အပိုင်း - ၁၀၅.၂
ယွမ်ချူးရွယ်လည်း သူမ၏အမကို ပြုံးပြကာ အနီးမှာ ဝင်ထိုင်ဖို့ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ခြံအပြင်ကနေ ကားဟွန်းတီးသံကြားလိုက်ရ၏။ မကြာခင်မှာဘဲ သူမတို့၏ခြံတံခါး တစ်ယောက်ယောက်က လာခေါက်တော့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း ထိုင်နေရာကနေ ထရပ်လိုက်ကာ ခြံတံခါး သွားဖွင့်ပေးလိုက်သည်။ ထိုအခါ ရှဲ့တုန်းယန်အား မြင်တွေ့လိုက်ရတော့သည်။
ရှဲ့တုန်းယန်က ယွမ်ရိကိုမြင်တော့ ပြုံးလိုက်ပြီး
"ရှောင်ရိ၊ နင့်အတွက် ငါရွေးထားတဲ့ ကားလေးလာပြတာ။ နင်ကြိုက်မကြိုက် တစ်ချက်ကြည့် ကြည့်လိုက်"
ဟု ပြောလိုက်သည်။
ယွမ်ရိလည်း ရှဲ့တုန်းယန်၏နောက်ကို ကျော်ကြည့်လိုက်သည့်အခါ အဖြူရောင်ကားလေးတစ်စီးကို မြင်တွေ့လိုက်ရ၏။
ဤခေတ်တွင် ကားအမျိုးအစားသိပ်မရှိတာကြောင့် ရွေးချယ်စရာလည်း သိပ်မပေါသေးချေ။
"စမ်းမောင်းကြည့်လို့ရမလား"
ယွမ်ရိက မေးလိုက်သည်။
ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"ရတယ်လေ။ စမ်းမောင်းကြည့်"
ဟု ပြောလိုက်၏။
ယွမ်ရိလည်း ကားဖြူလေးနားသွားကာ တံခါးဖွင့်လျက် တက်လိုက်တော့သည်။ သူမက ကားမောင်းလည်း သင်ထားတာမို့ ကောင်းကောင်းမောင်းတတ်ပေသည်။
ထို့နောက် ကားဖြူလေးဟာ ဝှီးခနဲ ညာသံပေးလျက် စတင်ထွက်ခွာသွားတော့သည်။
ယွမ်ရိက ရပ်ကွက်ထဲ တစ်ပတ်လောက် မောင်းပြီးမှ အိမ်ရှေ့မှာ ကားလေးကို ရပ်တန့်လိုက်သည်။
ကားပေါ်က ဆင်းလာသည့် ယွမ်ရိကိုကြည့်ကာ ရှဲ့တုန်းယန်က
"ဘယ်လိုလဲ။ အဆင်ပြေတယ်မလား"
ဟု မေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ကာ
"အဆင်ပြေတယ်။ ဒီကောင်ဘဲ ယူလိုက်မယ်"
ဟု ပြန်ဖြေကာ ရှဲ့တုန်းယန်အား အိမ်ထဲဝင်ကာ အကြမ်းရည်လေး ဘာလေးသောက်ဖို့ ဖိတ်ခေါ်လိုက်သည်။
ယွမ်တပေါင်လေးကတော့ TV တောင် မကြည့်နိုင်တော့ဘဲ အိမ်ထဲက အိမ်ပြင်ပြေးထွက်ကာ သူ့သူငယ်ချင်းများကို အိမ်သို့ခေါ်လာ၏။ ပြီးတာနဲ့ ကားဖြူလေးကို လက်ညှိုးထိုးကာ
"ဘယ်လိုလဲ။ အဲ့တာ ငါ့အမဝယ်ထားတဲ့ ကားလေ။ မိုက်တယ်မလား"
ဟု အသားကုန် ကြွားတော့သည်။
ယွမ်ချူးရွယ်ကတော့ TV ရှေ့မှာဘဲ ထိုင်နေကာ TV မှ လာသည့် ဇာတ်လမ်းတွဲကိုဘဲ အာရုံစိုက်၍ ကြည့်နေခဲ့သည်။
