Chapter 54.1
နောက်ဆုံးမှာ ရဲ့ချူးဝမ်နဲ့ရဲ့ဖန်တို့မောင်နှမက လမ်း၏အခြားတဖက်မှ အလယ်တန်းကျောင်းကို ကူးသွားကြတော့သည်။
ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးယန်တို့ကတော့ လမ်းကူးစရာမလိုခဲ့ကြဘဲ အလယ်တန်းကျောင်း၏မျက်နှာချင်းဆိုင် အရပ်မှ မူလတန်းကျောင်းထံ တန်းတန်းမတ်မတ် လျှောက်လာခဲ့ကြ၏။
ယွမ်ချူးယန်က ယွမ်ရိတို့အုပ်စုနဲ့ ရောမသွားဘဲ သူမဘာသာသူမ အကွာအဝေးတစ်ခုခွဲခြားလို့ထား၏။
ယွမ်ရိတို့အုပ်စုဟာ မူလတန်းကျောင်းထဲဝင်ပြီးတာနဲ့ ကိုယ့်အတန်းကိုယ်ဝင်ကာ လမ်းခွဲလိုက်ကြပြန်သည်။
ယွမ်ချူးရွယ်က ဒုတိယအတန်းနဲ့ယွမ်ဟောင်ဂျန်က စတုတ္ထအတန်းသို့ ဦးတည်သွားကြ၏။ ယွမ်ရိနဲ့ယွမ်ကျဲကတော့ ပဉ္မတန်းတွေကို သင်ကြားပေးမည့်အခန်းကို ဦးတည်ထွက်လာခဲ့ကြတော့သည်။
ယွမ်ဟောင်ဂျန်က သူ့စာသင်ခန်းအတွင်း မဝင်ခင်မှာ
"အမ၊ ဒါက ကျွန်တော်တို့ရဲ့အခန်းလေ
တစ်ခုခုဆိုရင် ကျွန်တော့်ကိုလာပြောလို့ရတယ်"
လို့ပြောကာ စာသင်ခန်းထဲ ဝင်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ပဉ္စမတန်းဟု ရေးထားသည့်အခန်းထဲကို ဝင်လာလိုက်ကြသည်။ ယွမ်ရိက စာသင်ခန်းထဲရောက်တာနဲ့ နေရာကို အရင်ရှာလိုက်၏။ စာသင်ခန်း၏နောက်ဆုံးမှာ ခုံလွတ်နှစ်ခုတွေ့တာကြောင့် ယွမ်ရိလည်း ယွမ်ကျဲကိုခေါ်ကာ သွားထိုင်လိုက်က့တော့သည်။
မကြာခင်မှာဘဲ ကျောင်းတက်ခေါင်းလောင်းထိုးသံထွက်ပေါ်လာကာ ကျောင်းတက်သွားတော့သည်။ထို့အတူ စာသင်ပေးမည့် ဆရာမလည်း အခန်းအတွင်းကို ဝင်လာခဲ့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့မှာ ကျောင်းသုံးစာအုပ်များ မရှိသေးတာမို့ ရေးစာအုပ်နဲ့ခံတံတွေကိုဘဲ ထုတ်ထားကာ ရှေ့မှဆရာမ သင်ကြားသမျှကို အာရုံစိုက်ပြီး နားထောင်နေခဲ့၏။
"ဆရာမရှင့်"
ဆိုသည့် အသံထွက်ပေါ်လာသည်။
ဒါ့ကြောင့် ကျောင်းသူကျောင်းသားတွေအကုန်လုံး စာသင်ခန်းဝကို ခေါင်းလှည့်ကြည့်မိလိုက်ကြ၏။ယွမ်ရိကိုယ်တိုင်လည်း လှည့်ကြည့်မိလိုက်၏။
ထိုအခါ အခန်းဝမှာ ယွမ်ချူးယန်နဲ့အခြားသောကောင်မလေးတစ်ယောက်ကို သူမမြင်လိုက်ရ၏။
ဆရာမက မျက်မှောင်ကြုတ်လိုက်ပြီး
