Chapter 61

2.5K 251 0
                                    

အပိုင်း - ၆၁

ယွမ်ရိတို့စီးနင်းလိုက်ပါလာသည့် ကားလေးဟာ စစ်တပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး ယွမ်မိသားစု၏နှစ်ထပ်တိုက်ရှေ့တွင် ရပ်တန့်လိုက်၏။

ယွမ်ရိတို့မောင်နှမတတွေလည်း ကားပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက်ဆင်းကာ အထုပ်အပိုးတွေကို ကားပေါ်ကနေ ‌ချလိုက်ကြသည်။ ပြီးတာနဲ့ကားသမားကြီးအား နှုတ်ဆက်လိုက်ကြ၏။

ကားမောင်းသမားဟာလည်း ယွမ်ရိတို့ကိုပြန်နှုတ်ဆက်ခဲ့ပြီး ကားထဲပြန်ဝင်ကာ အဝေးကို မောင်းထွက်သွားတော့သည်။

ယွမ်ရိတို့လည်း အိမ်ထဲကို ဝင်ဖို့ပြင်ကြ၏။
ထိုအချိန်မှာဘဲ အိမ်တံခါးပွင့်သွားပြီး အတွင်းမှ ယွမ်ဟောင်ဘင်းတစ်ယောက် ပြေးထွက်လာခဲ့၏။

ယွမ်ဟောင်ဘင်းက ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်အနားကို ပြေးကပ်ကာ
"တတိယအကိုနဲ့အကိုငါး မင်းတို့ပြန်လာကြပြီ"
ဟု ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့သည်။

သူ့အကိုနှစ်ယောက် ခရီးထွက်သွားပြီးကတည်းက အိမ်မှာ သူနဲ့အတူတူဆော့ပေးမည့်သူမရှိတော့တာကြောင့် ယွမ်ဟောင်ဘင်းတစ်ယောက် အလွန်ပျင်းရိနေခဲ့၏။ ဒါ့ကြောင့် အခု သူ့အကိုနှစ်ယောက် ပြန်လာတာကို မြင်တော့ အလွန်ပျော်သွားခြင်းဖြစ်ပေသည်။

သူ့အကိုနှစ်ယောက်ကို နှုတ်ဆက်ပြီးမှ ယွမ်ရိ၊ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဘက်ကို လှည့်ကာ
"အမတို့လည်း ပြန်လာကြပြီဘဲ"
ဟု ပြောရင်းနှုတ်ဆက်လိုက်၏။

ဖန်းရှုံးယန်သည်လည်း အိမ်ရှေ့ကို ထွက်လာခဲ့ပြီး ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်ကိုကြည့်ကာ
"ဘယ်လိုလဲ။ လမ်းခရီးမှာ တော်တော်လေးပျော်စရာကောင်းခဲ့လား"
ဟု ရွှဲ့မေးလိုက်၏။

ယွမ်ဟောင်ဂျန်က သူ့ရဲ့အဝတ်ထုပ်ကို သယ်ပြီး အိမ်ထဲသို့ ဝင်နေရင်းဖြင့်
"ပျော်စရာကောင်းသလားတော့မမေးပါနဲ့ဗျာ။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပြန်သွားလိုက်ချင်သေး"
ဟု ပြန်ဖြေထားခဲ့လိုက်တော့သည်။

ဖန်းရှုံးယန် : "........."

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ကိုတော့ ဖန်းရှုံးယန်က အဖက်ပင်လုပ်မသွားချေ။ ယွမ်ရိတို့ကလည်း ခပ်ချေချေဖြင့်ပင် အိအ်ပေါ်သို့ ကိုယ့်အထုပ်ကိုယ်ဆွဲလျက်တက်သွားတော့၏။

သူမတို့၏အခန်းထဲသို့ အထုပ်အပိုးတွေ‌ နေရာချပြီးတာနဲ့ ရေချိုးကာလန်းဆန်းသွားအောင်လုပ်ခဲ့ကြ၏။

သူတို့ရေချိုးပြီးသည့်နောက်မှာ နည်းနည်းမှောင်လာပြီဖြစ်၍ ညစာစားရန်အတွက် အောက်ထပ်သို့ ဆင်းလာခဲ့ကြတော့သည်။

ယွမ်ချန်းဖူလည်း ပြန်ရောက်လာပြီဖြစ်၍ မိသားစုတစ်စုလုံး လူစုံလို့နေ၏။

ယွမ်ချန်းဖူက ညစာစားနေရင်းဖြင့် ယွမ်ဟောင်ဂျန်ကိုကြည့်ကာ
"မင်းမရှိတဲ့ရက်တွေအတွင်း အိမ်က တော်တော်လေး တိတ်ဆိတ်သွားတယ်"
ဟု ပြောလိုက်၏။

