အပိုင်း - ၉၈.၁
ယွမ်ရိဟာ ခြံပေါက်ဝမှာရပ်ရင်း လင်းယောင်ထွက်သွားတာကို ငေးကြည့်နေခဲ့သည်။သူမ၏မြင်ကွင်းထဲမှ လင်းယောင် ပျောက်ကွယ်သွားမှသာ ခြံထဲကိုပြန်ဝင်ခဲ့သည်။
ခြံတံခါးကို သော့သေချာခတ်ပြီးသည့်နောက် အိမ်ထဲကို ဝင်ခဲ့၏။
အိမ်ထဲတွင်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ဟာ သူတို့နေမည့်အခန်းထဲသို့ ပစ္စည်းများနေရာချနေတာကို တွေ့လိုက်ရသည်။
အဖွားကျောင်းထံမှ ယွမ်ရိဝယ်ယူလိုက်သည့်အိမ်တွင် အခန်းလေးခန်းခန့် ပါဝင်သည်။
အကျယ်ဆုံးအခန်းကိုတော့ ယွမ်ရိက ယူလိုက်သည်။ ဒါမှသာ သူမအတွက် အပ်ချုပ်စက်တွေ၊ ဝတ်စုံပုံကြမ်းတွေ ဆွဲဖို့စားပွဲတွေကိုပါ နေရာချထားနိုင်မှာဖြစ်၏။
ကျန်သုံးခန်းထဲမှ တစ်ခန်းကိုတော့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လင်မယားက ယူမည်ဖြစ်သည်။
ကျန်သည့် နှစ်ခန်းထဲမှ တစ်ခန်းကိုတော့ ဧည့်သည်တွေလာလျှင် တည်းဖို့ အပိုအိပ်ခန်းအဖြစ်အသုံးပြုသွားမည်ဖြစ်ကာ နောက်ဆုံးကျန်သည့် တစ်ခန်းကိုတော့ အလုပ်ရုံအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
ချန်ခွန်းဟာ ပစ္စည်းတွေကို နေရာချနေရင်းဖြင့် သူမ၏ယောက်ျားအား
"ယွမ်ရိနဲ့လင်းယောင်တို့ နှစ်ယောက်ကို ဘယ်လိုမြင်လဲ"
ဟု မေးလိုက်သည်။
"ဘာကို ဘယ်လိုမြင်လဲ မေးတာတုန်း"
ယွမ်ချန်းရှန်က သူ့မိန်းမအား ပြန်မေးလိုက်၏။
"အို၊ ရှင်ကလဲ။ သူတို့နှစ်ယောက်က လိုက်လား၊ မလိုက်ဖူးလားလို့ မေးတာလေ။ သူတို့နှစ်ယောက်က ငယ်ရာကနေ အတူတူကြီးပြင်းလာကြတာလို့ ပြောလို့ရတယ်လေ။ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိတော့ အဆင်မပြေဘူးလား"
ချန်ခွန်းက ယွမ်ချန်းရှန်အား သေချာရှင်းပြလိုက်သည်။
"အာ၊ ငါကတော့ အဲ့လိုမထင်ဘူးနော်"
ယွမ်ချန်းရှန်က
"မင်းဘဲ စဉ်းစားကြည့်ကွာ။ တောင်ပေါ်မှာတုန်းက လင်းယောင်က တစ်ယောက်တည်းဘဲ နေခဲ့တာများတယ်ကွ။ ဘယ်ကလေးနဲ့မှလည်း ဆော့ကစားတာမျိုး မရှိဘူး။ နောက်ပိုင်းမှ ရှောင်ရိတို့က သူနဲ့သွားကစားတာတွေ လုပ်ပေးတော့ ရှောင်ရိအပေါ်မှာ နည်းနည်း သံယောဇဉ်လေးပိုတာမျိုးဘဲ ဖြစ်မှာပါ"
ဟု ပြန်ပြောလိုက်၏။
ချန်ခွန်းလည်း သူမယောက်ျားအား တုံး,အရန်ကောဟူသော အကြည်မျိုးဖြင့် ကြည့်ပေးပြီးနောက်
