန်နဲ့ တန်းကြုံတော့သည်။ ဒါ့ကြောင့် ယွမ်ရိလည်း လေးယောက်မြောက်အဒေါ်အား သေချာလေးနှုတ်ဆက်လိုက်၏။
ယွမ်ချိုင်လန်တို့ပြန်သွားပြီး မကြာခင်မှာဘဲ ယွမ်အိမ်သို့ ဧည့်သည်တစ်ယောက် ထပ်ရောက်လာတော့သည်။ ထိုဧည်သည့်ကတော့ ဖန်းမင်းတောင်ပေါ်က နာမည်ကျော် အောင်သွယ်တော်ဖန်းပဲ ဖြစ်၏။
လျူရှင်းဟွာက အောင်သွယ်တော်ဖန်းကို ဧည့်ခန်းထဲမှာ ကျကျနနဧည့်ခံလိုက်သည်။ အောင်သွယ်တော်ဖန်းကလည်း သူ့ရှေ့က အကြမ်းရည်ခွက်ကို ဟန်ပါပါသောက်လျက်
"ညည်းရဲ့ငါးယောက်မြောက်သားနဲ့ သင့်တော်မယ့်မိန်းကလေးတစ်ယောက်ကို ငါတွေ့ထားတယ်အေ့။သူက ချီယုရွာကလေ။ နာမည်လေးက ရှဲသောင့်တဲ့။လူလေးကလည်း လှသလို လိမ္မာရေးခြားကလည်း ရှိတာမှ ပြောရာမလိုအောင်ပဲနော်"
လျူရှင်းဟွာက ထိုစကားကြောင့် ဝမ်းသာအားရ ဖြစ်သွားကာ
"ဒါဆိုရင် သူတို့နှစ်ယောက်ကို တွေ့ဆုံပေးဖို့အတွက် အဆင်ပြေတဲ့ရက်တစ်ရက်ကို ရွေးလိုက်ကြစို့လေ"
အောင်သွယ်တော်ဖန်းဟာ ခဏမျှစဉ်းစားပြီးတဲ့နောက်
"သဘက်ခါဆိုရင်ရော"
လျူရှင်းဟွာက
"သဘက်ခါလား။ နှစ်ကူးပြီး လေးရက်မြောက်နေ့ပဲ။အဲ့နေ့မှာ ကလေးတွေကို တွေ့ပေးဖို့ စီစဉ်ကြတာပေါ့"
အောက်သွယ်တော်ဖန်းက ခေါင်းတညိတ်ညိတ်ဖြင့်
"ကောင်းပြီ။ အဲ့နေ့မှာ စီစဉ်လိုက်မယ်။ အခုတော့ မိုးလည်းချုပ်နေပြီမို့လို့ ကျုပ်လည်း ပြန်တော့မယ်တော့" လို့ပြောကာ ယွမ်အိမ်ထဲကနေ ထွက်သွားတော့သည်။
နှစ်သစ်ကူးပြီး လေးရက်မြောက်နေ့ကို ရောက်တဲ့အခါမှာ လျူရှင်းဟွာက ယွမ်ချန်းရှန်အား အလုပ်မသွားခိုင်းပေ။ သူမက ယွမ်ချန်းရှန်ကို သပ်သပ်ရပ်ရပ်ဝတ်စားခိုင်းပြီး ချီယုရွာကမိန်းကလေးနဲ့ တွေ့ဆုံဖို့ စေလွှတ်လိုက်တော့သည်။
လျူရှင်းဟွာဟာ သူမသား ထွက်သွားတာကိုကြည့်ရင်း စိုးရိမ်စိတ်တချို့ဖြင့် စောင့်နေခဲ့တော့သည်။ သူမသားရဲ့ စိတ်က လက်တဆစ်လောက်ပဲရှိတာကို သူမသိ၍ အိမ်ထောင်ဖက်သွားတွေ့ချိန်မှာ ပြဿနာတစ်ခုခုနဲ့ တွေ့ကြုံရမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
အချိန်တော်တော်လေးကြာပြီးတဲ့နောက်မှာ ယွမ်ချန်းရှန်ဟာ အိမ်ထောင်ဖက်သွားတွေ့ရာကနေ ပြန်လာတော့သည်။ လျူရှင်းဟွာလည်း ယွမ်ချန်းရှန်အနီးကို ကမန်းကတန်းသွားကာ
"အခြေအနေဘယ်လိုလဲ။ အဆင်ပြေခဲ့ရဲ့လား"
ယွမ်ချန်းရှန်က ပြုံးလိုက်ပြီး
"မဆိုးပါဘူး။ သူမက တကယ့်ကို လှတယ်"
ထိုစကားကို ကြားမှသာလျှင် လျူရှင်းဟွာတစ်ယောက် သူမရင်ထဲကအလုံးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရတော့သည်။
ယွမ်ချန်းရှန်ကတော့ သူ့အမေ စိတ်သက်သာရာရသွားသည့် ပုံစံကို မမြင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက အိမ်ထဲကိုဝင်သွားပြီ ဖြစ်လို့ပင်။