ထိုအခါ ယွမ်ဟောင်ဂျန်က ပြုံးလိုက်ပြီ
"အဖေ ကျွန်တော့်ကို လွမ်းနေတာလား"
ဟု ပြန်မေးလိုက်သည်။

"မဟုတ်ဘူး။ မင်းရှိနေရင်း မင်းက အာကျယ်၊ အာကျယ်နဲ့စကားပြောတော့ တစ်အိမ်လုံး ဆူညံနေတာဘဲ။ မင်းမရှိတော့ နားအေးပါးအေးဖြစ်သွားတယ်လို့ ပြောတာ"
ဟု ယွမ်ချန်းဖူက မျက်နှာသေကြီးဖြင့် ပြောလိုက်တော့သည်။

ထို့နောက် ယွမ်ချန်းဖူက တောင်ပေါ်ကအကြောင်းတွေကို မေးမြန်းခဲ့၏။ ဒီတစ်ကြိမ်မှာလည်း ယွမ်ဟောင်ဂျန်ကဘဲ ပြန်ဖြေပေးခဲ့ပြီး ရဲ့ဖန်ကလည်း တစ်ခါတစ်လေဝင်,ဝင်ပြောပြ၏။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ကတော့ ဘာမျှဝင်မပြောကြပဲ ညစာကိုဘဲ အာရုံစိုက်စားရင်း နားထောင်နေခဲ့ကြသည်။

ဖန်းရှုံးယန်၊ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ကတော့ တောင်ပေါ်ကအကြောင်းတွေကို လုံးဝနားထောင်လိုစိတ်မရှိပေမယ့် အနားမှာ ယွမ်ချန်းဖူရှိနေ၍ ကြိတ်မှိတ်ပြီးတော့သာ နားထောင်နေခဲ့ကြရတော့သည်။

ယွမ်ချန်းဖူက ယွမ်ဟောင်ဂျန်ပြောပြသည့် တောင်ပေါ်ကအကြောင်းများအား နားထောင်ပြီးသည့်နောက်
"ဟောင်ဂျန်၊ ဒီနှစ်ရဲ့နှစ်သစ်ကူးက မင်းအတွက် တော်တော်ပျော်စရာကောင်းခဲ့ပုံဘဲ။ ပျော်သင့်သလောက်လည်း ပျော်ခဲ့ပြီးပြီဆိုတော့ ကျောင်းဖွင့်တဲ့အခါ စာကို သေချာအာရုံစိုက်လုပ်"
ဟု ပြောလိုက်၏။

ကျောင်းနဲ့စာဆိုသည့် စကားလုံးတွေကို ကြားလိုက်ရတာနဲ့တင် ယွမ်ဟောင်ဂျန်ကတော့ အားပျက်ချင်သလိုဖြစ်နေပြီဖြစ်၏။

တဖန် ‌ယွမ်ချန်းဖူက ယွမ်ရိနဲ့ယွမ်ကျဲဘက်ကိုလှည့်ကာ
"သမီးတို့နှစ်ယောက်အတွက် ကျောင်းတက်ဖို့ကို အဖေအကုန်လုံးစီစဉ်ပြီးသွားပြီ။ ကျောင်းဖွင့်လို့ရှိရင် သမီးတို့ အလယ်တန်းမှာ အဆင်သင့်တက်လိုက်ကြရုံဘဲ။ ကံကောင်းရင်တော့ ချူးယန်နဲ့တစ်ခန်းတည်းကျနိုင်တယ်"

"ဘယ်သူက သူတို့နဲ့တစ်ခန်းတည်းကျချင်မှာတုန်း"
ယွမ်ချူးယန်က သူမအဖေ၏စကားကြောင့် တိုးတိုးလေးရေရွတ်လိုက်၏။

ဒါပေမယ့် ယွမ်ချန်းဖူက ကြားသွားတာမို့ မူလကပြုံးရွှင်နေသည့်မျက်နှာဟာ တည်တင်းသွားရတော့သည်။

ယွမ်ချူးယန်သည်လည်း သူမအဖေ၏အပြောင်းအလဲကို သတိထားမိလိုက်တာမို့ ဘာစကားမျှထပ်မပြောရဲတော့ချေ။

ညစာစားပြီးတဲ့နောက်မှာ သူမက စုမန်မန်၏အိမ်ဘက်ကို အလည်ထွက်လာခဲ့၏။ စုမန်မန်ကိုတွေ့တာနဲ့
"မန်မန်၊ ငါလေ ယွမ်ရိ၊ ယွမ်ကျဲတို့နဲ့တစ်ခန်းတည်းမကျချင်ဘူးဟယ်"
ဟု ရင်ဖွင့်လိုက်တော့သည်။

စုမန်မန်က ခဏမျှစဉ်းစားဟန်ပြုပြီးနောက်
"ဘာလို့တစ်ခန်းတည်းမကျချင်ရတာတုန်း။ အမရှောင်ရိက လှတာဘဲဟာကို"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora