Chapter 70.1

2.6K 272 0
                                    

အပိုင်း - ၇၀.၁
ထိုအခါ မေးလိုက်သည့်သူက မယုံသည့်လေသံဖြင့်
"နင်တို့ရဲ့သတင်းက သေချာလို့လား။ ရဲ့ချူးဝမ်လောက် လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တာဆိုလို့ ရဲ့ချူးဝမ်ဘဲရှိတာ။ သူမက မိဘတွေအပေါ်မှာလည်း အရမ်းတတ်သိလိမ္မာတဲ့ကလေးမလေးဟာကို။ သူမက ရည်းစားထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ သူ့ညီမ ရည်းစားထားတယ်ဆိုတာကမှ ဖြစ်နိုင်ပါသေးတယ်။ ရဲ့ချူးဝမ်လိုသမီးကောင်း၊ သမီးလိမ္မာလေးရှိလို့တောင်မှ ဖန်းရှုံးယန်ကို ငါတို့က မနာလိုနေကြတာလေ"
ဟု ပြန်ပြောလိုက်သည်။

အခြားတစ်ယောက်ကလည်း
"အေးပေါ့။ ရဲ့ချူးဝမ်လိုမျိုး လိမ္မာရေးခြားရှိပြီး တတ်သိနားလည်တဲ့ကလေးမလေးက အခုလိုမျိုး ရည်းထားတယ်ဆိုတာက အံ့အားသင့်စရာဘဲလေ။ ငါဆို အခုထိမယုံနိုင်သေးဘူး။ ဖန်းရှုံးယန်အနေနဲ့လည်း သူ့အချစ်ဆုံးသမီးက အခုလိုမျိုး လုပ်လိုက်တာကို လက်သင့်ခံနိုင်ချင်မှခံနိုင်မှာ။ သူမအနေနဲ့ အပြင်ထွက်ပြီး လူပုံအလယ်မှာ မျက်နှာတောင် ဖော်နိုင်ပါ့မလားမသိတော့ဘူး"
ဟု ဝင်ပြောလိုက်၏။

"ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့ဒီရဲ့ချူးဝမ်ဆိုတဲ့ ကလေးမကလေ သူ့မိဘတွေရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာဘဲ။ ဒီကိစ္စကနေပြီး ရတဲ့သင်ခန်းစာကတော့ လူတစ်ယောက်ကို ဘယ်တော့မှ အပေါ်ယံမကြည့်ကြဖို့ဘဲ"
အခြားလူတစ်ယောက်ကလည်း ဝင်ပြီး အတင်းတုပ်လိုက်သည်။

ထိုအခါ ဘေးကနေ နားထောင်နေတဲ့သူတွေကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကာ ဝင်ရောက်ပြောဆိုကြတော့သည်။

"ဟုတ်တာပေါ့။ အဲ့ဒီချူးဝမ်ဆိုတဲ့ကလေးမကိုဘဲကြည့်လေ။ ပုံစံလေးက ရိုးမလိုလို၊ အေးမလိုလိုဖြစ်ပြီး ကျောင်းမှာလည်း စံပြထူးချွန်ကျောင်းသားအဖြစ်တောင်မှ သတ်မှတ်ခံထားရတာတဲ့။ ဘယ်သူထင်မှာလည်း အဲ့ကလေးမက နောက်ကွယ်မှာ ရည်းစားထားနေလိမ့်မယ်လို့"

"ဟုတ်ပါ့အေ။ သူ့မိဘတွေတော့ ရှက်လွန်းလို့ အိမ်အပြင်တောင်ထွက်ရဲပါတော့မလားဘဲ"

"ငါ့သားသမီးတွေသာ အခုလိုဖြစ်လာခဲ့ရင် ငါတော့သတ်သေမိမယ်ထင်‌တယ်"

"အီးးးအဲ့ဒီအကြောင်းဆက်မပြောတော့နဲ့။ အဲ့ဒီ ရဲ့ချူးဝမ်နေရာမှာ ငါ့သားသမီးလေးများဖြစ်နေရင်ဆိုပြီး တွေးကြည့်ရုံလေးနဲ့တင် ငါတော့အရမ်းရှက်လာပြီဟယ်"