"ကျောင်းတောင်တက်ပြီးနေပြီကို ဘယ်သွားနေလို့ နောက်ကျနေကြတာလဲ"
ယွမ်ချူးယန်က
"ဆရာမ၊ သမီး ဗိုက်အောင့်လို့။ အဲ့တာ သွားဖြေရှင်းတာပါရှင့်။ စုမန်မန်ကတော့ သမီးနဲ့အဖော်လိုက်ခဲ့တာပါရှင့်"
ဟု ရှင်းပြလိုက်၏။
ဆရာမလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"အေး၊ အေး အတန်းထဲကို မြန်မြန်ဝင်ခဲ့ကြ"
ဟု ပြောလိုက်သည်။
ယွမ်ချူးယန်နဲ့စုမန်မန်လည်း အခန်းထဲကို မြန်မြန်ဝင်ကာ သူမတို့၏နေရာကို သွားထိုင်ဖို့ပြင်လိုက်၏။ဒါပေမယ့် အခန်းထဲရောက်တာနဲ့ သူမတို့၏နေရာမှာ ထိုင်နေသည့် ယွမ်ရိနဲ့ယွမ်ကျဲကို တွေ့မြင်လိုက်ရတော့သည်။
'သူတို့နှစ်ယောက်က ဘာလို့ ငါတို့ထိုင်ခုံမှာထိုင်နေရတာတုန်း'
ယွမ်ရိဟာ ယွမ်ချူးယန်နဲ့သူမရဲ့သူငယ်ချင်းတို့က သူမတို့ထိုင်နေတဲ့နေရာကို တန်းတန်းမတ်မတ်လာနေတာကို တွေ့လိုက်ရသည်။
ယွမ်ချူးယန်ကလည်း ယွမ်ရိနဲ့ယွမ်ကျဲအား သူမတို့၏နေရာကနေ ဖယ်ပေးဖို့အတွက် ပြောဖို့ပြင်လိုက်၏။
ဒါပေမယ့် သူမဘာမှမပြောခင်မှာဘဲ ရှေ့ကနေဆရာမ၏အသံက ထပ်မံထွက်ပေါ်လာတော့သည်။
"ယွမ်ချူးယန်နဲ့စုမန်မန်၊ နင်တို့နှစ်ယောက် ထိုင်လို့မရသေးဘူး။ အခန်းနောက်မှာသွားပြီး မတ်တတ်ရပ်နေကြ"
ယွမ်ချူးယန်လည်း မကျေမနပ်ဖြစ်သွားကာ မသိစိတ်မှ
ဟု ထုတ်မေးလိုက်မိသည်။
ထိုအခါ ဆရာမက မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်ပြီး
"ဘာလို့လဲဆိုတော့၊ နင်တို့နှစ်ယောက်က ကျောင်းနောက်ကျမှလည်း အခန်းထဲဝင်လာသေးတယ်။ဝင်လာပြီးတော့လည်း ချက်ချင်းမထိုင်ဘဲ မတ်တပ်၊မတ်တပ်လုပ်နေသေးတယ်လေ။ ကဲ၊ မယ်မင်းကြီးမတို့ နောက်ဆုံးမှာ မတ်တပ်သွားရပ်ကြပေတော့။ သွားကြ သူငယ်ချင်းတွေကို အနှောင့်ယှက်မဖြစ်စေကြနဲ့"
ဟု ဆုံးမလိုက်၏။
ယွမ်ချူးယန်နဲ့စုမန်မန်လည်း ဘာမျှမပြောနိုင်ကြတော့ဘဲ အတန်း၏နောက်ဆုံးမှာ သွားမတ်တပ်ရပ်လိုက်ကြတော့သည်။ ယွမ်ချူးယန်က မတ်တတ်ရပ်နေရင်းဖြင့် ယွမ်ရိအား ဒေါသတကြီးစိုက်ကြည့်နေခဲ့၏။
ယွမ်ရိကထိုအရာကို မမြင်ရပေမယ့် ယွမ်ချူးယန်အနေနဲ့ သူမအပေါ် ဒေါသတွေ ထွက်နေမှာကိုတော့ သိပေသည်။