အကြမ်းရည်သောက်နေစဉ် ရှဲ့တုန်းယန်က ယွမ်ရိအားကြည့်ကာ
"ဒီကားအဆင်ပြေတယ်ဆိုတော့ ဒီကားကို ဒီမှာ ထားခဲ့တော့မယ်။ နောက်ရက်ကျမှ ငွေချေပေါ့"
ဟု ပြောလိုက်သည်။
ယွမ်ရိကလည်း ခေါင်းလေးညိတ်ကာ
"အင်းပါ။ ငါ့မှာလည်း နင်ရှိနေလို့ တော်ကာကျတယ်။ မဟုတ်ရင် ကားတစ်စီးရဖို့ ဒီလောက်လွယ်မှာမဟုတ်ဘူး"
ရှဲ့တုန်းယန်က ယွမ်ရိ၏စကားကြောင့် ပြုံးမိသွားပြီး အတိတ်ကို ပြန်တွေးမိသွားဟန်ဖြင့်
"နင် မှတ်မိသေးလား။ ဟိုးတုန်းက နင် စက်ဘီးဝယ်တဲ့အချိန်မှာ ငါနဲ့စသိတာလေ။ အဲ့ဒီတုန်းက နင်ဝယ်ဖို့ ငါညွှန်းလိုက်တဲ့ စက်ဘီးက ချိန်းတွေခဏခဏ ကျတာလေ"
ယွမ်ရိသည်လည်း ဟိုးအရင် အတိတ်အမှတ်တရများကို ပြန်လည်တွေးတောမိကာ ပြုံးလိုက်မိသည်။
"ဒါနဲ့ နင်ကအခုချိန်ထိ တစ်ယောက်တည်းပဲလား။ ဒါမှမဟုတ် အိမ်ထောင်ကျသွားပြီလား"
ရှဲ့တုန်းယန်က ယွမ်ရိအား မေးလိုက်သည်။
ယွမ်ရိက ရှည်ရှည်ဝေးဝေး ပြန်ဖြေမနေဘဲ သူမနဲ့လင်းယောင်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကိုသာ ညွှန်ပြလိုက်၏။
ရှဲ့တုန်းယန်လည်း ယွမ်ရိ၏မင်္ဂလာဆောင်ပုံများကိုသေချာကြည့်လိုက်သည်။
ပြီးမှ ယွမ်ရိကိုကြည့်ကာ
"တစ်ချက်ကြည့်လိုက်တာနဲ့ နင့်လူက နင့်အပေါ် ကောင်းတဲ့သူမှန်း သိသာတယ်ဟ။ နင် တော်တော်လေး ရွေးတတ်သားဘဲ"
ဟု ချီးကျူးလိုက်သည်။
ယွမ်ရိလည်း ပါးစပ်ကိုလက်လေးနဲ့အသာအုပ်ကာ ရယ်မောလိုက်မိသည်။
ခဏကြာမှ ရယ်နေရာကနေ အရှိန်သတ်လိုက်ပြီး
"ငါ့ကိုသာ မေးနေတယ်။ နင်ကရော အိမ်ထောင်ပြုပြီးပြီလား။ မပြုရသေးဘူးလား"
ဟု ပြန်မေးလိုက်သည်။
ရှဲ့တုန်းယန်လည်း တစ်ချက်ရယ်လိုက်ပြီးမှ
"လောလောဆယ်တော့ အိမ်ထောင်မပြုရသေးပါဘူးဟာ။ ဒါပေမယ့် ငါ့ရဲ့ပွဲကလည်း မကြာခင်မှာပဲ ရောက်လာတော့မှာရယ်။ ငါ့ကောင်မလေးက အဆိုအဖွဲ့တစ်ခုထဲက။ ငါ့ထက် နှစ်နည်းနည်းငယ်တယ်။သူမက အဆိုပြိုင်ပွဲတစ်ခုမှာလည်း ဝင်ပြိုင်ခဲ့ဖူးပြီးအဆင့်လည်းကောင်းတယ်ဟ။ နောင် ငါ့မှာ ဝင်ငွေတော်တော်လေးများလာရင် သူမအတွက် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ပေးမှာ"
ဟု သူ့ရဲ့ဆန္ဒများကို ပြောပြလိုက်သည်။
ယွမ်ရိကတော့ ရှဲ့တုန်းယန်ကို လက်မထောင်ပြကာ
"တော်လိုက်တာ။ အဆိုတော်တစ်ယောက်နဲ့တောင် နင်က လက်ထပ်နိုင်တော့မယ်"
ဟု ချီးမွမ်းပေးလိုက်သည်။