အမှန်လည်း ဖန်းရှုံးယန်ဟာ ရှက်ရွံ့လွန်းသဖြင့် အိမ်ထဲကအိမ်ပြင်ထွက်ဖို့ပင် မဝံ့ရဲခဲ့ပေ။ ကုန်ကုန်ပြောရလျှင် သူမ၏သားသမီးများနဲ့မျက်နှာချင်းဆိုင်ရတာတောင်မှ မျက်နှာပူလှ၏။

သူမဟာ ရေချိုးခန်းအတွင်းမှာ အချိန်အကြာကြီးငိုခဲ့ပြီးမှ အခန်းထဲကိုပြန်ဝင်လာခဲ့သည်။သူမ၏မျက်လုံးကတော့ ဖောရောင်ကိုင်းလို့နေ၏။

ထို့နောက်ဘာစကားမျှမပြောတော့ဘဲ အိပ်ရာပေါ်လှဲချကာ အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။

ဒါပေမယ့် အိပ်မပျော်နိုင်ခဲ့ပါချေ။

ယွမ်ချန်းဖူသည်လည်း သူမဘေးမှာလဲလျောင်းနေသည်။ သူသည်လည်း နှဖူးပေါ်သို့လက်တင်ကာ အတွေးများစွာဖြင့် အိပ်မရခဲ့ချေ။

လင်မယားနှစ်ယောက်လုံး အိပ်မရခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတာမို့ အခန်းလေးမှာ နွေးထွေးမှုတို့ ကင်းမဲ့လို့နေတော့သည်။

နောက်ရက်မနက်ကို ရောက်သည့်အခါ ယွမ်ချန်းဖူက အိပ်ရာကနေ ပုံမှန်ထက်ပိုစောစီးစွာထခဲ့၏။ သူက မနက်စာကိုပင်မစားတော့ဘဲ ရေချိုးပြီးတာနဲ့စစ်တပ်ထဲကို တန်းသွားခဲ့တော့သည်။

ဖန်းရှုံးယန်ကတော့ ပုံမှန်အချိန်မှာဘဲ အိပ်ရာထခဲ့သည်။ သူမက အိပ်ရာနိုးပြီးတာနဲ့ ကလေးတွေအတွက် မနက်စာချက်ပြုတ်ပြင်ဆင်ခဲ့၏။

ဒီနေမှာ ယွမ်အိမ်၏မောင်နှမများကြားထဲ အနေအ‌ထားက တစ်မျိုးလေးဖြစ်နေသည်။

ယွမ်ချူးယန်ဟာ နံနက်စာအား ခပ်သွက်သွက်လေးစားခဲ့သည်။ နံနက်စာ စားပြီးတာနဲ့ ရဲ့ချူးဝမ်ကိုပင်မစောင့်တော့ဘဲ ကျောင်းလွယ်အိတ်အား လွယ်လျက် အိမ်ထဲကနေ ထွက်လာခဲ့တော့သည်။ သူမက စုမန်မန်နဲ့အတူတူကျောင်းသွားဖို့အတွက် စုမန်မန်တို့အိမ်ကိုထွက်လာခဲ့တော့သည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့အတွက်တော့ ရဲ့ချူးဝမ်နဲ့ခါတိုင်းလည်း စကားသိပ်ပြောတာမျိုး မရှိသဖြင့် သူမတို့၏လွယ်အိတ်ကိုယ်စီလွယ်ကာ ပုံမှန်နေ့များကဲ့သို့ပင် ကျောင်းသို့ထွက်လာခဲ့ကြတော့သည်။

ကျောင်းကိုရောက်တာနဲ့ ကိုယ့်အတန်းကိုဝင်လိုက်ကြကာ ကျောင်းမတက်သေးခင် အရင်အိမ်စာကို ပြန်လေ့ကျင့်ခဲ့ကြသည်။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး ဆရာမဝင်လာချိန်မှာတော့ ဆရာမသင်သမျှကိုဘဲ အာရုံအပြည့်စိုက်ကာ သင်ကြားခဲ့ကြသည်။