ယွမ်ချူးယန်ဟာ အတန်း၏နောက်ဆုံးမှာ မတ်တတ်ရပ်နေရင်းဖြင့် သူမတို့အား လျစ်လျူရှုထားသည့် ယွမ်ရိကြောင့် ဒေါသတွေ အတောင့်လိုက် ထွက်လို့နေသည်။ ဒါပေမယ့် ရှေ့မှာ ဆရာမရှိနေသေး၍ ကိုယ့်ဒေါသကိုယ် ထိန်းထားရသည်။
နောက်ဆုံးမှာတော့ ဆရာမ၏အတန်းချိန်လည်း ပြီးခါနီးလာပြီဖြစ်သည်။
ဒါ့ကြောင့် ဆရာမက ကျောက်သင်ပုန်းပေါ်မှာမေးခွန်းတစ်ခုတင်လိုက်ပြီး ကျောင်းသားကျောင်းသူတွေကို ခြုံငုံကြည့်ကာ
"ဒီမေးခွန်းရဲ့ အဖြေကိုသိကြလား"
ဟု မေးလိုက်၏။
ထိုအချိန်မှာဘဲ နောက်ဆုံးတန်းမှာ မတ်တပ်ရပ်နေသည့် ယွမ်ချူးယန်၏မျက်ဝန်းအတွင်း မကောင်းသောအရိပ်အယောင်များ ဖြတ်သန်းသွားကာ
"ဆရာမ၊ ဒီနေ့သမီးတို့အတန်းထဲမှာ သေချာအာရုံစိုက်နားထောင်နေတဲ့ ကျောင်းသူကြီးနှစ်ယောက်တောင် ရှိနေတာ။ သူတို့ကို မေးကြည့်လိုက်ပါလား"
ဟု ရုတ်တရက်အော်ပြောလိုက်၏။
ဒါ့ကြောင့် အတန်းထဲကလူတွေအကုန်လုံးဟာ ယွမ်ရိနဲ့ယွမ်ကျဲကို လှည့်ကြည့်မိလိုက်ကြတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အသက်နည်းနည်းကြီးနေပြီဖြစ်တာမို့ အတန်းထဲကလူတွေထက် လူကောင်ပိုထွားနေ၏။ ဒါ့ကြောင့် သူမတို့နှစ်ယောက်ဟာ ယွမ်ချူးယန်၏စကားထဲကအတိုင်း 'ကျောင်းသူကြီး' တွေ ဖြစ်နေကြသည်။ ဒါ့ကြောင့်မို့လည်း ယွမ်ချူးယန်စကားဆုံးတာနဲ့ အတန်းထဲက လူတွေအကုန်လုံး၏မျက်လုံးများဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ နှစ်ယောက်အပေါ် ကျရောက်လာရခြင်းဖြစ်ပေသည်။
ယွမ်ချူးယန်က ယွမ်ရိနဲ့ယွမ်ကျဲတို့က ဘာစာမှ မသင်ထားဘူးဆိုတာ သိနေပါသည်။ ဒါ့ကြောင့် သူမက ယွမ်ရိနဲ့ယွမ်ကျဲအား အတန်းထဲမှာ အရှက်ရစေချင်သည့်အတွက် ထိုသို့ကြံစည်လိုက်ရခြင်းဖြစ်သည်။
ဆရာမကလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့ကိုကြည့်ကာ
"သမီးတို့ ဒီမေးခွန်းကို ဖြေရှင်းနိုင်မလား"
ပြီးမှ ယွမ်ရိနဲ့ယွမ်ကျဲကို ကျောင်းသူအသစ်တွေမှန်းသိသွားကာ
"တကယ်လို့၊ သမီးတို့ မဖြေရှင်းနိုင်ရင်လည်း ဘာမှ မဖြစ်ဘူးနော်"
ဟု နှစ်သိမ့်လိုက်၏။
ဒါပေမယ့် ယွမ်ချူးယန်က