"ရှင့်မလဲ တုံးပြီဆိုရင် နှစ်ယောက်မရှိဘူးနော်။ ဒီကြားထဲ ရှောင်ရိနဲ့လင်းယောင်တို့နှစ်ယောက်လုံး အဆက်အသွယ်ပြတ်သွားတာ နှစ်တော်တော်ကြာတယ်လေ။ ဒါပေမယ့် လင်းယောင်က ယွမ်ရိကိုတွေ့တာနဲ့ ပိုပြီးတော့ ရင်းနှီးလာအောင် ကြိုးစားနေတယ်လေ။ ဒါတွေကို ရှင်မမြင်တာလား။ မမြင်ချင်ယောင်ဆောင်နေတာလား"
ဟု မေးခွန်းထုတ်လိုက်သည်။
ထိုအခါမှ ယွမ်ချန်းရှန်လည်း ပြန်စဉ်းစားလိုက်ပြီး
"အေးပါဟာ။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရည်ငံသွားလည်း ကောင်းတာပါဘဲ။ အခြားသူတွေနဲ့စာရင် လင်းယောင်လေးက မဆိုးပါဘူး"
ဟု ပြောလိုက်တော့သည်။
ထို့နောက် လင်မယားနှစ်ယောက် စကားတပြောပြောဖြင့် ပစ္စည်းတွေကို နေရာချကြတော့သည်။
တစ်ဖက်မှာတော့ ယွမ်ရိနဲ့ယွမ်ချူးရွယ်တို့ဟာလည်း ပစ္စည်းတွေကို နေရာချနေကြသည်။
သူမက အဝတ်ဗီရိုတွေကို နံရံမှာ သေချာကပ်လိုက်ပြီး ဝတ်စုံတွေအား သပ်သပ်ရပ်ရပ်ဖြင့် စီထည့်နေခဲ့သည်။ ယွမ်ချူးရွယ်ကလည်း ဘေးကနေ ဝိုင်းကူလုပ်ပေးနေသည်။
ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်ဟာ ပစ္စည်းတွေကြားမှာ တမူထူးခြားနေသော သေတ္တာသေးသေးလေးကို မြင်တွေသွား၏။
ဆေးသားနီနီသုတ်ထားသော သစ်သားသေတ္တာလေးဖြစ်ပြီး အဖုံးပေါ်တွင် လနတ်သမီးချန်ဂီ၏ပုံစံနဲ့လခြမ်းကွေးပုံလေးအား ထွင်းထုထားသည်။
ယွမ်ချူးရွယ်လည်း ထိုသေတ္တာလေးအား ယူလိုက်ပြီး ယွမ်ရိကိုပြကာ
"အမ ဒါက ဘာလေးလဲ"
ဟု မေးလိုက်၏။
ယွမ်ရိလည်း လှည့်ကြည့်လိုက်သည့်အခါ ယွမ်ချူးရွယ်၏လက်ထဲက သေတ္တာလေးကို မြင်သွားပြီး
"ဪ၊ အဲ့တာလေးက အရင်တုန်းက ပစ္စည်းသေးသေးလေးတွေ ထည့်သိမ်းတဲ့ဟာလေးပါ"
ဟု ပြန်ဖြေလိုက်၏။
ယွမ်ချူးရွယ်လည်း ထိုသေတ္တာလေးကို ဖွင့်ကြည့်လိုက်သည့်အခါ အိပ်ဆောင်နာရီလေးတစ်လုံးနဲ့ စာရွက်အတိုအစလေးများကို မြင်လိုက်ရသည်။
အိပ်ဆောင်နာရီလေးကို ကောက်ယူလိုက်ကာ သေချာကြည့်ပြီးသည့်နောက် ယွမ်ချူးရွယ်က
"အမ၊ ဒီအိပ်ဆောင်နာရီလေး ကြည့်ရတာ တော်တော်လေး ဟောင်းနေတဲ့ပုံဘဲနော်။ ဒါပေမယ့် ကောင်းသေးတဲ့ပုံလေး"
ဟု ပြောလိုက်သည်။
"အင်း၊ အဲ့တာလေးက ကောင်းသေးတယ်"
ယွမ်ရိက ပြန်ပြောလိုက်သည်။
ယွမ်ချူးရွယ်က အိပ်ဆောင်နာရီလေးအား ရှေ့နောက်လှန်လှောကြည့်လိုက်ပြီး နာရီလေး၏ နောက်ကျောဘက်တွင် 'ယောင်' ဟူသော စာလုံးအား မြင်တွေ့သွားပြီး
"အာ၊ ဒါက အကိုလင်းယောင်ပေးထားတာလား"
ဟု ယွမ်ရိကို မေးလိုက်သည်။
ယွမ်ရိလည်း ယွမ်ချူးရွယ် လက်ထဲကနေ အိပ်ဆောင်နာရီလေးကို ယူလိုက်ပြီး
"ဟုတ်တယ်။ တောင်ပေါ်ကနေ အဖေတို့နဲ့လိုက်လာခဲ့တုန်းက သူပေးလိုက်တာ"