"ဟုတ်တာပေါ့။ ငါက အရမ်းတော်တာဘဲလေ"
ရှဲ့တုန်းယန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါနဲ့ ငါ့မင်္ဂလာဆောင်ကျရင် နင့်အတွက် ဖိတ်စာပို့လိုက်မယ်။ လာဖြစ်အောင် လာရမယ်နော်။ ပြီးတော့ ငါ့ပွဲမှာ ဝတ်မယ့်ဝတ်စုံတွေကို နင့်ဆီမှာဘဲ အပ်မှာ"
"အေးပါဟယ်"
ယွမ်ရိက
"ဝတ်စုံကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိတ်မပူနဲ့။ ငါအကောင်းဆုံး ချုပ်ပေးမယ်။ ဟုတ်ပြီလား။ နင်သေချာပေါက် ကြိုက်သွားစေရမယ်"
"နင်ကိုယ်တိုင်ချုပ်တဲ့ အဝတ်အစားကို မကြိုက်တဲ့သူရှိလို့လား။ သေချာပေါက် ငါကြိုက်တာပေါ့"
ရှဲ့တုန်းယန်က ခပ်သော့သော့လေးရယ်လျက် ပြန်ပြောလိုက်သည်။
တစ်ဖက်မှာတော့ ယွမ်တပေါင်နဲ့အခြားသောကလေးတွေဟာ ကားနားလေးမှာဘဲ တဝဲလည်လည်ဖြင့် ဆော့ကစားနေကြသည်။
မကြာခင်မှာပဲ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ လင်မယားဟာ အိမ်ကို သွားသန့်ရှင်းရေးလုပ်ရာမှ ပြန်လာကြသည်။
သူတို့လင်မယားနှစ်ယောက်ဟာ အိမ်ရှေ့က ကားကိုမြင်တော့ အံ့အားသင့်သွားကြပြီး အနီးမှာ ရှိသည့် ယွမ်တပေါင်အား ခေါ်ကာ
"တပေါင်ရေ၊ ဒီကားကြီးက ဘယ်ကဟာကြီးလဲ"
ဟု မေးလိုက်ကြသည်။
"ဒါက အမဝယ်ထားတဲ့ကားကြီးတဲ့ဗျ။ မမိုက်ဘူးလား"
ယွမ်တပေါင်က ပြန်ဖြေပေးလိုက်သည်။
ယွမ်ချန်းရှန်နဲ့ချန်ခွန်းလည်း အံ့အားသင့်သွားကြသည်။ ထို့နောက် အိမ်ထဲကို ဝင်လိုက်ကြသည်။
အိမ်ထဲကိုရောက်တော့ ရှဲ့တုန်းယန်နဲ့ပါ ထပ်မံတွေ့ကာ စကားတချို့လည်း ပြောကြသည်။
ယွမ်ရိက ချန်ခွန်းကိုကြည့်ကာ
"အိမ်ကို ရှင်းလို့က ပြီးသွားပြီလား"
ဟု မေးလိုက်သည်။
ချန်းခွန်းက ခေါင်းယမ်းကာ
"ဘယ်ကသာ ပြီးရမှာတုန်း။ ခုမှ တဝက်လောက်ဘဲ ပြီးသေးတာရယ်။ ထမင်းစားချိန်ရောက်တော့မှာမို့လို့ ထမင်းစားရအောင် ပြန်လာတာ"
ဟု ပြန်ဖြေလိုက်၏။
ထိုအခါမှ ယွမ်ရိလည်း အချိန်ကိုသတိထားမိသွားပြီး ရှဲ့တုန်းယန်ဘက်ကို လှည့်ကာ
"နင် အချိန်ရလား။ အလုပ်တွေ မရှိဘူးမလား"
ဟု မေးလိုက်သည်။
ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"အင်း။ ငါအားပါတယ်။ ဘာလို့လဲ"
ဟု ပြန်မေးလိုက်၏။
"ဒါဆိုရင် ငါနင့်ကို ထမင်းလိုက်ကျွေးမယ်။ စားကောင်းတဲ့ဆိုင်တစ်ဆိုင်ကို ငါသိထားတယ်ဟ။ အဲ့ဆိုင်မှာ ငါလိုက်ကျွေးမယ်"