ဒီလိုနဲ့ စာသင်ချိန် ပထမအချိန်ဟာ ပြီးဆုံးသွားတော့သည်။ ကျောင်းခဏနားချိန်ရောက်တော့ အခန်းအပြင်ဘက်မှာ ကျောင်းသားကျောင်းသူများစွာ၏ရုတ်ရုတ်သဲသဲဖြစ်သံတွေကို ယွမ်ရိတို့ကြားလိုက်ရသည်။

ထိုကျောင်းသားကျောင်းသူတွေဟာ ကြေညာချက်တွေထုတ်လေ့ရှိသည့် ဆိုင်းဘုတ်ကြီးနားမှာ စုအုံနေကြတာကို ယွမ်ရိတို့ဟာ အခန်းထဲကနေ လှမ်းမြင်လိုက်ရသည်။

ယွမ်ကျဲဟာ ထိုလူစုအားကြည့်နေရင်းဖြင့် တစ်ခုခုကို သတိရသွားကာ ယွမ်ရိဘက်သို့လှည့်လျက်
"မဟုတ်မှ ကျောင်းက ရဲ့ချူးဝမ်ရဲ့ကိစ္စကို ထုတ်ပြန်ကြေညာလိုက်တာလားမသိဘူး။ ဒါ့ကြောင့်များ သူတို့တွေက ကြောညာဆိုင်းဘုတ်နားမှာ စုစု,စုစုဖြစ်နေတာထင်တယ်"
ဟု အလန့်တကြား ပြောလိုက်၏။

ယွမ်ရိကတော့ ထိုကိစ္စအား စိတ်မဝင်စားဟန်ဖြင့် ခေါင်းကိုသာ ယမ်းပြလိုက်သည်။

တစ်အောင့်ခန့်ကြာတော့ သူမတို့အခန်းထဲကို ယောက်ျားလေးတွေ တပြုံကြီးဝင်လာ၏။ ထိုကောင်လေးတွေက ယွမ်ချူးယန်‌ထိုင်နေသည့်နေရာအနီးမှာ ရပ်လိုက်ကြပြီး
"ဟေးးနင့်အမက ပန်းခြံထဲမှာ နာမည်ကြီးသွားတာဆို"
ဟု မေးလိုက်၏။

ယွမ်ချူးယန်လည်း ထိုကောင်လေးတွေကိုကြည့်ကာ
"နင့်တို့ အပူတစ်ပြားပါနေလို့လား"
ဟု ပြန်မေးလိုက်သည်။

ထိုအခါ ထိုကောင်လေးက မခိုးမခန့်တစ်ချက်ရယ်လိုက်ပြီးမှ
"ငါ့အပူတော့ မပါ,ပါဘူးဟာ။ ဒါပေမယ့် ငါသိချင်တာတစ်ခုတော့ရှိတယ်ဟ။ အရမ်းသိချင်နေလို့မေးတာနော်။ နင့်အမက အိမ်မှာလည်း အခုလို ပွင့်ပွင့်လင်းလင်းနေတာဘဲလား"

ထိုစကားကြောင့် ယွမ်ချူးယန်ဟာ အသားတွေ တဆတ်ဆတ်တုန်လာရသည်အထိ ဒေါသတွေထွက်လာ၏။ သူမတစ်ခုခုပြန်ပြောရန် ပြင်လိုက်ချိန်မှာဘဲ အတန်းနောက်ဘက်မှ တံခါးခေါက်သံထွက်ပေါ်လာသည်။

ဒါ့ကြောင့် သူမအပါအဝင် ကောင်လေးတွေလည်း အတန်းနောက်သို့လှည့်ကြည့်မိလိုက်ကြသည်။ ထိုအခါ အတန်း၏အနောက်တံခါးမှာ ရပ်နေသည့် ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့အား မြင်တွေ့လိုက်ရတော့သည်။