ဟု ပြန်ဖြေလိုက်၏။
ထိုအချိန်တုန်းက လင်းယောင်ဟာ သူမတို့၏နောက်ကနေ တရစပ်လိုက်လာခဲ့ပုံကို သူမမျက်လုံးထဲ ပြန်မြင်ယောင်ဆဲပင်။ ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း သူမ ဝမ်းနည်းရဆဲ။
အဘယ်ကြောင့်ဆိုသော် ထိုစဉ်တုန်းက ရင်းနှီးသောလူတစ်ယောက်နဲ့တစ်ယောက်ကြား ခွဲခွာရတဲ့အခါမှာ ဘယ်လောက်တောင်မှ ဝမ်းနည်းရလဲဆိုသည်အား သူမအနေနဲ့ ကောင်းကောင်းကြီး ခံစားမိခဲ့ရလို့ပင်။
ထိုခေတ်ထိုအချိန်တွင် ဆက်သွယ်ရေးတွေကလည်း ညံ့ဖျင်းနေသေး၍ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့သည့်အခါ တစ်ယောက်နဲ့တစ်ယောက်ကြား အလွယ်တကူဆက်သွယ်လို့ကလည်း မရသေးချေ။
ထိုအချက်တွေကြောင့် သူမတို့ခွဲခွာပြီးသည့်နောက် ပြန်တွေ့ဆုံဖို့အတွက် ယွမ်ရိ တွေးမထားခဲ့ပေ။
သူမစိတ်ထဲမှာ သူမတို့ခွဲခွာပြီးသည့်နောက် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ဖို့ဆိုတာ မလွယ်ကူတော့ဘူးဟု တစ်သမတ်တည်း တွေးထားခဲ့သည်။
ကံကောင်းစွာနဲ့ ကံကြမ္မာက သူမတို့နှစ်ယောက်ကို ပြန်လည်ဆုံစည်းခွင့် ပြုခဲ့သည်။
ယွမ်ရိလည်း အပြုံးမမည်သော အပြုံးပန်းတစ်ပွင့်ကိုဆင်လျက် သူမလက်ထဲက အိတ်ဆောင်နာရီလေးအား စားပွဲပေါ်တင်လိုက်သည်။
အချိန်ရထားကြီးကား မရပ်တန့်နိုင်သည့်အလား အလျှင်မပြတ် တရွေ့ရွေ့ဖြင့် ရှေ့သို့ဆက်လျက်။
ဩဂုတ်လ၏ မနက်ခင်းတစ်ခုကား လေအေးများတိုက်ခတ်နေ၍ အေးစက်စက်။
ရထားဘူဌာရုံ၏ ပလက်ဖောင်းတစ်ခုပေါ်၌ ယွမ်ရိနဲ့လင်းယောင်တို့က ယွမ်ချူးရွယ်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ဟောင်ဘင်းတို့အား နှုတ်ဆက်နေခဲ့သည်။
ဟုတ်ပါသည်။ ယွမ်မောင်နှမသုံးယောက်ဟာ နေရပ်ကိုပြန်ကြတော့မည်ဖြစ်သဖြင့် ယွမ်ရိတို့က ရထားဘူတာရုံသို့ လိုက်ပို့နေရခြင်းပင်။
ယွမ်ရိက သူ့မောင်နှမတွေအား လိမ်လိမ်မာမာနေကြဖို့၊ မိဘစကားနားထောင်ဖို့ ဆုံးမ မှာကြားနေခဲ့သည်။
မကြာခင်မှာပဲ ရထားထွက်တော့မည်ဖြစ်၍ အကြိုဥဩဆွဲသံ မြည်လာ၏။
ယွမ်ချူးရွယ်တို့လည်း အထုပ်ကိုယ်စီဆွဲလျက် ရထားပေါ်သို့ တက်ကြတော့သည်။ ထိုသို့ မတက်ခင်မှာလည်း ယွမ်ရိတို့ဘက်သို့ နောက်ပြန်လှည့်ကာ
"အမ၊ အမတို့လည်း ကျန်းမာရေးဂရုစိုက်ကြနော်။ပြီးတော့ အကိုလင်းယောင် နောက်မှ ထပ်တွေ့ကြမယ်"
ဟု ပြောကာ ရထားပေါ်သို့ တက်သွားကြတော့၏။
ထို့နောက် တဂျုန်းဂျုန်းတဂျက်ဂျက်မြည်လျက် ရထားကြီးဟာ အဝေးသို့ ဦးတည်သွားတော့သည်။