"ဆရာမကလည်း သူတို့နှစ်ယောက်လုံးက အသက်ကြီးနေပြီဘဲဟာ သူတို့အတွက် မေးခွန်းက လွယ်မှာပါ"
ဟု ပြောရင်းအချွန်နဲ့ဝင်မတော့သည်။
အတန်းထဲက ကျန်တဲ့ကလေးတွေကပါ ခေါင်းတညိတ်ညိတ်ဖြင့် ယွမ်ချူးယန်၏စကားကို ထောက်ခံကြသည်။
"ဆရာမ၊ သမီးဖြေကြည့်ပါ့မယ်"
ဆရာမကလည်း ယွမ်ရိအား လက်ထဲက မြေဖြူကိုပေးလိုက်၏။ ယွမ်ရိဟာ ဆရာမပေးသော မြေဖြူကိုကိုင်လျက် ကျောက်သင်ပုန်းရှေ့မှာ ရပ်လိုက်ကာ ထိုအပေါ်မှ မေးခွန်းကို စတင်ဖြေရှင်းတော့သည်။
သူမလိုမျိုး အတိတ်ဘဝမှာ ကောင်းကောင်းမွန်မွန်အရွယ်ရောက်ပြီးသည့်သူတစ်ယောက်အတွက် ပဉ္မတန်းအဆင့်မေးခွန်းလေးက အလွန်လွယ်ကူလှပေသည်။
ဒါ့ကြောင့်သူမက အဆင့်တစ်ဆင့်ချင်းစီကို လျင်မြန်စွာဖြင့် ဖြေရှင်းကာ အဖြေကို နောက်ဆုံးမှာရေးပေးလိုက်၏။ ပြီးတာနဲ့ ဆရာမထံမြေဖြူကို တရိုတသေပြန်ပေးလိုက်ကာ သူမနေရာကို ပြန်သွားထိုင်လိုက်သည်။
ဆရာမက မေးခွန်းအား ယွမ်ရိဖြေရှင်းပေးပြီးသွားတာနဲ့ တစ်တန်းလုံးကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး
"ဘယ်လိုလဲ။ မင်းတို့တွေအကုန်လုံး ကျောက်သင်ပုန်းပေါ်က အဖြေက မှန်တယ်ထင်ကြလား"
ဟု မေးလိုက်၏။
ဘယ်သူမှ ဘာမှ ပြန်မပြောကြချေ။
"အဲ့တာ မှားပါတယ်၊ ဆရာမ"
ဆရာမလည်း ယွမ်ချူးယန်ကိုကြည့်ကာ ဒေါသထွက်နေသောလေသံဖြင့်
"ဒီအဖြေက မှားနေတာပေါ့။ ဟုတ်လား။ ဒါဖြင့် ယွမ်ချူးယန်၊ ရှေ့ကိုထွက်ပြီး အဖြေမှန်လေးကို တွက်ပြပါလား"
ထိုအခါတွက်တော့ ယွမ်ချူးယန်က ခေါင်းခါကာ
"ဆရာမ။ အဲ့တာက အရမ်းခက်တယ်။ သမီး မဖြေရှင်းနိုင်ဘူး"
သူမ မဖြေရှင်းတတ်ပေမယ့် ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း မဖြေရှင်းနိုင်ဘူးဆိုတာကို သူမအတပ်သိနေပါသည်။ ဘာလို့လည်းဆိုတော့ ယွမ်ရိတို့နေခဲ့သည့် တောင်ပေါ်မှာ ဆရာတစ်ယောက်မှမရှိဘဲ မူလတန်းကိုတောင်မှ တစ်နှစ်၊ နှစ်နှစ်လောက်ဘဲ တက်ခဲ့ရတာကို သူမသိထားပြီးသားမို့လို့ပင်။ ဒါ့ကြောင့် သူမစိတ်ထဲမှာ ယွမ်ရိတို့အနေနဲ့ ပဉ္စမတန်းအဆင့်မေးခွန်းအား ဖြေနိုင်မှာမဟုတ်ဘူးလို့ အပိုင်တွက်ထားခဲ့၏။