ဟု ပြောလိုက်သည်။
ရှဲ့တုန်းယန်က ငြင်းဆန်မနေဘဲ လက်ခံလိုက်သည်။
ထို့နောက် ယွမ်ရိက ယွမ်ချန်းရှန်၊ ချန်ခွန်း၊ ယွမ်တပေါင်နဲ့ ယွမ်ချူးရွယ်တို့ကိုပါ ခေါ်ကာ ထမင်းကိုဆိုင်မှာ သွားစားကြမည့်အကြောင်း ပြောလိုက်သည်။
ထို့နောက် သူတို့တွေဟာ ကားပေါ်တက်လိုက်ကြတော့သည်။ ဒါပေမယ့် ကားက လူအများကြီးမဆန့်တာကြောင့် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က စက်ဘီးနဲ့ဘဲ စားသောက်ဆိုင်ကို လိုက်လာကြမည် ဖြစ်သည်။
ဒါ့ကြောင့် ကားပေါ်တွင် ယွမ်ရိ၊ ရှဲ့တုန်းယန်၊ ယွမ်တပေါင်နဲ့ယွမ်ချူးရွယ်တို့ လေးယောက်ဘဲ ရှိကြသည်။ယွမ်တပေါင်နဲ့ယွမ်ချူးရွယ်က နောက်ခန်းမှာ ထိုင်နေကြသည်။ ယွမ်ရိကတော့ မောင်းသူနေရာမှ ဖြစ်ကာ ရှဲ့တုန်းယန်ကတော့ ယွမ်ရိ၏ဘေးခုံမှာ ဖြစ်၏။
ကားပေါ်တွင်။
ယွမ်ရိက နောက်ကိုလှည့်ကာ ယွမ်ချူးရွယ်ကိုကြည့်လျက်
"အမမောင်းမှာ ဆိုပေမယ့် စိုးရိမ်မနေဘဲ စိတ်ချလက်ချ လိုက်ခဲ့နော်"
ဟု ပြောလိုက်သေးသည်။
ယွမ်ရိ မပြောခင်က ယွမ်ချူးရွယ်စိတ်ထဲ ဘယ်လိုမှ မဖြစ်ပေမယ့် ယွမ်ရိ၏စကားတွေကြားပြီးသည့်နောက်မှ သူမစိတ်ထဲ တစ်မျိုးကြီးဖြစ်လာ၏။ဒါ့ကြောင့် ဘေးမှာ ထိုင်နေသည့် ယွမ်တပေါင်၏ လက်ကို အသာကိုင်ထားလိုက်သည်။
ထို့နောက် ကားဖြူလေးဟာ ယွမ်ရိ၏မောင်းနှင်မှုအောက်တွင် တရွေ့ရွေ့ထွက်ခွာတော့သည်။
ထိုခေတ်က ကားဟာ ရှားပါးဇိမ်ခံပစ္စည်းဖြစ်တာနဲ့အညီ ယွမ်ရိတို့ ရပ်ကွက်ထဲက လူတချို့က ထွက်ကြည့်ကြသည်။ ကလေးတွေကလည်း ကားနောက်ကနေ တပျော်တပါးကြီး ပြေးလိုက်ကြသည်။
ယွမ်ရိကလည်း သတိထားပြိးတော့ ထိန်းမောင်းခဲ့သည်။ အကွေ့တွေနဲ့ လမ်းပိတ်နေသော လူတချို့ကို တွေ့ရင်လည်း ဟွန်းလေးတတီတီ တီးကာ ဖြတ်ကျော်ခဲ့သည်။
ရပ်ကွက်လမ်းကြားတွေထဲကနေ လမ်းမကြီးပေါ်ကို ရောက်တော့ ယွမ်ရိက ရှဲ့တုန်းယန်ကိုကြည့်ကာ
"ငါမောင်းတာ အဆင်ပြေတယ်မလား"
ဟု မေးလိုက်သည်။
ရှဲ့တုန်းယန်က ခေါင်းညိတ်ကာ
"အင်း။ အဆင်ပြေတယ်"
ဟု ပြန်ဖြေလိုက်သည်။
ပြီးမှ သူက ယွမ်ရိအား
"ဒါနဲ့ နင့်အိမ်ထောင်ဖက်က ဘာအလုပ် လုပ်တာလဲ"
ဟု မေးလိုက်သည်။
ယွမ်ရိက ကားမောင်းနေရင်းဖြင့်
"သူက သုတေသနဌာနမှာ အလုပ်ဝင်နေတာလေ။ အခုတလော သူက အရေးကြီးတဲ့သုတေသနတစ်ခုကို လက်ခံထားလို့ အလုပ်ရှုပ်နေတာ။ မဟုတ်ရင် နင်နဲ့တွေ့ရမှာ"