ရူကျောင်းတို့ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ထံလာတာဖြစ်ပေမယ့် ရူကျောင်းတို့ကိုမြင်လိုက်ကတည်းက ကောင်လေးတစ်အုပ်စုဟာ ယွမ်ချူးယန်အား ဆက်မနှောင့်ယှက်ရဲတော့ဘဲ အတန်းထဲကနေ အလျှိုလျှိုထွက်သွားကြတော့၏။

ယွမ်ရိလည်း ထိုင်နေရာမှ ထကာ အခန်းအပြင်ထွက်လိုက်၏။

ရူကျောင်းက ယွမ်ရိအား
"မင်း အနိုင်ကျင့်ခံရသေးလား။ တစ်ယောက်ယောက်ကများ မင်းကို လှောင်တာတွေရော ရှိသေးလား"
ဟု စိုးရိမ်နေသောလေသံဖြင့် မေးလိုက်သည်။

ယွမ်ရိက ခေါင်းယမ်းကာ
"အဲ့လိုမျိုးတွေ မရှိပါဘူးဟယ်"
ဟု ပြန်ဖြေလိုက်၏။

ရူကျောင်းက မယုံသေးဘဲ
"သေချာလို့လား။ တစ်ယောက်ယောက်ကများ မင်းကို အနိုင်ကျင့်တာတွေ လှောင်တာတွေ လုပ်လာခဲ့ရင် ငါ့ကိုသေချာပေါက်ပြန်ပြောနော်။ အဲ့လိုကောင်တွေကို နောက်မလှောင်ရဲတော့တဲ့အထိ ငါရိုက်ပေးမယ်"
ဟု အားပေးလိုက်သည်။

ယွမ်ရိလည်း စိုးရိမ်တကြီးဖြစ်နေသည့် ရူကျောင်းကြောင့်
"အင်းပါ၊ အင်းပါ"
ဟုသာ ပြောလျက်ခေါင်းညိတ်ပြလိုက်တော့သည်။

ကျောင်းမှာဖြစ်၍ နှစ်ယောက်သား အကြာကြီးစကားပြောနေလို့ မသင့်တော်ပေ။ ဒါ့ကြောင့်ခဏမျှစကားပြောပြီးသည့်နောက်မှာ ရူကျောင်းက ချန်းဝေ့တုန်းအား ခေါ်လျက် ပြန်သွားတော့သည်။

ဒါပေမယ့် ရူကျောင်း၏အရှိန်အဝါက ကျန်နေခဲ့တာကြောင့် ဘယ်သူမှ ယွမ်ချူးရွယ်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့အား မနှောင့်ယှက်ရဲကြတော့ချေ။ အတန်းထဲကလူတွေကလည်း ခေါင်းလေးတွေငုံ့ကာ တိုးတိုး၊ တိုးတိုးဖြင့်သာ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြတော့သည်။

စုမန်မန်က အခန်းအပြင်ကနေ ဝင်လာ၏။ သူမက ယွမ်ချူးယန်ဘေးမှာ ဝင်ထိုင်လိုက်ပြီး ယွမ်ချူယန်အား
"ဟဲ့။ ကြေညာဆိုင်းဘုတ်မှာ အမချူးဝမ်ရဲ့ရည်းစားထားတဲ့ကိစ္စကိုကြေညာထားတယ်။ အဲ့တာ နေ့လယ်ကျရင် လူအများရဲ့ရှေ့မှာ အမချူးဝမ်ကို ပြန်လည်သုံးသပ်ခိုင်းမှာတဲ့။ အခြား ဘာအပြစ်တွေ ပေးဦးမလဲတော့ ကြေညာမထားသေးဘူး"

စုမန်မန်၏စကားများကို နားထောင်ရင်း ယွမ်ချူးယန်၏မျက်နှာဟာ နီရဲလာကာ အသားထဲကို လက်သည်းများစိုက်ဝင်သည်အထိ လက်သီးအား ကျစ်နေအောင်ဆုပ်ထားမိတော့သည်။