ဆရာမကတော့ ယွမ်ချူးယန်အား ခဏမျှစိုက်ကြည့်နေခဲ့၏။ ပြီးတာနဲ့ မြေဖြူဖြင့် ကျောက်သင်ပုန်းပေါ်မှာ အမှန်ခြစ်ပေးရးလိုက်ကာ
"ဒါက အဖြေမှန်ဘဲ။ မင်းတို့အားလုံး သေချာလေ့လာကြ"
လို့ ပြောလိုက်၏။
ထို့နောက် ဆရာမက ယွမ်ချူးယန်ကို တည့်တည့်စိုက်ကြည့်လိုက်ကာ
"ယွမ်ချူးယန် ကျောက်သင်ပုန်းပေါ်က မေးခွန်းနဲ့အဖြေကို ဆယ်ခေါက်ကူးရေးထား။ ငါ့အချိန်ပြန်ရောက်လာရင် စစ်မှာနော်"
ယွမ်ချူးယန်တစ်ယောက် ဆရာမ၏စကားကြောင့် အံ့အားသင့်လွန်းသဖြင့် ကြောင်အအဖြစ်သွားရသည်။
သူမတစ်ခုခုပြန်ပြောခါနီးမှာဘဲ စာသင်ခန်းအပြင်ကနေ ခေါင်းလောင်းသံပျံ့လွင့်လာ၏။ ဒါ့ကြောင့် ဆရာမက သူမ၏ပစ္စည်းများကို ယူလျက် စာသင်ခန်းအပြင်ကို ထွက်သွားတော့သည်။
ခေါင်းလောင်းသံရပ်သွားတာနဲ့ အတန်းထဲက ကျောင်းသူကျောင်းသားတွေအကုန်လုံး ယွမ်ချူးယန်ကို လှည့်ကြည့်လိုက်ကြ၏။
ကျောင်းသားတစ်ယောက်က
"ယွမ်ချူးယန်ရေ ဆရာမက ကျောက်သင်ပုန်းပေါ်က ဟာတွေကို ဆယ်ကြိမ်ကူးရေးထားတဲ့နော်"
ဟု စနောက်လိုက်၏။
"အဲ့တာကို ဘယ်လိုခေါ်ရမလဲ။ 'သူများမကောင်းကြံ၊ ကိုယ့် ဘေးရန်ထိခိုက်'လို့ ပြောရမယ် ထင်တယ်ဟေ့"
ဟု ဟာသလုပ်လိုက်၏။
ဒါ့ကြောင့် တစ်ခန်းလုံး တဟားဟားဖြင့် ပွဲကျကုန်ကြတော့သည်။ ယွမ်ချူးယန်သည်လည်း စနောက်ခံလိုက်ရတာမို့ မျက်နှာကြီး နီရဲကာ ရှက်ရွံ့လို့သွားရ၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့လွယ်အိတ်အတွင်း စာရေးကိရိယာတွေကို ပြန်သိမ်းပြီးတာနဲ့ အခန်းအပြင်ကို ထွက်လာခဲ့ကြ၏။
ယွမ်ချူးယန်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ အခန်းအပြင်ထွက်သွားတာကို ဒေါသတကြီးဖြင့် ကြည့်နေခဲ့သည်။
စုမန်မန်ကလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့ အခန်းအပြင်ကို ထွက်သွားပြီးသည့်နောက်မှ ယွမ်ချူးယန်အနားကို တိုးကပ်လျက်
"အဲ့တာက မင်းရဲ့ လက်စားချေမယ်ဆိုတဲ့အစီအစဉ်ကြီးလား။ အမှန်အတိုင်းပြောရရင် ဒါကြီးက တအားရုပ်ပေါက်တယ်နော်"
ယွမ်ချူးယန်လည်း စုမန်မန်၏စကားကြောင့် စုမန်မန်အား ဒေါသဖြစ်စွာစိုက်ကြည့်လိုက်ပြီး တဖက်သို့ လှည့်သွား၏။
စုမန်မန် : ".........."