ဟု ပြန်ဖြေလိုက်သည်။
"အိုးးးး သူက သုတေသနပညာရှင်တစ်ယောက်လားဟ"
ရှဲ့တုန်းယန်က အံ့အားသင့်သွားဟန်ဖြင့်
"နင့်လူက တကယ်တော်တာဘဲ"
ဟု ချီးမွမ်းလိုက်သည်။
"ဟုတ်တာပေါ့ဗျာ"
လင်းယောင်အား ချီးမွမ်းသံကို ကြားလိုက်ရတာမို့ ယွမ်တပေါင်လေးဟာလည်း ကားနောက်ခန်းထဲကနေ ဝင်ပြောလိုက်သည်။
"အကိုလင်းယောင်က အရမ်းတော်တာဗျ။ ကျွန်တော်ကြီးလာရင်လည်း အကိုလင်းယောင်လို ဖြစ်အောင်ကြိုးစားမှာ"
"အေးပါကွာ။ ဖြစ်ချင်တယ်လို့ ပါးစပ်က ပြောရုံနဲ့မရဘူးနော်။ လက်တွေ့လည်း ကြိုးစားရမယ်ကွ"
ရှဲ့တုန်းယန်က ယွမ်တပေါင်ကို ဆုံးမစကား ပြောလိုက်သည်။
"ဟုတ်ကဲ့။ ကျွန်တော်ကြိုးစားမှာပါ"
ယွမ်တပေါင်လေးကလည်း အသက်သာငယ်ပေမယ့် လူကြီးသူမပြောစကားကို သေချာနားထောင်ပေသည်။
သူတို့တွေဟာ စကားလေးတပြောပြောဖြင့် ကားမောင်းခဲ့ကြသည်။
စားသောက်ဆိုင်ကို ရောက်သည့်အခါ လွတ်နေသော စားပွဲဝိုင်းတစ်ခုကို ရှာပြီး ဝင်ထိုင်လိုက်ကြသည်။
သူမတို့ထိုင်ပြီး မကြာခင်မှာဘဲ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လည်း ရောက်လာကြ၏။
လူစုံသွားသည့်အခါမှ မီနူးစာရွက်ကို သေသေချာချာကြည့်ကာ စားချင်သည်များအား စားပွဲထိုးလေးထံ မှာကြားတော့သည်။
မကြာခင်မှာဘဲ အစားအသောက်တွေ ရောက်လာတာကြောင့် စတင် စားသောက်ကြတော့၏။
စားသောက်နေစဉ် ရှဲ့တုန်းယန်က ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ၊ နင့်စီးပွားရေးကို တိုးချဲ့ဖို့ စိတ်ကူးမရှိဘူးလား။ စားသောက်ဆိုင်တွေကလည်း အခုတလော ဝင်ငွေများတယ်နော်။ ဖွင့်ပါလား"
ဟု အကြံဉာဏ်ပေးလိုက်သည်။
မူဝါဒအသစ်တွေ ချမှတ်ပေးပြီးတဲ့နောက်မှ ပေကျင်းမြို့အတွင်း စားသောက်ကုန်စီးပွားရေးတွေ တိုးတက်လာပြီး စားသောက်ဆိုင်တွေဟာလည်း မှိုလိုပေါက်လာကြသည်။ ဒါ့ကြောင့် ရှဲ့တုန်းယန်က ယွမ်ရိကို အကြံပေးလိုက်ခြင်းဖြစ်သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"မဖွင့်ချင်ပါဘူးဟယ်။ ငါ့ရဲ့ စက်ချုပ်ဆိုင်တွေနဲ့ ငါတောင်မှ မနိုင်လွန်းလို့ပါဆိုနေ။ စားသောက်ဆိုင်သာထပ်ဖွင့်ရရင် ငါခေါင်းခြောက်ပြီး သေသွားရလိမ့်မယ်"
ဟု ပြောကာ ရှဲ့တုန်းယန်၏အကြံဉာဏ်ကို ငြင်းပယ်လိုက်သည်။