လျူရှင်းဟွာနဲ့ အနီးမှာထိုင်နေသည့် ယွမ်ကျီကောင်းက
"မင်း'သား'လည်း အိမ်ထောင်မြန်မြန်ကျသွားမှ အေးမယ်။ သူအိမ်ထောင်ကျပြီးသွားရင် ငွေလေးစုခိုင်းပြီး အိမ်တစ်လုံးလောက်ဝယ်ဖို့ ပြောရမယ်။ သူတို့လင်မယား အိမ်ပြောင်းသွားရင် ငါတို့ကတော့ ချီကျီရယ်။ မြေးမလေးနှစ်ယောက်ရယ်နဲ့ပဲ နေရတော့မှာပဲကွ"
လျူရှင်းဟွာကလည်း သူမ၏သား လက်ထပ်နိုင်တော့မှာ ဖြစ်သည့်အတွက် ဝမ်းသာနေခဲ့သည်။
ယွမ်ချန်းရှန်ဟာလည်း နောက်ရက်တွေမှာ ချီယုရွာဘက်သို့ မကြာခဏသွားကာ အိမ်ထောင်ဖက်နဲ့ တွေ့ဆုံလေ့ရှိလာသည်။
ဒါပေမယ့် တစ်လကျော် ကြာပြီးသည့်နောက်မှာ ချီယုရွာကနေ ယွမ်ချန်းရှန်တစ်ယောက် စိတ်ပျက်အားလျော့စွာဖြင့် ပြန်လာကာ လျူရှင်းဟွာအား
"ဒီမင်္ဂလာပွဲကို မကျင်းပတော့ဘူး။ သူမက ကျွန်တော့အတွက် အဆင်မပြေဘူး" လို့ ပြောလိုက်တော့သည်။
လျူရှင်းဟွာလည်း သူမသား၏စကားကြောင့် မျက်နှာပျက်သွားကာ
"ဘာဖြစ်လို့ အဆင်မပြေရတာလဲ။ နင်တို့တွေ အချိန်တစ်လကျော်ကြီးတောင်မှ တွေ့ဆုံပြီးခဲ့ကြပြီလေ တစ်ယောက်နဲ့ တစ်ယောက် သဘောမကျ,ကျဘူးလား"
အစကတည်းက မကြိုက်ရင် တစ်ခါတည်း အပြတ်ငြင်းခဲ့ပါက ကိစ္စမရှိပေ။ အခုချိန်မှာက တင်တောင်းတဲ့ဟာတွေ၊ လက်ဖွဲ့တွေအကုန်လုံးကို ဆွေးနွေးပြီးသွားပြီဖြစ်သည်။ အခုချိန်မှ လက်ထပ်ပွဲကို မလုပ်လို့မဖြစ်ပေ။
ယွမ်ချန်းရှန်းက ခေါင်းယမ်းလိုက်ပြီး
"အဲ့တာကြောင့် မဟုတ်ပါဘူး။ တခြားအကြောင်းပြချက် တစ်ခုကြောင့်ပါ"
လျူရှင်းဟွာလည်း အိမ်အပြင်မှာ စကားပြောလို့က မသင့်တော်တာမို့ အိမ်ထဲသို့ ယွမ်ချန်းရှန်ကို ဆွဲခေါ်သွားကာ
"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုသေသေချာချာလေး ပြောပြစမ်းပါ။"
ယွမ်ချန်းရှန်ဟာ အစမှာ မပြောချင်ပေမယ့် လျူရှင်းဟွာ၏ အကြိမ်ကြိမ်စစ်ဆေးမေးမြန်းမှုတွေအောက်မှာ ယွမ်ချန်းရှန်က လေကိုတဝကြီးရှူလိုက်ပြီး
"အောင်သွယ်တော်ဖန်းက တဖက်မိသားစုကို ကျွန်တော်တို့ မိသားစုအကြောင်း ပြည့်ပြည့်စုံစုံ ပြောမထားဘူး။ အထူးသဖြင့် တတိယအမအကြောင်းကို ပြောပြဖို့အတွက် ထိမ်ချန်ထားခဲ့တယ်။ အခု သူတို့ဘက်ကသိသွားပြီး မကျေမနပ် ဖြစ်နေကြတယ်"
ထိုစကားကြောင့် လျူရှင်းဟွာတစ်ယောက် ရင်မောသွားကာ အနီးမှာရှိသည့်ခုံပေါ်သို့ အားပျက်စွာ ထိုင်ချလိုက်တော့သည်။
ယွမ်ချန်းရှန်က ဆက်လက်ပြီးတော့
"ဒီနေ့ ရှဲ့သောင့်က ကျွန်တော်နဲ့တွေ့တော့ တတိယအမကို သူမရဲ့ယောက္ခမအိမ်ပြန်ပို့ဖို့ ပြောတယ်။ အဲ့တာမှ လက်ထပ်ဖို့အတွက် လက်ခံမယ်တဲ့။ မဟုတ်ရင် လက်ထပ်ပွဲကို ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးတဲ့"