နေ့လယ်ထမင်းစားကျောင်းဆင်းတော့လည်း ကြေညာဆိုင်းဘုတ်အနားမှာ ကျောင်းသားကျောင်း‌သူတွေ စုပြုံနေကာ ရဲ့ချူးဝမ်၏အကြောင်းအား ဖတ်ရှုနေကြသည်။ ယွမ်ရိတို့ကတော့ ထိုအရာတွေကို ဖတ်ရှုဖို့စိတ်မဝင်စားဘဲ အိမ်ကိုဘဲ တန်းပြလာခဲ့ကြသည်။

နေ့လယ်စာ စားကြသည့်အခါမှာလည်း ယွမ်ချန်းဖူနဲ့ရဲ့ချူးဝမ်ကလွဲပြီး အကုန်လာစားကြသည်။

မနေ့ည ညစာစားကတည်းက မိသားစုအတွင်းမှာ ဘယ်သူမှစကားသိပ်မပြောကြသဖြင့်တစ်အိမ်လုံး တိတ်ဆိတ်မှုများကသာ ကြီးစိုးလို့နေသည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ နေ့လယ်စာ စားပြီးတာနဲ့ အပေါ်ထပ်သို့တက်ကာ အခန်းထဲဝင်လာခဲ့ကြသည်။ အခန်းတံခါးကိုလည်း သေချာလေးပိတ်လိုက်၏။

ယွမ်ချူးရွယ်က ရဲ့ချူးဝမ်အား ဂရုဏာသက်ခြင်းမရှိပေမယ့် ညီအမအချင်းချင်းဖြစ်နေ၍ စိတ်ပူသောလေသံဖြင့် ရေရွတ်လိုက်သည်။
"အမချူးဝမ်အနေနဲ့ အခုလို ဘာလို့လုပ်မှန်း ညီမလေ နားကိုမလည်တော့ဘူး။ အဖေက သူခရီးမထွက်ခင်တုန်းကလည်း ကျောင်းစည်းကမ်းကိုမချိုးဖောက်ဖို့ သေချာမှာသွားတဲ့ဟာကို။ ဒါကိုတောင်မှ ချိုးဖောက်လိုက်သေးတယ်။ ပြီးတော့ အမ‌ချူးဝမ်ရော၊ လုယွမ်ကျန်းရော နှစ်ယောက်လုံးက ကျောင်းရဲ့စံပြကျောင်းသားတွေလေ။ သူတို့နှစ်ယောက်က ပိုပြီးစည်းကမ်းလိုက်နာသင့်တဲ့ဟာကို အခုလိုမျိုး စည်းကမ်းဖောက်တာတော့ တကယ့်ကို မသင့်တော်ဘူး။ အခုတော့ အကျိုးဆက်တွေကို သူတို့နှစ်ယောက်လုံး ခံစားကြရတော့မယ်"

နေ့လယ်ကျောင်းကိုပြန်ရောက်တော့ ကျောင်းသားကျောင်းသူတွေအကုန်လုံးကို စုဝေးပွဲလုပ်ဖို့အတွက်စုဝေးသည့်နေရာကို သွားရန် ဆရာ၊ ဆရာမများက နှိုးဆော်ကြသည်။

ဒါ့ကြောင့် ကျောင်းသားကျောင်းသူတွေအကုန်လုံးဟာ ညီညီညာညာဖြင့် နှစ်ယောက်တန်း တန်းစီကာ စုဝေးပွဲကျင်းပရာ နေရာသို့ သွားကြတော့သည်။

ကျောင်းသားကျောင်းသူတွေ နေရာယူပြီး မကြာခင်မှာဘဲ စင်မြင့်ပေါ်သို့ ရဲ့ချူးဝမ်၊ လုယွမ်ကျန်းတို့နဲ့ ဆရာ၊ ဆရာမတချို့တက်လာကြသည်။