ထို့နောက် အခြားသော ထွေရာလေးပါးစကားများကို ပြောကြဆိုကြရင်းဖြင့် ညစာ စားခဲ့ကြသည်။
စားပြီးသည့်နောက် ယွမ်ရိက စားပွဲထိုးလေးကို ခေါ်ကာ ကျသင့်ငွေအား ပေးချေလိုက်သည်။ထို့နောက် ပြန်ဖို့ ပြင်ကြတော့သည်။
ယွမ်ချန်းရှန်ဟာ ပြန်ရန်အတွက် စားပွဲဝိုင်းမှ ထလိုက်ချိန်မှာဘဲ စားသောက်ဆိုင်၏ အပေါ်ထပ်ကနေ ဆင်းလာသည့် ရင်းနှီးနေသော မျက်နှာတစ်ခုအား မြင်တွေ့လိုက်ရသည်။
ဒါ့ကြောင့် ထိုလူ့အနီးကို သွားကာ
"တူပါတယ်လို့ ကြည့်နေတာ။ တကယ်ဘဲ သူဌေးဆန်းဖြစ်နေတာကိုးးး"
ဟု ပြောရင်း နှုတ်ဆက်လိုက်သည်။
ဆန်းဝေကလည်း သူ့ကိုလာနှုတ်ဆက်သည့် ယွမ်ချန်းရှန်ကို မြင်တော့ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြုံးလိုက်ပြီး
"ချန်းရှန်ပါလား။ မင်းတို့တွေ ငါ့ဆိုင်မှာ လာစားကြတာလား။ ကဲပါ အချင်းချင်းလည်း သိနေကြတာဘဲဆိုတော့ မင်းတို့ကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမယ်။ ဟုတ်ပြီလား"
ဟု သဘောထားကြီးမားဟန်ဖြင့် ဆိုလိုက်သည်။
"ဒါက မင်းဆိုင်လား"
ယွမ်ချန်းရှန်က အံ့အားသင့်သွားဟန်ဖြင့်
"မဟုတ်မှ မင်းက ဒီဆိုင်ကို ဖွင့်ဖို့အတွက်နဲ့ မင်းအိမ်ကို ရောင်းလိုက်တာလား။ မင်းကွာ အချင်းချင်းတွေဘဲဟာကို ငွေလိုရင် ငါတို့ကို ပြောတာမဟုတ်ဘူး။ ငါတို့ ချေးပေးမှာပေါ့"
ဟု စကားတွေကို စက်သေနတ်ပစ်သည့်နှယ် တရစပ်ပြောလိုက်သည်။
ထိုစကားတွေကြောင့် ဆန်းဝေ၏မျက်နှာဟာ မည်းမှောင်သွားရတော့သည်။ ဒါပေမဲ့ သူက ရုပ်မပျက်စေဘဲ အပြုံးတစ်ခုကို အမြန် ဆင်မြန်းလိုက်ပြီး
"ရပါတယ်ကွာ။ အဲ့လောက်ကြီးလည်း မလိုအပ်သေးလို့ပါဟ"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ချန်းရှန်ကလည်း ခေါင်းလေးတညိတ်ညိတ်ဖြင့်
"အေးပါကွာ။ မင်းအဆင်ပြေရင် ပြီးတာပါဘဲ။ ငွေလိုလို့ လာချေးရင်လည်း အတိုးနည်းနည်းနဲ့ မင်းကို ချေးပေးမယ်ကွာ။ ဟုတ်ပြီလား"
ဟု ပြောရင်း ယွမ်ရိ၊ ယွမ်ချူးရွယ်၊ တပေါင်၊ ချန်ခွန်းနဲ့ ရှဲ့တုန်းယန်တို့ကို ခေါ်ကာ စားသောက်ဆိုင်အတွင်းမှ ခပ်သွက်သွက်လေး လျှောက်ထွက်ခဲ့သည်။
နောက်မှာ ကျန်ခဲ့သည့် ဆန်းဝေတစ်ယောက်တော့ ဒေါသတွေ တဟုန်းဟုန်းတောက်လောင်ကာ အသားတွေ တဆတ်ဆတ်တုန် ကျန်နေရစ်ခဲ့မည်မှန်း ယွမ်ချန်းရှန်တစ်ယောက် အတပ်သိလို့ နေတော့သည်။