စုမန်မန်လည်း သူမ၏ထိုင်ခုံသို့ အသာပြန်သွားထိုင်လိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ အခြားပဉ္စတန်း တန်းခွဲတစ်ခုကို သွားခဲ့ကြ၏။ သူမတို့နှစ်ယောက်ဟာ အခန်းအတွင်း အသာဝင်ထိုင်ကာ ရှေ့ကဆရာ၊ ဆရာမသင်ကြားသမျှကို အာရုံစိုက်သင်ယူခဲ့၏။
မနက်ခင်းပိုင်းမှာ သူမတို့နှစ်ယောက်က အတန်းအနည်းငယ်မှာ လေ့လာသင်ကြားပြီးတာနဲ့ နေ့ခင်း ထမင်းစားနားချိန်မှာ အိမ်ကိုပြန်ဖို့ ပြင်ကြသည်။
သူမတို့ စာသင်ခန်းထဲကနေ ထွက်လာချိန်မှာဘဲ ယွမ်ဟောင်ဂျန်၏အသံကိုကြားလိုက်ရ၏။
"အမ အိမ်ကို အတူတူပြန်ချင်လို့ ကျွန်တော်စောင့်နေတာ"
သူတို့ဟာ ယွမ်ချူးရွယ်ကိုလည်း စောင့်ခဲ့ကြ၏။
ယွမ်ချူးရွယ်ဟာလည်း သူ့အမတွေနဲ့အိမ်အတူတူပြန်ချင်တာကြောင့် သူငယ်ချင်းတွေနဲ့ခွဲထွက်ခဲ့၏။
ထို့နောက် သူတို့ဟာကျောင်းဝန်းထဲကနေ ထွက်ခဲ့ကြတော့သည်။
ကျောင်းဝန်းအပြင်ကို ရောက်တာနဲ့ ယွမ်ချူးရွယ်က ယွမ်ရိအား
"အမ မနက်တုန်းက အဖေ့ကို ဘာလို့ ဒေါသထွက်အောင် လုပ်လိုက်ရတာတုန်း"
ဟု မေးလိုက်၏။
ယွမ်ရိက ပြုံးကာ
"ချူးရွယ် သူတို့က ငါ့ကို တောင်ပေါ်မှာ ငယ်ကယ်လေးကတည်းက ပစ်ထားခဲ့ကြတာ။ အခု သူတို့ငါ့ကို လိုအပ်တာတွေဝယ်ပေးမယ်ဆိုတာကလည်း သူတို့အတွက် တာဝန်တစ်ခုလို ခံစားနေရလို့ ဝယ်ပေးတာဘဲ။ သူတို့ရဲ့စိတ်ထဲကနေပါ ဝယ်ပေးချင်တာဆိုရင် ငါရောက်တဲ့နေ့ကတည်းက ဝယ်ပေးရမှာပေါ့။ အခုတော့ မေ့ပျောက်သွားပြီး အမှတ်ရမှ ပြန်ဝယ်ပေးမယ်ဆိုတော့ ငါမလိုချင်တော့ဘူး။ ဒါ့ကြောင့်မို့ ငြင်းလိုက်တာ။ ငါလည်း အဖေ့ကိုဒေါသထွက်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး"
ယွမ်ချူးရွယ်က ဆက်လက်ပြီး
"အဲ့ဒီကိစ္စကြောင့် အဖေနဲ့အမေတို့ အမအပေါ် စိတ်ကွက်သွားလောက်တယ်နော်"
ယွမ်ရိက
"သူတို့ငါ့အပေါ် စိတ်ကွက်သွားလည်း ဘာမှ မဖြစ်ပါဘူး။ သူတို့က တောင်ပေါ်မှာ အမကိုပစ်ထားရစ်ကတည်းက သူတို့ရဲ့ဂရုစိုက်မှုတွေကို အမခံစားခဲ့ရတာမှ မဟုတ်တာ။ ဒီတော့ သူတို့ ဂရုစိုက်စိုက်၊ မစိုက်စိုက် ဘာမှကွဲပြားသွားမှာမဟုတ်ဘူး။ ပြီးတော့ အမဒီကိုလိုက်လာတာကလည်း မိဘတွေဆီက ဂရုစိုက်မှုတွေ လိုချင်လို့မှမဟုတ်တာ။ ဒါပေမယ့် ဘယ်လိုအခြေအနေမှာမဆို အမဘက်က မိဘတွေ မျက်နှာပျက်စေမယ့်အရာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"
ဟု လေသံခပ်အေးအေးလေးဖြင့် ပြောပြလိုက်၏။