ယခင်ကသာဆိုလျှင် ရဲ့ချူးဝမ်တို့ လုယွမ်ကျန်းတို့ စင်မြင့်ပေါ်တက်လာတာနဲ့ ကျောင်းသားကျောင်းသူတွေဟာ တစ်ခဲနက်အားပေးလေ့ရှိကြသည်။ ဒါပေမယ့် အခုချိန်မှာတော့ ဘယ်သူမှ ရဲ့ချူးဝမ်တို့အား အော်ဟစ်အားမပေးကြဘဲ ရွံရှာစက်ဆုပ်သော၊ လှောင်ပြောကဲ့ရဲ့လိုသော၊ သူတစ်ပါးဒုက္ခရောက်တာကို ကျေနပ်အားရသော၊ မလိုမုန်းထားသော မျက်ဝန်းများဖြင့်သာ ကြည့်နေကြ‌ကုန်သည်။

လူတိုင်းက ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့အား စံပြကျောင်းသားများဖြစ်သည့်အတွက် ဘယ်လောက်ဘဲ လေးစားတယ်ပြောပြော မနာလိုစိတ်၊မစ္ဆရိယစိတ်တွေကတော့ အနည်းနဲ့အများဆိုသလို ရှိနေကြဆဲပင်။

အခုလိုမျိုး ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့‌က ကျောင်းစည်းကမ်းဖောက်သည့်အတွက် အပြစ်ပေးသည့်အနေဖြင့် လူရှေ့သူရှေ့မှာသုံးသပ်စာဖတ်ပြရသည့်အခါမျိုးမှာတော့ သူတို့၏မနာလိုစိတ်တွေဟာ ဖုံးကွယ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်လာကြတော့သည်။

ပထမဦးဆုံး သုံးသပ်စာဖတ်ပြရမည့်သူကတော့ ရဲ့ချူးဝမ်ဘဲဖြစ်သည်။ ရဲ့ချူးဝမ်ဟာ သူမရေးထားသည့် သုံးသပ်စာအား နှစ်ကြောင်းသုံးကြောင်းခန့်ဖတ်ပြပြီးသည့်အချိန်မှာဘဲ စင်အောက်မှ ကျောက်ခဲတချို့ပျံ့လွင့်လာတော့သည်။

ကံမကောင်းစွာနဲ့ ထိုကျောက်ခဲတွေထဲမှ တစ်ခဲဟာ သူမနှဖူးအား ထိမှန်သွားခဲ့၏။

ဒါ့အပြင် စင်အောက်ကနေလည်း
"အရှက်မရှိတဲ့ဟာမ"

"နင်မရှက်တတ်ဘူးလား"

"ရှက်တတ်ရင် ဆယ်ကြိမ်လောက်သေလို့ရတယ်နော်"

စသည်ဖြင့် နားမခံသာသော စကားလုံးများဖြင့် အော်ဟစ်ကာ ကဲ့ရဲ့ဝေဖန်ကြတော့သည်။

ရဲ့ချူးဝမ်ဟာ သူ့၏သုံးသပ်စာအား အားတင်းလျက် အပြီးထိဖတ်ရှုသွားခဲ့သည်။ သူမအလှည့်ပြီးတာနဲ့ လုယွမ်ကျန်း၏အလှည့်ကို ရောက်လာခဲ့သည်။

လုယွမ်ကျန်း၏အလှည့်မှာလည်း ရဲ့ချူးဝမ်ကဲ့သို့ပင် ကျောက်ခဲတွေဖြင့် ပစ်ပေါက်ခံရခြင်း၊ ဆိုးဝါးသောစကားလုံးများဖြင့် ပြောဆိုခံရခြင်းတွေ ကြုံတွေ့ခဲ့ရသည်။

ပြန်လည်သုံးသပ်ချက် ဖတ်ရှုအပြီးမှာတေ့ ကျောင်းမှာ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့၏ဂုဏ်သတင်းနဲ့ပုံရိပ်ကောင်းတွေဟာ လုံးဝပျက်စီးသွားတော့သည်။သူမတို့နှစ်ယောက်ဟာ ကျောင်းရဲ့စံပြများအဖြစ်မှ ချဉ်ဖတ်များဖြစ်သွားကြသည်။

ရဲ့ချူးဝမ်ဟာ ထို့နေမှစပြီး ကျောင်းကနေ တစ်ပတ်လောက်ခွင့်ယူသွားတော့သည်။



 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now