လျူရှင်းဟွာက သူမ၏သားကို သေချာလေး စိုက်ကြည့်ပြီး တခဏကြာမှ
"ဒါဆိုရင်လည်း လက်ထပ်ပွဲကို ရပ်လိုက်ကြတာပေါ့"
သူမက ယွမ်ချီကျီဘက်သို့ လိုက်နေခြင်း မဟုတ်ပေ။ ယွမ်ချန်းရှန်၏ မျက်ဝန်းအတွင်းမှ ပြတ်သားမှုတွေကို မြင်တွေ့လိုက်ရ၍သာ ဒီလိုစကားမျိုးပြောရဲခြင်းပင်။ အကယ်၍ ယွမ်ချန်းရှန်ကသာ ထိုမိန်းကလေးအား လက်ထပ်ချင်တယ်ဆိုပါက သူမကမဖြစ် ဖြစ်သည့်နည်းနဲ့ ကြိုးစားပေးနိုင်ပါသည်။
အခု ယွမ်ချန်းရှန်ကိုယ်တိုင်ကပါ ထိုမိန်းကလေး၏ တောင်းဆိုချက်ကို မလိုက်လျောနိုင်၍ လက်ထပ်ဖို့ဆန္ဒမရှိတော့တာကို လျူရှင်းဟွာ မြင်တွေ့လိုက်ရလို့ပင်။
တဖက်။ ချီယုကျေးရွာ။
ရှဲ့သောင်ဟာ သူမ၏မိခင်နဲ့အဒေါ်တို့နဲ့အတူ အခန်းထဲမှာရှိနေကြသည်။
သူမ၏မိခင်က
"အဲ့တော့ ဘယ်လိုလဲ သူကသူ့အမကို ပြန်ပို့မယ်တဲ့လား"
ရှဲ့သောင့်က ခေါင်းကိုခါယမ်းလိုက်ပြီး ငိုယိုထား၍ နီနေသောမျက်ဝန်းများဖြင့်
"သူက အဲ့တာကို လက်မခံဘူးထင်တယ်။ ဘာလို့လည်းဆိုတော့ သမီးအဲ့ဒီအကြောင်းကို ပြောလိုက်တာနဲ့ သမီးကိုမျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်ပြီး တစ်ခါတည်း ထွက်သွားတော့တာပဲ။ နောက်ကို တစ်ချက်လေးတောင်မှ ပြန်လှည့်မကြည့်သွားဘူး။ ဟင့်။ ရွှတ်"
သူမ၏မိခင်ကလည်း ခေါင်းတယမ်းယမ်းဖြင့်
"ဒီ ယွမ်မိသားစုကတော့ ဘာတွေ တွေးနေတယ်ဆိုတာ ငါလည်း လိုက်မမှီတော့ဘူး။ လက်ထပ်ပြီးသား သမီးမိန်းကလေးတစ်ယောက်ကို ကွာရှင်းပြီး ဘာလို့အိမ်မှာ ပြန်ခေါ်ထားရတာလဲ။ ဒီလိုမိသားစုနဲ့ လက်ထပ်ရတာက ငါတို့အတွက်တော့ အရှက်ရစရာပဲအေ့။ သူတို့ဘက်က ငါတို့တောင်းဆိုချက်ကို လက်မခံနိုင်ရင် ကလေးတွေ လက်ထပ်ဖို့ကိစ္စကို ရပ်လိုက်ကြတာပေါ့"
ရှဲ့သောင့်၏အဒေါ်ကလည်း
"သောင့်အာရေ။ အဲ့ဒီ ယွမ်မိသားစုက ကောင်လေးနဲ့လက်မထပ်ရလို့လည်း ဘာမှမဖြစ်ဘူး။ သမီးရဲ့ရုပ်ရည်ရူပကာတွေ၊ အရည်အချင်းတွေနဲ့ဆိုရင် သူ့ထက်သာတဲ့ဟာတွေ တစ်ပုံကြီး ရွေးလို့ရတယ်။ အဲ့တော့ ဘာမှ စိတ်ထဲခံစားမနေနဲ့တော့"
ရှဲ့သောင့်က တစ်ချက်ရှိုက်လိုက်ပြီး ခေါင်းကိုမော့ကာ
"အဲ့တာတွေကို သမီးသိပါတယ်။ ဒါပေမယ့် သမီးတို့က တစ်လကျော်တောင်မှ ရင်းနှီးခဲ့ကြပြီးပြီ။ ဒါ့ကြောင့် လွယ်လွယ်နဲ့တော့ သမီး လက်မလျော့နိုင်ဘူး။ သူ့ကို တတ်နိုင်သလောက် ဖျောင်းဖျမယ်။ အဲ့တာမှ မရဘူးဆိုရင်တော့ သမီးတို့နှစ်ယောက် ဖူးစာမပါဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ်" လို့ ပြတ်သားစွာ ပြောလိုက်တော့သည်။